နောက်ဆုံးခရီး (Chapter – 165)
Vol. 11 Ch. 165
ရှန်မိုက တန်ရှောင်နှင့်ဆရာချန်းဝေခိုင်တို့အား ကျွန်းပေါ်တွင် ဖြစ်ပျက်ခဲ့သည်များကို အတိုချုပ် ပြောပြသည်။
တတ်နိုင်သမျှ အတိုချုပ်ပြောပြသော်လည်း အသစ်ပေါ်လာသော စစ်ဆေးရေးမှူးများ၊ မတူညီသော ဂိမ်းပုံစံများနှင့် ဦးလေးကျောက်နှင့် ကျွန်းပေါ်ရှိ လူများအကြား ဆက်ဆံရေးများပါဝင်နေသောကြောင့် ရှင်းပြရန် အချိန်အတော်ကြာခဲ့သည်။
၎င်းကို နားထောင်ပြီးနောက် တန်ရှောင်သည် အလွန်အံ့အားသင့်သွားပြီး စကားမပြောနိုင်ဖြစ်သွားသည်။
အဘိုးအိုတစ်ဦးက လူရာပေါင်းများစွာကို မည်သူမျှ သတိမပြုမိဘဲ သတ်နိုင်သည်ဟူသောအချက်နှင့် ကျွန်းပေါ်ရှိ မည်သူမျှ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိမပြုမိကြသည်ကို သူ မယုံကြည်နိုင်ဖြစ်နေသည်။
ဆရာချန်းဝေခိုင်လည်း ဘာမှမပြောပေ။
သူ ခေါင်းငုံ့ပြီး ဘာမှမပြောဘဲ စိတ်ဓာတ်ကျနေပုံရသည်။
ဆရာချန်းဝေခိုင်သည် မူလက ကျွန်းပေါ်တွင် နေထိုင်ရန် စီစဉ်ခဲ့သည်ကို လူတိုင်း မှတ်မိနေကြသေးသည်။ သို့သော် ဤနိဗ္ဗာန်ဘုံဟု ယူဆရသည့် နေရာသည် ထိုကဲ့သို့သော ညစ်ညမ်းမှုများနှင့် ဖုံးကွယ်ထားမည်ဟု မည်သူကထင်ခဲ့မည်နည်း။
“ဦးလေးကျောက်က ပြန်လာတာနဲ့ လူတိုင်းကို ဘာလို့ စုရတာလဲ မသိဘူး။ သူ မျက်နှာချင်းဆိုင် ရှင်းပြချင်တာလား။” တန်ရှောင် နားမလည်နိုင်ဖြစ်နေသည်။ “ဒီလိုဖြစ်နေပြီပဲ သူက သူ့ကိုယ်သူ အပြစ်ကင်းချင်သေးတာလား။”
ရှန်မိုကပြောလိုက်သည်။ “ကျောက်ကျင့်ထောင်းရဲ့ ကိစ္စကို ခဏထားလိုက်လို့ရပါတယ်။ ဒါပေမဲ့ သူပေးတဲ့ အချက်အလက်တွေက ကျွန်တော့်ကို နည်းနည်းတော့ စိတ်ပူစေတယ်။ ဂိမ်းက ရွေ့လျားသွားလိမ့်မယ်”
“ရွေ့ရင် ရွေ့ပေါ့” တန်ရှောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ရွေ့ရင်လည်း ပြေးလို့ရတယ်။ အဆိုးဆုံးကတော့ ထွက်ပြေးရုံပဲလေ”
ဆရာချန်း သက်ပြင်းချလိုက်သည်။ “ရှောင်တန် မင်း နားမလည်ဘူး။ ဂိမ်းတွေက တကယ် လူတွေကို လိုက်ဖမ်းနေရင် ဒီကမ္ဘာမှာ အခြေစိုက်စခန်းဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်ဘူး။ မင်း အသက်ရှင်နေသရွေ့ အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်”
တန်ရှောင်မှာ ပါးစပ်ဟပြီး ခဏမျှ စကားမပြောနိုင်ဖြစ်သွားသည်။
“ အရင်ဆုံး မတော်တဆဖြစ်ခဲ့တဲ့ မြို့တွေအားလုံးဟာ အဆင့်အတန်းမြင့်မြို့ကြီးတွေ ဘာလို့ဖြစ်နေလဲဆိုတာကိုလည်း ရှင်းပြီးသားဖြစ်သွားတယ်” ရှန်မိုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “လူဦးရေ သိပ်သည်းမှုကြောင့်ပေါ့”
“ဝင်္ကပါလည်း ရှိသေးတယ်” ပိုင်ယို့ဝေကလည်း ပြောလိုက်သည်။ “မမေ့နဲ့နော် ဝင်္ကပါရဲ့ ထူးခြားချက်က အဆက်မပြတ် ချဲ့ထွင်နေတာပဲ။ ဝင်္ကပါထဲမှာ အသက်ရှင်ကျန်ရစ်သူ မရှိဘူးလို့ ခံစားမိရင် သူက သူ့ဧရိယာကို အလိုအလျောက် ချဲ့ထွင်ပြီး ဝင်္ကပါထဲဝင်ဖို့ ကစားသမားအသစ်တွေကို ရှာဖွေတယ်လို့ ကျွန်မတို့ ယူဆလို့ရမလား။”
“ဒါဆိုရင် ဒါဆိုရင်…” တန်ရှောင် ရှုပ်ထွေးသွား၏။ “ဂိမ်းက လူတွေကို ဖမ်းခိုင်းတယ်။ ဝင်္ကပါကလည်း လူတွေကို ဖမ်းခိုင်းတယ်… ဒါဆိုရင် အနာဂတ်မှာ လူတွေ နေဖို့ နေရာ ရှိဦးမှာလား။”
ရှန်မိုက လေးနက်သော အသံဖြင့်ပြောလိုက်သည်။ “အနာဂတ်မှာ… လူသားအားလုံး ဝင်္ကပါထဲကို အတင်းအကျပ်ဝင်ရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”
တန်ရှောင်က “ဘာလို့ ဂိမ်းထဲ မဟုတ်ဘဲ ဝင်္ကပါထဲလဲ။”
“ဝင်္ကပါရဲ့ အဆင့်က တစ်နည်းအားဖြင့် ဂိမ်းထက် မြင့်တယ်လို့ ကျွန်မတို့ ထင်တယ်” ပိုင်ယို့ဝေက ပြောလိုက်သည်။ “အစာကွင်းဆက်လိုပဲ။ ကျွန်မတို့က ဂိမ်းစည်းမျဉ်းတွေကို လိုက်နာရမယ်။ စစ်ဆေးရေးမှူးတွေက စနစ်စည်းမျဉ်းတွေကို လိုက်နာရမယ်။ ကျွန်မ ထင်တယ်… ဝင်္ကပါက စနစ်နဲ့ အနီးစပ်ဆုံးပဲ”
တန်ရှောင် သူကြားတာကို သိပ်နားမလည်ဘဲ ခေါင်းကုတ်ရင်း “ဒါပေမဲ့ ဂိမ်းတွေက ပိုပြဿနာများတယ်လို့ ဘာလို့ခံစားရတာလဲ။ အနည်းဆုံး ဝင်္ကပါက မြင်သာတယ်။ ရှောင်ရှားလို့ရတယ်။ ဒါပေမဲ့ အရုပ်ဂိမ်းကတော့ မြေမြှုပ်မိုင်းနင်းရသလိုပဲ။ ရုတ်တရက် ပေါ်လာတာ။”
ထို့နောက် ပိုင်ယို့ဝေက ဆိုလိုက်သည်။ “နောက်ထပ် တစ်ခုရှိသေးတယ်။ ဒီဂိမ်းတုန်းက စစ်ဆေးရေးမှူးက ‘မိတ်ဆွေဂိမ်းက ငါ့ရဲ့ လက်ရာပဲ။ ဒါက အပြစ်အနာအဆာကင်းပြီး တန်ဖိုးရှိတဲ့ ဒေတာတွေ မရေမတွက်နိုင်အောင် ပြသထားတယ်’ လို့ ပြောခဲ့တယ်”
ဆရာချန်း အနည်းငယ် ကြောင်သွားပြီး တီးတိုးရေရွတ်လိုက်သည်။ “တန်ဖိုးရှိတဲ့… ဒေတာ…”
“မှန်တယ်။” ပိုင်ယို့ဝေ ခေါင်းညိတ်လိုက်သည်။ “ဒီအချက်နှစ်ချက်ကို ကျွန်မဂရုစိုက်တယ်။ ပထမအချက်က ဂိမ်းကို စစ်ဆေးရေးမှူးက ဒီဇိုင်းထုတ်တာ။ ဒုတိယအချက်က ဂိမ်းက စစ်ဆေးရေးမှူးအတွက် ဒေတာတွေ ပေးတယ်။ ဒါပေမဲ့ ဒေတာကို ဘာအတွက်သုံးတာလဲ။ စစ်ဆေးရေးမှူးက ဘာလို့ ဒေတာ လိုအပ်တာလဲ။”
ရှန်မို : “ဦးလေးကျောက်က ဂိမ်းက ရွေ့လျားတယ်။ အမဲလိုက်တာနဲ့ တူတယ်။ ကျွန်တော်တို့က သိုးတွေလိုပဲလို့ ပြောခဲ့တယ်။ အခုတော့ အဲဒီလိုပဲ မြင်ရတယ်။ ဂိမ်းက ကျွန်တော်တို့ကို ဝင်္ကပါဆီ တွန်းပို့နေသလိုပဲ”
ဆရာချန်းဝေခိုင်က ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။ “ပဟေဠိအပိုင်းအစတွေ အကုန်စုဆောင်းနိုင်ရင် ဂိမ်းတစ်ခုလုံးကို ပြီးမြောက်နိုင်တယ်တဲ့။ နောက်ဆုံးမှာ ဂိမ်းက ငါတို့ကို ဝင်္ကပါဆီပဲ ဦးတည်နေမှာ။ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး”
မည်သူမှ မလွတ်မြောက်နိုင်ပေ…
ရှန်မို စဉ်းစားပြီး ခဏမျှ တိတ်ဆိတ်ပြီးနောက်ပြောလိုက်သည်။ “သတင်းကောင်းကတော့… ကျွန်တော်တို့အားလုံးက စနစ်အတွက် တန်ဖိုးရှိတဲ့ ဒေတာနမူနာတွေပဲ။ အနည်းဆုံး စည်းမျဉ်းတွေကို မချိုးဖောက်သရွေ့ ကျွန်တော်တို့ရဲ့ အသက်ကို စစ်ဆေးရေးမှူးက ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး”
လူလေးဦးစလုံး တိတ်ဆိတ်သွားကြသည်။
ထိုအရာက ယခုချိန်ထိ တစ်ခုတည်းသော သတင်းကောင်းဖြစ်သည်။
ပြောရမည်ဆိုလျှင် သိပ်မဆိုးသော သတင်းဖြစ်၏။