ဦးနှောက်ရှိဖို့ ခက်သည် (Chapter – 179)
Vol. 12 Ch. 179
ရှန်မိုက ဟန်ကျိုးမြို့ပတ်လည်ကို ဆက်မောင်းနေသည်။ ပတ်ပတ်လည် အကြာကြီး ပတ်ပြီးနောက် ဒေသခံအချို့ကို တစ်ယောက်ပြီးတစ်ယောက် တွေ့ခဲ့လေ၏။
သူ ရရှိခဲ့သည့် သတင်းအချက်အလက်များက ဖေးကော်နှင့်သူ့အဖွဲ့ဆီမှ အစောပိုင်းက ကြားခဲ့ရသည့်အရာများနှင့် ဆင်တူသည်။
အတိုချုပ်ပြောရလျှင် ကယ်ဆယ်ရေးကို မစောင့်ဆိုင်းသည့်သူများက သွားစရာနေရာ မရှိသောကြောင့် မြို့ထဲမှာပဲ နေခဲ့ကြသည်။ ဒီက အစားအသောက်နှင့် ရေက သူတို့၏ အသက်ရှင်ရပ်တည်မှုကို ယာယီ အာမခံပေးနိုင်၏။ ပစ္စည်းများ စုဆောင်းသည့်အခါ သတိထားပြီး ဂိမ်းဧရိယာနားကို မကပ်မိရန်ပဲ လိုအပ်သည်။
ယခုလို အခက်အခဲကြားက အသက်ရှင်နေထိုင်မှုက ဘယ်လောက်ကြာကြာ ခံမလဲဆိုသည်ကို မည်သူမှမသိနိုင်ပေ။
မွန်းတည့်နီးပြီဖြစ်သောကြောင့် ရှန်မိုက အရိပ်ရသည့်နေရာကို ရွေးပြီး ကားရပ်ကာ နေ့လယ်စာ ပြင်ဆင်သည်။
ပိုင်ယို့ဝေက သူ့ကို ထပ်သတိပေးသည်။ “ကျွန်မရဲ့ တရုတ်နှင်းသီး။”
ရှန်-အစားအသောက်ဝယ်သူ-မို: “…”
“အဆင်ပြေပါတယ်။ အဆင်ပြေပါတယ်။ ဝေဝေအတွက် နည်းနည်း သွားခူးလိုက်ပါ။ ငါချက်မယ်။” ဆရာချန်းက မီးမွှေးပြီး အိုးကိုမီးဖိုပေါ် တင်လိုက်သည်။ သူက ကျွမ်းကျင်နေသလိုပင် အသံတိုးတိုးနှင့် ရေရွတ်သည်။ “တရုတ်နှင်းသီးတွေက ပုံမှန်အားဖြင့် မေလ၊ ဇွန်လတွေမှာ အသီးသီးတာ မဟုတ်ဘူးလား။ အခု သြဂုတ်လမှာ ဘာလို့ ရှိနေသေးတာလဲ။”
ပိုင်ယို့ဝေက ပြုံးပြီး ပြောသည်။ “အရုပ်ပေါ်လာတဲ့ အစောဆုံးအချိန်က မေလမှာ။ အချိန်က ရပ်တန့်နေတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျွန်မတို့ကပဲ မသိကြတာလား။”
ရှန်မိုက သူ့ကို ကြည့်ပြီး ပြောသည်။ “မင်းစားတဲ့ ကြာစေ့တွေက ဇူလိုင်နဲ့ သြဂုတ်လမှာ မှည့်တာ။”
“အဲ့ဒါက မြူခိုးနဲ့သက်ဆိုင်လား။” ပိုင်ယို့ဝေက ပေါ့ပေါ့ပါးပါး ခန့်မှန်းလိုက်သည်။ “ထိုက်ဟူကန်နားမှာ မြူခိုးမရှိဘူး။ ဒါကြောင့် အချိန်က ပုံမှန်ပဲ။”
ယခုလို ခန့်မှန်းချက်များက အတည်ပြုလို့မရပေ။ စကားပြောရုံသက်သက်ပင်။
ရှန်မိုက သူ့ကျောပိုးအိတ်ကိုယူပြီး ထွက်သွားသည်။
သူက မြန်မြန်ထွက်သွားပြီး မြန်မြန်ပြန်လာသည်။ သူက ပိုင်ယို့ဝေရှေ့ ပြန်ပေါ်လာသည့်အခါ သူ့အိတ်က အဝါရောင် တရုတ်နှင်းသီးများ ပြည့်နေပြီဖြစ်၏။
ထမင်းက အဆင်သင့်ဖြစ်ပြီ။
ထမင်းဖြူ။ ပဲတီစိမ်းဟင်း။ ရွှေဖရုံသီးချို။ ဝက်အူချောင်းကင်။ ထို့နောက် ဆရာချန်း ရုတ်တရက် လုပ်ထားသည့် သခွားသီးချဉ်ဖတ်တစ်ပန်းကန်။
ထမင်းက အရမ်းရိုးရှင်းပြီး ရိုးရိုးလေးပဲဖြစ်သည်။ သို့သော် အရောင်က တောက်ပနေသည်။ သစ်ပင်ကြီး၏အရိပ်အောက်မှာ စားပွဲသေးသေးလေးတစ်ခု ချထားသည်။ လူအနည်းငယ်က ဝိုင်းထိုင်နေကြ၏။ ဘာအကြောင်းကြောင့်မှန်းမသိ အိမ်မှာနေရသလို ခံစားရပြီး အစားစားချင်စိတ် ပိုဖြစ်လာလေသည်။
“အာ.. ဆရာချန်း။ ဒီပဲတီစိမ်းဟင်းကိုတော်တောကောင်းအောင် ချက်ထားတာပဲ~” တန်ရှောင်က သောက်ရင်း ချီးကျူးသည်။ “ရေခဲမပါဘဲတောင် အေးပြီး အရသာရှိတယ်။”
ချန်းဝေခိုင်က ပြုံးရုံပဲ ပြုံးလိုက်သည်။ “ဝေဝေက ပူစီနံရွက် ထည့်လိုက်တာ။”
တန်ရှောင်က ပိုင်ယို့ဝေကို လှည့်ကြည့်သည်။ “ဝေဝေကလည်း ချက်တတ်တာလား။”
“မဟုတ်ဘူး။” ပိုင်ယို့ဝေက နူးညံ့ပျော့ပျောင်းသည့် ရွှေဖရုံသီးတစ်ဖတ်ကို ကောက်ယူပြီး တည်တည်ငြိမ်ငြိမ် ပြောသည်။ “ဒါပေမယ့် ဉာဏ်ကောင်းတဲ့ လူတွေအတွက်တော့ အရာအားလုံးက နားလည်ဖို့လွယ်တယ်။ ဘာမှခက်ခဲတာ မရှိဘူး။”
တန်ရှောင်က စဉ်းစားလိုက်သည်။ ပြီးတော့ ပန်းကန်ကို ကိုင်ပြီး ဘေးနားကို ရွှေ့ကာ နိမ့်ကျစွာ မေးသည်။ “လူတွကို ပိုဉာဏ်ကောင်းအောင်လုပ်ဖို့ နည်းလမ်း ရှိလား။”
ပိုင်ယို့ဝေ: “စာများများဖတ်ပြီး ဦးနှောက်များများ သုံးပါ။”
“မဟုတ်ဘူး။ စာဖတ်ရင် ခေါင်းကိုက်တယ်!”
“ဪ။ ဒါဆိုရင်တော့ မျှော်လင့်ချက် မရှိတော့ဘူး။”
“ဦးနှောက်မသုံးဘဲ ပိုဉာဏ်ကောင်းလာဖို့ နည်းလမ်းမရှိဘူးလား။”
“ရှိတယ်။”
တန်ရှောင်က မျက်လုံးပြူးသွားပြီး နောက်ထက်ခြေလှမ်း ပိုနီးလာကာ မေးသည်။ “ဘာလဲ။”
ပိုင်ယို့ဝေက သူမ၏တူနှင့် မြို့လယ်က မြူခိုးများကို ညွှန်ပြပြီး ပြောသည်။“ဝင်္ကပါထဲ ဝင်ကြစို့။ ဝင်္ကပါတွေက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးတက်စေနိုင်တယ်။ ပြီးတော့ မင်းရဲ့ IQ ကိုလည်း မြှင့်တင်ပေးနိုင်တယ်။”
တန်ရှောင်က ခဏတာ စဉ်းစားပြီးပြောသည်။ “အဲ့ဒီလိုဆိုရင်… ကျွန်တော် နောက်ဆုံးတစ်ခါ ဝင်္ကပါထဲ ဝင်ပြီးကတည်းက ကျွန်တော့်မှတ်ဉာဏ် နည်းနည်း တိုးတက်လာပုံရတယ်။”
“ဟုတ်တယ်။ ငါလည်း ဒီလိုပဲ ခံစားရတယ်…” ဆရာချန်းက တုံ့ဆိုင်းနေသည်။ “ငါ့မှတ်ဉာဏ် ပိုကောင်းလာတာက ငါ့ခန္ဓာကိုယ် ပိုငယ်လာလို့လို့ ထင်ခဲ့တာ။”
ရှန်မိုက သူတို့ကိုကြည့်ပြီး ပြောသည်။ “ဝင်္ကပါက ကျွန်တော်တို့ ခန္ဓာကိုယ်တွေကို ပေးတဲ့ တိုးတက်မှုက မျှတပုံမရဘူး။ ကျွန်တော့်အတွက်တော့ အကြီးမားဆုံး ပြောင်းလဲမှုက ခွန်အားပဲ။ ပြီးတော့ အမြန်နှုန်း။ ခုန်နိုင်စွမ်း။ ချက်ချင်း တုံ့ပြန်နိုင်စွမ်း။ ခံနိုင်ရည်… ကျွန်တော့်ရဲ့ တွေးခေါ်မှုလည်း တိုးတက်လောက်တယ်။ ဒါပေမယ့် မသိသာဘူး။”
ပိုင်ယို့ဝေက နိဂုံးချုပ်သည်။ “ဒါက ဦးနှောက်ကြီးဖို့က ကြွက်သားကြီးတာထက် အများကြီး ခက်တယ်ဆိုတာ ပြတာပဲ။”
ရှန်မို: “…”
ဒါက ဘာလို့ ဆဲသလိုမျိုး ဖြစ်နေရတာလဲ။
ဟိုဘက်မှာ ဆရာချန်းက သက်ပြင်းချလိုက်သည်။ “ဒီလိုဆိုရင် ကလေးကို ဝင်္ကပါထဲ ခေါ်သွားတာ ကောင်းပါတယ်။ နောင်ကျရင် ပစ္စည်းမရှိရင်တောင် သူ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်လိမ့်မယ်။”
“ဒါက မဟုတ်ဘူး။” ပိုင်ယို့ဝေက သူမလက်ညှိုးကို ဝေ့ယမ်းလိုက်သည်။ “ဆရာချန်း။ ကျွန်မ သူ့ကို ဂိမ်းထဲ ခေါ်လာတာ ကောင်းမှုကုသိုလ်လုပ်ဖို့ မဟုတ်ဘူး။ ကျွန်မ တကယ်ပဲ သူ့ကို ကျွန်မတို့နှင့် ပူးပေါင်းစေချင်တာ။”