← Chapters

ဘယ်သူရေးတာလဲ (Chapter – 151)

Vol. 11 Ch. 151

ဘယ်သူရေးတာလဲ (Chapter – 151)

Vol. 11 Ch. 151

စစ်ဆေးရေးမှူးသည် ပိုင်ယို့ဝေကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး မည်သို့မျှမပြောဘဲ အကြည့်ကို ရုပ်သိမ်းကာပြောလိုက်သည်။

“ဂိမ်းစပါပြီ။”

စည်းကမ်းသတ်မှတ်ထားသည့် အစီအစဉ်အရ စစ်ဆေးရေးမှူးသည် စတင်သည့်နေရာ၌ တစ်နည်းအားဖြင့် ပထမဆုံးသော နေရာတွင် ရှိနေသည်။

သူသည် စားပွဲပေါ်သို့ လက်ချောင်းများကို ဖွဖွလေးပုတ်ရင်း ပြုံးကာဆိုသည်။“ဗုံး ၅ လုံးတောင်။ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ။ ဒါဆို ကျွန်တော် ရွေးချယ်မှာကတော့ အဖြူရောင်ကတ်။ အမှန်တရား (သို့) အမှန်တရားပါပဲ။”

သူသည် အဖြူရောင်ကတ်များထဲမှ ကတ်တစ်ကတ်ကို ကျပန်းရွေးချယ်ပြီး ဖြည်းညှင်းစွာ လှန်လိုက်သည်။

ကတ်ပေါ်တွင် စာကြောင်းတစ်ကြောင်း ရေးထား၏။

[စစ်မှန်သော အမှန်တရား – မင်းရဲ့အကြီးမားဆုံး အားနည်းချက်က ဘာလဲ။]

စစ်ဆေးရေးမှူးက မျက်ခုံးများကို အနည်းငယ် ပင့်တင်ပြီး စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ရှန်မိုက တည်ငြိမ်စွာ ပြောလာသည်။ “ကျွန်တော် ရေးတာပါ။”

စစ်ဆေးရေးမှူးက ပြုံးပြီးပြောသည်။ “ကောင်းပြီ။ ဒါက ကောင်းတဲ့ မေးခွန်းပဲ။”

သာမန်လူများအတွက် ဒါက အဖြေပေးဖို့ အရမ်းလွယ်သည့် မေးခွန်းဖြစ်ပြီး အဖြေမပေးနိုင်သည့်အတွက် ဖယ်ရှားခံရမှာ မဟုတ်ပေ။

သို့သော် စစ်ဆေးရေးမှူးအတွက် ဒါသည် အရမ်းလျှို့ဝှက်သည့် မေးခွန်းတစ်ခုပင်။ တစ်ခါ အဖြေပေးလိုက်သည်နှင့် ကစားသမားများအတွက် အားနည်းချက်တစ်ခု ချန်ထားခဲ့မိမှာဖြစ်သည်။ ထို့အပြင် အနက်ရောင်ကတ်မှာ “ဒီဂိမ်းရဲ့ စစ်ဆေးရေးမှူးကို သတ်ပါ” ကဲ့သို့ စွန့်စားခန်းမေးခွန်းကြီးတွေလည်း ပါဝင်နေသေး၏။

သူသာ တကယ်ပြောပြလိုက်ရင် သူပဲသေဆုံးသွားမှာ ဖြစ်နိုင်သည်။

သို့သော် မပြောလျှင်လည်း ဖယ်ရှားခံရလိမ့်မည်။

ထို့နောက် စစ်ဆေးရေးမှူးက ခဏတာ စဉ်းစားပြီးအဖြေပေးသည်။ “ကျွန်တော့်ရဲ့ အကြီးမားဆုံး အားနည်းချက်က စနစ်ပါပဲ။ စနစ်က ကျွန်တော့်ကို အာဏာပေးသလို ကျွန်တော့်ရဲ့ လွတ်လပ်မှုကိုလည်း ကန့်သတ်ပြီး ကျွန်တော့် အသက်နဲ့သေဆုံးခြင်းကိုပါ ဆုံးဖြတ်‌နေတာပဲ။”

သူသည် ရှန်မိုကို မော့ကြည့်လိုက်ပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခုဖြင့်ပြောသည်။ “စနစ်က ဘာလဲလို့ မေးချင်ရင်တော့ တောင်းပန်ပါတယ်။ ဒါက ဒုတိယမေးခွန်းပါ။”

ရှန်မို၏မျက်လုံးများတွင် အေးစက်စက် အငွေ့အသက်တစ်ခု ရှိနေလေ၏။

“မင်းရဲ့ အစီအစဉ်အရဆိုရင် နောက်တစ်ခုက အနက်ရောင်ကတ်ကို ရွေးမှာပေါ့။ဟုတ်တယ်မလား။” စစ်ဆေးရေးမှူးက အပြုံးဖြင့် မေးသည်။ “မင်းအလှည့်ပဲ။ ငါ မျှော်လင့်နေတယ်။”

ရှန်မိုက မျက်ခုံးများကိုကြုတ်ပြီး အနက်ရောင်ကတ်ခြောက်ခုကို ကြည့်လိုက်သည်။ မတွန့်ဆုတ်ဘဲ တစ်ခုကို ရွေးထုတ်လိုက်ပြီး ကတ်ကို လှန်လိုက်သည်။

[စွန့်စားမှုကြီး– ခြံထဲက ပန်းတစ်ပွင့်ကို ခူးရဲလား။]

ရှန်မိုသည် ကြောင်သွားသည်။

သူသာမက အခြားလူတိုင်းလည်း ကြောင်သွား၏။

ပိုင်ယို့ဝေက လျင်မြန်စွာ ခေါင်းမော့လျက် ကျန်းချီ၊ ဝူလီလီနှင့် ကျူရှောက်ဖန်တို့ကို ကြည့်ကာမေးသည်။ “ဘယ်သူရေးတာလဲ။”

ဒါသည် စစ်ဆေးရေးမှူးရေးတာ သေချာပေါက် မဟုတ်‌ပေ။

စစ်ဆေးရေးမှူးက သူတို့ကို သတ်ချင်နေတာဖြစ်သည်။ ဒီလို ရိုးရှင်းတဲ့ မေးခွန်းကို သူတို့ ဘယ်လိုမှ အဖြေပေးမှာ မဟုတ်ပေ။

ကျန်းချီနှင့် ဝူလီလီတို့ နှစ်ဦးစလုံးသည် ကြောင်တောင်တောင်နှင့် ရှုပ်ထွေးနေပုံရသော်လည်း ကျူရှောက်ဖန်၏မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ လူတိုင်းက သူမကို ကြည့်နေတာကို သတိပြုမိပြီးနောက် သူမက ကြောက်ရွံ့စွာ ပြောသည်။ “ဟုတ်… ကျွန်မပါ။ ကျွန်မ ရေးတာပါ။”

“ဟေး! ဘာလို့ လျှောက်ရေးတာလဲ။” ဝူလီလီသည် ရုတ်တရက် စိတ်ပူလာသည်။

“ကျွန်မက စစ်ဆေးရေးမှူး မဆွဲရင်… မဆွဲခဲ့ရင်… ကျွန်မတို့ ထပ်ဆွဲရမှာကို ကြောက်လို့ပါ။” သူမက ထိတ်လန့်တကြားနှင့် ယုံကြည်မှုမရှိဘဲ ရှင်းပြသည်။ “အခုတော့ ရှင့်အစ်ကို ဆွဲပြီးသွားပြီဆိုတော့ အဆင်ပြေတယ်မလား။ ကျန်တဲ့ အနက်ရောင်ကတ် ၅ ခုထဲက ၄ ခုကို လိုအပ်သလို ရေးထားရင် ၈၀ ရာခိုင်နှုန်း အခွင့်အလမ်းရှိသေးတယ်ဆိုတော့ ကိစ္စမရှိဘူးမလား။”

သူမက ထိုသို့ပြောကာ ပိုင်ယို့ဝေကို တောင်းပန်ပြီး မြှောက်ပင့်သည့် အကြည့်နဲ့ ကြည့်လိုက်သည်။ “ကျွန်မ လိုအပ်သလို ရေးခဲ့တာမဟုတ်ပေမယ့် အဲ့ဒါကြောင့် ရှင့်အစ်ကိုက ကယ်တင်ခံရတာဆိုတော့ ဘာမှသက်ရောက်မှု မရှိပါဘူး။ ဟုတ်တယ်မလား။”

ပိုင်ယို့ဝေသည် နှုတ်ခမ်းမဲ့ကာ လှောင်ပြောင်သည့် အပြုံးဖြင့်ပြောလိုက်သည်။ “ရှင် ပြောချင်တာက ကျွန်မက ရှင့်ကို ကျေးဇူးတင်သင့်တယ်ပေါ့။ ဟုတ်လား။”

ကျူရှောက်ဖန်က အဆင်မပြေစွာ ခေါင်းခါ၍ပြောသည်‌‌။ “မဟုတ်ဘူး။ ကျွန်မအဲ့လို ဆိုလိုတာ မဟုတ်ပါဘူး။”

“ကျွန်မက ရှင်းလင်းအောင် မပြောခဲ့ဘူးလား။ ငါ့အစ်ကိုမှာ သူ့အသက်ကို သူကယ်နိုင်တဲ့ စွမ်းရည်ရှိတယ်။ ဘယ်ကတ်ပဲ ဆွဲဆွဲ သူ သေမှာမဟုတ်ဘူး။ ရှင်လုပ်နေတာက ရှင့်ရဲ့ အသက်ရှင်ဖို့ အခွင့်အလမ်းကိုပဲ လျော့ကျစေမှာ။ အဓိပ္ပာယ်ကိုမရှိဘူး။” ပိုင်ယို့‌ဝေသည် အရမ်းဒေါသထွက်လွန်းသဖြင့် ဒေါသကို ထုတ်ဖော်ပြရန်တောင် စိတ်မ၀င်စားတော့ပေ။ သူမက လေသံပျော့ပျော့နှင့်ပြောသည်။ “ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ်။ လူမိုက်ကိုတော့ အသိတရားဝင်အောင်လုပ်လို့ မရနိုင်ပါဘူး။”

စစ်ဆေးရေးမှူးက ရှန်မိုကို ဖြည်းညှင်းစွာ သတိပေးသည်။ “ဒါဆို ခင်ဗျားရဲ့ စွန့်စားခန်းကို စလိုက်ပါ။”

ရှန်မိုသည် နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားပြီးနောက် ထရပ်ကာ ပွဲခန်းမတံခါးဆီသို့ လျှောက်သွားသည်။

ပွဲခန်းမထဲမှ အရုပ်များလည်း သူ့ကို ကြည့်ရန် လည်ပင်းတွေ လိမ်သွားကြပြီး မထင်မရှားနှင့် မြင့်တက်လိုက်ကျဆင်းလိုက်ဖြစ်နေသည့် ခေါ်သံက လေထဲမှာ ပျံ့လွင့်နေသည်။

“ပြန်လာ။ ပြန်လာ။”

“ကျွန်တော်တို့နဲ့ သူငယ်ချင်းလုပ်ပါ။”

“ပါတီကို လာပြီး ကျွန်တော်တို့နဲ့ ဆော့ပါ။”

“ပြန်လာ။”

ရှန်မိုက မကြားယောင်ဆောင်ပြီး ပွဲခန်းမတံခါးကို တွန်းဖွင့်ကာ ထွက်သွားသည်။

ခဏအကြာတွင် အပြင်ဘက်မှ တိရစ္ဆာန်တစ်မျိုးမျိုး၏ ဟိန်းသံကို ကြားလိုက်ရလေ၏။

All Chapters