သွားကြစို့ (Chapter – 167)
Vol. 12 Ch. 167
ဝူလီလီသည်လည်း တန်ရှောင်ကဲ့သို့ ခံစားချက်မျိုး ခံစားရ၏။
သူမသည် ကြောင်အသွားခြင်းနှင့် ထိတ်လန့်သွားခြင်းမျှသာမက၊ ထိန်းချုပ်မရနိုင်သော ဒေါသများလည်း ထွက်ပေါ်လာသည်။
သူမက ဆန်းဝေ၏ အဝတ်များကို ဆွဲကိုင်ပြီး မယုံကြည်နိုင်စွာမေးသည်။ “ဆန်းဝေ ကျောက်ကျင့်ထောင်း ပြောတာ မှန်တယ်လို့ ရှင်ထင်လား။ သူ ကျန်းချီကို သတ်ခဲ့တာ။ ကျွန်မတို့ ဒီအတိုင်းပဲ လွှတ်ထားတော့မှာလား။”
ဆန်းဝေ မျက်မှောင်ကြုတ်ပြီး ပြောသည်။ “လီလီ ကျန်းချီ ဘာလို့ ကျွန်းကို သွားခဲ့လဲဆိုတာ ငါတို့အားလုံး သိပါတယ်။ သူသာ ပုဆိန်နဲ့ ဦးလေးကျောက်ကို မခြိမ်းခြောက်ခဲ့ရင် ဦးလေးကျောက်က သူ့ကို ရွေးမှာ မဟုတ်ဘူး”
အနီးနားရှိ တစ်ယောက်က ဝင်ပြောသည်။ “ဟုတ်တယ် ဦးလေးကျောက်က အမြဲတမ်း သံယောဇဉ်ကြီးတယ်။ သူ့လူတွေကို ဘယ်တော့မှအရေးယူမှာ မဟုတ်ဘူး”
ဝူလီလီက ချက်ချင်း ဒေါသတကြီး ရယ်မောလိုက်သည်။ “သူက သံယောဇဉ်ကြီးတယ်။... ကျွန်မပဲ ရူးနေတာလား။ ဒါမှမဟုတ် ရှင်တို့အားလုံး ရူးနေတာလား။ သူက လူရာပေါင်းများစွာကို သတ်ခဲ့တာတောင် ရှင်တို့မျက်စိထဲမှာ သူက သံယောဇဉ်ကြီးတဲ့လူတစ်ယောက် ဖြစ်နေသေးလား။”
လူတိုင်း ခဏမျှ စကားမပြောနိုင်ဖြစ်သွားသည်။
ထိုအကြောင်းကို ပြောလိုက်လျှင် အမှန်တကယ်ကို ကြောက်စရာကောင်းပြီး မည်သို့မှ တရားမျှတအောင် လုပ်၍မရပေ။
သို့သော် ထိုလူများက ကျောက်ကျင့်ထောင်းကို ယုံကြည်ပြီး မှီခိုနေကျဖြစ်သည်။ ကျောက်ကျင့်ထောင်း၏စကားများမှားနေသည်ဆိုပါကသူတို့ မည်သို့လုပ်ကြမည်နည်။ သူတို့က ကျောက်ကျင့်ထောင်းတွင် အခက်အခဲများရှိသည်ဟု ယုံကြည်ရန် ပိုအားသာကြသည်။
ကျောက်ကျင့်ထောင်းက လူတိုင်း၏အမူအရာများကို ကြည့်ပြီး ခဏစဉ်းစားကာ ပြန်ပြောလိုက်သည်။
“ဒီလိုဆိုရင်ရော ပုံမှန်မဟုတ်တဲ့အချိန်တွေမှာ ပုံမှန်မဟုတ်တဲ့ အစီအမံတွေကို လူတိုင်း လက်ခံနိုင်မယ်လို့ ငါမထင်ပါဘူး။ ငါဘယ်သူ့ကိုမှ အတင်းအကြပ်မလုပ်ဘူး။ လက်မခံနိုင်တဲ့သူတွေက ထရပ်ပြီး ကိုယ့်ပစ္စည်းကိုယ်ယူ၊ ကိုယ့်ဘာသာ ထွက်သွားနိုင်ပါတယ်။ အနာဂတ်မှာ ငါက အပြင်က လူတွေကို ပြန်ခေါ်လာဖို့ နည်းလမ်းရှာဖွေနေမှာပါ။ တစ်နေ့ကျ ငါတို့ထဲကနေ ရွေးချယ်ရတော့မယ်ဆိုရင် အတူတူ မဲပေးပြီး ဆုံးဖြတ်ကြရအောင် ဘယ်လိုလဲ။”
ပိုင်ယို့ဝေက လှောင်ပြောင်ပြီး သက်ပြင်းချလိုက်သည်။ “တကယ့်ကို ပါးနပ်တဲ့လုပ်ရပ်ပဲ။ ဆန်းရှန်းကျွန်းကနေ ဘယ်မှန်းမသိဘဲ အန္တရာယ်ရှိတဲ့ နေရာကို သွားနေရတာထက် ဒီကျွန်းမှာ နေရတာက ပိုပြီး သက်တောင့်သက်သာရှိမှာပဲ။ ပြဿနာတွေကို ရိုးရိုးရှင်းရှင်းနဲ့ မှေးမှိန်ပျောက်ကွယ်သွားအောင် လုပ်လိုက်တာ။ ‘မဲပေး’ ဆိုတဲ့ စကားလုံးတစ်လုံးတည်းနဲ့ လူတိုင်းကို ကိုယ်ကျိုးစွန့်တဲ့သူလို့ထင်ရပြီး မငြင်းနိုင်အောင် လုပ်လိုက်သေးတယ်...”
“သူ အရင်က ဌာနတစ်ခုခုမှာ ရာထူးတစ်ခုခု ယူဖူးတာဖြစ်နိုင်တယ်” ရှန်မိုက တည်ငြိမ်စွာ မှတ်ချက်ပြုသည်။ “သူ့ရဲ့ လှည့်ကွက်တချို့က တော်တော်လေး ကောင်းတယ်”
ပိုင်ယို့ဝေက လုံလောက်စွာ ကြည့်ပြီးပြီဖြစ်၍ ပျင်းရိစွာ ပြောသည်။ “သွားကြစို့ ပျင်းဖို့ကောင်းတယ်”
ရှန်မို: “အင်း ပြန်သွားပြီး မင်းရဲ့ ခရီးဆောင်အိတ်တွေ ထုပ်ပိုးလိုက်။ ပြီးရင် ငါတို့ကို ဝန်ဆောင်မှုဧရိယာဆီသူ့ကိုလှေနဲ့ ပြန်ခေါ်သွားခိုင်းလိုက်”
တန်ရှောင်က စိတ်မချမ်းမသာ မေးသည်။ “သူ မသွားချင်ရင် ဘယ်လိုလုပ်မလဲ။”
“ဟား~” ပိုင်ယို့ဝေ ရယ်မောလိုက်သည်။ “ ကျွန်မတို့ ဒီကနေ ထွက်သွားဖို့ သူမစောင့်နိုင်တော့ဘူး။ ဘယ်လိုလုပ် မလိုချင်ဘဲ နေနိုင်မှာလဲ။”
ဆရာချန်းက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ပြန်လျှောက်လာကာ ခေါင်းခါပြီးသက်ပြင်းချလျက် ပြောသည်။ “လူတွေရဲ့ စိတ်နှလုံးက မတည်ငြိမ်ဘူး။ ကမ္ဘာပေါ်မှာ ဘယ်တော့မှ နိဗ္ဗာန်ဘုံဆိုတာရှိမှာ မဟုတ်ဘူး... မဲပေးတာက တရားမျှတတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ရှေးခေတ်ရွာသားတွေက မြစ်နတ်ဘုရားတွေကို ပူဇော်ဖို့ ယောက်ျားလေး မိန်းကလေးတွေကို ရွေးချယ်ခဲ့တာနဲ့ ဘာထူးလဲ...”
ပိုင်ယို့ဝေက ပျင်းရိစွာ သမ်းဝေလိုက်ပြီး ပြောသည်။ “သွားကြစို့...”
ရှန်မိုနှင့် သူ၏အဖွဲ့မှလွဲ၍ ကျန်လူများအားလုံး သစ်ပင်အောက်တွင် ခဏမျှ စုဝေးပြီးနောက် တဖြည်းဖြည်း ပြန်လည်ကွဲသွားကြသည်။
ဝူလီလီသည် ထရပ်တော့မည့်ဆဲဆဲတွင် ဆန်းဝေက သူမကို လူအုပ်ထဲသို့ ပြန်ဆွဲသွင်းလိုက်ပြီး စိတ်မလှုပ်ရှားရန်နှင့် အခြေအနေတစ်ခုလုံးကို ကြည့်ရန် ညင်သာစွာ ဆုံးမလိုက်သည်။
တခြားတစ်ယောက်က ဝူလီလီအကြောင်း ပြောသည်။ “သူက ဆံပင်ရှည်ပြီး အသိဉာဏ်နည်းတဲ့မိန်းမတစ်ယောက်ပဲ”
ဝူလီလီ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။
သူမက ဆန်းဝေကို တွန်းဖယ်လိုက်ပြီး ဒေါသတကြီး ပြောသည်။ “ရှင် မထွက်သွားရင် ကျွန်မ ထွက်သွားမယ်။ ရှင်တို့အားလုံး ရူးနေတာ။ ကျွန်မ အပြင်မှာ သေရဲတယ်။ ကျွန်မ ဒီမှာ ဘယ်တော့မှမနေတော့ဘူး။”
သူမ ဒေါသတကြီး ပြေးထွက်သွားရာ ဆန်းဝေလည်း အမြန်လိုက်ဖမ်းသည်။
ပတ်ဝန်းကျင်မှ လူများက ဆန်းဝေကို ဖမ်းဆွဲပြီး ဆုံးမကြသည်။ “သူ့ကို စိတ်မပူနဲ့။ သူ့ခြေထောက်တွေကို မမြင်ဘူးလား။ အရင်က အရိုးကျိုးတာတွေက အတုတွေချည်းပဲ။ ငါထင်တာ သူက ပြဿနာရှာတဲ့သူပဲ။ လျှောက်ပြောနေတာ...”
ဆန်းဝေသည် ဝူလီလီ၏နောက်ကျောကို တုံ့ဆိုင်းစွာ ကြည့်နေပြီး မည်သို့လုပ်ရမည်မှန်းမသိ ဖြစ်နေသည်။
ရှန်မိုနှင့် ပိုင်ယို့ဝေတို့သည် ဖြစ်ပျက်နေသည်များကို လုံးဝ မသိကြပေ။
သူတို့ အခန်းထဲတွင် ခရီးဆောင်အိတ်များကို ထုပ်ပိုးနေကြ၏။
ထုပ်ပိုးနေခြင်း တစ်ဝက်လောက်ရောက်မှ ဝူလီလီက မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ပြေးဝင်လာသည်။ သူမက ပိုင်ယို့ဝေဆီသို့ တန်းပြေးသွားပြီး ပြောသည်။ “ရှင်တို့ မြန်မြန် ထွက်သွားသင့်ပြီ။ ကျွန်မ ပန်းမျိုးစေ့တွေ ဒီမှာ စိုက်ထားပြီးပြီ။”