ငါးယောက်အဖွဲ့ (Chapter – 171 )
Vol. 12 Ch. 171
သူက စူပါမားကတ်ကို မရွေးခဲ့ပေ။
ဟန်ကျိုး၌ ဖြစ်ခဲ့သည့်ကိစ္စက ယန်ကျိုးထက် စောခဲ့ပြီး လူများလည်း ပိုစောစော ပြောင်းရွှေ့ခဲ့ကြသည်။ စူပါမားကတ်ထဲ၌ ပစ္စည်းများ အများကြီးကျန်တော့မှာ မဟုတ်ဟု သူထင်မိ၏။
ရပ်ကွက်ထဲ၌ လမ်းလျှောက်ကြည့်လျှင်တော့ ရသေးသည်။ အလျင်စလို ထွက်သွားခဲ့သည့် ဒေသခံအချို့၏ အိမ်၌ အစားအသောက်များ အများကြီး ကျန်နေသေးလောက်၏။
ရှန်မိုက အစားအသောက်များကို ပိုကောင်းကောင်း စားသောက်ရန်အတွက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ရှာချင်ခဲ့သည်။
သူက ပထမဆုံး ပန်းပင်များ ပြည့်နေသည့် ခြံတစ်ခုထဲသို့ ၀င်သွားသည်။ သူ ကံကောင်းပြီး နံရံထောင့်၌ သခွားသီးစိမ်းတစ်တွဲကို တွေ့လိုက်ရ၏။ ထို့နောက် အခြားခြံတစ်ခု၌ ခရမ်းချဉ်ပင်ကို အိုးနှင့်စိုက်ထားသည်ကို တွေ့လိုက်ရသည်။
အဲ့ဒီနောက်မှာတော့ သူက နောက်ထပ် အများအပြား တွေ့ခဲ့သည်။ အချို့ခြံများ၌ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူနှင့် တခြားအရာများ စိုက်ထားပြီး အချို့ခြံများမှာတော့ သာမန်ပန်းပင်များသာ ရှိသည်။
သို့သော် အဆင်ပြေပါသည်။
အဘယ်ကြောင့်ဆိုသော် ယခုခေတ်၌ မြေညီထပ်တွင် ခြံနှင့်နေသည့် လူနေရပ်ကွက်များကို ရှာတွေ့ဖို့ရန် ခက်ခဲပါသည်။
သူ မသိခင်မှာပဲ ရပ်ကွက်၏တောင်ဘက်တံခါးမှ မြောက်ဘက်တံခါးသို့ လျှောက်လာခဲ့၏။
သူသည် အပြင်၌ အတော်ကြာနေပြီဟု တွေးလိုက်ကာ မူလလမ်းအတိုင်း ပြန်လှည့်တော့မည့် အချိန်မှာပဲ ရပ်ကွက်အပြင်ဘက် လမ်းက ရုတ်တရက် ပို၍ လင်းလာသည်။ အဝေးက ကားမီးများ ထိုးထားသလိုပင်။
ရှန်မိုသည် မျက်မှောင်ကြုတ်လိုက်သည်။ ကျောပိုးအိတ်ကို သူ့နောက်သို့ပစ်ချလိုက်သည်။ ဘေးနားရှိ သစ်ပင်၏ပင်စည်ကို ဆုပ်ကိုင်ကာ အနည်းငယ်တက်လိုက်ပြီး သစ်ပင်အကိုင်းများ ထူထပ်သည့်နေရာ၌ကွယ်ကာ စောင့်ကြည့်နေ၏။
ကားတစ်စီးတော့ တကယ်လာနေခဲ့သည်။
သူ့ထံသို့ ပိုနီးလာသောအခါ လမ်းပေါ်၌ ဘီးများလှိမ့်သည့် အသံကို ကြားရသည်။ ယာဉ်မောင်းက ဘာအကြောင်းကြောင့်မှန်းမသိ အရမ်းဖြည်းဖြည်း မောင်းနေလေ၏။
ပိုနီးလာသောအခါ သူတို့၏ စကားပြောသံများကို ကြားရသည်။ ယောက်ျားများနှင့် မိန်းမများ စကားပြောနေကြတာဖြစ်သည်။ တကယ်တမ်း ငြင်းခုံနေကြတာ မဟုတ်သော်လည်း အသံအနေအထားအရတော့ သေချာပေါက် မနှစ်မြို့စရာပင်။
ခဏစောင့်ပြီးနောက် ခိုင်ခံ့သော ဂျစ်ကားတစ်စီး သူ့မျက်စိရှေ့သို့ရောက်လာသည်။
ကားကို သိသိသာသာ ပြုပြင်ထားသည်။ ဘီးများနှင့် မီးများက ထူးခြားနေသည်။ အမိုးက ကျယ်ကျယ်ပွင့်နေပြီး အတွင်း၌ လူငါးယောက် ထိုင်နေသည်။
ယောက်ျားလေး သုံးယောက်နှင့် မိန်းကလေး နှစ်ယောက်ဖြစ်၏။
ရှန်မိုက မသိစိတ်ကနေ မျက်မှောင်ကြုတ်လိုက်သည်။အဘယ်ကြောင့်ဆိုသော် တုဒန် အရင်တုန်းက ပြောခဲ့သည့် ထိုလူအုပ်စုကို မှတ်မိရုံတင်သာမက ဒီလူအုပ်စုက တကယ်ကို လက်နက်များ ကိုင်ဆောင်ထားလို့လည်း ဖြစ်၏။
ယနေ့ခေတ်၌ လက်နက်ကိုင်နိုင်သည့်သူများသည် စစ်သားများ ဒါမှမဟုတ် ဓားပြများပင်။
ရှန်မိုက သစ်ပင်ပေါ်၌ အသက်အောင့်ထားပြီး မတွေ့အောင် ရှောင်နေလေသည်။
ဂျစ်ကားက ရပ်ကွက်ထဲကို ဖြည်းဖြည်းချင်း မောင်းဝင်လာသည်။
ယာဉ်မောင်းက အနည်းငယ်ဝပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်သည်။ တိတိကျကျပြောရလျှင် သူက ဝတာမဟုတ်ပေ။ ကျောပြင်ကျယ်သည်၊ မျက်နှာ၌ မုတ်ဆိတ်မွေးများရှိပြီး ခန္ဓာကိုယ်က သန်မာပုံရသည်။
ခရီးသည်ထိုင်ခုံက အမျိုးသားသည် သူနှင့်လုံးဝ ဆန့်ကျင်ဘက်ပင်။ သူက ချောမောပြီး နူးညံ့သည့် ရုပ်ရည်ရှိသည်။ စိတ်ထားဖြူစင်ပြီး လှပသည့် စိတ်နေစိတ်ထားလည်း ရှိပုံရသည်။
အနောက်ဘက်မှာတော့ ဘယ်ဘက်၌ အနီရောင်ဝတ်စုံနှင့်အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ မျက်ခုံးပင့်ထားပြီး စိတ်မရှည်သည့် မျက်နှာနှင့်ဖြစ်သည်။
ညာဘက်မှာတော့ မျက်မှန်တပ်ထားသည့် လူငယ်တစ်ယောက်က ဒဏ်ရာရထားသည့် မိန်းကလေးငယ်တစ်ယောက်ကို ပွေ့ဖက်ထားပြီး ဒေါသတကြီး ငြီးတွားနေသည်။
“ဆူးမန်၊ တော်ပြီ။ ကျူရှူးက တမင်လုပ်တာ မဟုတ်ဘူး။ ဒီလောက် ကြမ်းကြမ်းတမ်းတမ်းပြောဖို့ လိုလို့လား။”
“ကျွန်မစကားတွေက ကြမ်းတမ်းတယ်လို့ ရှင်ထင်လို့လား။” အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက လှောင်ပြောင်လိုက်သည်။ “ရှင့်အတွက် မဟုတ်ရင် ကျွန်မ အရေးယူလိုက်တာ ကြာပြီ။”
“ဆူးမန် မင်း!”
“သူ့ကို အပြစ်မတင်ပါနဲ့။” အမျိုးသား၏ရင်ခွင်ထဲက အမျိုးသမီးက အားအင်မရှိစွာ ပြောသည်။ “ကျွန်မ မှားတာပါ။ လူတိုင်းကို ဒုက္ခပေးမိသွားတာ… ကျွန်မကြောင့် လူတိုင်း ပစ္စည်းတစ်ခု ဖြုန်းတီးလိုက်ရတာ။”
အဲ့ဒီလူက သူ့ကို စိတ်မကောင်းစွာ ပွေ့ဖက်လိုက်ပြီး “ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ စကားမပြောပါနဲ့တော့။ ကောင်းကောင်း အနားယူပါ။ဒဏ်ရာက မကြာခင် ပျောက်သွားလိမ့်မယ်။ မကြောက်ပါနဲ့။”
အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက လှောင်ပြောင်လိုက်သည်။ “ဪ၊ ဘာလို့ အားနည်းတဲ့ နှင်းပန်းဖြူလေးလို ဟန်ဆောင်နေတာလဲ။”
“ဆူးမန်! ငါ သတိပေးနေတယ်။”
“ရပြီ။” ခရီးသည်ဘက်က ထိုင်ခုံက အမျိုးသားက မပျော်မရွှင် ပြောသည်။
နောက်က လူနှစ်ယောက်ကပါးစပ်ကို တစ်ပြိုင်နက် ပိတ်လိုက်ကြသော်လည်း သူတို့မျက်နှာများ၌ ဒေါသများ ရှိနေတုန်းပင်။
အဲ့ဒီလူက ပြောသည်။ “စိတ်ကို ငြိမ်အောင်ထားပါ။ ကျွန်တော်တို့ ဝင်္ကပါကနေ ခုလေးတင် ထွက်လာတာ။အားလုံး နားဖို့ လိုတယ်။ အရင်ဆုံး နေစရာရှာရအောင်။ မနက်ဖြန် ကျူရှူး ဘယ်လိုပြန်ကောင်းလာမလဲ ကြည့်ပြီးမှ စထွက်မလားဆိုတာ ဆုံးဖြတ်ကြမယ်။”
ဂျစ်ကားက အကွေ့တစ်ခုကိုချိုးပြီး ရှန်မို၏မျက်စိအောက်ကနေ ထွက်သွားသည်။
ရှန်မိုက သစ်ပင်ပေါ်၌ ခဏနေပြီး ဆူညံသံ ဘာမှမကြားရတော့တာ သေချာမှ သစ်ပင်ပေါ်ကနေ ခုန်ဆင်းပြီး ရပ်ကွက်အပြင်ဘက်ကို ထွက်လာလေ၏။
သူ ထွက်ခွာတော့မည့်အချိန်တွင် ဂျစ်ကား ချန်ထားခဲ့သည့် ဘီးရာများကို ကြည့်လိုက်သည်။ ထိုအရာများအတိုင်း လိုက်သွားပြီး အဝေးက မြူခိုးများထဲကို မော့ကြည့်လိုက်သည်။
“ဝင်္ကပါထဲက ခုလေးတင် ထွက်လာတာ…” သူကစဉ်းစားရင်း ရေရွတ်လိုက်သည်။