မင်း ငါ့ကို ချော့လိုက်တာ (Chapter – 172 )
Vol. 12 Ch. 172
ဟိုတယ်ကိုပြန်ရောက်တော့ တော်တော်လေး ညဥ့်နက်နေပြီဖြစ်သည်။ တန်ရှောင်နှင့် ချန်းဝေခိုင်က မီးပုံဘေးမှာ ထိုင်ပြီး စကားပြောနေကြတာဖြစ်သည်။ သူတို့ဘေးမှာ မဖယ်ရသေးသည့် ပန်းကန်များ၊ တူများ ရှိနေသည်က သူတို့ စားသောက်ပြီး ဖြစ်နေသည်ကို ထင်ရှားစေသည်။
ပိုင်ယို့ဝေကိုတော့ မတွေ့ပေ။
“အစ်ကိုမို။ အစ်ကို့ရဲ့ ခေါက်ဆွဲ။” တန်ရှောင်က ရှေ့တန်းကနေ ပန်းကန်ကို ကမ်းပေးလိုက်သည်။
ရှန်မိုက မယူလိုက်သေးဘဲ ပြောသည်။
“ငါ အပေါ်တက်ပြီး သူ့ကို ခေါ်လိုက်ဦးမယ်။”
“ငါ ခုလေးတင် သူ့ကို ခေါက်ဆွဲတစ်ပန်းကန် သွားပေးတာ။ ဒါပေမယ့် သူ မစားဘူး။ ပူနေတယ်။ ဝေဝေ စားချင်စိတ် မရှိဘူး ထင်တယ်။” ဆရာချန်းက ပြောသည်။ “နောက်မှ အခွင့်အရေးရရင် သခွားသီး၊ပဲတွေကို ချဉ်ဖတ်လုပ်ပြီး အစာစားချင်စိတ်ဖြစ်အောင်လုပ်ရအောင်။”
တန်ရှောင်က အံ့သြသွားသည်။ “ဆရာချန်း။ ဆရာက ချဉ်ဖတ်လည်း လုပ်တတ်တာလား။”
“ဟုတ်တယ်။” ဆရာချန်းက ခေါင်းညိတ်ပြီး လေးနက်စွာ ရှင်းပြသည်။ “အဲဒါက မခက်ဘူး။ သခွားသီး။ ငရုတ်သီးစိမ်း။ ဆား။ ရှာလကာရည်။ ကြက်သွန်ဖြူ…အဲ့တာတွေပဲလိုအပ်တာ။”
“ဆရာက ကျောင်းဆရာမဟုတ်ဘူးလား။ စားဖိုမှူးလား။”
“ဟေး… တစ်ယောက်တည်း ကြာကြာနေခဲ့တာဆိုတော့ နည်းနည်းတော့ ချက်တတ်တာပေါ့။”
“ဒါဆို မုန်လာဥနီချဉ်ဖတ် လုပ်တတ်လား။ ကျွန်တော် အရမ်းကြိုက်တယ်။”
“ပထမဆုံး မုန်လာဥနီ လိုအပ်တယ်…”
နှစ်ယောက်သား မိသားစုကိစ္စများ ပြောဆိုနေကြပြီး ရှန်မိုက သူတို့ဘေးကနေ တိုးကပ်လျှောက်သွားကာ ဟိုတယ်၏ဒုတိယထပ်ကို တန်းတက်သွားသည်။
မီးမလာတာကြောင့် စင်္ကြံက မှောင်မည်းနေသည်။
ဒုတိယထပ်စင်္ကြံမှာ ပြတင်းပေါက်မရှိတာကြောင့် မှောင်မည်းနေပြီး ပိုင်ယို့ဝေ၏ အခန်းကနေ အလင်းရောင်က နည်းနည်းပဲ ထွက်နေသည်။
ရှန်မိုက မသိစိတ်ကနေ သူ့ခြေလှမ်းများကို နှေးလိုက်၏။
မှောင်မိုက်သည့် တိတ်ဆိတ်မှုထဲမှာ လျှောက်သွားရသည့် ဒီခံစားချက်က သိပ်မကောင်းပေ။သူ့စိတ်ထဲ၌ အနည်းငယ် အပြစ်ရှိသလို ခံစားချက်တစ်ခု ပေါ်လာသည်။ သူ ခဏလေးပဲ အပြင်ထွက်ခဲ့တာတောင် မထွက်သင့်ဘူးလို့ ခံစားရတုန်းပင်။
သူမကို အမှောင်ထဲမှာ တစ်ယောက်တည်း မထားခဲ့သင့်ပေ။
ရှန်မိုသည် အခန်းတံခါးဝကို လျှောက်သွားသည်။ ပိုင်ယို့ဝေက ကြမ်းပြင်ထိဖန်ပြတင်းပေါက်ရှေ့မှာ သူ့ကို ကျောပေးပြီး ထိုင်နေသည်။ အပြင်က လရောင်က အတွင်းကို စီးဝင်လာပြီး အခန်းတစ်ခုလုံးကို ငွေဖြူရောင် အလင်းဝိုင်းတစ်ခု ဖုံးလွှမ်းနေသည်။ သူမကျောဘက် အစွန်းများကလည်း မှိန်ဖျော့သည့် အလင်းနှင့် တောက်ပနေသည်။
အိမ်ထဲက ဖယောင်းတိုင်မီးက လရောင်အောက်မှာ သေးငယ်ပြီး မှိန်နေသော်လည်း သိပ်တော့မမှောင်ပေ။
ဒီအခြေအနေက သူ့ကို နည်းနည်း စိတ်သက်သာရာ ရစေသည်။
သူက အိမ်ထဲဝင်ပြီး သူ့အိတ်ကို ချလိုက်သည်။
ပိုင်ယို့ဝေက အသံကြားတော့ သူ့ကို လှည့်ကြည့်ပြီး ပြန်မပြောချင်သလိုနှင့်အေးစက်စက် ပြန်လှည့်သွား၏။
ရှန်မိုက တိတ်ဆိတ်စွာပြုံးပြီး သူ့ကို မေးသည်။ “ဆရာချန်းက မင်း အစာစားချင်စိတ်မရှိဘူးလို့ပြောတယ်။ ညစာ စားမှာလား။”
ပိုင်ယို့ဝေက ပြတင်းပေါက်အပြင်ကို ကြည့်ပြီးပြောသည်။ “ကျွန်မ တော်တော်လေး စားချင်စိတ် ရှိပါတယ်။”
ရှန်မို: “ဘာလို့ မစားတာလဲ။”
ပိုင်ယို့ဝေ: “စိတ်မပါဘူး။”
ရှန်မို: “…”
သူက ခဏတာ တိတ်ဆိတ်နေပြီးနောက် သူမအကြည့်ကို လိုက်ပြီး အပြင်ဘက်ကို လိုက်ကြည့်သည်။ မြင့်သော၊နိမ့်သော အဆောက်အအုံများ၊ ထပ်နေသည့် အရိပ်များနှင့် မှောင်မိုက်နေသည့် ညကို တွေ့လိုက်ရသည်။
“မင်း ဘာကြည့်နေတာလဲ။” ရှန်မိုက မေးသည်။
ပိုင်ယို့ဝေက လှောင်ပြောင်သည့် လေသံနှင့်ပဲ ပြောနေတုန်းဖြစ်သည်။ “အပြင်က ရောင်စုံကမ္ဘာရဲ့ ဆွဲဆောင်မှုတွေကို ကြည့်နေတာ။ ရှင့်ကို တစ်နေကုန် ပျောက်သွားအောင် ဘာကများ ဆွဲဆောင်နိုင်လဲဆိုတာကိုပေါ့။”
ရှန်မိုက သူ့ကို တစ်ခါတစ်ရံ စိတ်ကောက်သလို ပြုမူတတ်သည့် သူမအပြုအမူကြောင့် နည်းနည်းစိတ်တိုတတ်သော်လည်း ယခုတော့ အဲ့ဒါကို လုံးဝမခံစားရတော့ပေ။
သူက ဘာမှမတတ်နိုင်စွာ ပြုံးပြီးပြောသည်။ “ဒါဆို အခုတော့ ပြန်လာပြီလေ။ ဒါက ဒီက ဆွဲဆောင်မှုက အပြင်ထက် ပိုကြီးတယ်လို့ ဆိုလိုတာလား။”
သူ ယခုလို စနောက်တာ ရှားသည်။ ဒါကြောင့် ပိုင်ယို့ဝေက နှစ်စက္ကန့်လောက် ကြောင်သွားပြီး သူ့ကို ထူးဆန်းစွာ ကြည့်လိုက်သည်။ “ရှင် စိတ်ကြည်လင်နေတာပဲ။ အပြင်မှာ တကယ်ပဲ စိတ်လှုပ်ရှားစရာ တစ်ခုခုနဲ့ မတွေ့ခဲ့ဘူးလား။”
ရှန်မိုက ဘာမှမပြောဘဲ လှည့်ပြီး သူ့အိတ်ထဲက ခရမ်းချဉ်သီးသေးသေးလေးများ။ သခွားသီးများနှင့်တရုတ်နှင်းသီးများကို ထုတ်လိုက်သည်။
ပိုင်ယို့ဝေက ချက်ချင်း လက်လှမ်းလိုက်သည်။ “စားချင်တယ်။”
“စိတ်မပါဘူးဆို။”
“အင်း ရှင်ချော့လိုက်ပြီဆိုတော့ စိတ်ပါပြီ။”
ရှန်မိုက ရယ်လိုက်သည်။ “ငါ ဘယ်တုန်းက မင်းကို ချော့ခဲ့လို့လဲ။”
ပိုင်ယို့ဝေက သူ့လက်ထဲက သစ်သီးနှင့်ဟင်းသီးဟင်းရွက်ပုံကို လက်ညှိုးထိုးပြပြီး ပြောသည်။ “ဒါတွေက ကျွန်မအတွက် မဟုတ်လို့လား။”
ရှန်မိုက သူ့ကို စနောက်သည်။ “တန်ရှောင်နဲ့ ဆရာချန်းအတွက်ရော မဖြစ်နိုင်ဘူးလား။”
ပိုင်ယို့ဝေက ယုံကြည်မှုရှိရှိ ပြောသည်။ “သူတို့အတွက်ဆိုရင် ဘာလို့ အပေါ်ထိ ယူလာမှာလဲ။ ခုလေးတင် အောက်ထပ်မှာပဲ ပေးလိုက်မှာပေါ့။”
ကောင်းပြီ။ အတော်လေး ကျိုးကြောင်းဆီလျော်သည်။
ရှန်မိုက လှည့်ပြီး ထွက်သွားသည်။
ပိုင်ယို့ဝေက စိုးရိမ်တကြီးနှင့်ရေရွတ်လိုက်သည်။ “တကယ်ပဲ ယူသွားတော့မှာလား။”
“ငါ ဆေးလိုက်ဦးမယ်။” ရှန်မိုက ရေချိုးခန်းဘက်ကို လှည့်ပြီး ပြုံးလျက်ပြောသည်။ “မဆေးဘဲ ဘယ်လို စားမလဲ။”