← Chapters

သူ့ကို အရင်လွှတ်လိုက် (Chapter – 173)

Vol. 12 Ch. 173

သူ့ကို အရင်လွှတ်လိုက် (Chapter – 173)

Vol. 12 Ch. 173

သခွားသီးများက ကောင်းကောင်း မကြီးထွားသေးပေ။ ပါးလျပြီး ကောက်ကွေးနေသည်။ ဟင်းသီးဟင်းရွက် ဖန်လုံအိမ်ထဲကဟာများလောက် မလှ‌ပေ။ ဆရာချန်းက သခွားသီးချဉ်ဖတ်လုပ်တာကို ယခုလေးတင် ပြောခဲ့တာကို သတိရပြီး ရှန်မိုက သခွားသီးများကို ခဏဘေးဖယ်ထားလိုက်ပြီး ခရမ်းချဉ်သီးသေးသေးလေးများနှင့် တရုတ်နှင်းသီးများကို အရင်ဆေးလိုက်သည်။

ခရမ်းချဉ်သီးများက သေးသည်။ အလုံးနှစ်ဆယ်လောက်ရှိသည်။ ဖန်ခွက်တစ်ခွက်ပြည့်ဖို့ရန် လုံလောက်သည်။

တရုတ်နှင်းသီးများကို ညဘက်မှာ ခူးခဲ့တာဖြစ်သည်။ ခူးတုန်းက သိပ်ဂရုမစိုက်ခဲ့ပေ။ သို့သော် ယခု ဓာတ်မီးနှင့် ထိုးကြည့်လိုက်သောအခါ သိပ်အများကြီး မမှည့်သေးပေ။ အစိမ်းရောင်သမ်းသည့် အဝါနုရောင်လေးများ ရှိနေသည်ကို တွေ့ရ၏။

ရှန်မိုက အရမ်းစိမ်းနေသည့် အလုံးများကို ရွေးထုတ်ပြီး အခန်းထဲ ပြန်ယူလာလေသည်။

ပိုင်ယို့ဝေသည် ချက်ချင်း စားချင်နေပြီဖြစ်သည်။

“လက်ဆေးလိုက်ဦး။” ရှန်မိုက ရေစိုပဝါတစ်ခုကို သူ့ကို ကမ်းပေးလိုက်၏။

သူမက မြန်မြန်ပဲ အကြိမ်အနည်းငယ် သုတ်လိုက်ပြီးမှ အကြီးဆုံး တရုတ်နှင်းသီးကို ယူကာ တစ်ကိုက်ကိုက်လိုက်သည်။

“ခရမ်းချဉ်သီး အရင်စားရအောင်။ ညဘက်ဆိုတော့ သိပ်မမြင်ရဘူး။ ဒီတရုတ်နှင်းသီးတွေကလည်း မမှည့်သေးဘူး။ နည်းနည်းချဉ်လိမ့်မယ်။” ရှန်မိုက ပြောသည်။

ပိုင်ယို့ဝေက ကိုက်ပြီးသားကိုထပ်ပြီး ဝါးနေသည်။ အခွံနှင့် အစေ့ကို ထွေးထုတ်ပြီးပြောသည်။ “….မချဉ်ပါဘူး။ တော်တော်လေး ချိုပါတယ်။ဒါကို တရုတ်နှင်းသီးလို့ ရှင်ခုလေးတင် ပြောလိုက်တာလား။ အရမ်းအရသာရှိတယ်။”

“အရင်က မစားဖူးဘူးလား။” ရှန်မိုက အခွံနည်းနည်းနီနေသည့် တစ်လုံးကို ခွာပြီး သူမကို ကမ်းပေးလိုက်သည်။

“စားဖူးပါတယ်။ ဒါပေမယ့် အားလုံးက ပြုတ်ထားတာတွေ… သစ်တော်သီးနဲ့ တရုတ်နှင်းသီးပြုတ်။ ဒါမှမဟုတ် တရုတ်နှင်းသီးနှင့် မက်မွန်သီးစေ့။ အသီးစိမ်းတော့ မစားဖူးဘူး။” ပိုင်ယို့ဝေက နောက်တစ်လုံးကို အနည်းငယ်ကိုက်ကာ စားလိုက်သည်။ သူမမျက်လုံးများက လခြမ်းပုံလေး ကွေးနေသည်။ “ဒီတစ်လုံးက အရင်တစ်လုံးထက် ပိုချိုတယ်!”

“တကယ်ပဲ အဲ့လောက်ချိုတာလား။” ရှန်မိုက သူ စားနေတာကို ကြည့်ပြီး သူ့အတွက် တစ်လုံးခွာပြီး ကိုက်လိုက်သည်။

“…………”

“ချိုလား။” ပိုင်ယို့ဝေက သူ့ကို ပြုံးပြီး မေးသည်။

ရှန်မို: “…”

သူ့ကို ထပ်စနေသည်လို့ ထင်ခဲ့တာဖြစ်သည်။ သို့သော် သူမမျက်နှာပေါ်က အပြုံးက မဟုတ်ဘူးထင်သည်။ သူမမျက်လုံးများက လရောင်နှင့် ထင်ဟပ်နေသည့် စမ်းရေကဲ့သို့ ကြည်လင်တောက်ပနေသည်။ သန့်စင်နေသည်။

သူမ တကယ်ပဲ ချိုသည်ဟု ခံစားရတာဖြစ်မည်။

သူက ချဉ်သည့်တရုတ်နှင်းသီးကို တိတ်ဆိတ်စွာပဲ ပါးစပ်ထဲမှာ ကိုက်ပြီး အနည်းငယ် ဝါးလိုက်သည်။ အစေ့ကို ထွေးထုတ်လိုက်ပြီး ရေသောက်ဖို့ ထရပ်လိုက်၏။

သူ ပြန်လာတော့ သူမလက်ထဲက တရုတ်နှင်းသီးများ အားလုံးကို ယူလိုက်သည်။

“ဘာလုပ်တာလဲ။” ပိုင်ယို့ဝေက သူ့ကို ဝေခွဲမရစွာ စိုက်ကြည့်သည်။ “ကျွန်မ ဆက်စားချင်သေးတယ်။”

“တရုတ်နှင်းသီးတွေက အေးတဲ့သဘောရှိတယ်။ အများကြီးစားတာ မကောင်းဘူး။” ရှန်မိုက ခရမ်းချဉ်သီးသေးသေးလေးတစ်လုံးကို သူမလက်ထဲ ထည့်ပေးပြီးပြောသည်။ “ဒါကို စား။”

ပိုင်ယို့ဝေက နှုတ်ခမ်းဆူလိုက်သည်။ “လူတိုင်း ခရမ်းချဉ်သီး စားဖူးပြီးသား။ ဘာထူးခြားတာ ရှိလို့လဲ။ ကျွန်မ တရုတ်နှင်းသီးပဲ စားချင်တယ်။”

ရှန်မိုကပြောသည်။ “မနက်ဖြန် မင်းအတွက် ပိုချိုတဲ့ဟာတွေ ခူးပေးမယ်။”

ပိုင်ယို့ဝေက နောက်ဆုံးတော့ ကျေနပ်သွားပြီး ဆူပူတာ ရပ်သွား၏။

ခရမ်းချဉ်သီးသေးသေးလေးများ စားပြီးတော့ သူမ ဗိုက်ဆာနေသေးသည်ကြောင့် ရှန်မိုက သူမကို အောက်ထပ်ခေါ်သွားသည်။ ကျန်သည့် ခေါက်ဆွဲပန်းကန်ကို ပြန်နွှေးပေးသည်။ ထို့နောက် သူမအတွက် ကြက်ဥပြုတ်တစ်လုံး လုပ်ပေးလေ၏။

သူမက ဒီလို ခေါက်ဆွဲခြောက်ကို အရင်တုန်းက သိပ်မစားခဲ့ပေ။ သို့သော် ဒီနေ့တော့ ဟင်းရည်ကိုပါ ကုန်အောင် သောက်လိုက်သည်။

ရှန်မိုက သူမ ပန်းကန်ကိုင်ပြီး ဟင်းရည်သောက်နေသည်ကို ကြည့်ပြီး ခဏတာ သူ့စိတ်ထဲမှာ သက်ပြင်းချမိသည်။ ဒီလူလည်ကျသည့်ကောင်မလေးက စိတ်ဆိုးလွယ်သည်။ ရန်ငြိုးထားတတ်၏။ စိတ်ဆိုးလျှင် ကိုင်တွယ်ရခက်သည်။ သို့သော် သူမကို ချော့ဖို့ ဆန္ဒရှိသရွေ့ သူမက ချိုသည့်အရာလေးကိုတောင် ပျားရည်အပြည့်ပုံစံအဖြစ် ပြောင်းလဲပေးနိုင်သည်။

တကယ်တော့ ကိုင်တွယ်ရတာ တော်တော်လေး လွယ်ပါသည်။

သူက လက်လှမ်းပြီး ပိုင်ယို့ဝေ၏ခေါင်းကို အကြိမ်အနည်းငယ် ပွတ်သပ်လိုက်သည်။

ပိုင်ယို့ဝေက ပန်းကန်ချပြီး သူ့ကို မော့ကြည့်သည်။ “ဘာလို့ အမြဲတမ်း ကျွန်မခေါင်းကို လာကိုင်တာလဲ။”

ရှန်မိုကပြုံးပြီး မေးသည်။“မင်းလည်း ငါ့လက်ကို အမြဲတမ်း မကိုင်ဘူးလား။”

ပိုင်ယို့ဝေ: “ဘာလို့လဲဆိုတော့ ကြမ်းလို့။ အရမ်းစိတ်ဝင်စားဖို့ ကောင်းလို့။”

ရှန်မိုက သူ့ကို အတုခိုးသည်။ “ဪ။ နူးညံ့ပြီး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်လို့ပေါ့။”

နားထောင်ပြီးသောအခါ ပိုင်ယို့ဝေ၏မျက်လုံးတောက်တောက်လေးများက တလက်လက်ဖြစ်နေသည်။ အနီးအနားမှာ အိုးများ၊ ပန်းကန်များ ဆေးနေသည့် ချန်းဝေခိုင်နှင့် တန်ရှောင်ကို ကြည့်လိုက်သည်။ သူမက လက်များကို ဆန့်တန်းပြီး ရှန်မို၏ လက်များကို ဆုပ်ကိုင်လိုက်သည်။ထို့နောက် သူ့ကို ကြည့်ပြီး တိတ်တိတ်လေး မေးသည်။ “ပိုနူးညံ့တဲ့နေရာ ရှိသေးတယ်။ ကိုင်ကြည့်ချင်လား။”

ရှန်မို: “…”

စက္ကန့်ဝက်လောက်အကြာတွင် သူကလက်ကို ဆွဲထုတ်ကာ လက်ပြန်နှင့် သူမနဖူးကို ရိုက်လိုက်သည်။

“အိုး!” ပိုင်ယို့ဝေက နာကျင်သွားပြီး နဖူးကိုအုပ်ကာ သူ့ကို စိုက်ကြည့်သည်။ “ဘာလို့ ရိုက်တာလဲ!”

ဆရာချန်းနှင့် တန်ရှောင် နှစ်ယောက်စလုံး လှည့်ကြည့်လိုက်ပြီး မောင်နှမနှစ်ယောက် အဆင်ပြေနေသည်ကိုမြင်သောအခါ ပြန်လှည့်ကာ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြသည်။

ရှန်မိုက ရယ်ချင်စိတ်ပေါက်လာပြီး သူမပါးကို လိမ်ဆွဲလိုက်သည်။“နောက်ကျရင် ပိုပြီး ရိုးသားပါဦး။”

ပိုင်ယို့ဝေက နှုတ်ခမ်းဆူလိုက်ပြီး သူ့ကို အပြစ်တင်ချင်နေသော်လည်း… ယခုလေးတင် စားခဲ့သည့် တရုတ်နှင်းသီးများကို သတိရပြီး နည်းနည်းစားချင်စိတ် ပြန်ပေါ်လာသည်။ သူမကနှုတ်ခမ်းကို ညင်ညင်သာသာ လျှာနှင့် သပ်လိုက်ပြီး စဉ်းစားသည်။ ထားတော့။ သူက သူမအပေါ် အရမ်းကောင်းနေတာဆိုတော့ နောက်နှစ်ရက် သူ့စိတ်တိုင်းကျ လုပ်ခွင့်ပေးလိုက်တော့မယ်။

All Chapters