စည်းလုံးခြင်းသည် အင်အား (Chapter – 174 )
Vol. 12 Ch. 174
ညစာစားပြီးနောက် မည်သူမှအခန်းထဲချက်ချင်း ပြန်မသွားကြပေ။ အဘယ်ကြောင့်ဆိုသော် အခန်းက ပူအိုက်ပြီး အပြင်လောက် အလင်းရောင် မကောင်းသောကြောင့်ပင်။
လူတိုင်းက စကားပြောနေကြကာ သူတို့၏အိတ်များကိုလည်း ထုပ်ပိုးနေကြသည်။ ဆရာချန်းသည် ကားထဲမှသက်တမ်းကုန်နေသည့် အစားအသောက်အချို့ကို တွေ့ပြီး စွန့်ပစ်နေသည်မှာ အရမ်းနှမြောနေပုံပင်။
တန်ရှောင်က စိတ်ကြည်နေကာ သူ့ကို နှစ်သိမ့်လိုက်သည်။ “ဆောင်းဦးရောက်တော့မှာပဲ။ ပြောင်းဖူးနဲ့ နှံစားပြောင်းတွေ မှည့်ပြီ။ ရွာကို သွားပြီး ကျွန်တော်တို့အတွက် လုံလောက်အောင် အိတ်တစ်အိတ်လောက် သွားဖြည့်ရုံပဲ။ တောင်ပေါ်မှာလည်း သစ်သီးပင်တွေ ရှိတယ်။ ရေထဲမှာ ငါးတွေ ရှိတယ်။ ကျွန်တော်တို့ မငတ်ပါဘူး!”
ဆရာချန်းက မေးသည်။“ဆောင်းတွင်းကျတော့ ဘယ်လိုလုပ်မလဲ။”
တန်ရှောင်က ဆောင်းဦးမှာ အစားအသောက်များ ပိုစုဆောင်းပြီး ဆောင်းတွင်းကို ကျော်ဖြတ်ရန် အကြံပြုလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူက တစ်ခါမှ ထည့်မတွက်ဖူးသလိုပုံစံနှင့်ပင်။ သူက ခဏတာ ကြောင်သွားပြီး ချက်ချင်း ပြန်ဖြေသည်။ “ဆောင်းတွင်းအထိ အသက်ရှင်နိုင်ရင် ဆက်ပြောကြတာပေါ့။”
ထိုအရာက အတော်လေးကို ကြေကွဲစရာကောင်းသည့် စကားပင်။ သို့သော် သူ ပြောလိုက်သောအခါ မပြောပြနိုင်အောင် ရယ်စရာကောင်းနေပြီး လူတိုင်းက ရယ်ကြသည်။
သူလည်း ပြောဆို ရယ်မောပြီး ခေါင်းကုတ်ကာ အခြားသူများနှင့်အတူ ရယ်မောလိုက်သည်မှာ အနည်းငယ် ရူးကြောင်ကြောင်ပင်။
ချန်းဝေခိုင်သည် ခေါင်းခါပြီး သက်ပြင်းချသည်။ “ငါ အများကြီး စိုးရိမ်နေတယ်။ ငါတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေက ဝင်္ကပါနဲ့ ဂိမ်းပဲ။ ဒီပြဿနာနှစ်ခုကို မဖြေရှင်းနိုင်ရင် အစားအသောက်တွေ ဘယ်လောက်ပဲ ပြင်ဆင်ထားထား အသုံးမဝင်ဘူး။”
ဝင်္ကပါအကြောင်းပြောသောအခါ ရှန်မိုက ယခုလေးတင် တွေ့ခဲ့သည့် လူငါးယောက်အဖွဲ့ကို သတိရသွား၏။
“ကျွန်တော် အပြင်ထွက်တုန်းက လူအုပ်စုတစ်စု ဝင်္ကပါကနေ ခုလေးတင် ထွက်လာတာ။ဒီက ဝင်္ကပါက သိပ်မခက်ခဲဘူး ထင်တယ်။”
ပိုင်ယို့ဝေက စိတ်ဝင်တစား မေးသည်။ “ဘာလို့ ဒီလို ပြောတာလဲ။”
ရှန်မိုက ရှင်းပြသည်။ “သူတို့က ဂျစ်ကားနဲ့ လာကြတာ။ လူငါးယောက်ပါတာ။ အဲ့ဒီကားက အများဆုံး လူငါးယောက်ပဲ ဆံ့တယ်။”
“လူငါးယောက်ပါတော့ ဘာဖြစ်လဲ။” တန်ရှောင်က နားမလည်ပေ။
ပိုင်ယို့ဝေက ပြောသည်။ “လူငါးယောက် ဝင်သွားတယ်။ ငါးယောက် ထွက်လာတယ်။ ဘာထိခိုက်မှုမှမရှိဘဲ ဝင်္ကပါကနေ ထွက်လာခဲ့တယ်။ ဒါကြောင့် သိပ်မခက်ခဲဘူး ထင်တယ်။”
တန်ရှောင်က ရုတ်တရက် သဘောပေါက်သွားသည်။ “ဪ…”
“ဘာထိခိုက်မှုမှ မရှိတာတော့ မဟုတ်ဘူး။ သူတို့ထဲမှာ အမျိုးသမီးတစ်ယောက် ဒဏ်ရာရခဲ့တယ်။” ရှန်မိုက ခဏရပ်ပြီး ထပ်ပြောသည်။ “သူတို့ လက်ထဲမှာ သေနတ်တွေလည်း ရှိတယ်။”
“ဘာဒဏ်ရာလဲဆိုတာ သိလား။” ပိုင်ယို့ဝေက မေးသည်။
ရှန်မိုက တည်တည်ငြိမ်ငြိမ် ခေါင်းခါသည်။ “ဝေးလွန်းလို့ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ သူတို့ ဒီအတွက် ပစ္စည်းတစ်ခု ဖြုန်းတီးလိုက်ရတယ်လို့ပြောတာ ကြားတယ်။ ဝင်္ကပါထဲမှာ အန္တရာယ်နည်းနည်း ရှိသေးတယ်လို့ ထင်တယ်။ ဒါပေမယ့် သူတို့ ငါးယောက်လုံး ဝင်ပြီးမှ အဆင်ပြေနေတာဆိုတော့ ငါတို့လည်း ဖြေရှင်းနိုင်လောက်တယ်လို့ထင်တယ်။”
“ဂိမ်းထဲကို လက်နက်တွေယူဖို့ ကျွန်တော်တို့ကို ခွင့်မပြုဘူးလား။” တန်ရှောင်က ထပ်မေးသည်။
“ဝင်္ကပါက ဂိမ်းနဲ့မတူဘူး။” ချန်းဝေခိုင်က ပြောပြီး သူ့ဘာသာ စဉ်းစားလိုက်သည်။ “ဝင်္ကပါထဲမှာ ဘာတွေဖြစ်နေလဲ သူတို့ကို မေးနိုင်ရင် ကောင်းမယ်။”
“ဟာသပဲ!” တန်ရှောင်က မျက်လုံးပြူးသွားသည်။ “သူတို့ လက်ထဲမှာ သေနတ်တွေ ရှိတယ်။ ကျွန်တော်တို့ကို တိုက်ရိုက် လုယက်လာရင် ဘယ်လိုလုပ်မလဲ။”
“ဘယ်သူက ရန်သူလဲဆိုတာ ငါတို့ မသိဘူး။ ဒါကြောင့် ရုတ်တရက် မေးလို့မရဘူး။” ဆရာချန်းက လက်ယမ်းပြသည်။ “ငါက စိတ်ထဲရှိတာ ပေါ့ပေါ့ပါးပါး ပြောလိုက်တာပါ။”
“မေးရင်တောင် သူတို့က အမှန်တရားကို ပြောပြမယ်လို့ အာမမခံနိုင်ဘူး။” ပိုင်ယို့ဝေက သူမ၏နှုတ်ခမ်းထောင့်များကို ပင့်ပြီး ဆိုးဆိုးဝါးဝါး ပြုံးလိုက်သည်။ “သူတို့ ကျွန်မတို့ကို လိမ်လိမ့်မယ်။”
ဆရာချန်းက စည်းလုံးခြင်းသည် အင်အားဆိုသည့် သဘောတရားကို ဆက်လက်ထိန်းသိမ်းထားဆဲပင်။ “လူတိုင်းက ကိုယ့်ပဟေဠိအပိုင်းအစတွေကို စုဆောင်းဖို့ပဲ ဂရုစိုက်နေရင် ဘယ်တော့မှပဟေဠိအပိုင်းအစတွေ ပြည့်စုံလာမှာလဲ။ ပဟေဠိအပိုင်းအစတွေ မစုဆောင်းနိုင်ရင် ဂိမ်းကို တစ်နေ့မှာ ပြီးမြောက်နိုင်မှာမဟုတ်ဘူး။ ဆိုရိုးစကားရှိသလိုပဲ။ တစ်စိတ်တစ်ဝမ်းတည်းရှိတဲ့ လူတစ်ထောင်မှာ လူတစ်ထောင်ရဲ့ အင်အားရှိမယ်။ ဒါပေမယ့် စိတ်သဘောထားမတူတဲ့ လူတစ်သောင်းကတော့ ဘာမှအသုံးမဝင်ဘူး။”
“ကံမကောင်းစွာပဲ၊ ဒါက ကျွန်မနဲ့ ကွဲလွဲနေတဲ့ အယူအဆပဲ။” ပိုင်ယို့ဝေက ပြုံးလိုက်သည်။ “စုဆောင်းတဲ့အခါမှာတော့ လူများများရှိလေလေ ပိုကောင်းလေလေပဲ။ ဒါပေမယ့် ပဟေဠိအပိုင်းအစတစ်ခုစီမှာ စွမ်းအားတစ်ခုစီ ရှိတယ်။ ဒါကြောင့် ဘယ်သူမှ ဝေမျှချင်မှာ မဟုတ်ဘူး။ သူ့ရဲ့ စွမ်းအားကို သုံးပြီးသား ပဟေဠိမဟုတ်ရင်ပေါ့။”
ရှန်မိုက နည်းနည်း ကြောင်သွားသည်။ “စွမ်းအားကို သုံးပြီးသား ပဟေဠိအပိုင်းအစတွေ စုဆောင်းနိုင်ရင်…”
ပိုင်ယို့ဝေ၏ မျက်လုံးများ တောက်ပလာပြီး သူ၏ဆိုလိုရင်းကို နားလည်သွားသည်။ “အားစိုက်ထုတ်မှုနည်းပြီး အကျိုးကျေးဇူးနှစ်ဆ ရလိမ့်မယ်။ ဟုတ်တယ်မလား။”