← Chapters

ကောင်လေး (Chapter – 177)

Vol. 12 Ch. 177

ကောင်လေး (Chapter – 177)

Vol. 12 Ch. 177

“အရေးမကြီးပါဘူး။” တန်ရှောင်က သူ့ခေါင်းကို အနည်းငယ် ကုတ်လိုက်ပြီး‌ပြောသည် ။ “မျက်နှာလှပြီး ကိုယ်လုံးလည်းလှနေသရွေ့တော့ အသက်က တကယ် အရေးမကြီးပါဘူး။”

ပိုင်ယို့ဝေ၏မျက်နှာမှာ မှောင်မိုက်သွားသည်။

ဆရာချန်းက သူမကို လျင်မြန်စွာ နှစ်သိမ့်သည်။ “ရုပ်ရည်က ခဏတာပါ။ မိန်းကောင်လေးတစ်ယောက်အတွက် အရေးကြီးဆုံးကတော့ အတွင်းစိတ် လှပမှုပါ။ အတွင်းစိတ်ကမှ တကယ့်အလှအပပါ။”

“……”

ပိုင်ယို့ဝေ၏မျက်နှာက ပို၍တောင် မှုန်မှိုင်းလာသည်။

ရှန်မိုက ဘေးကနေ တိတ်ဆိတ်စွာ ရယ်လိုက်၏။ စကားစက အရမ်းလမ်းလွဲသွားလို့ ပြန်ဆွဲလို့မရတော့ပေ။

သူတို့ စကားပြောနေတုန်းမှာ ကောင်လေးတစ်ယောက်က သတိထား‌လျှောက်လာသည်။ သူက သူတို့ စကားကောင်းနေသည်ကို ဖြတ်၍ မေးလာ၏။

“ဆရာ… မြေပုံဝယ်ဖို့ လိုအပ်လား။”

လူတိုင်းက အဲ့ဒီဘက်ကို ကြည့်လိုက်သည်။

ကောင်လေးက တကယ်ငယ်သေးသည်။ ဆယ်နှစ်ဝန်းကျင်လောက်ပဲ ရှိမည်။ ယခုအချိန်၌ လူတိုင်းက သူ့ကို စိုက်ကြည့်နေသောကြောင့် သူ့မျက်နှာမှာ စိတ်ပူပန်မှုများ ရှိနေသည်။

ပိုင်ယို့ဝေက ကောင်လေးတစ်ယောက်ကိုမမြင်ရတာ ကြာပြီဖြစ်သည်။

ကောင်လေးများတင်မကပေ။ ဆရာချန်းကဲ့သို့ သက်ကြီးရွယ်အိုများလည်း ရှားသည်။ ဟုတ်တာပေါ့။ သူ့လို မသန်စွမ်းသူများက ပိုလို့တောင် ရှားသည်။

“ကောင်လေး။ မင်းက မြေပုံတွေ ရောင်းတာလား။” ဆရာချန်းက သူ့ကို ပြုံးပြီး မေးသည်။

ကောင်လေး၏လက်ထဲမှာ မြေပုံတစ်ချပ်ကို ကိုင်ထားသည်။ ခဲတံနှင့် ဆွဲထားတာဖြစ်သည်။ အရမ်း ဂရုတစိုက်ဆွဲထားသောကြောင့် ခဲဖျက်နှင့် ခဏခဏ ဖျက်ပြီး ပြင်ဆင်ထားသည့် ဖျက်ရာများကိုတောင် မြင်နိုင်သည်။

“ခင်ဗျားတို့ ဝင်္ကပါထဲ ဝင်ချင်တယ်မလား။” ကောင်လေးက ပြောသည်။“ဒီမှာ ဝင်္ကပါမြေပုံ ရှိတယ်။ပစ္စည်းတစ်ခုတည်းနဲ့ ခင်ဗျားတို့ကို ရောင်းမယ်။”

ဝင်္ကပါမြေပုံလား?

ပစ္စည်းတစ်ခုနှင့်ရောင်းတာလား?

လူတိုင်း ကြောင်သွားကြသည်။

အခြားလူဆိုရင် အဆင်ပြေသော်လည်း စီးပွားရေးလုပ်ဖို့ လာသည့်သူက ဒီလောက်ငယ်ရွယ်သည့် ကောင်လေးတစ်ယောက် ဖြစ်နေ၏။

ဆရာချန်းက မနေနိုင်တော့ဘဲ မေးသည်။ “ကောင်လေး။ မင်း အသက်ဘယ်လောက်ရှိပြီလဲ။ မင်းနာမည်က ဘာလဲ။”

ကောင်လေးက မဖြေပေ။ သူက သူတို့မျက်နှာများကို ခဏခဏ မော့ကြည့်သည်။ နောက်ဆုံးတော့ ရှန်မိုကို “ခေါင်းဆောင်” ဟု ထင်သည့်ပုံနှင့် သူ့ကို စိုက်ကြည့်ပြီး မေးသည်။

“မြေပုံ လိုချင်လား။ မြို့မြေပုံလည်း ရှိသေးတယ်။ ဂိမ်းဧရိယာတွေ အားလုံးကို မှတ်ထားတယ်။ ဒီမြေပုံနဲ့ မြို့ထဲက ထွက်သွားရင် လုံခြုံလိမ့်မယ်။ ဈေးနှုန်းကလည်း ပစ္စည်းတစ်ခုပဲ။ လိုချင်လား။”

ရှန်မိုက သူ့လက်ထဲက မြေပုံကို ကြည့်ပြီး တည်တည်ငြိမ်ငြိမ် မေးသည်။ “မင်းရဲ့မြေပုံက တကယ့်အစစ်အမှန်ဆိုတာ ဘယ်လိုသက်သေပြမလဲ။”

ကောင်လေးက ကြောက်ရွံ့စွာ နှုတ်ခမ်းကိုစေ့လိုက်သည်။ ဘယ်လို ဖြေရမလဲဆိုတာ ရုန်းကန်နေပုံရသည်။

ပိုင်ယို့ဝေက မေးစေ့ကို လက်နှင့်ထောက်ပြီး ကောင်လေးကို ကြည့်နေလေ၏။ သူက ဝဝတုတ်တုတ် ကောင်လေးတစ်ယောက်။ ကျောပိုးအိတ် လွယ်ထားသည်။ မျက်ခုံးမွှေးထူထူနှင့် မျက်လုံးသေးသေးလေးများလည်း ရှိသည်။ တော်တော်လေး ချစ်စရာကောင်းသည်။ သို့သော် နေလောင်ထားပုံရကာ သူ့အရေပြား အချို့က နီပြီး ခြောက်နေ၏။

စဉ်းစားကြည့်ရင် တော်တော်လေး သနားဖို့ကောင်းသည်။ အရင်တုန်းက သူ့မိသားစု၏ အချစ်ခံ‌လေး ဖြစ်ခဲ့ပုံပင်။ သို့သော် ယခုတော့ သူ့မိသားစုလည်း မရှိတော့ဘူးထင်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် တစ်ယောက်တည်း ရုန်းကန်ရန် သင်ယူရတော့မည်။

သူမက သူ့ကို စနောက်သလို တစ်ဝက် စမ်းသပ်သလို တစ်၀က်နှင့် မေးသည်။ “မင်း ဝင်္ကပါထဲ ဝင်ပြီးတာနဲ့ ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး။ဒါကြောင့် မင်းရဲ့ မြေပုံက အသုံးဝင်တယ်ဆိုတာ ဘယ်သူမှသက်သေပြနိုင်မှာ မဟုတ်ဘူး။ ဘာလို့ ငါက ပစ္စည်းတစ်ခုနဲ့ ဝယ်ရမှာလဲ။ မြို့မြေပုံက ပိုတောင် မလိုအပ်သေးဘူး။ ဂိမ်းဧရိယာက ပြောင်းလိမ့်မယ်ဆိုတာ မင်း မသိဘူးလား။”

ကောင်လေးက ကြောင်သွားသည်။ “ဂိမ်းဧရိယာက ပြောင်းလိမ့်မယ်?”

“မင်း မသိဘူးလား။” တန်ရှောင်က ကြားဖြတ်လိုက်သည်။“ကစားသမားတွေ ခုနှစ်ရက်ကြာတဲ့ထိ ဂိမ်းထဲ မဝင်ခဲ့ရင် ဂိမ်းဧရိယာကကျပန်း ရွှေ့သွားလိမ့်မယ်။ ဦးတည်ရာနဲ့ အကွာအဝေးကိုလည်း မဆုံးဖြတ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် လူအုပ်စု စုဝေးတဲ့နေရာကို သူ့ဘာသာသူ ရွှေ့သွားမှာ။”

ကောင်လေးက ဒါကို ကြားပြီး ကြောင်သွားသည်။ ခဏအကြာမှာ ခေါင်းညိတ်ပြီး ရေရွတ်သည်။ “ဪ… ဒီလိုဆိုရင် ကျွန်တော့်မြေပုံက တကယ် မလိုအပ်တော့ဘူးပဲ။”

အသံက အရမ်းအထီးကျန်နေသောကြောင့် လူများကို စိတ်ထိခိုက်စေ၏။

ဆရာချန်းက မနေနိုင်တော့ဘဲ သူ့ပိုက်ဆံအိတ်ထဲက အရာများကို ထုတ်ဖို့ ပြင်လိုက်သော်လည်း ရှန်မိုက သူ့ကို ဆွဲထားလိုက်သည်။

ရှန်မိုက ကောင်လေးကို မေးသည်။ “မင်း ဘာလို့ ပစ္စည်းတွေ လိုချင်တာလဲ။ မင်းက ငယ်သေးတယ်။ ပစ္စည်းတွေ ရရင်တောင် တခြားသူတွေက မကြာခင် ပြန်လုသွားလိမ့်မယ်။ မင်းရဲ့ အသက်ကိုလည်း အန္တရာယ်ရှိနိုင်တယ်။ ပစ္စည်းတွေက မင်းကို ဒုက္ခပဲ ပေးလိမ့်မယ်။”

ဆရာချန်းက ဒါကို ကြားသောအခါ ချက်ချင်း သတိပြန်ဝင်လာသည်။ သူကဘာမှ မလုပ်ရသေးသော်လည်း ချွေးအေးများ စီးကျလာပြီး ကြောက်သွား၏။

သူက ကောင်လေးကို သတ်မိလုနီးပါး ဖြစ်ခဲ့တာပင်။

“ကျွန်တော် ဒီကနေ ထွက်သွားချင်တယ်။” ကောင်လေးက မနီးမဝေးက လူငယ်အုပ်စုတစ်ခုကို တစ်ချက်ကြည့်လိုက်သည်။ “ဒါပေမယ့် ပစ္စည်းတွေ မရှိရင် ဖေးကော်အဖွဲ့မှာ ပါဝင်ဖို့ အရည်အချင်းမပြည့်မီဘူး။”

All Chapters