မကောင်းဆိုးဝါးကြီး (Chapter – 188)
Vol. 13 Ch. 188
ဤထူးဆန်းသော အသားများသည် ပုံမှန်မဟုတ်သည့် ကိုယ်တိုင် ပြန်လည်ကုစားနိုင်စွမ်း ရှိသည်။
ထိုကြောင့် သူတို့ ထိုနေရာတွင်လမ်းကြောင်း သို့မဟုတ် ထွက်ပေါက်တစ်ခုကို တူးချင်လျှင် အလုပ်ဖြစ်မည်မဟုတ်ပေ။
ရှန်မိုသည် ဓားကိုယူပြီး နောက်ထပ်အကြိမ်အချို့ ထိုးကြည့်လိုက်သည်။ သွေးလွှတ်ကြောမကြီး၏နေရာကို ခန့်မှန်းပြီး လူတိုင်းကို ရှေ့သို့ သွားရန် ဦးဆောင်သည်။
ပို၍ ပြဿနာရှိသောအရာမှာ ထိုအရေခွံခွာထားသော မကောင်းဆိုးဝါးသေးလေးများ ဖြစ်သည်။ ရံဖန်ရံခါ အုပ်စုသေးလေးများဖြင့် တွေ့ရတတ်သည်။ ၎င်းတို့သည် လူများကို တိုက်ခိုက်ရုံသာမကဘဲ အသားများကို ပုပ်ရိစေပြီး သွေးထွက်စေကာ ပြည်ယိုစီးစေသည်။ သွေးကြောများကို ပိတ်ဆို့စေသည်။ ယင်းက ရှန်မို သွေးလွှတ်ကြောမကြီး၏လမ်းကြောင်းကို ဆုံးဖြတ်ရာတွင် အနှောင့်အယှက်ဖြစ်စေသည်။
နောက်ဆုံးတွင် မကောင်းဆိုးဝါးတစ်အုပ်နှင့်ရင်ဆိုင်ပြီးနောက် သူတို့သည် လမ်းဆုံသို့ ရောက်လာပြီးကွေ့လိုက်ရာ မကောင်းဆိုးဝါးအုပ်စုအသစ်တစ်ခုကို တွေ့လိုက်ရသည်။
လမ်းဘေးရှိ ဘတ်စ်ကားမှတ်တိုင်သည် အရေခွံခွာထားသော မကောင်းဆိုးဝါးအနည်းဆုံး အကောင်သုံးဆယ်ဖြင့် ပြည့်နေသည်။ ၎င်းတို့အားလုံးသည် အနီရောင်ဖြစ်ပြီး အသားများအဖြစ် ပြောင်းလဲသွားသော ဘတ်စ်ကားမှတ်တိုင်များ၊ ခုံတန်းရှည်များနှင့် ဆိုင်းဘုတ်များကို တွယ်ကပ်နေကြသည်။ ၎င်းတို့ကို ရူးသွပ်စွာ ကိုက်ဖြတ်နေကြပြီး အလွန်ပျော်ရွှင်နေပုံရသည်။
တန်ရှောင်၏ လက်ဖဝါးမျာက ရွှဲရွှဲစိုနေပြီး သူသည် ဘေ့စ်ဘောတုတ်ကို တင်းတင်းဆုပ်ကိုင်ကာ နောက်တစ်ကြိမ် တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။
ဆရာချန်း၏ နဖူးတွင် ချွေးစို့နေပြီး သူ့၏တုတ်ကောက်ကို ခန္ဓာကိုယ်တစ်လျှောက် ထားရှိသည်။
ရှန်မိုသည် ရှေ့ဆုံးတွင် ရပ်နေပြီး သူ၏အဖော်များကို ဘေးတိုက်ကြည့်လိုက်၏။
ထိုသို့ ဆက်တိုက်ခိုက်နေပါက မည်သည့်အချိန်တွင်ပြီးဆုံးမည်နည်း။
သူ၏အကြည့်က မကောင်းဆိုးဝါးပေါ်သို့ ပြန်ကျရောက်သွားသည်။ ၎င်း၏ အနီရောင်အသား ၊ ၎င်း၏ကြီးမားပြီး ချောမွေ့သော ခေါင်း၊ ၎င်း၏ ကြွပ်ဆတ်ပြီး ပိန်ပါးသော ခြေလက်များ၊ ၎င်း၏ ပြွတ်သိပ်သော သွားများ...
၎င်းတွင် အားနည်းချက်မရှိမည် မဟုတ်ပေ။ ဤမကောင်းဆိုးဝါးသည် ကြောက်စရာကောင်းပုံရသော်လည်း အမှန်တကယ်တွင် ၎င်း၏ခေါင်းသည် တစ်ချက်ရိုက်လိုက်ရုံဖြင့် ပေါက်ကွဲသွားပြီး ၎င်း၏ ခြေလက်များသည် တစ်ချက်နင်းလိုက်ရုံဖြင့် ကြေမွသွားသည်။ ၎င်းတွင် တိုက်ခိုက်နိုင်စွမ်း သိပ်မရှိပေ။ သို့သော် အရေအတွက် တိုးလာသည်ကို မခံစားနိုင်တော့ပေ။
အစားအသောက်နှင့် ရေမရှိသော ပတ်ဝန်းကျင်တွင် သူတို့၏ ခန္ဓာကိုယ်စွမ်းအင်ကို အချည်းနှီး မဖြုန်းတီးသင့်ပေ။
ရှန်မိုသည် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။
သူ၏နောက်က လူများလည်း ထောင့်အနောက်သို့ ဆုတ်သွားကြ၏။
သူက တိုးတိုးလေးပြောသည်။ "ဒီမကောင်းဆိုးဝါးတွေမှာ မျက်လုံးတွေ နားတွေမရှိဘူး။ သူတို့က သူတို့ရဲ့ အသားမြှေးတွေရဲ့ တုန်ခါမှုနဲ့ ကျွန်တော်တို့ရဲ့ နေရာကို ဆုံးဖြတ်နေတာ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ သူတို့ကို ဖျားယောင်းဖို့ ကြိုးစားလို့ရတယ်..."
လူတိုင်းက အဓိပ္ပာယ်ရှိသည်ဟုထင်ပြီး ခေါင်းညိတ်နေစဉ် ရုတ်တရက် သူတို့၏ ခြေထောက်အောက်တွင် တုန်ခါမှုကို ခံစားလိုက်ရသည်။
အလွန်သိမ်မွေ့သော တုန်ခါမှု။
မြေပြင်ပေါ်တွင် တွားသွားနေသော ကြီးမားသည့် သတ္တဝါတစ်ကောင်ကဲ့သို့ပင်။
လူတိုင်း၏ ရင်ထဲတွင် ထိတ်လန့်သွားပြီးနောက် နောက်သို့ လှည့်ကြည့်လိုက်ရာ လမ်း၏အဆုံးတွင် ကြီးမားသော "မြွေ" တစ်ကောင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် သူတို့ဆီသို့ လျင်မြန်စွာ တွားသွားနေသည်။
လူတိုင်း၏မျက်နှာများမှာ ပြောင်းလဲသွားတော့သည်။
၎င်းကို "မြွေ" ဟုခေါ်သော်လည်း မြွေနှင့်မတူပေ။ ၎င်းသည် ပိုးလောက်ကြီးတစ်ကောင်နှင့် ပိုတူသည်။ ၎င်းတွင် မျက်လုံး သို့မဟုတ် နားမရှိ ၎င်း၏ခေါင်းတွင် ပြွတ်သိပ်သော သွားဝိုင်းတစ်ခုရှိပြီး ၎င်း၏ အဆီများသော ကိုယ်ခန္ဓာသည် လမ်းတစ်ခုလုံးကို နေရာယူထား၏။
ရှန်မိုသည် စဉ်းစားဖို့ အချိန်မရှိတော့ပေ။ သူသည် ပိုင်ယို့ဝေကိုကောက်ပွေ့ပြီး လမ်းဘေးရှိ ဆိုင်တစ်ဆိုင်တွင် ပုန်းအောင်းလိုက်သည်။
အခြားသူများလည်း အတွင်းသို့ ပြေးဝင်ကြ၏။
စက္ကန့်အနည်းငယ်အတွင်း ပိုးလောက်ကြီးသည် ဆိုင်ဘေးမှ ဖြတ်သွားပြီး လမ်းဘေးတွင် ချန်ထားခဲ့သော ပိုင်ယို့ဝေ၏ ဘီးတပ်ကုလားထိုင်ကို ကျော်ဖြတ်ကာ ရှေ့သို့ ဆက်လက်တွားသွားသည်။
ရှန်မိုက မျက်မှောင်ကြုတ်သည်။ ပိုင်ယို့ဝေကို ရုတ်တရက် ချထားလိုက်ပြီး ၎င်းနောက်သို့ လျင်မြန်စွာ လိုက်သွား၏။
တစ်ပြိုင်နက်တည်းတွင် ပိုင်ယို့ဝေသည် အသားပုံကြီးတစ်ပုံပေါ်တွင် ရုတ်တရက် ထိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည်တဆတ်ဆတ်တုန်ယင်သွားပြီး သူမ၏ မျက်နှာတစ်ခုလုံး ချက်ချင်း ပြာနှမ်းသွားတော့၏။
သို့သော် ရှန်မိုကို မမြင်ရတော့ပေ။
သူသည် အဆီများသော ပိုးလောက်နောက်သို့ လိုက်သွားပြီး ဘတ်စ်ကားမှတ်တိုင်အနီးရှိ အရေခွံခွာထားသော မကောင်းဆိုးဝါးများအား တစ်ကောင်ပြီးတစ်ကောင် အရှင်လတ်လတ် မျိုချသည်ကို သူ၏မျက်လုံးဖြင့် မြင်တွေ့လိုက်ရသည်။ ၎င်း၏ ကိုယ်ခန္ဓာသည် လှုပ်ရွပြီး တွားသွားနေသည်။ လျင်မြန်ပြီး သွက်လက်သည်။ မကြာမီပင် ရှေ့ရှိ လမ်းထောင့်တွင် ပျောက်ကွယ်သွားသည်။
ရှန်မိုက ထိုနေရာတွင် ခဏမျှ ရပ်နေသည်။
ပိုးလောက် ထွက်ခွာသွားသည်နှင့်အမျှ ခြေထောက်အောက်မှ တုန်ခါမှုသည် ပို၍ ပို၍ သေးငယ်လာပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။
သူ မျက်မှောင်ကြုတ်ပြီး နောက်လှည့်လိုက်၏။ လမ်းဘေးရှိ ဘီးတပ်ကုလားထိုင်ကို ကောက်ယူပြီး သူ အစောက ပုန်းအောင်းခဲ့သော ဆိုင်ထဲသို့ ဝင်သွားသည်။
ပိုင်ယို့ဝေသည် သူပြန်လာသည်ကို မြင်သောအခါ မျက်ရည်ကျလုနီးပါးဖြစ်ပြီး မျက်ရည်များ ဝဲလာကာ အသံတိုးတိုးဖြင့် အော်လိုက်သည်။ "ကျွန်မ ဘီးတပ်ကုလားထိုင်ကို ပြန်ပေး။"
ရှန်မို အနည်းငယ် ကြောင်သွားသည်။ သူ လျှောက်သွားပြီး သူမကို ဘီးတပ်ကုလားထိုင်ပေါ်သို့ ပြန်သယ်သွားကာ မေးသည်။ "ဘာဖြစ်တာလဲ။"
ရုတ်တရက်ကြီး အားနည်းသွားရသလား။
ပိုင်ယို့ဝေ မျက်ရည်နှစ်စက် ကျဆင်းလာသည်။
သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် ပြားချပ်သော အထိအတွေ့ကို ခံစားလိုက်ရပြီး နောက်ဆုံးတွင် သတိပြန်ရလာသည်။ သို့သော် သူမ၏ အမူအရာက ဆက်လက်ရှုံ့မဲ့နေသည်။
သူမသည် မျက်လုံးများကို မှိတ်လိုက်ပြီး ဖြည်းဖြည်းချင်း အသက်ရှူထုတ်သည်။ "အရမ်းရွံတယ် အရမ်းရွံတယ်..."
သူမ၏စိတ်ထဲတွင် ထိုဝါကျပဲ ရှိနေသည်။
အလွန်မနှစ်မျို့သဖြင့် အခြားမည်သည့်အရာကိုမျှ မစဉ်းစားနိုင်တော့ပေ။