← Chapters

အသက်ရှင်ကျန်ရစ်သူတစ်ဦး (Chapter – 190)

Vol. 13 Ch. 190

အသက်ရှင်ကျန်ရစ်သူတစ်ဦး (Chapter – 190)

Vol. 13 Ch. 190

ဖြတ်ကနဲ

တံခါးကို ဖွင့်လိုက်သောအခါ အတွင်းဘက်တွင်လည်း အပြင်ဘက်နည်းတူ ပန်းရောင်နှင့်အနီရောင် အသားတုံးများဖြင့် ပြည့်နှက်နေ၏။ စားပွဲပေါ်တွင် ခရမ်းရောင်သွေးကြော ထူထူများ ဖုံးအုပ်နေပြီး နံရံများတွင် သွေးနီရောင် အကျိတ်ကြီးများ တွဲလောင်းကျနေသည်။ ပြတင်းပေါက်မရှိသဖြင့် လေထုမှာ မှိုင်းညို့နေပြီး သွေးနံ့ပြင်းပြင်းက နေရာတိုင်းတွင် စွဲကျန်နေကာ ပျို့အန်ချင်စရာ ကောင်းလှသည်။

ရှန်မို အတွင်းသို့ ဝင်ရောက်လာသောအခါ တိတ်ဆိတ်နေသည်ကို တွေ့ရ၏။ သို့သော် အနည်းငယ်ရှုပ်ထွေးသော အသက်ရှူသံကို ထူးထူးခြားခြား သတိပြုမိလိုက်သဖြင့် မျက်မှောင်ကျုံ့ကာ ထိုအရပ်ဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားသည်။

ရှည်လျားသော စားပွဲ၏ အဆုံးသို့ ရောက်သောအခါ အသက်ရှူသံများမှာ ပိုမိုရှင်းလင်းမြန်ဆန်လာသည်။ ၎င်းသည် မကြာမီ အသက်ရှူကြပ်သံအဖြစ်သို့ ပြောင်းလဲတော့မည် ဖြစ်သည်။ ရှန်မို စားပွဲထောင့်ကို လှည့်ပတ်လိုက်သည်နှင့် ထိုအသက်ရှူသံသည် ရုတ်တရက် အော်ဟစ်သံအဖြစ် ပြောင်းသွားလေသည်။

လူတစ်ဦးသည် ကြောက်လန့်တကြား အော်ဟစ်နေသည်။ "အားးးးးးးးးး မလာပါနဲ့ ... မလာပါနဲ့ မလာပါနဲ့"

ရှန်မိုက သူ့လက်ထဲမှ ဓားမြှောင်ကို ချလိုက်ပြီး မျက်မှောင်ကို ပို၍ကျုံ့လိုက်သည်။ စားပွဲအောက်တွင် လူတစ်ဦးသည် ကိုယ်ကိုကျုံ့ထားပြီး သူ့ကို ကြောက်ရွံ့တုန်လှုပ်နေသော မျက်လုံးများဖြင့် ကြည့်နေ၏။ ထိုသူသည် အသက် ၃၀ ဝန်းကျင်ရှိပြီး အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားကာ ဂျက်ကတ်အင်္ကျီကို ၎င်း၏ခြေထောက်များပေါ်တွင် တင်ထားသည်။ ဒဏ်ရာရထားဟန်ဖြင့် မြေပြင်ပေါ်တွင် ကိုယ်တစ်ပိုင်းလှဲလျက် မလှုပ်မယှက် ရှိနေကာ လက်များကို ရှေ့တွင် မြှောက်၍ အားပြင်းပြင်း ဝှေ့ယမ်းကာ "မလာပါနဲ့ သွား ... အားလုံးသွားကြ မလာပါနဲ့ ..." ဟု အော်ဟစ်နေသည်။

ထိုအသံကိုကြားသဖြင့် အပြင်မှ လူအားလုံး ပြေးဝင်လာကြ၏။ လူအများအပြား ရောက်ရှိလာသည်ကို တွေ့သောအခါ ထိုသူသည် ပို၍ ကြောက်လန့်သွားပြီး ၎င်း၏နှုတ်ခမ်းများ တုန်ယင်လာကာ လူအုပ်ကို စိုးရိမ်တကြီး ကြည့်နေသည်။

ဆရာချန်းက ရှန်မိုကို စိုးရိမ်စွာ မေးသည်။ "ဘာဖြစ်တာလဲ။ သူက ဝင်္ကပါထဲက အသက်ရှင်ကျန်ရစ်သူလား။ ဘာ့ကြောင့် ဒီလိုနေရာမျိုးမှာ ပုန်းနေရတာလဲ..."

တန်ရှောင်လည်း ထိုင်ချလိုက်ပြီး ထိုသူကို မေးသည်။ "ဟေ့ ဒီဝင်္ကပါအကြောင်းနဲ့ ထွက်ပေါက်က ဘယ်မှာရှိလဲဆိုတာ ကျွန်တော်တို့ကို ပြောပြပါဦး"

ထိုသူသည် သူတို့ကို အံ့အားသင့်ပြီး ရှုပ်ထွေးစွာ ကြည့်နေကာ သူ၏မျက်နှာတွင် ချွေးအေးများ စီးကျနေပြီး စကားမပြောနိုင်ဖြစ်နေလေသည်။

တန်ရှောင်က ဒဏ်ရာရထားပုံရသဖြင့် လက်လှမ်းကာ သွေးစွန်းနေသော အင်္ကျီကို မလိုက်သောအခါ ထိုသူက ရုတ်တရက် အော်ဟစ်လိုက်သည်။ "ငါ့ကို မထိနဲ့"

တန်ရှောင်က လန့်သွားပြီး လက်ကိုပြန်ရုတ်ကာ မျက်လုံးပြူးလျက် ပြောသည်။ "ဒီလူက လန့်လွန်းလို့ သေတော့မှာလား။ ဘာဖြစ်လို့ စိတ်မမှန်တဲ့သူလို ဖြစ်နေတာလဲ။"

ချန်းဝေခိုင်လည်း အခြေအနေမကောင်းသည်ကို ခံစားရပြီး ရှန်မိုကို ပြောသည်။ "သူ စိတ်ဖိစီးမှုကြောင့် ရူးနေပုံရတယ်... သူ့ဆီကနေ ဘာသဲလွန်စမှ ရနိုင်မယ်မထင်ဘူး"

ရှန်မိုသည် မြေပြင်ပေါ်က လူကို မျက်မှောင်ကျုံ့လျက် ကြည့်သည်။ ခဏတာ တိတ်ဆိတ်နေပြီးမှ အေးစက်သော အသံဖြင့် မေးသည်။ "ခင်ဗျား ဘယ်သူလဲ။ ဘာ့ကြောင့် ဒီမှာရောက်နေတာလဲ။"

ထိုသူသည် သူ့ကို စိုးရိမ်တကြီး ကြည့်နေရာမှ တဖြည်းဖြည်း အေးဆေးသွားပုံရသည်။ လည်ချောင်းသံမာမာဖြင့် ပြန်ဖြေသည်။ "မင်း... မင်းတို့ ပဟေဠိအပိုင်းအစတွေ လာစုတာလား။ ငါ... ငါရောပဲ... ငါ့အဖော်ကို အပြင်က မြွေကြီးက စားသွားပြီ အခု ငါတစ်ယောက်ပဲ ကျန်တော့တာ..."

ရှန်မိုက ထပ်မေးသည်။ "ဝင်္ကပါထဲကို ဘယ်အချိန်ကတည်းက ဝင်ခဲ့တာလဲ။"

ထိုသူ၏ မျက်နှာသည် ရှုပ်ထွေးနေပြီး တီးတိုးပြောသည်။ "လေးငါးရက်လား။ ... သုံးလေးရက်လား။ ငါမသိဘူး... ဒီမှာ ဘာမှမရှိတော့ ဘယ်နှရက်ကြာသွားလဲဆိုတာ ငါမသိတော့ဘူး..."

ရှန်မိုက မျက်မှောင်ကျုံ့ကာ ဆက်လက်မေးသည်။ "အပြင်က မြွေကြီးရဲ့ အခြေအနေ ဘယ်လိုလဲ။ ခင်ဗျားသိလား။"

ထိုသူ၏ အမူအရာ ပြောင်းလဲသွားပြီး ၎င်း၏မျက်လုံးများတွင် အလွန်အမင်း ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။

ခက်ခဲစွာ မျိုချလိုက်ပြီး တုန်ယင်နေသော အသံဖြင့် ပြန်ဖြေသည်။ "အဲဒီ... အဲဒီမြွေကြီး..." "ဒါက... လောဘကြီးတဲ့ မြွေကြီးပဲ။ ပိုပြီးရှည်၊ ပိုပြီးကြီးလာလိမ့်မယ်။ သူ့ကို စားမခံရအောင် သတိထား... စားခံရရင်တော့ အားလုံးပြီးပြီ..."

၎င်း၏စကားမဆုံးမီတွင် လူတိုင်း၏ ခြေထောက်အောက်၌ တုန်ခါမှု အားနည်းစွာ ခံစားလိုက်ရသည်။

ထိုသူ၏ မျက်လုံးများ ကျဉ်းသွားပြီး အော်လိုက်သည်။ "သူ ပြန်လာပြီ" "မြန်မြန် တံခါးပိတ် ငါတို့ကိုမတွေ့စေနဲ့"

တုန်ခါမှုများသည် လျင်မြန်စွာ ပြင်းထန်လာသဖြင့် ဆရာချန်းက ထိတ်လန့်တကြား ပြောသည်။ "ဝေဝေ အပြင်မှာ ရှိနေသေးတယ်"

ပိုင်ယို့ဝေမှာ လှုပ်ရှားသွားလာရ ခက်ခဲသဖြင့်လည်းကောင်း၊ မီးဖိုချောင်အတွင်းမှ အနံ့အသက်ကို မနှစ်သက်သဖြင့်လည်းကောင်း အတွင်းသို့ လိုက်ပါလာခြင်းမရှိပေ။

ရှန်မို မျက်မှောင်ကျုံ့ကာ ထွက်ခွာရန် လှည့်လိုက်သည်။

ထိုအခါ ပိုင်ယို့ဝေကို ပြတင်းပေါက်ဘေးတွင် ထိုင်လျက် အပြင်ဘက်သို့ အေးဆေးစွာ ကြည့်နေသည်ကို တွေ့ရသည်။ သူသည် ခြေလှမ်းအနည်းငယ် ရှေ့တိုး၍ သူမကို ကောက်ပွေ့လိုက်စဉ် အိမ်တစ်ခုလုံး အားပြင်းပြင်း တုန်ခါသွားသည်။ ပုန်းအောင်းရန် အချိန်မရတော့ပေ။ ပိုကြီးမားသော တုန်ခါမှု မရောက်မီ သူတို့နှစ်ဦး ထမင်းစားပွဲအောက်၌ အမြန် ပုန်းနေလိုက်ကြတော့သည်။

All Chapters