← Chapters

ဒါကို ရှင်နဲ့အတူ ယူသွားပါ

Vol. 13 Ch. 192

ဒါကို ရှင်နဲ့အတူ ယူသွားပါ

Vol. 13 Ch. 192

“ခင်ဗျားပြောတာက ပိုကြီးလာပြီးရင် ပိုသေးသွားမယ်ဆိုတဲ့သဘောလား။” ရှန်မိုကမေးသည်။

“ဟုတ်တယ်…” ထိုလူက အာခေါင်ခြောက်ကပ်စွာဖြင့် ခက်ခက်ခဲခဲတံ‌တွေးမျိုချလိုက်ပြီး ထစ်အစွာဖြင့် ပြောသည်။ “မြွေက အချိန်အတော်ကြာမစားရရင် ပိုသေးပြီး ပိုတိုသွားလိမ့်မယ်။ ဒါက အရမ်းအန္တရာယ်များတယ်။ ဘာလို့လဲဆိုတော့ သူက အရမ်းဆာနေတာ! လမ်းဘေးက အိမ်အားလုံးကို သူ ဝင်မွှေလိမ့်မယ်။”

ဒီအချက်ရောက်တော့ သူက သူ့အပေါင်းအဖော်တွေ ကြေကွဲဖွယ်သေဆုံးခဲ့ရသည်ကို ပြန်အမှတ်ရသွားပုံရသည်။ သူသည် တုန်တုန်ရီရီဖြစ်လာပြီး ရေရွတ်သည်။ “အားလုံးသေကုန်ပြီ… အားလုံးသေကုန်ပြီ…”

ပိုင်ယို့ဝေက စိတ်မရှည်စွာ မျက်ခုံးပင့်လိုက်သည်။ “တကယ်လို့ရှင်သေမယ်ဆိုရင် သေမှာပေါ့။ ရှင်အခုထိ‌ကောင်းကောင်းအသက်ရှင်နေ သေးတယ်မဟုတ်ဘူးလား။ ရှင်ပြောတာ အရမ်းရှုပ်နေတယ်။ ရှင်းရှင်းလင်းလင်း ရှင်းပြလို့ရမလား။”

ရှန်မိုက သူမကို တိတ်ဆိတ်စွာကြည့်သည်။

ပိုင်ယို့ဝေသည် သူမ၏နှုတ်ခမ်းများကို တင်းတင်းစေ့ကာ ရှုံ့တွသွားပြီး စကားမပြောတော့ပေ။

ရှန်မိုက ထိုလူကို ထပ်မေးသည်။

“ခင်ဗျားနဲ့ ခင်ဗျားအပေါင်းအဖော်တွေ ဝင်္ကပါထဲဝင်ပြီးတဲ့နောက် မြွေတွေအပြင် ခေါင်းကြီးကြီးနဲ့ ကိုယ်ခန္ဓာပါးပါးလေးတွေရှိတဲ့ မ‌ကောင်းဆိုးဝါး သေးသေးလေးတွေကိုလည်း မြင်ခဲ့ရတယ်မလား။”

“အဲဒီမကောင်းဆိုးဝါးသေးသေးလေးတွေက မြွေစာတွေ။” ထိုလူ၏အမူအရာသည် ပို၍ပင်ကြောက်လန့်လာပြီး သူ၏နှုတ်ခမ်းများက တုန်ယင်နေသည်။ “သူတို့က အဆိပ်ရှိတယ်။ သူတို့ကို မထိနဲ့… မင်းတို့ပုပ်လိမ့်မယ်… သူတို့ကိုထိတဲ့သူတိုင်း ပုပ်သွားလိမ့်မယ်။ အထိမခံနဲ့… မထိနဲ့…”

သူပြောတာက ရှုပ်ထွေးနေပြီး နားလည်ဖို့ခက်လေသည်။

ပိုင်ယို့ဝေသည် မျက်မှောင်ကြုတ်ကာ တန်ရှောင်၏မျက်နှာကို ကြည့်၏။

ယခုလေးတင် တန်ရှောင်၏မျက်နှာတွင် မကောင်းဆိုးဝါးသွေးများပေကျံနေသော်လည်း သူသည် အဆင်ပြေပုံရပြီး အနာဖြစ်မည့်လက္ခဏာများ မရှိပေ။ ထိုလူသည် လိမ်နေတာများလား။ မဖြစ်နိုင်ပေ။ မကောင်းဆိုးဝါးတစ်ကောင်က ကိုက်မှသာ အဆိပ်ရှိနိုင်တာဖြစ်နိုင်မလား။

တစ်ခုခုတော့ ထူးဆန်းသည်ဟု ခံစားနေရသည်။

သို့သော် ဒီနေရာက အရမ်းစက်ဆုပ်စရာကောင်းသာကြောင့် သူမ၏အတွေးကို ဆိုးရွားစွာထိခိုက်စေသည်။ ယခုတော့ အသက်ရှူလျှင်တောင် ပင်ပန်းနေသည်။

ပိုင်ယို့ဝေသည် စိတ်ပျက်စွာဖြင့် သူမ၏ပါးစပ်နှင့်နှာခေါင်းကို ဖုံးအုပ်ထား၏။

ရှန်မိုကတော့ ငြိမ်သက်နေပြီး အခြားသူများနှင့် ဆွေးနွေးသည်။ “ဒါဆို ဒီဝင်္ကပါမှာ အဓိကပြဿနာနှစ်ခုရှိတယ်။ တစ်ခုက အရွယ်အစားပြောင်းနေတဲ့မြွေနဲ့ နောက်တစ်ခုကတော့ ကျွန်တော်တို့မြင်ရတဲ့ မြွေရဲ့ပစ်မှတ်ဖြစ်တဲ့ မကောင်းဆိုးဝါး သေးသေးလေးပဲ။ ကျွန်တော်တို့ မြွေဂိမ်းရဲ့ ပုံစံအတိုင်းလိုက်နာမယ်ဆိုရင် မြွေက အဆင့်တစ်ခုအထိကြီးလာတဲ့အခါ သူ့နောက် လိုက်သွားရင် ထွက်ပေါက်ကို ရှာတွေ့လိမ့်မယ်။”

“ဒါက မလွယ်လောက်ဘူး။” ဆရာချန်းက စိုးရိမ်နေသည်။ “ဝင်္ကပါက အရမ်းကြီးတော့ မြွေနောက်ကိုလိုက်ရတာ အရမ်းအန္တရာယ်များတယ်။ ဒါ့အပြင် အရှိန်နဲ့ ကိုယ်ကာယကြံ့ခိုင်မှုတွေလည်း အများကြီးလိုအပ်တယ်။”

နောက်ကောက်ကျန်ခဲ့လျှင် မည်သို့လုပ်ရမည်နည်း။

လမ်းမှာ တွေ့လာလျှင်၊ အရေပြားမရှိသည့် မကောင်းဆိုးဝါးများနှင့်တွေ့လျှင်၊ ထွက်ပေါက် ဘယ်တော့မှမပေါ်လာလျှင် မည်သို့လုပ်ရပါမည်နည်း။

ရှန်မိုက ခဏတာစဉ်းစားပြီးပြောသည်။ “တန်ရှောင်နဲ့ ကျွန်တော်က အမြန်ဆုံးဖြစ်လို့ ကျွန်တော်တို့ လိုက်ကြည့်ပြီး ထွက်ပေါက်ရှိမရှိ ကြည့်နိုင်တယ်။ ထွက်ပေါက်တွေ့ရင် ပြန်လာပြီး အားလုံးကို ပြောပြမယ်။ ထွက်ပေါက်ရှာမတွေ့ရင်တော့…”

သူသည် နှစ်စက္ကန့်ခန့် ရပ်တန့်သွားပြီး သူ့မျက်လုံးများက ပိုင်ယို့ဝေကိုကြည့်လိုက်သည်။ “ထွက်ပေါက်ရှာမတွေ့ရင် ငါတို့ အမြန်ဆုံး ပြန်လာမယ်။ အဲ့ဒီအချိန်အတွင်းမှာတော့ မင်းကလူတိုင်းကို ဒီမှာပဲနေဖို့ဦးဆောင်ပေးပါ ဟိုဟိုဒီဒီမပြေးလွှားဘဲနဲ့။”

ပိုင်ယို့ဝေက သူနှင့်ခွဲခွာရန် စိတ်မပါ့တစ်ပါ ဖြစ်နေသည်။ သူမ၏ဘီးတပ်ကုလားထိုင်သည် အမှန်တကယ်အတားအဆီးဖြစ်နေသည်ကို သူမ၏နှလုံးသားကသိသည်။ ထို့ကြောင့် သူမသည် နှုတ်ခမ်းကိုစူပြီးပြောသည်။

“…ဒါဆို ရှင် မြန်မြန်ပြန်လာရမယ်။”

ရှန်မိုက ခေါင်းညိတ်ပြီး သူမကိုသတိပေးသည်။ “ပြဿနာတစ်ခုခုရှိရင် ဆရာချန်းနဲ့ဆွေးနွေးပါ။ မင်းတစ်ယောက်တည်းမလုပ်နဲ့။”

ပိုင်ယို့ဝေသည် ချက်ချင်းပင် မျက်ခုံးပင့်လိုက်သည်။ “ကျွန်မ ဘယ်တုန်းက ရမ်းလုပ်ခဲ့ဖူးလို့လဲ။ ရှင်က အဓိပ္ပာယ်မရှိတာတွေ စိတ်ပူနေတာပဲ။”

ရှန်မိုက ပြုံးလိုက်ပြီး တန်ရှောင်ကို လှည့်ကြည့်လိုက်သည်။ “အပြင်ထွက်ပြီး ပြင်ဆင်ကြရအောင်။”

တန်ရှောင်က ခေါင်းညိတ်ပြီး သူ့နောက်သို့ လိုက်သွား၏။

ပိုင်ယို့ဝေသည် စိတ်ပျက်အားငယ်စွာဖြင့် အရှေ့ဘက်ရှိ စားသောက်ဆိုင်သို့သွားသော ထိုလူနှစ်ယောက်ကိုကြည့်ကာ သူမ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူတို့သည် သူတို့၏ကျောပိုးအိတ်များကို ဗလာဖြစ်စေပြီး အစားအစာနှင့် ရေအနည်းငယ်ဖြည့်ကာ သူတို့၏သက်ဆိုင်ရာလက်နက်များကို ကောက်ယူကြ၏။

“…”

သူမသည် တိတ်ဆိတ်စွာလိုက်သွားပြီး ရှန်မို၏အင်္ကျီအစွန်းကို ဆွဲလိုက်သည်။

ရှန်မိုက သူမကိုလှည့်ကြည့်လာသည်။

ပိုင်ယို့ဝေသည် သူမ၏အိတ်ထဲမှ အရုပ်တစ်ရုပ်ကိုထုတ်ကာ သူ့လက်ထဲသို့ ထိုးထည့်လိုက်ပြီး အသံတိုးတိုးဖြင့်ပြောသည်။

“ဒါကို ရှင်နဲ့အတူ ယူသွားပါ။”

အရုပ်က သူ့လက်ဖဝါးကိုထိလိုက်သည်နှင့် ရှန်မိုသည် ထိုပစ္စည်း၏ရည်ရွယ်ချက်ကို နားလည်လိုက်သည်။

သူသည် အရုပ်ကိုညှစ်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်များကို အနည်းငယ်မြှင့်လိုက်သည်။ “မင်းနဲ့ တော်တော်လေးတူတယ်။”

ပိုင်ယို့ဝေ၏မျက်လုံးများက တောက်ပလာ၏။ “ဒါဆိုရင် ကျွန်မကို ရှင်နဲ့အတူခေါ်သွားသလိုပဲလို့ တွေးလိုက်ပေါ့။”

All Chapters