← Chapters

အရေပြားအနည်းငယ်ပွန်းသွားခြင်း

Vol. 14 Ch. 199

အရေပြားအနည်းငယ်ပွန်းသွားခြင်း

Vol. 14 Ch. 199

“နောက်ထပ်မြွေတစ်ကောင်လား။” ပိုင်ယို့ဝေမှာ အံ့အားသင့်သွားသည်။

ဒါက မြွေဝင်္ကပါဆိုတာကို သိလိုက်သည့်အချိန်မှစ၍ သူတို့က ဝင်္ကပါထဲမှာ မြွေတစ်ကောင်ပဲရှိသည်ဟု မသိစိတ်ကနေ ယူဆခဲ့ကြတာဖြစ်သည်။သို့သော် နောက်ထပ်မြွေတစ်ကောင် မည်သို့ပေါ်လာသနည်း။ ထိုမကောင်းဆိုးဝါးများသည် မည်မျှရှိသနည်း။

“…ခဏလေး။ ဘာလို့ အဲဒီလူက ငါတို့ကို လှည့်စားတာလဲ။” ပိုင်ယို့ဝေသည် မျက်မှောင် ကြုတ်ကာ စဉ်းစားနေသော်လည်း စဉ်းစား၍မရပေ။ “သူရော ထွက်မသွားချင်ဘူးလား။”

“ကျွန်‌တော်တို့တွေများ အထင်မှားနေသလား။” တန်ရှောင်က သူ၏ထင်မြင်ယူဆချက်ကို ပြောလိုက်သည်။ “မြွေဂိမ်းအချို့မှာ ကစားသူအများအပြားပါတဲ့ ပုံစံရှိတယ်။ မြွေအများကြီးက အစာတွေလုနေကြတာမျိုးပေါ့။ တခြားမြွေတွေကို တိုက်မိလို့မရဘူး။ မဟုတ်ရင် ကိုယ်တိုင် အစာဖြစ်သွားလိမ့်မယ်…”

ရှန်မိုသည် သူ့ကို အေးဆေးတည်ငြိမ်စွာ ကြည့်လိုက်သည်။ “သူက တမင်တကာ လှည့်စားနေတာဖြစ်ရမယ်။ မဟုတ်ရင် မြွေက အရှည်ဆုံးနဲ့ အကြီးဆုံးအခြေအနေကို ရောက်မှ ထွက်ပေါက်ဖွင့်မယ်လို့ ပြောမှာမဟုတ်ဘူး။”

တန်ရှောင်သည် ခဏတာစဉ်းစားပြီးနောက် သတိပြန်ဝင်လာကာပြောသည်။ “ဟုတ်သားပဲ လောဘကြီးတဲ့မြွေတွေရှိရင် ဘယ်မြွေက ထွက်ပေါက်ဖွင့်ဖို့အချက်တွေနဲ့ ကိုက်ညီမှာလဲ။ သေစမ်း!”

တန်ရှောင်သည် ဒေါသတကြီးထရပ်ပြီး ကျိန်ဆဲသည်။ “ခင်ဗျားက ကျွန်တာ်တို့ကို လှည့်စားရဲတယ်ပေါ့။”

သူသည် လှည့်ထွက်သွားပြီး ထိုလူကို သင်ခန်းစာပေးရန် ပြင်ဆင်သည်။

ဆရာချန်းက သူ့ကို တားလိုက်ပြီး အကြံပေးသည်။ “မင်းက ဒဏ်ရာရနေသေးတယ်။ အရင်ဒဏ်ရာကို ကုသလိုက်ပါ။ ဒဏ်ရာက ဘာလို့ အခုထိ သွေးထွက်နေတာလဲ။ အိုး..ဒါက တကယ်ပဲ..”

တန်ရှောင်သည် မျက်မှောင်ကြုတ်ပြီး သူ၏ခါးပေါ်ရှိ ဒဏ်ရာကို ထိလိုက်သည်။ သွေးအပြင် အချွဲဖြင့် စေးကပ်နေသောအလွှာတစ်ခုလည်း ရှိနေ။ ၎င်းက အနည်းငယ်ယားပြီး စပ်လည်းစပ်သောကြောင့် အလွန်မသက်မသာဖြစ်နေလေသည်။

“သေစမ်း! အဲဒီမကောင်းဆိုးဝါးသွားတွေမှာ အဆိပ်မရှိလောက်ဘူးမလား။” တန်ရှောင်သည် ပေါ့ပေါ့ဆဆမနေရဲဘဲ တင်းမာသောအမူအရာဖြင့် ပြန်ထိုင်လိုက်သည်။

အကျိုး‌ကြောင့်သင့်စဉ်းစားရမည်ဆိုလျှင်ယခင်ဝင်္ကပါ၏ဒေတာအဆင့်မြှင့်တင်မှုပြီးနောက် သူတို့၏ကိုယ်ကာယပြန်လည်ကောင်းမွန်နိုင်စွမ်းသည် အမျိုးမျိုးသောအတိုင်းအတာအထိ တိုးတက်လာသည်။အကယ်၍ ၎င်းတို့သည် သေးငယ်သော ဒဏ်ရာများဖြစ်ပါက ဤမျှကြာအောင် သွေးထွက်နေသင့်သည်မဟုတ်ပေ။

ပိုင်ယို့ဝေသည် တစ်ရှူးကိုအသုံးပြုကာ သူ၏ လက်များကိုသုတ်ပေးသည်။ သွေးနှင့်တူသော်လည်း တကယ်သွေး မဟုတ်သော စေးကပ်သော အရာများသည် သူမ၏လက်များတွင်လည်း အနည်းငယ်ပေကျံသွား၏။ ၎င်းသည် တစ်မျိုးမျိုးသော ပျစ်ခဲသောအရာနှင့်သွေးများ ရောနှောထားသည်နှင့်တူသည်။

သူမသည် အနီရောင်နှင့်စေးကပ်နေသောအရာကို သေသေချာချာကြည့်နေသည်။

ရှန်မိုက ပြောသည်။ “သူ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ်၊ အဲဒီလူက အမှန်အတိုင်း ပြောတာမဟုတ်လောက်ဘူး။ အခု ဝင်္ကပါထဲမှာ မြွေတစ်ကောင်ထက် ပိုရှိတယ်။ ဝင်္ကပါရဲ့ ထွက်ပေါက်ကို ဖွင့်ချင်ရင် တခြားနည်းလမ်းတစ်ခုကို စဉ်းစားဖို့လိုတယ်။”

“သူက ရယ်လိုက်တယ်…” ပိုင်ယို့ဝေက ရုတ်တရက်ပြောသည်။

လူတိုင်းက သူမကိုကြည့်လိုက်ကြသည်။

ရှန်မိုက မေးသည်။ “ဘာဖြစ်လို့လဲ။”

ပိုင်ယို့ဝေသည် မျက်မှောင်ကြုတ်ပြီး တွေးသည်။ ထို့နောက် ဖြည်းဖြည်းချင်းပြောသည်။ “ခုနက မြွေလာတဲ့အခါ သူပြုံးတာ ကျွန်မမြင်လိုက်ရတယ်။”

ခဏရပ်ပြီးနောက် သူမသည် ရှန်မိုကို မော့ကြည့်ပြီး သေသေချာချာပြောသည်။ “သူက လောဘကြီးတဲ့မြွေကို မကြောက်ဘူး။”

“ဘာလို့လဲ။” တန်ရှောင်က ရှုပ်ထွေးနေသည်။ “သူက အရမ်းကြီးတဲ့မြွေက စားမှာကို မကြောက်ဘူးလား။ အဲဒီမြွေကြီးထက် မကောင်းဆိုးဝါးသေးသေးလေးတစ်ရာကို ရင်ဆိုင်ရတာကမှ ပိုကောင်းသေးတယ်။ ”

ပိုင်ယို့ဝေသည် ကြောင်သွားသည်။

ဘာကြောင့်နည်း။

သူမသည် သေသေချာချာပြန်အမှတ်ရပြီး သူမ၏အမူအရာက ပို၍ပို၍တင်းမာလာသည်။ “သူက မကောင်းဆိုးဝါးသေးသေးလေးတွေကို ကြောက်တယ်။”

အရေပြားမရှိသည့်မကောင်းဆိုးဝါးများဝင်တော့မလို ဖြစ်သည့်အခါ ထိုလူကကြောက်လန့်တကြားငိုခဲ့သည်။ သူဟန်ဆောင်နေတာ မဟုတ်သလိုမျိုးပင်။

အဆောက်အအုံကဲ့သို့အရွယ်အစားရှိသော မြွေများကို သူက မကြောက်ပေ။ သို့သော် အရေပြားမရှိသည့် မကောင်းဆိုးဝါးများကို တစ်ချက်ထိုးရုံနှင့်သတ်နိုင်သည်ကိုတော့ သူက ကြောက်နေသည်။ ဒါက မဖြစ်နိုင်ပေ။

ပိုင်ယို့ဝေသည် တန်ရှောင်၏ဒဏ်ရာကိုကြည့်လိုက်ပြီး တစ်ရှူးပေါ်ရှိ စေးကပ်သောအရာကို ကြည့်လိုက်သည်။ သူမသည် မျက်မှောင်ကြုတ်ပြီး တစ်ရှူးထဲက အရာများကို စားပွဲပေါ်သို့ သုတ်လိုက်သည်။ အနီရောင်ဖျော့ဖျော့များက အသားစိုင်ပေါ်တွင် ကပ်နေသည်။ ၎င်းသည် သွေးထက်ပို၍ပျစ်ပြီး အသားထက် အနည်းငယ် ပျော့သည်။ ၎င်းက ဘာလဲဆိုသည်ကို ပြောရခက်သည်။

သူက ဘာကြောင့်မကြောက်သနည်း။

သူက…

ပိုင်ယို့ဝေ၏မျက်နှာသည် ရုတ်တရက်ဖြူဖျော့သွားပြီး သူမသည် တန်ရှောင်ကို ရုတ်တရက်မော့ကြည့်သည်။

တန်ရှောင်သည် သူမ၏အကြည့်ကြောင့် အံ့အားသင့်သွားပြီး အံ့သြစွာမေးသည်။ “ဘာဖြစ်တာလဲ။ ကျွန်တော့်ဒဏ်ရာမှာ တစ်ခုခုမှားနေတာလာ။”

“ဆရာချန်း! ရွှံ့စေးကို ထုတ်!” ပိုင်ယို့ဝေက ရုတ်တရက်ပြောသည်။

ချန်းဝေခိုင်သည် သူ၏အိတ်ကပ်ထဲသို့ နှိုက်လိုက်သည်။

တန်ရှောင်က ရှုပ်ထွေးနေသည်။ “ဘာ… ဘာဖြစ်တာလဲ။ ကျွန်တော့်မှာ အရေပြားအနည်းငယ်ပဲ ပွန်းသွားတာပါ။ ရွှံ့စေးသုံးတာက နည်းနည်းလေးတော့ ဖြုန်းတီးရာ မရောက်ဘူးလား…”

သူ၏စကားမဆုံးခင်တွင် ဆရာချန်းသည် ရွှံ့စေးနှင့်အတူ ရောက်လာသည်။

All Chapters