မင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတယ်
Vol. 14 Ch. 200
ရွှံ့စေးက အလွန်လျင်မြန်စွာအလုပ်လုပ်သည်။
တန်ရှောင်၏အရေပြားဒဏ်ရာက အလျင်အမြန် ပျောက်ကင်းသွားသည်။ ရှန်မိုသည် သူ၏ဒဏ်ရာများပေါ်သို့ ရေလောင်းချကာ စေးကပ်သောအသားနှင့်သွေးများကို ဆေးကြော ဖယ်ရှားလိုက်သဖြင့် သူ၏ခါးအောက်ပိုင်းတွင် အစအနတောင် မကျန်ခဲ့ပေ။
ပန်းရှောင်ရှင်းသည် ဤလူများပတ်ပတ်လည်တွင် အလုပ်များနေသည်ကို ကြည့်ပြီး မျက်လုံးများ ကျယ်သွားလေသည်။
သူသည် ဤမျှလောက်မှော်ဆန်သော ပစ္စည်းမျိုးကို တစ်ခါမျှမမြင်ဖူးပေ။
လျှပ်စီးကြောင်းက သူ့ကို ထိတ်လန့်စေခဲ့သော်လည်း သူသည် မသိစိတ်ဖြင့် သူ၏မျက်လုံးများကို ပိတ်ထားခဲ့သဖြင့် ထိုပစ္စည်းကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။ သို့သော် သူ၏ရှေ့ရှိ ရွှံ့စေးကို သူ ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ ၎င်းက ဒဏ်ရာကို တကယ်ပင် ကုသပေးခဲ့သည်။
ကောင်လေးတွေးမိသည်က ဖေးကော် ပြောတာ မှန်သည်။ ဒီလူများတွင် ပစ္စည်းများ အများအပြား ရှိသည်။
“ရှောင်ရှင်း! ဓားက ဘယ်မှာလဲ။” ပိုင်ယို့ဝေက ရုတ်တရက် သူ့နာမည်ကိုခေါ်လိုက်သည်။
ပန်းရှောင်ရှင်းသည် လန့်သွားပြီး ဓားကို သူမအား အမြန်ပေးလိုက်သည်။
ဓားကို ရှန်မိုက လမ်းတစ်ဝက်တွင် တားလိုက်သည်။
“ဓားကို ဘာလုပ်ချင်တာလဲ။” ရှန်မိုက ပိုင်ယို့ဝေကို စိတ်ပူသည့်အမူအရာဖြင့် မေးသည်။
ပိုင်ယို့ဝေက ဒေါသထွက်နေသည်။ “ဘာလုပ်ရမှာလဲ။ သူ့ကို သွားခုတ်မလို့!!! မြွေတွေက သူ့ကိုမစားနိုင်လို့ သူက မြွေတွေကို မကြောက်တာ! သူက ကျွန်မတို့အားလုံးကို လှည့်စားခဲ့တာ!”
သူမသည် ဓားကို မယူတော့ဘဲ သူမ၏ဘီးတပ် ကုလားထိုင်ဖြင့် ဒေါသတကြီးလျှောထွက်သွားသည်။ ရှန်မိုက လက်ကိုဆန့်ထုတ်ကာ ဘီးတပ်ကုလားထိုင်၏ လက်ရန်းကို ဆုပ်ကိုင်လိုက်သဖြင့် သူမ ဆက်လျှော၍ မရတော့ပေ။ သူမသည် ခေါင်းလှည့်ပြီး သူ့ကို ဒေါသတကြီးကြည့်လိုက်သည်။
ရှန်မိုက ပြောသည်။ “ငါ မင်းကို တွန်းပေးမယ်။”
အခြားသူများက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး နောက်ကလိုက်လာကြ၏။
ထိုလူသည် စားပွဲအောက်တွင် ထိုင်နေဆဲပင်။ သူက ရှန်မိုနှင့် ပိုင်ယို့ဝေတို့ ပြန်လာသည်ကိုမြင်သောအခါ သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုအမူအရာ ချက်ချင်းပေါ်လာသည်။
“မင်းတို့ ဘာ… ဘာလုပ်မလို့လဲ။” သူသည် ထိတ်လန့်တကြားမေးလာသည်။
ပိုင်ယို့ဝေက လှောင်ပြောင်စွာ ပြုံးလိုက်ရာ ထိုလူ၏ ဆံပင်များပင် ထောင်လာသည်။ “မင်းက တကယ်ပဲ ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ငါသိသမျှ အကုန်လုံးကို ပြောပြီးပြီ။ ဘာထပ်လိုချင်သေးလို့လဲ။”
ပိုင်ယို့ဝေသည် သူမ၏မျက်ခုံးများကို ကွေးလိုက်ပြီး နွေးထွေးမှုမရှိသောအပြုံးက သူမ၏မျက်နှာ ပေါ်တွင်ပေါ်လွင်နေသည်။ သူမသည် ဖြည်းဖြည်းချင်းပြောသည်။ “ဘာမှမလုပ်ချင်ပါဘူး။ ရှင့်ကို မေးချင်တာက… ရှင် ဒီကနေ ကျွန်မတို့နဲ့အတူ သွားမှာလား။”
ထိုလူ၏မျက်လုံးများက အနည်းငယ် တောက်ပလာသည်။ “ဟုတ်ပါတယ်… ဟုတ်ပါတယ်။ ငါ ဒီကနေသွားချင်တာပေါ့၊ ဒါပေမယ့် မင်းတို့ ထွက်ပေါက်ရှာမတွေ့ဘူးမလား။”
“ကျွန်မတို့ အခုမှရှာတွေ့တယ်။” ပိုင်ယို့ဝေက ပြုံးသည်။ “ကျွန်မ ရှင့်ကို အခုထုတ်ပေးမယ်။ အဆင်ပြေလား။”
“မင်းတို့ ရှာတွေ့ပြီလား။” ထိုလူသည် အံ့အားသင့်သွားပြီး ရှန်မို၊ တန်ရှောင်နှင့် အခြားသူများ၏အမူအရာကို လိုက်ကြည့်သည်။
ပိုင်ယို့ဝေ၏ဘေးတွင် ရပ်နေသောသူများသည် မတူညီသောအမူအရာများရှိကြ၏။
ထိုလူသည် မယုံကြည်ဘဲ ထိတ်လန့်တကြားနှင့် ခေါင်းခါသည်။ “မဖြစ်နိုင်ဘူး! ဝင်္ကပါရဲ့ ထွက်ပေါက်က အဲလောက်ရှာရလွယ်နိုင်မလား။ မင်းတို့ နောက်နေတာလား။ ငါမသွားဘူး! မင်းတို့ ငါ့ကို လှည့်စားပြီး အပြင်မှာ မကောင်းဆိုးဝါး တွေဆီက စားခံရစေချင်တာ! မင်းရဲ့လှည့်ကွက်မှာ ငါက ကျရှုံးမှာမဟုတ်ဘူး!”
ပိုင်ယို့ဝေ၏ပြုံးခြင်းက ပို၍နက်ရှိုင်းလာသည်။ “ရှင် မသွားကြည့်ရင် ကျွန်မတို့ ရှင့်ကို လိမ်နေတယ်ဆိုတာ ဘယ်လိုသိမှာလဲ။ သွားကြစို့။ တန်ရှောင်၊ သူက ဒဏ်ရာရနေပြီး မလှုပ်ရှားနိုင်ဘူး။ မင်း သူ့ကို ပွေ့ပြီး ထုတ်သွား။”
“…အာ” တန်ရှောင်သည် သူမကို မျက်နှာပျက်စွာကြည့်သည်။ “ဒါကမှ တကယ် ကံမကောင်းတာလား။”
သူတို့ ထွက်ပေါက်တောင် မတွေ့ကြသေးဘဲ ဘယ်ကို ပွေ့သွားရမည်နည်း။
ပိုင်ယို့ဝေက ပြောသည်။ “ရှောင်ရှင်း။ လာကူပါ။ ဒီဦးလေးကို ထူပေးလိုက်။”
ပန်းရှောင်ရှင်း: “…”
တိတ်ဆိတ်စွာလျှောက်သွားပြီး ထိုလူကို ကူညီသည်။
“ဖယ်ပေး! ငါ့ကို မထိနဲ့!” ထိုလူသည် ပန်းရှောင်ရှင်းကို တွန်းထုတ်လိုက်သည်။
ပန်းရှောင်ရှင်းသည် မမျှော်လင့်ဘဲ မြေပြင်ပေါ်သို့ ရုတ်တရက်ကျသွားသည်။
ထိုလူသည် သူ့ကို အော်ဟစ်သည်။ “ငါ့ကို မထိနဲ့!!! မင်းမှာ ရည်ရွယ်ချက်ဆိုးရှိတယ်။ မင်းက ငါ့ကို အပြင်နဲ့လှည့်စားချင်တာ! ငါ လှည့်စားခံမှာ မဟုတ်ဘူး! ငါ အပြင်ကို မသွားဘူး! ငါ အပြင်ကို မသွားဘူး!!!”
“ခင်ဗျား ရူးနေတာလား။ ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။” တန်ရှောင်သည် စိတ်မရှည်တော့ပေ။ သူသည် ရှေ့သို့ခြေလှမ်းအနည်းငယ် လှမ်းပြီး သူ၏လက်မောင်းကိုဆုပ်ကိုင်ကာ ဆွဲထူလိုက်သည်။ “သွားခိုင်းရင် သွားရမှာပေါ့။”
“အားးးးးးးးးး!!!”
သူ ဆွဲထူလိုက်သည့်အချိန်တွင် ထိုလူသည် ကြောက်လန့်တကြား နာကျင်စွာအော်ဟစ်လိုက်သည်!
အော်ဟစ်သံများသည် စိတ်နှလုံးကြေကွဲဖွယ် ကောင်းရာမှ စူးရှသောအသံများအဖြစ် ပြောင်းလဲသွားသည်!
သူ၏ကိုယ်ခန္ဓာက မြေပြင်နှင့်ကပ်နေသကဲ့သို့ပင်။ သူ၏အရေပြားနှင့်အသားကို ဆွဲယူခြင်းဖြင့် သူ့ကိုဆွဲထူ၍မရပေ။
တန်ရှောင်သည် အလွန်ကြောက်လန့်သွားပြီး သူ၏လက်ကိုလွှတ်ကာ ကြောင်အသွားသည်။ “ချီးပဲ…”
ပန်းရှောင်ရှင်း၏မျက်နှာက ဖြူဖျော့သွား၏။
ထိုလူ၏ခြေထောက်များကို ဖုံးအုပ်ထားသော အ၀တ်က ပြုတ်ကျသွားပြီး အောက်တွင် အသားတုံးကြီးများ ပေါ်လာသည်။ သူ၏ခြေထောက်နှစ်ဖက်သည် ကြမ်းပြင်နှင့် တကယ်ပင် ပေါင်းစပ်နေသည်။
တစ်ကိုယ်လုံး၏ခါးအောက်ပိုင်းက အသားထဲမှာ နစ်ဝင်နေတာဖြစ်သည်!