← Chapters

ရန်ငြိုးများ ရှိပါသလား။

Vol. 14 Ch. 201

ရန်ငြိုးများ ရှိပါသလား။

Vol. 14 Ch. 201

ထိုလူက ဆက်လက် အော်ဟစ်နေလေသည်။ တန်ရှောင် ဆွဲဖြဲလိုက်သည့်နေရာမှ သွေးများ စီးကျနေပြီး စုတ်ပြဲနေ၏။ သူသည် လက်များကို မြေပြင်ပေါ် ထောက်၍ အသက်ပြင်းပြင်း ရှူနေရာ ခြေထောက်နှစ်ချောင်းကဲ့သို့ ဖြစ်နေသော အသားတုံးများက အတူတကွ တုန်ခါနေသည်။

ရှန်မိုသည် ပိုင်ယို့ဝေကို မျက်နှာသေဖြင့် တစ်ချက်ကြည့်လိုက်သည်။ တန်ရှောင်ကို ရွှံ့စေးပေးရန် သူမ ယခင်က တောင်းဆိုခဲ့သည်ကို ပြန်တွေးမိရာ သဘောပေါက်သွား၏။

“ဒါဆို... ဒီဝင်္ကပါထဲမှာ ဒဏ်ရာရလို့မရဘူးပေါ့။ မဟုတ်ရင် ဝင်္ကပါနဲ့ တစ်သားတည်း ပေါင်းစပ်သွားမှာပေါ့”

“ဖြစ်နိုင်တယ်။” ပိုင်ယို့ဝေသည် မြေပြင်ပေါ်တွင် မောဟိုက်နေသော ထိုလူကို အေးစက်စက် စိုက်ကြည့်နေသည်။ “မဟုတ်ရင် သူ ဘာလို့ မြွေကို မကြောက်တာလဲဆိုတာ ရှင်းပြလို့မရဘူး။ ကျွန်မတို့ စားသောက်ဆိုင်ထဲကို စဝင်တုန်းက ဘာလို့ အကူအညီမတောင်းတာလဲဆိုတာလည်း ရှင်းပြလို့မရဘူး။ သူ ချောင်းဆိုးသံကို မထိန်းနိုင်လို့သာ မဟုတ်ရင် မီးဖိုချောင်ထဲမှာ တစ်ယောက်ယောက်ရှိတယ်ဆိုတာ ကျွန်မတို့ သတိထားမိမှာမဟုတ်ဘူး။”

လုံးဝကို စိတ်ပျက်အားငယ်နေသော လူတစ်ဦးသည် အဖော်တစ်ယောက်၏အသံကို ကြားလျှင် အကူအညီတောင်းသင့်သည် မဟုတ်လား။

အဘယ်ကြောင့် ပုန်းနေရပါသနည်း။

ရှန်မိုသည် ခဏမျှ စဉ်းစားပြီး ထိုင်ချလိုက်ကာ ထိုလူကို တည့်တည့်ကြည့်သည်။ “မြွေတွေက ဝင်္ကပါထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ပြင်ပလူတွေ ဒါမှမဟုတ် ရန်သူတွေကိုပဲ စားတာ။ မကောင်းဆိုးဝါးသေးလေးတွေက ပြင်ပလူတွေဖြစ်ပြီး ကျွန်တော်တို့က ကျူးကျော်သူတွေပဲ။ ခင်ဗျားက ဝင်္ကပါနဲ့ တစ်သားတည်း ဖြစ်နေလို့ မြွေတွေက ခင်ဗျားကို တိုက်ခိုက်မှာ မဟုတ်ဘူး။ ကျွန်‌တော်ပြောတာ မှန်တယ်မလား။”

ထိုလူက ခေါင်းညိတ်လိုက်သည်။ သူ၏မျက်နှာပေါ်မှ ချွေးများ စီးကျနေပြီး စကားပြောရန် ခွန်အားပင်မရှိလောက်အောင် နာကျင်နေပုံရ၏။

ရှန်မိုသည် ထိုလူကိုကြည့်လျက် သူ၏ “ခြေထောက်များ” ဆီသို့ ဖြည်းဖြည်းချင်း အကြည့်ပြောင်းလိုက်သည်။ “ကျွန်‌တော်တို့ မဆင်ခြင်မိတာပဲ။ ခင်ဗျားဒီမှာ သုံးလေးရက်လောက် ပိတ်မိနေတယ်လို့ ပြောတယ်။ အစားအသောက်နဲ့ ရေမရှိဘူး။ ဒါပေမဲ့ ခင်ဗျားက ဘာအကျိုးသက်ရောက်မှုမှ ရှိပုံမပေါ်ဘူး။ ခင်ဗျားရဲ့ အသားအရေက ပုံမှန်လိုပဲ ပန်းရောင်ရဲနေတယ်။ ဒါဆို... ခင်ဗျားခန္ဓာကိုယ်ရဲ့ အာဟာရစုပ်ယူမှုက တဖြည်းဖြည်း ပြောင်းလဲသွားတယ် ဟုတ်တယ်မလား။”

ထိုလူက နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်သည်။ ထို့အပြင် ခုခံလိုစိတ် မရှိတော့ဘဲ သေခါနီးငါးလို မောဟိုက်တုန်ယင်နေလေသည်။

“ခင်ဗျား တမင်သက်သက် မြွေနောက်ကို လိုက်သွားအောင် ကျွန်တော်တို့ကို လမ်းပြတယ်။ ကျွန်တော်တို့ မြွေစားခံရဖို့ ဒါမှမဟုတ် ဒဏ်ရာရပြီး ခင်ဗျားလိုဖြစ်သွားဖို့ မျှော်လင့်နေတာလား။”

ရှန်မိုသည် ဖြည်းဖြည်းချင်း မတ်တပ်ရပ်ပြီး သူ့ကို အထက်စီးမှ မထီမဲ့မြင်ကြည့်ကာပြောသည်။ “စိတ်မကောင်းပါဘူး ခင်ဗျားကို စိတ်ပျက်အောင်လုပ်မိတဲ့အတွက်။”

ထိုလူသည် ခေါင်းထောင်လိုက်ပြီး သူ၏မျက်နှာတွင် ထူးဆန်းသောအပြုံးတစ်ခု ပေါ်လာပြီး အားနည်းသောအသံဖြင့် ပြောသည်။ “ဒီလောက် အယုံအကြည် မရှိပါနဲ့။ မင်းတို့လူတွေ... အ‌နှေးနဲ့အမြန်ငါ့လိုပဲ အဆုံးသတ်ရမှာပဲ...”

ဘုန်း

တန်ရှောင်သည် ထိုလူ၏မျက်နှာကို မထိန်းနိုင်ဘဲ ကန်လိုက်တော့သည်။

“ခွေးသား ခင်ဗျား ကျွန်တော့်ကို သေစေချင်တယ်ဆိုရင် ကျွန်တော်က ခင်ဗျားကို အရင်သတ်မယ်။”

တန်ရှောင်သည် ထိုလူကို အကြိမ်များစွာ ထပ်ကန်လိုက်လေသည်။

သူသည် အစောက ရခဲ့သည့်ဒဏ်ရာအကြောင်းနှင့် ဤစားပွဲများ၊ ထိုင်ခုံများနှင့် ရောထွေးလုနီးပါး ဖြစ်ခဲ့သည်ကို တွေးမိရာ ဒေါသထွက်ပြီး ကြောက်ရွံ့လာသည်။ သူ၏ရှေ့က ပုံသဏ္ဌာန်ပြောင်းသွားသောလူကို သတ်ပစ်ချင်စိတ် ပေါက်လာ၏။

ချန်းဝေခိုင်က အလျင်အမြန် တားသည်။ “ဆက်မကန်ပါနဲ့ သူ့ကို သတ်ပစ်တာ အကျိုးမရှိဘူး။ သူ ဘာပြောလဲ နားထောင်ရအောင်... ထပ်နားထောင်ဦး...”

တန်ရှောင်သည် ထိုလူ၏မျက်နှာကို နင်းပြီး ဒေါသတကြီး မေးသည်။ “ပြောစမ်း ဘာလို့ ကျွန်တော်တို့ကို နာကျင်အောင် လုပ်ဖို့ ကြိုးစားတာလဲ။”

ထိုလူ၏ မျက်နှာတစ်ခြမ်းမှာ နင်းခံထားရပြီး မျက်လုံးထောင့်များက‌သွေးရောင်ရဲနေသည်။ “ဘာလို့... ဟား... ဘာလို့လို့ မေးရတာလဲ။”

တန်ရှောင်သည် အမှန်တကယ်ပင် အလေးအနက် စဉ်းစားပြီး ခန့်မှန်းသည်။ “ကျွန်‌တော်တို့ ခင်ဗျားကို ရန်ငြိုးတစ်ခုခု ရှိလို့လား။”

“ကျွန်တော့်ကို ရန်ငြိုးရှိလား။” ထိုလူ၏ ပါးစပ်က ဟောင်းလောင်းပွင့်နေပြီး တံတွေးနှင့် မျက်ရည်များ စီးကျနေကာမျက်နှာတွင်ပေပွနေသည်။ “ဟုတ်တာပေါ့... ဟုတ်တာပေါ့ ငါ ရန်ငြိုးရှိတာပေါ့ ဟားဟားဟား... မင်းတို့ အသက်ရှင်နေတာက ငါ့ကို ရန်ငြိုးရှိလို့ပဲ ငါလည်း ထွက်လို့မရဘူး မင်းတို့လည်း ထွက်လို့မရဘူး ဘယ်သူမှထွက်လို့မရဘူး။”

တန်ရှောင်သည် ထိုလူကို အကြာကြီး စိုက်ကြည့်နေပြီးမှ သူ၏ပတ်ပတ်လည်ရှိ အဖော်များကို ကြည့်လိုက်သည်။

ဤလိုအတွေးမျိုးကို သူ ဘယ်လိုမှ နားမလည်နိုင်တော့။ စိတ်ပျက်လက်ပျက်ဖြင့် ခြေထောက်ကို ရုတ်လိုက်ပြီး တီးတိုးပြောသည်။ “ဒီလူ ဒီမှာ အကြာကြီးနေရလို့ ရူးသွားတာပဲ...”

မြေပြင်ပေါ်က လူက လှောင်ပြုံးပြုံးလိုက်ပြီး ခေါင်းထောင်လိုက်ရာ သူ၏အမူအရာက ရုတ်တရက် အေးခဲသွားသည်။

“အား... အား...” သူသည် မျက်လုံးပြူးပြူးဖြင့် အသက်ပြင်းပြင်းရှူကာ အားအပြင်းဆုံး ကြိုးစားနေသည်။ “အားးးးးးးးးး”

လူတိုင်းက သူ၏ပတ်ပတ်လည်တွင် ရပ်ပြီး အံ့ဩတကြီး ကြည့်နေကြသည်။

မြင်ရသည်မှာ မျက်ရည်များ၊ ချွေးများ၊ တံတွေးများနှင့် ဒဏ်ရာမှ ထွက်သည့် သွေးများဖြစ်သည်။ ထိုအရာများမှာ ကြမ်းပြင်ပေါ်က အသားများနှင့် ရောထွေးကပ်ငြိနေပြီး ဆွဲခွာ၍မရတော့ပေ။

All Chapters