← Chapters

ဒီလောက် လွယ်တာလား

Vol. 14 Ch. 203

ဒီလောက် လွယ်တာလား

Vol. 14 Ch. 203

ပန်းရှောင်ရှင်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ဝင်္ကပါထဲကို ဝင်လာကတည်းက ဤလူအုပ်၏ ခိုင်းစေခြင်းကို ခံနေရသည်။ အထူးသဖြင့် ပိုင်ယို့ဝေ၏ ခိုင်းစေခြင်းကို ခံနေရသည်။ သူသည် အမိန့်နာခံရခြင်းကို မလိုချင်သည်တော့ မဟုတ် သို့သော်... ပြောရလျှင် ရုတ်တရက် ထူးဆန်းနေသည်။ ဘာကြောင့်များ ကလေးတစ်ယောက်ကို သူတို့ ယုံကြည်ကြသနည်း။

သူ မှားသွားမည်ကို မကြောက်ကြဘူးလား။

ပန်းရှောင်ရှင်းသည် မြေပုံကို ဂရုတစိုက် ကြည့်ပြီး တစ်နေရာကို လက်ညှိုးထိုးပြကာ တွန့်ဆုတ်စွာ ပြောသည်။ "ဒီနေရာ... ဒီနေရာက အဆင်ပြေလား။ Triumph လမ်းက ဝင်္ကပါရဲ့ အစွန်းမှာ ရှိတယ်။ လူနေအိမ်ရာတွေ အများကြီး ရှိတယ်။ မြွေလာရင် ပုန်းဖို့ နေရာရှိတယ်။"

"အဲဒီကိုပဲ သွားမယ်။" ပိုင်ယို့ဝေက နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်ပြီး ရှန်မိုကို လှည့်မေးသည်။ "အစ်ကို ဘယ်လိုထင်လဲ။"

ရှန်မိုက ခေါင်းညိတ်သည်။ "ဟုတ်တယ်။ ကောင်းတယ်"

ပန်းရှောင်ရှင်း သူတို့ကို စိုက်ကြည့်နေ၏။

အခုလို လွယ်လွယ်ကူကူ ဆုံးဖြတ်လိုက်ကြသလား။

တကယ်လား။

သေချာလား။

နောက်နေသလား။

"ဘာရပ်လုပ်နေတာလဲ။" တန်ရှောင်သည် ပန်းရှောင်ရှင်း၏ ပခုံးကို ပုတ်သည်။ "ကောင်လေး လမ်းပြတော့..."

"..." ပန်းရှောင်ရှင်းသည် သူ့ကျောပိုးအိတ်၏ပခုံးကြိုးကို တိတ်တဆိတ်ချိန်ပြီး မြေပုံကို ကိုင်ကာ သူ၏ပန်းတိုင်ဆီသို့ လျှောက်သွားသည်။

ခရီးစဉ်သည် ချောမွေ့နေသည်။ မကောင်းဆိုးဝါးသေးသေးလေးများကို ရံဖန်ရံခါ တွေ့ရသော်လည်း ၎င်းတို့သည် ပြန့်ကျဲနေ၏။ ကွဲထွက်ပြီးမျိုးပွားခြင်းမပြုမီတွင် အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်သည်။

တစ်ခါတစ်ရံ အနီးအနားတွင် မြေငလျင်လှုပ်ခတ်သောအခါ လူများသည် လမ်းဘေးရှိ အိမ်များတွင် ဝင်ရောက်ပုန်းအောင်းကြ၏။ မြွေများသည် များသောအားဖြင့် လမ်းမများတစ်လျှောက်တွင်သာ အစာရှာဖွေပြီး အိမ်ထဲသို့ ဝင်ခဲသည်။

လမ်းလျှောက်လိုက်၊ ရပ်နားလိုက်ဖြင့် Triumph လမ်းကို ပို၍ နီးကပ်လာသည်။

ရိုးရိုးသားသား ပြောရလျှင် ပိုင်ယို့ဝေသည် ဤကလေးကို အတော်လေး လေးစားမိသည်။ သူမ၏အမြင်တွင် မြို့တော်ရှိ အဆောက်အအုံများသည် ဤရှုပ်ထွေးနေသော အသွင်ပြောင်းလဲပြီးနောက် တစ်ပုံစံတည်း ဖြစ်နေသည်ဟု ထင်ရသော်လည်း ပန်းရှောင်ရှင်းသည် လမ်းများနှင့် အဆောက်အအုံတိုင်းကို တိကျစွာ ခွဲခြားသိမြင်နိုင်ခဲ့သည်။ နေရာနှင့် ဦးတည်ချက်အပေါ် သူ၏အာရုံခံစားမှုသည် သာမန်လူထက် သာလွန်နေ၏။

သူမသည် ကလေးလမ်းမှားသွားသည်ဟု အကြိမ်ပေါင်းများစွာ သံသယဝင်ပြီး မျက်လုံးများဖြင့် ရှန်မိုကို မေးသည်။ ရှန်မိုက "စိတ်မပူပါနဲ့" ဟု အဓိပ္ပာယ်ရသည့် အကြည့်တစ်ခု ပေးသည်။

ထို့နောက် သူမ အံ့အားသင့်သွားသည်။

သို့သော်လည်း စဉ်းစားကြည့်ပါက ထိုကဲ့သို့ ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် အသက်ရှင်သန်နိုင်သော မူလတန်းကျောင်းသားများသည် ကံကောင်းခြင်းအပြင် အချို့သော အစွမ်းအစများ ရှိရမည်ပင်။

ဥပမာ သူမကဲ့သို့ မသန်မစွမ်းသူတစ်ဦးအတွက် ရှန်မိုနှင့်တွေ့ခြင်းသည် ကံကောင်းခြင်းတစ်မျိုးဖြစ်သည် သို့သော် သူမသည် အသုံးမဝင်တော့ဘူးဟု ဆိုလိုပါသလား။

လုံးဝမဟုတ်ပါ။

ပိုင်ယို့ဝေသည် သူမ၏နှုတ်ခမ်းထောင့်များကို တိတ်တဆိတ် ကွေးလိုက်သည်။

ဂိမ်းနှင့် ပတ်သက်ပြီး သူမ ချစ်မြတ်နိုးသည်မှာ အသက်ငယ်သည်ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ၊ ခြေလက်မသန်စွမ်းသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ သင့်ကို စွန့်ပစ်ခြင်းမရှိခြင်းပင်။

အရုပ်ဂိမ်းသည် နာကျင်မှုကို ဖြစ်စေသော်လည်း လူများကို အခွင့်အလမ်းများ အမြဲပေးနေသည်။

အခြားသူများက ဂိမ်းကို စိတ်ပျက်အားငယ်မှုနှင့် သွေးထွက်သံယိုမှုဟု ရှုမြင်ကြသော်လည်းသူမအတွက် ဂိမ်းသည် ပန်းများ၊ မြူများ၊ နေရောင်ခြည်များ နှင့် နွေဦးရာသီတွင် ပန်းများပွင့်သော ပင်လယ်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် နိဗ္ဗာန်ဘုံတစ်ခုဖြစ်သည်။

...မဟုတ်သေးဘူး။ ခဏလေး...

ဤနေရာမှလွဲ၍ပေါ့။

ပိုင်ယို့ဝေသည် သူမ၏နှာခေါင်းကို ရွံရှာစွာ တွန့်လိုက်သည်။

ဤဝင်္ကပါသည် ရွံစရာကောင်းလှသည်။

---

Triumph လမ်းသို့ ရောက်ရှိပြီးနောက် ပန်းရှောင်ရှင်းသည် လမ်းပြခြင်းတာဝန်ကို ပြီးမြောက်ခဲ့သည်။ ထို့နောက် ရှန်မိုသည် မြေမျက်နှာသွင်ပြင်ကို စစ်ဆေး၏။

ရှန်မိုသည် လူနေအိမ်ရာနေရာတစ်ခုကို ရွေးချယ်ပြီး အစိမ်းရောင်နေရာ၏ အပြင်ဘက်နံရံသည် ဝင်္ကပါ၏ အပြင်ဘက်အလွှာဖြစ်ပုံရသည်။

သူတို့သည် ပန်းရှောင်ရှင်း၏ ကျောပိုးအိတ်ထဲမှ ကြိုးကို အသုံးပြု၍ ကြိုးကွင်းတစ်ခု ပြုလုပ်ပြီး အရေပြားမရှိသည့် မကောင်းဆိုးဝါးငယ်လေးတစ် ကောင်ကို ချည်နှောင်ကာ ခြံဝင်းနံရံအနီးသို့ ပစ်ချ၍ အသားကို ကိုက်ခဲစေသည်။ လူများသည် ဒုတိယထပ် လသာဆောင်ပေါ်တွင် ရပ်လျက် ကြိုးကိုကိုင်ကာ ခွေးကို အဝေးမှ လမ်းလျှောက်ခိုင်းသည့်အတိုင်းပင်။ ၎င်းအား မည်သည့်နေရာကို ကိုက်ခဲစေလိုသည်ဖြစ်စေ ကြိုးကို ဆွဲရုံသာဖြစ်သည်။

မကောင်းဆိုးဝါးသည် ကိုက်ခဲလိုက်တိုင်း အသားများကို ခွဲပစ်လိုက်၏။

၎င်းတို့၏ အရေအတွက်များ တိုးများလာပြီး နံရံရှိ အပေါက်များလည်း ပိုမိုကြီးလာသည်။

အရာအားလုံးသည် ချောမွေ့စွာ ဖြစ်ပျက်နေသည်။ တစ်ခုတည်းသော သတိထားရမည့်အရာမှာ လမ်းများတစ်လျှောက် လှည့်လည်သွားလာနေသော မြွေများပင်။

မြွေများသည် အရေပြားမရှိသည့်မကောင်းဆိုးဝါးများ၏အနံ့ကြောင့် အလွယ်တကူ ဆွဲဆောင်ခံရသည်။

ရှန်မိုသည် အမြဲတမ်း သတိအရှိဆုံး ဖြစ်၏။

သူသည် တုန်ခါမှုနီးကပ်လာသည်ကို သတိပြုမိသဖြင့် ကြိုးကို ပြန်ရစ်ပြီး အရေပြားမရှိသည့် မကောင်းဆိုးဝါးကို ကောက်ကာ စားကျက်သို့ ပစ်ချသည်။

သူသည် အရှေ့ကို လှည့်စားပြီး အနောက်ကို တိုက်ခိုက်သည့် ဤနည်းဗျူဟာတွင် အလွန်ကောင်းမွန်သည်။ လောဘကြီးသော မြွေသည် အနံ့ခံပြီး အစာရှာရန် ဝင်းများထဲသို့ ဝင်ရောက်လိုသည့်အခါတိုင်း အရေပြားမရှိသည့် မကောင်းဆိုးဝါးကို ခေါ်ကာ မြွေကို ဝိုင်းဝန်းစေပြီး လှည့်ပတ်သွားလာစေသည်။ ၄င်းသည် အကြာကြီး လှည့်ပတ်ပြီးနောက် မကောင်းဆိုးဝါးတစ်ကောင်တောင် မစားရသဖြင့် ပို၍ ဆာလောင်လာပြီး ပိန်လာလေသည်။

ခြံဝင်းနံရံများကို အရေပြားမရှိသည့်မကောင်းဆိုးဝါးများက ကိုက်ခဲကာ ဖောက်ထားပြီးဖြစ်သည်။

ထို့ကြောင့် မှုန်ဝါးဝါး အဖြူရောင်အလင်းကိုသာ မြင်နိုင်သည်။

ပိုင်ယို့ဝေ သက်ပြင်းချလိုက်သည်။ "ဒီလောက် လွယ်လိမ့်မယ်လို့ မထင်ထားဘူး။"

သို့သော် ယခုပြဿနာမှာ...

သူတို့သည် ရာနှင့်ချီသော အရေပြားမရှိသည့်မကောင်းဆိုးဝါးများကို မည်သို့ ဖြတ်ကျော်ပြီး ထွက်ပေါက်သို့ ရောက်ရှိကြမည်နည်း။

All Chapters