အောင်မြင်ချိန်
Vol. 14 Ch. 207
နွေရာသီ၏ နေ့တာရှည်များတွင် နေဝင်ချိန်များသည် သေဆုံးလုနီးပါးပုံ ပေါက်နေသည်။
နေဝင်ဆည်းဆာက အိမ်များနှင့် သစ်ပင်များပေါ်မှာ ရှည်လျားသည့် အရိပ်များကို မချင့်မရဲ လွှမ်းခြုံပေးသည်။ ရွှေရောင်အလင်းဖြင့် ဝန်းရံထားသည့် ထိုအရိပ်များသည် ပင်ပန်းနွမ်းနယ်ပြီး တိတ်ဆိတ်နေပုံရသည်။ ထိုသို့ ငြိမ်သက်နေချိန်တွင် ကားတစ်စီး အရှိန်ဖြင့်ဖြတ်သွားကာ လမ်းဘေးမှ စက္ကူစုတ်များနှင့် ပလတ်စတစ်အိတ်များကို လှိမ့်ချပြီး ခဏတာ ဆူညံသံကို ဖန်တီးလိုက်သည်။
ဂျစ်ကားသည် တဖြည်းဖြည်း အရှိန်လျှော့လာပြီး နောက်ဆုံးမှာတော့ လမ်းပိတ်နေသည့် လမ်းနောက်တွင် ရပ်လိုက်သည်။
ရန်ချင်ဝမ်က ပြောသည်။ “လုအန်း၊ ဆူးမန် ရှေ့ကိုသွားပြီး လမ်းပိတ်တာ ဘယ်လောက်ဝေးလဲ ကြည့်လိုက်။ မဝေးရင် ကားကိုဆက်မောင်း။ အရမ်းဝေးနေရင်တော့ တခြားလမ်းက သွားတာပေါ့။”
အသံကြားလျှင် ဝတုတ်တုတ်ဦးလေးကြီးနှင့် အနီရောင်ဝတ်ထားသည့် အမျိုးသမီးတို့ ကားပေါ်ကဆင်းပြီး တစ်ယောက်တစ်လက်နက်ယူကာ ရှေ့လမ်းကို သွားစူးစမ်းကြသည်။
ရန်ချင်ဝမ်က မြေပုံထုတ်ကြည့်နေစဉ် ကားနောက်ခန်းက အမျိုးသားနှင့် အမျိုးသမီးတစ်ဦးတို့လည်း ကားပေါ်ကဆင်းပြီး ပြောသည်။ “အစ်ကိုရန် ရေရှိလား လှည့်ပတ်ပြီး ကြည့်လိုက်ဦးမယ်။”
သူတို့တွင် အစားအသောက်များ အများအပြားရှိနေ သော်လည်း သန့်ရှင်းသည့်သောက်ရေကတော့ ဘယ်တော့မှလိုသည်ထက် ပိုသည်ဟု မရှိနိုင်ပေ။
ရန်ချင်ဝမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “အရမ်းအဝေးကြီး မသွားနဲ့ ကျူရှူးရဲ့ ဒဏ်ရာက ခုမှကျက်ခါစရှိသေးတာ။”
အမျိုးသားက ပြုံးပြပြီး ပြောလိုက်သည်။ “နားလည်ပါပြီ။” ထို့နောက် အမျိုးသမီးနှင့်အတူ ထွက်သွားသည်။
ထိုစုံတွဲ ထွက်သွားပြီး မကြာခင်မှာပဲ ဝတုတ်တုတ်ဦးလေးကြီး လုအန်းနှင့် အနီရောင်ဝတ်ထားသည့် အမျိုးသမီး ဆူးမန်တို့ ပြန်ရောက်လာကြသည်။
ရန်ချင်ဝမ်က သူတို့ကို မေးသည်။ “ရှေ့က လမ်းအခြေအနေ ဘယ်လိုလဲ။”
လုအန်းက သူ့မျက်နှာပေါ်က ချွေးများကို သုတ်လိုက်သည်။ သူ၏ထူထဲသည့် မုတ်ဆိတ်များကလည်း ချွေးများ ရွှဲနေပြီး ခေါင်းခါလိုက်သည်။ “လမ်းပိတ်တာ မကြာဘူး။ ဒါပေမဲ့ အရုပ်တွေရှိတယ်။ ဂိမ်းကို ဖြစ်စေနိုင်တာမို့ လမ်းပတ်သွားတာ ပိုကောင်းမယ်။”
ဆူးမန် ကားထဲဝင်လိုက်လျှင် နောက်ခုံက ဗလာဖြစ်နေသည်ကို မြင်လိုက်ရပြီး မေးသည်။ “လီလီနဲ့ ကျူရှူး ဘယ်သွားကြတာလဲ။”
လုအန်းက ရယ်လိုက်သည်။ “ဘယ်သွားရမလဲ။ ချိန်းတွေ့နေကြတာပဲ ဖြစ်မှာပေါ့။ သူတို့က တစ်နေကုန် ချစ်ကြည်နူးနေကြတာ။ ငါတို့ မရှိတုန်းမှာ ခဏလောက်တော့ ချစ်ကြည်နူးဖို့ အခွင့်အရေးရသွားပြီ။ ဟားဟားဟားဟား”
ဆူးမန်၏မျက်နှာက မဲမှောင်သွားပြီး ရန်ချင်ဝမ်ကို မျက်မှောင်ကြုံ့ကာ မေးသည်။ “အစ်ကိုရန် ဘာလို့ သူတို့ကို ဂရုမစိုက်တာလဲ။”
ရန်ချင်ဝမ်က မြေပုံကို တည်ငြိမ်စွာ ကြည့်သည်။ “ငါ ဘာလို့ သူတို့ကို ဂရုစိုက်ရမှာလဲ။ သူတို့က အသက်နှစ်ဆယ်ကျော်ပြီ။ သုံးနှစ်အရွယ် ကလေးတွေ မဟုတ်တော့ဘူး။”
ဆူးမန်က သူမ၏နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်သည်။ သူမက စိတ်မချမ်းသာသေးဘဲ တီးတိုးရေရွတ်သည်။ “အန္တရာယ်တစ်ခုခုနဲ့ ကြုံရင် ဘယ်လိုလုပ်မလဲ...”
လုအန်းက ပွင့်ပွင့်လင်းလင်း ပြောသည်။ “အို မင်း သူ့ကို ဒီလောက် ဂရုစိုက်ရင် ဘာလို့ သွားမကြည့်တာလဲ~ မင်း သူ့ကို စိတ်ထဲက ကြိုက်နေတာပဲ။ ဒါပေမဲ့ မသိယောင်ဆောင်နေတာ။ အခုတော့ ကြည့်ဦး။ တခြားသူက မင်းကို ကြားဖြတ်သွားပြီ~”
ဆူးမန်က ဝတုတ်တုတ်ဦးလေးကြီးကို ဒေါသတကြီး စိုက်ကြည့်ပြီး ပြောသည်။ “ဘယ်သူက သူ့ကို ကြိုက်လို့လဲ။ သူတို့အတွက် တစ်ခုခုဖြစ်သွားပြီး ကျွန်မတို့ကိုပါ ဒုက္ခပေးမှာ ကြောက်လို့ပါ။”
ဝတုတ်တုတ်ဦးလေးကြီးက သူ့နားကို ကုတ်ပြီး ပြောလိုက်သည်။ “ကောင်းပြီ။ကောင်းပြီ။ မင်းပြောတာ မှန်တယ်။”
အဝေးမှ အော်သံများ ထွက်ပေါ်လာသည်။ “အစ်ကိုရန်”
ကားထဲက လူသုံးယောက် ခေါင်းလှည့်ကြည့်လိုက်လျှင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သူတို့ဆီအလောတကြီး ပြေးလာနေသည်ကို တွေ့လိုက်ရသည်။
ရန်ချင်ဝမ် မျက်မှောင်ကြုံ့လိုက်ပြီး တံခါးဖွင့်ကာ ကားပေါ်ကဆင်းလိုက်သည်။
ရန်ချင်ဝမ်က မေးသည်။ “ဘာဖြစ်တာလဲ။”
မောဟိုက်နေသည့် လီလီက အဝေးကို လက်ညှိုးထိုးပြပြီး ပြောသည်။ “အစ်ကိုရန် မြန်မြန်... ဟိုဘက်ကိုကြည့် ဟန်ကျိုးက မြူတွေ ပျောက်သွားပြီ။”
လုအန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ရယ်သံကမိုးခြိမ်းသံကဲ့သို့ပင်။ “ဟမ်။ လီလီ မင်း နေပူလို့ ခေါင်းမူးနေတာလား။ အမြင်မှားတာလား။ ဟားဟားဟားဟား...”
လီလီက သူ၏ဘေးက အမျိုးသမီးကို ထပ်တွန်းပြီး ပြောသည်။ “မယုံရင် ကိုယ့်ဘာသာကိုယ် ကြည့် ကျူရှူးလည်း မြင်ခဲ့တယ်။ ကျွန်တော်တို့ ခုနက ဟိုဘက် အဆောက်အအုံပေါ်မှာ ရှိနေတုန်းက ရှင်းရှင်းလင်းလင်း မြင်ခဲ့တာ”
ကိုယ်လုံးသေးသွယ်သည့် ကျူရှူးက ခေါင်းညိတ်ပြီး ရင်ဘတ်ကို ပုတ်ကာ အသက်ပြင်းပြင်းရှူသည်။ “ဟုတ်တယ်။ ပျောက်သွားပြီ... အရင်တုန်းက မြူတွေ အများကြီးရှိတာ။ ဒါပေမဲ့ ပျောက်သွားပြီ။”
ရန်ချင်ဝမ်မျက်မှောင်ကြုံ့လျက် ကားပေါ်ပြန်တက်ကာ မှန်ပြောင်းကို ထုတ်ပြီး အမိုးပေါ်တက်၍ ဟန်ကျိုးကို ကြည့်သည်။
ကျန်လူများက သူ၏ပတ်ပတ်လည်တွင်စုဝေးပြီး မေးကြသည်။ “ဘယ်လိုလဲ။ ပျောက်သွားပြီလား။”
ရန်ချင်ဝမ် ခဏကြည့်ပြီး မှန်ပြောင်းကို ချလိုက်သည်။ သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မရေရာသည့် မျက်နှာဖြစ်နေသည်။ “တစ်ယောက်ယောက်က ဟန်ကျိုးဝင်္ကပါကို ရှင်းလင်းလိုက်ပုံပဲ။”
လီလီက ပြောသည်။ “ငါတို့ ဝင်္ကပါကို ရှင်းတုန်းက တခြားဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး။ သူတို့သာ ငါတို့နောက်မှ ဝင်ခဲ့တယ်ဆိုရင် လေးနာရီတောင် မကြာခင် အောင်မြင်နိုင်မှာ မဟုတ်ဘူး။ ဘယ်လိုဖြစ်နိုင်မှာလဲ။”
ရန်ချင်ဝမ်က ခေါင်းမော့ပြီး မေးသည်။ “ငါတို့ ဘယ်လောက်ကြာခဲ့လဲ။”
လီလီက ပြန်ဖြေသည်။ “၆ နာရီ ၂၇ မိနစ်။”
လုအန်းက ပြောသည်။ “မဖြစ်နိုင်တာ... ငါတို့ရဲ့ အချိန်တစ်ဝက်လောက်ပဲ ကြာတာလား။”
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
သူတို့၏ စိတ်ထဲတွင် ရုတ်တရက် မျက်နှာအချို့ ပေါ်လာလေတော့သည်။