ပရိသတ်များ
Vol. 14 Ch. 210
တစ်ယောက်အိပ်နှင့်နှစ်ယောက်အိပ် မွေ့ရာလေးလုံးကို တစ်လုံးပြီးတစ်လုံး သယ်ထုတ်လာသည်။
ပိုင်ယို့ဝေက မယူချင်ပေ။
သူမသည် အလွန်ပျော့သောအိပ်ယာပေါ်တွင် အိပ်ရသည်ကို မကြိုက်။ အကြောင်းမှာ ထိုသို့အိပ်ခြင်းက ခန္ဓာကိုယ် ဟန်ချက်ကို ထိခိုက်စေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမသည် တန်ရှောင်ကို ဂွမ်းမွေ့ရာတစ်ခုသာ တောင်းပြီး တဲထဲတွင် ထူထဲစွာ ခင်းလိုက်သည်။
"မင်းတို့ ရွှေ့လာတဲ့မွေ့ရာက တဲထဲမှာ ထည့်ဖို့ အရမ်းကြီးတယ်" ပိုင်ယို့ဝေက တန်ရှောင်နဲ့ ပန်းရှောင်ရှင်းကို သတိပေးလိုက်သည်။
တန်ရှောင်က သဘောမတူပေ။ "မထည့်နိုင်ရင်လည်း ဒီအတိုင်းပဲ အိပ်တာပေါ့။"
ပိုင်ယို့ဝေ မျက်လုံးလှန်လိုက်သည်။ "မိုးရွာရင် ဘယ်လိုလုပ်မလဲ ။"
တန်ရှောင်က ကောင်းကင်ကို မော့ကြည့်ပြီးပြောသည်။ "မဖြစ်နိုင်ပါဘူး..."
"ထားလိုက်တော့။ သဘောပဲ" ပိုင်ယို့ဝေက သူတို့ကို ဂရုစိုက်ဖို့ ပျင်းရိသဖြင့် တဲထဲသို့ တစ်ယောက်တည်း ဝင်သွားလေသည်။
သူမ ဟိုတယ်ကို ရွေးချယ်ခဲ့ခြင်းမှာ သီးသန့်နေရာမရှိဘဲ အိပ်ရသည်ကို မကြိုက်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် တန်ရှောင်ကဲ့သို့ တဲပြင်မှာ အိပ်ဖို့ မဖြစ်နိုင်ပေ။ အနည်းဆုံး တဲတစ်ခုတော့ လိုအပ်သည်။
ပြီးလျှင် ဟိုတယ်နှင့် နီးသောကြောင့် သန့်စင်ခန်းသုံးရန် ပိုအဆင်ပြေသည်။
ထို့အပြင် ဟိုတယ်များတွင် အသုံးပြုရန် မွေ့ယာနှင့် ခေါင်းဦးများသာမက အခြားပစ္စည်းများလည်း ရှိသေးသည်။ ဟိုတယ်အခန်းများတွင် ဧည့်သည်များအတွက် အစားအသောက်အချို့၊ လက်ဖက်ခြောက်ထုပ်များ၊ ကော်ဖီ စသည်ဖြင့် ရွေးချယ်စရာများ ရှိတတ်ပြီး ၎င်းတို့သည် အသုံးဝင်သည့် ပစ္စည်းများ ဖြစ်သည်။
တန်ရှောင်နှင့် ပန်းရှောင်ရှင်းတို့ ဝင်ထွက်နေသည်ကို မြင်တော့ တစ်ဖက်မှလူများ အနည်းငယ် စိတ်လှုပ်ရှားလာကြသည်။
ကျူရှူးသည် ရန်ချင်းဝမ်ကို မေးသည်။ “အစ်ကိုရန် ကျွန်မတို့လည်း စောင်နဲ့ မွေ့ယာတချို့ သွားယူလို့ရမလား။ ”
သူမသည် အသက် ၂၀ ခန့်ရှိပြီး ပန်းရောင် အားကစားရှပ်အင်္ကျီကို ဝတ်ထားသည်။ ခရီးသွားလာနေရ၍ အဝတ်အစားများ အနည်းငယ် ညစ်ပေနေသော်လည်း သူမ၏မျက်နှာသေးသေးလေးသည် ကျောက်စိမ်းကဲ့သို့ ဖြူစင်ကာ ချစ်စဖွယ်ကောင်းပြီး ချောမောသည့် မိန်းကလေးတစ်ယောက်ပုံ ပေါက်နေဆဲဖြစ်သည်။
ဆူးမန်က ရွံရှာသည့်အမူအရာဖြင့်ပြောသည်။ “ခရီးထွက်တာလို့ ထင်နေတာလား ။ အေးအေးဆေးဆေးနေချင်ရင်တော့ ကျွန်မတို့နဲ့ မလိုက်ပါနဲ့။ ရှင့်ရဲ့ အပျော်ကားနဲ့ သွားပါ ”
“ဆူးမန် မင်း မူးယစ်ဆေးသုံးထားလား ။” မျက်မှန်နှင့် အသားဖြူသည့် လီလီက ထရပ်ပြီး ကျူရှူး၏ ပခုံးကို ဖက်လိုက်သည်။ “စောင်နည်းနည်းယူတာ ဘာဖြစ်လဲ ။ ကျူရှူး သွားစို့ ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်။”
ဆူးမန်သည် သူမ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီး မျက်နှာက အေးစက်နေကာ ဘာမှမပြောပေ။
လုအန်းသည် ထိုသုံးယောက်၏ နေ့စဉ်ရန်ဖြစ်မှုများကို ရိုးနေပြီဖြစ်သည်။ ထိုအသံကိုကြားတော့ သူက စကားအနည်းငယ် ပြောသည်။ “လီလီ ငါ့အတွက်လည်း မွေ့ယာတစ်လုံး ယူလာပေးပါဦး။ ဟိုတယ်မှာ အများကြီးရှိနေတာပဲ။ မယူရင် အလကားဖြစ်သွားမယ်...”
“မယူလာနိုင်ဘူး။” လီလီက သူ၏ခေါင်းကိုတောင် မလှည့်ဘဲ ငြင်းလိုက်သည်။ “လိုချင်ရင် ကိုယ့်ဘာသာကိုယ် လာယူ ။”
“မင်းက ဘာလို့ ဒီလောက် စိတ်ဆတ်တာလဲ...” လုအန်းက ညင်သာစွာ သက်ပြင်းချလိုက်သော်လည်း နောက်ဆုံးမထတော့ပေ။
ရန်ချင်းဝမ်က သူ့ကို တစ်ချက်ကြည့်ပြီး မေးသည်။ “ဘာလို့ မသွားတာလဲ ။”
လုအန်းက လက်လှုပ်ပြသည်။ “မိန်းကလေးတွေက နူးညံ့သိမ်မွေ့ပါစေ။ ငါလိုယောက်ျားတစ်ယောက်က မွေ့ယာသွားသယ်ရင် လူတွေမြင်ပြီး ရယ်ကြလိမ့်မယ်။ ထားလိုက်ပါတော့။ ဒီလိုပဲ အိပ်လိုက်မယ်။”
ရန်ချင်းဝမ်သည် ပြုံးလိုက်ပြီး မြေပုံကို ဆက်ကြည့်ရန် ခေါင်းငုံ့လိုက်၏။
ရုတ်တရက် တစ်ဖက်မှ အံ့သြသံ ထွက်ပေါ်လာသောကြောင့် ရန်ချင်းဝမ်၊ လုအန်းနှင့် ဆူးမန်တို့ ခေါင်းမော့ကြည့်လိုက်သည်။
တန်ရှောင်သည် သူ၏ရှေ့မှ ကျူရှူးကိုကြည့်ကာ အံ့အားသင့်စွာ ပြောသည်။ “မင်းက... မင်းက အဲ့ဒီနာမည်ကြီး မင်းသမီးလား ။ ‘ဘုရားကျောင်းတော်မယ်တော်’ ဆိုတဲ့ ဇာတ်ကားထဲက မင်းသမီးလား ။ အိုး အပြင်မှာ အရမ်းလှတာပဲ ။ တီဗီထဲမှာထက် ပိုပိန်တယ် ။”
လုအန်းက ပြောသည်။ “အိုး ပရိသတ်တစ်ယောက်နဲ့ တွေ့တာပဲ”
ဆူးမန်က မဲ့ကာ ပြောသည်။ “စိတ်ဝင်စားစရာမကောင်းဘူး။”
ရန်ချင်းဝမ်သည် သူ၏နှုတ်ခမ်းထောင့်များကို တိတ်ဆိတ်စွာ တွန့်ကွေးလိုက်ပြီး ဘာမှမပြောပေ။
တစ်ဖက်မှ ကျူရှူးက ယဉ်ကျေးစွာ ပြုံးပြီးပြောသည်။ “ကျေးဇူးပါ”
"ခင်ဗျားက ရုပ်ရှင်ထဲမှာ သရုပ်ဆောင်တာ အရမ်းကောင်းတာပဲဗျာ ။" တန်ရှောင်က မနေနိုင်တော့ဘဲ စကားပြောရင်း လက်ဟန်ခြေဟန်တွေ စတင်ပြတော့သည်။ "အထူးသဖြင့် နတ်ဆိုးတွေက မြင့်မြတ်တဲ့တောင်ကို အတင်းတက်တဲ့ အခန်းဗျာ။ ဝိုး ခင်ဗျားက တစ်ယောက်တည်းနဲ့ အယောက်တစ်ရာကို တိုက်တာ ။ ဒီလိုလှဲချ၊ ဒီလိုကန်၊ ပြီးတော့ ဒီလို ဒီလို ဟိုလို..."
ကျူရှူးက ပြုံးရင်း ရှင်းပြသည်။ "အဲဒါက ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တဲ့ အစားထိုးသရုပ်ဆောင်ပါ။"
"အာ ။" တန်ရှောင် ကြောင်သွားသည်။ "...အစားထိုးသရုပ်ဆောင်လား ။"
ကျူရှူးက ပြုံးနေဆဲပဲဖြစ်သည်။ "ဟုတ်တယ် အန္တရာယ်ရှိတဲ့ အခန်းတွေကို အစားထိုးသရုပ်ဆောင်တွေ အားလုံးက ရိုက်ကူးခဲ့တာပါ။"
တန်ရှောင်က သူ၏လက်ဟန်များကို ရုပ်သိမ်းပြီး ခေါင်းကို ကုတ်သည်။ "ဒါဆို... ဝမ်လိုင် သုသာန်ဝါးတောထဲက တိုက်ခိုက်ခန်း..."
"အဲဒါလည်း အစားထိုးသရုပ်ဆောင်ပါပဲ။" ကျူရှူးက ပြုံးသည်။ "အစားထိုးသရုပ်ဆောင်က စတူဒီယိုထဲမှာ ကြိုးတွေနဲ့ ချိတ်ဆွဲပြီး ရိုက်ကူးပြီးမှ နောက်မှ ပေါင်းစပ်ထည့်သွင်းလိုက်တာပါ။"
တန်ရှောင် "..."
သူ၏မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုပုံစံများ ပေါ်လာပုံရသည်။
ကျူရှူးက ပြုံးပြီး ထပ်မေးလိုက်သည်။ "ခွင့်ပြုပါဦး ကျွန်မတို့ အထဲဝင်ပြီး အိပ်ယာတွေ ယူလို့ရမလား ။"
တန်ရှောင် သတိပြန်ဝင်လာသည်။ "...အော်အော် ဟုတ်ကဲ့ ရပါတယ် ရပါတယ်။"