နေ့စဉ်ရန်ဖြစ်ခြင်း
Vol. 15 Ch. 212
“ဟင်” လီလီသည်လည်း သူမနှင့်အတူ မတ်တပ်ရပ်သည်။ “…မသင့်တော်ဘူးမလား။ ငါတို့ ရုတ်တရက် အဲဒီကို သွားရင် သူတို့က ငါတို့ တစ်ခုခုကြံနေတယ်လို့ ထင်သွားနိုင်တယ်။”
လုအန်းသည် ပိုင်ယို့ဝေက သူတို့ကို အရုပ်များနှင့် ခြိမ်းခြောက်ခဲ့သောမြင်ကွင်းကို ပြန်သတိရပြီး ၎င်းက မသင့်တော်ဘူးဟု ခံစားရသည်။ သူက အကြံပေးသည်။ “မသွားပါနဲ့။ အဲဒီလူတွေက ကိုင်တွယ်ရလွယ်တဲ့လူတွေမဟုတ်ဘူး။”
ကျူရှူးက ပြုံးပြီးပြောသည်။ ”ခုနက မွေ့ရာယူတုန်းက နည်းနည်းစကားပြောခဲ့တယ်။ အားလုံးက ပေါင်းသင်းရလွယ်တဲ့လူတွေလိုပါပဲ။ ပြဿနာမရှိလောက်ပါဘူး။ ဟုတ်တယ်မလား လီလီ။”
လီလီသည် ခဏတာ တုံ့ဆိုင်းနေသည်။
ခုနက စကားပြောနေတုန်းက တန်ရှောင်နှင့် ပန်းရှောင်ရှင်းပဲ ရှိသည်။ တစ်ယောက်က ကျူရှူး၏ပရိသတ်ဖြစ်ပြီး နောက်တစ်ယောက်က အန္တရာယ်မပေးနိုင်သည့်ကလေးဖြစ်သည်။ ကောင်းတယ်ဟု ခံစားရတာမှန်ပါသည်။ သို့သော် ဟိုခြေထောက်မသန်သည့်လူက တဲထဲမှာ တစ်ချိန်လုံးတိတ်ဆိတ်နေသည်။ ထို့နောက် ဟိုအရပ်ရှည်သည့်လူနှင့် အဘိုးကြီးကိုလည်း တစ်ခါမှမတွေ့ဖူးပေ။
ဆူးမန်က လှောင်ပြောင်သည်။ “သူ့ကို ဘာလို့တားနေတာလဲ။ သူက နာမည်ကြီးကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး သူ့ကိုဂရုစိုက်တဲ့ပရိသတ်တွေရှိတယ်။ ရှင် သူ့ကို ဘာလို့စိတ်ပူနေတာလဲ။
လီလီသည် မျက်မှောင်ကြုတ်မိသွားသည်။ သူလည်း ရှေ့ကိုဆက်သွားဖို့ရန် မသင့်တော်ဟု ခံစားရသော်လည်း ဆူးမန်၏စကားများက အလွန်ကြမ်းတမ်းလွန်း၏။
သူမက ကျူရှူးကိုအမြဲပစ်မှတ်ထားနေလေသည်။
လီလီသည် ကျူရှူးကိုကူညီရန် စကားအနည်းငယ် ပြောတော့မလိုလုပ်လိုက်သော်လည်း ကျူရှူးက သူမ၏မျက်နှာပေါ်တွင် ပေါ့ပေါ့ဆဆ ပြုံးလိုက်ပြီး ဖြည်းဖြည်းချင်းထိုင်ချလိုက်သည်။ “ရှင်တို့အားလုံး မသင့်တော်ဘူးလို့ထင်ရင် ကျွန်မမသွားတော့ဘူး။”
“ရှင် ဘယ်သူ့ကို ဟန်ဆောင်ပြနေတာလဲ။ ကျွန်မတို့က ရှင့်ရဲ့လွတ်လပ်မှုကို ကန့်သတ်နေတယ်လို့ ပြောနေသလိုပဲ။” ဆူးမန်က အေးစက်စွာပြောသည်။ “သွားချင်ရင် သွားလိုက်။ ဘယ်သူမှ ရှင့်ကို စိတ်ရှုပ်အောင် လုပ်မနေဘူး။”
“ဆူးမန်။ မင်းပြီးပြီလား။” လီလီ၏မျက်နှာသည် ရုတ်တရက်နီရဲသွားသည်။ “မင်း ဘယ်သူနဲ့ စကားပြောနေတာလဲ။ မင်း စကားမပြောတတ်ရင် ပါးစပ်ပိတ်ထားလိုက်! မင်းကို ဘယ်သူမှ အရူးလို့ မထင်ဘူး!”
“သူ့ကို စကားနည်းနည်းပြောတာ ဘာဖြစ်လဲ။” ဆူးမန်က ရုတ်တရက်ထရပ်သည်။ “ရှင်ရော ကျွန်မအကြောင်းကို မပြောဘူးလား။ သူက အရမ်းနူးညံ့လွန်းလို့ စကားတစ်ခွန်းတောင် ပြောလို့မရတော့ဘူးလား။ ကျွန်မ ရှင့်ကို ပြောပြမယ်! လီလီ! ကျွန်မတို့ ရှင့်ကိုရှာဖို့ ဒီအထိရောက်အောင်လာခဲ့တာ! ဒီလိုနူးညံ့တဲ့အမျိုးသမီးရဲ့ အစေခံလုပ်ဖို့မဟုတ်ဘူး!”
“ငါက မင်းကို လာခိုင်းလို့လား။” လီလီသည် ရိုင်းပျစွာအော်သည်။ “ငါက မင်းကို ** လာခိုင်းလို့လား။”
ဆူးမန်၏မျက်လုံးများသည် ရုတ်တရက်နီရဲသွားသည်။ “ကျွန်မ ရှင့်အတွက် စိတ်မပူရင်! ကျွန်မ လာမယ်ထင်လား…”
“မင်းလာတာကို ဘယ်သူက ဂရုစိုက်လို့လဲ။” လီလီသည် သူမ၏စကားကိုဖြတ်လိုက်သည်။ “မင်းက ငါ့ကိုလာကြည့်တာလို့ မထင်ဘူး! မင်းက ငါ့အတွက် ပြဿနာလာရှာတာ!”
“အိုး! နှစ်ယောက်သား ဘာလို့ထပ်ရန်ဖြစ်နေကြတာလဲ။” လုအန်းသည် ခေါင်းကိုက်လာသကဲ့သို့ ရေရွတ်သည်။ “ စကားဖြည်းဖြည်း ပြောလို့မရဘူးလား။ ဘာကိုရန်ဖြစ်နေကြတာလဲ။”
ဆူးမန်က ဒေါသတကြီးပြောသည်။ “ကျွန်မက ရန်ဖြစ်ချင်တာလား။ တချို့လူတွေက ရန်စနေတာလား!”
“တော်ပြီ!” လီလီသည် ဒေါသတကြီး သူမကိုဆူသည်။ “ဒီမှာ သွယ်ဝိုက်ပြီး စွပ်စွဲတာတွေ ရပ်တော့။ ကျူရှူးက မင်းအကြောင်းကို မကောင်းတဲ့စကားတစ်ခွန်းမှ မပြောဖူးဘူး! ဒီမှာ မကောင်းတဲ့စကားတွေ ပြောစရာမလိုဘူး!”
“သူက စကားပြောဖို့တောင် လိုသေးလို့လား။ သူက အကြည့်တစ်ချက်၊ နာကျင်တဲ့စကားနည်းနည်း ပြောလိုက်ရုံနဲ့ ရှင်က ခွေးတစ်ကောင်လို သူပတ်လည်မှာ လှည့်ပတ်နေပြီ!”
“ဆူးမန်! ထပ်ပြောစမ်း!”
ရန်ချင်၀မ်သည် ရုတ်တရက် မတ်တပ်ရပ်သည်။
သူက ရုတ်တရက်လှုပ်ရှားလိုက်ရာ ရန်ဖြစ်နေသော ထိုနှစ်ယောက်သည် ကြောင်သွားပြီး သူ့ကိုကြည့်ကြသည်။
“ခင်ဗျားတို့နှစ်ယောက် ခင်ဗျားတို့ရဲ့တဲကို ပြန်ပြီး စိတ်အေးအေးထားဖို့ ကျွန်တော် အကြံပြုတယ်။” ရန်ချင်၀မ်က အေးဆေးတည်ငြိမ်စွာပြောသည်။ “ဟိုဘက်ကလူတွေက ခင်ဗျားတို့ရဲ့လှုပ်ရှားမှုကို စောင့်ကြည့်နေတယ်။ အဲ့တာကိုစိတ်ထဲမရှိရင် ဆက်ရန်ဖြစ်လို့ရတယ်။”
လီလီနှင့် ဆူးမန်တို့သည် ခဏတာကြောင်သွားပြီး မလှမ်းမကမ်းရှိ မီးပုံဘက်သို့ မသိစိတ်ဖြင့် ခေါင်းလှည့်ကြည့်ကြသည်။ ခုနက ရန်ဖြစ်သံက အရမ်းကျယ်လောင်ခဲ့သောကြောင့် ဟိုဘက်ကလူတိုင်းက ဒီဘက်ကို ကြည့်နေကြ၏။
သူတို့သည် သူတို့၏ပန်းကန်များကို ကိုင်ထားကြပြီး ဟင်းချိုသောက်နေကြကာ စိတ်ဝင်တစားနှင့် ကြည့်နေကြလေသည်။
ဆူးမန်သည် သူမ၏နှုတ်ခမ်းကိုကိုက်ပြီး ဒေါသတကြီးထရပ်ကာ တဲသို့ပြန်သွားပြီး လိုက်ကာကို ပြင်းပြင်းထန်ထန်ဆွဲချလိုက်တော့သည်!
လီလီသည်လည်း မမျှော်လင့်ဘဲယခုလို ဖြစ်သွားသောကြောင့် သူသည် မျက်နှာခပ်နွမ်းနွမ်းဖြင့် ထိုင်ချလိုက်ပြီး ထိုဘက်သို့ ကျောခိုင်းလိုက်သည်။
ကျူရှူးကတော့ သူမ မရှက်သလိုနှင့်ပင် ထိုဘက်သို့ ပွင့်ပွင့်လင်းလင်းလက်ပြလိုက်သည်။
သူတို့သည် အလွန်စိတ်အားထက်သန်စွာ စကားပြောကြ၊ ရယ်ကြပြီး လက်ပြကြသည်။
“ဟိုဘက်က ဘယ်သူတွေလဲ။” ရှန်မိုက မေးသည်။
“တစ်ယောက်က နာမည်ကြီးအမျိုးသမီး၊ တစ်ယောက်က ဒုတိယမျိုးဆက်သူဌေး၊ ကျန်သုံးယောက်ကတော့… ကျွန်မ မသေချာဘူး။” ပိုင်ယို့ဝေက ဖြည်းဖြည်းချင်းပြောလိုက်လေသည်။