ယုန်၏ပြောင်းလဲမှုများ
Vol. 15 Ch. 213
ချန်းဝေခိုင်ကပြောသည်။ “မျက်မှန်နဲ့လူက အဲဒီနာမည်ကြီးအမျိုးသမီးနဲ့ တွဲနေပုံရတယ်။ သူတို့က အဆင်ပြေပုံလည်းရတယ်။”
နှစ်ဖက်ကြားအကွာအဝေးက သိပ်မဝေးဘဲ ညဘက်မို့ တိတ်ဆိတ်နေသည်။ ထိုဘက်တွင် ကျယ်လောင်စွာ ရန်ဖြစ်နေသောကြောင့် သူတို့ဘက်မှ ရှင်းရှင်းလင်းလင်းကြားနိုင်၏။
ပိုင်ယို့ဝေက ခေါင်းကို ဖြည်းညှင်းစွာခါယမ်းလိုက်သည်။ “မဟုတ်ဘူး။ သူတို့က ရည်းစားတွေမဟုတ်ဘူး။ သူတို့ရဲ့တဲတွေကိုကြည့်လိုက်။”
ပိုင်ယို့ဝေနှင့် ရှန်မိုတို့တွင် တဲနှစ်လုံးရှိသည်။
ဟိုဘက်တွင် တဲငါးလုံးရှိသည်။
“တဲငါးလုံးရှိတာကြောင့် လူတစ်ယောက်စီအတွက် တစ်လုံးစီပဲ။ နာမည်ကြီးအမျိုးသမီးက သူ့အဝတ်အစားပုံစံအရ ရှေးရိုးစွဲပုံမပေါ်ဘူး။ သူတို့ အတူတူမနေတာက သူနဲ့ မျက်မှန်နဲ့လူဟာ အတူတူအိပ်လောက်အောင် ရင်းနှီးမှုမရှိဘူးလို့ ဆိုလိုတယ်။ ဒါ့အပြင် တဲငါးလုံးထဲက လေးလုံးက စစ်တပ်စိမ်းရောင်ဖြစ်ပြီး တစ်လုံးက လိမ္မော်ရောင်ဖြစ်တယ်။ ဒီအမျိုးသမီးက အလယ်ကနေ ထပ်ပေါင်းလာတာထင်တယ်။”
ရှန်မိုလည်းကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။ “စစ်တပ်စိမ်းရောင်တဲလေးလုံးက ပရော်ဖက်ရှင်နယ်အဆင့် ပြင်ပစခန်းချတဲတွေဖြစ်ပြီး ရေလုံပြီး လေဒဏ်ခံနိုင်တယ်။ လက်ရာလည်း ပိုကောင်းတယ်။ လိမ္မော်ရောင်တဲကတော့ မိသားစုအပျော်ခရီးထွက်တဲ့ သာမန်ပြင်ပသုံးတဲပဲ။”
“ဒါဆို ဒီလူတွေထွက်လာတုန်းက အဲဒီအမျိုးသမီးကို သူတို့အဖွဲ့ထဲမှာ မထည့်ထားသလို သူ့အတွက် တဲလည်း မပြင်ဆင်ခဲ့ဘူး။” ပိုင်ယို့ဝေက ဆင်ခြင်တွေးဆနေ၏။
“ကျိုးကြော်ဆီလျော်အောင်တွေးရမယ်ဆိုရင် အမျိုးသမီးနှစ်ယောက်က တဲတစ်လုံးထဲမှာ တူတူနေလို့ရလောက်တယ်။ ဒါပေမဲ့ အဖွဲ့ထဲက တစ်ဦးတည်းသောအမျိုးသမီးနဲ့ အသစ်ရောက်လာတဲ့သူက သိပ်ပြီးအဆင်မပြေကြဘူး။ ဒါကြောင့် သူတို့ဟာ လိုအပ်တာတွေစုဆောင်းရင်း စူပါမားကတ် ဒါမှမဟုတ် ပြင်ပသုံးပစ္စည်းဆိုင်ကနေ အပိုတဲအစုံကို ယူလာခဲ့ပုံပဲ။”
ဆရာချန်းက ခေါင်းခါယမ်းကာ နားမလည်ကြောင်း သက်ပြင်းချသည်။ “ဒီလူငယ်တွေ… အခုလိုနောက်ကျမှ ဘာကိုများရန်ဖြစ်နေရတာလဲ။ အတူတူလာခဲ့ပြီးမှတော့ အချင်းချင်းထောက်ပံ့ကြ၊ စည်းလုံးကြ၊ တစ်ယောက်နဲ့တစ်ယောက် ကူညီကြရမှာပေါ့။”
ပိုင်ယို့ဝေက ပြုံးလိုက်သည်။ အချင်းချင်းကူညီထောက်ပံ့ခြင်းနှင့် စည်းလုံးညီညွတ်ခြင်းသည်လည်း ကံကြမ္မာပေါ်တွင် မူတည်သည်။
သူမသည် သူမ၏လက်ထဲရှိ ဟင်းချိုပန်းကန်ကို ချထားလိုက်ပြီးပြောသည်။ “ဗိုက်ပြည့်ပြီ။ တဲထဲပြန်ပြီး နားတော့မယ်။”
ရှန်မိုသည် ဟင်းချိုပန်းကန်နှင့် ဇွန်းကိုယူကာ ဆေးကြောရန်ထလိုက်သည်။ သို့သော် ဆရာချန်းက တားလိုက်သည်။
“ဒီည မင်းစောင့်ကြပ်ဖို့ ရှိသေးတယ်။ အရင်သွားနားလိုက်! ငါပဲဆေးလိုက်မယ်။ ငါလုပ်ပါ့မယ်။ငါလုပ်ပါ့မယ်။”
ရှန်မိုကို မောင်းထုတ်ပြီးနောက် တန်ရှောင်ကလည်း လာကူညီချင်ခဲ့သည်။ သို့သော် ဆရာချန်းက ရွံရှာစွာပြောသည်။ “မထိနဲ့။ မထိနဲ့။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ဆေးထားတဲ့ ပန်းကန်တွေမှာတောင် ဟင်းရွက်စတွေပါသေးတယ်။ မသန့်ရှင်းဘူး။ မင်းက ရှောင်ရှင်းကိုခေါ်ပြီး သွားကစားလိုက်။ ငါ ဒါတွေကို ဆေးကြောလိုက်မယ်။”
တန်ရှောင်က သူ့မေးစေ့ကို ပွတ်သပ်လိုက်ပြီး သူ့ဘေးက ပန်းရှောင်ရှင်းကို ကြည့်လိုက်သည်။ “ရှောင်ရှင်း၊ အစ်ကိုရှောင်နဲ့အတူ ရတနာရှာဖွေတဲ့ဂိမ်း ကစားချင်လား။”
ပန်းရှောင်ရှင်းကစိတ်ရှုပ်ထွေးစွာမေးသည်။ “ဘယ်လို ရတနာရှာဖွေတဲ့ဂိမ်းလဲ။”
တန်ရှောင်က ဟိုတယ်ဝင်ပေါက်ဘက်သို့ မေးထိုးပြကာပြောသည်။ “ခုနက ဒုတိယထပ်အထိပဲ သွားခဲ့ရသေးတယ်။ အပေါ်မှာ နောက်ထပ်အထပ်တွေ အများကြီးရှိသေးတယ်။”
ပန်းရှောင်ရှင်းက စဉ်းစားပြီး ခေါင်းကိုအလေးအနက်ထားကာ ညိတ်သည်။ “အင်း။ ဟိုတယ်အခန်းထဲက ခေါက်ဆွဲခြောက်နဲ့ ရေသန့်ဘူးတွေ ထပ်စုဆောင်းလို့ရတယ်။”
“စီးကရက်လည်းရှိသေးတယ်! အတွင်းထဲမှာ စီးကရက်တွေလည်း ရှိသေးတယ်~” တန်ရှောင်သည် နှာခေါင်းရှုံ့လိုက်ပြီး သက်ပြင်းချသည်။ “ငါ အစားအသောက်ပြတ်နေတာ ရက်တော်တော်ကြာပြီ။”
လူငါးယောက်စလုံးသည် သူတို့၏ကိုယ်ပိုင်အလုပ်များဖြင့် အလုပ်ရှုပ်နေကြသည်။
ချန်းဝေခိုင်က အိုးများနှင့် ပန်းကန်များကို ဆေးကြောနေ၏။
တန်ရှောင်သည် ကလေးကို ဟိုတယ်သို့ခေါ်သွားသည်။
ရှန်မိုနှင့် ပိုင်ယို့ဝေတို့သည် တဲထဲတွင် အနားယူနေကြ၏။
တဲအတွင်းတွင် တိတ်ဆိတ်နေသည်။
ရှန်မိုသည် နံနက်သုံးနာရီမှ ခြောက်နာရီအထိ နောက်ဆုံးအလှည့်ကျသူဖြစ်သည်။ ထို့ကြောင့် သူက စောစောအိပ်ရာဝင်သည်။ သို့သော်လည်း အချိန်စောနေသေးပြီး အိပ်ချင်စိတ်မရှိသေးပါ။
ပိုင်ယို့ဝေသည် သူ့ဘေးတွင်ထိုင်ကာ အမွေးပွယုန်လေးကို ဖြည်းဖြည်းချင်း ပွတ်သပ်နေသည်။
သူတို့နှစ်ဦးစလုံး စကားမပြောကြပေ။
ရှန်မိုသည် ထိုနေရာတွင် ခဏလှဲပြီးနောက်မေးသည်။ “ဒီတစ်ခါ ဝင်္ကပါကနေထွက်လာပြီးနောက်ပိုင်း ယုန်က အဆင့်မြှင့်သွားပြီလား။”
ပိုင်ယို့ဝေက သူ့ကိုတစ်ချက်ကြည့်ပြီးပြောသည်။ “ဟုတ်တယ်။”
ရှန်မိုသည် လက်များကို ထောက်ကာ သူမကိုကြည့်ပြီး သူမနောက်ထပ်ဘာပြောမလဲဆိုသည်ကို စောင့်နေသည်။
သို့သော်လည်း ပိုင်ယို့ဝေက စိတ်မဝင်စားဟန်ပြသည်။ “ဒါပေမဲ့ ဒီအဆင့်မြှင့်တာက ကျွန်မထင်ထားတာနဲ့ မတူဘူး။”
ရှန်မိုက ပြုံးပြီးမေးသည်။ “မင်းက ဘယ်လိုအဆင့်မြှင့်မယ်လို့ ထင်ထားတာလဲ။”
“အနည်းဆုံးတော့ လျှပ်စစ်ဓာတ်ပိုပြီး ထုတ်လွှတ်နိုင်ရမယ်မလား။” ပိုင်ယို့ဝေသည် မျက်မှောင်ကြုတ်ကာ အမွေးပွယုန်လေးကို သူမရှေ့တွင်ထားလိုက်သည်။ “ဒါပေမဲ့ လျှပ်စစ်ဓာတ်က လုံးဝပြန်ကောင်းမလာဘူး။ ပြောင်းလဲခဲ့တာဆိုရင် ရိုးရှင်းတဲ့အမိန့်တွေကို နားလည်နိုင်တာပဲရှိတယ်။”