← Chapters

ကံကောင်းသောပဟေဠိ

Vol. 15 Ch. 217

ကံကောင်းသောပဟေဠိ

Vol. 15 Ch. 217

လုအန်းသည် ရန်ချင်၀မ်အား မနေနိုင်ဘဲ တိုးတိုးလေးပြောသည်။ “သူတို့ ကျွန်တော်တို့ဆီက သေနတ်နဲ့ကျည်ဆန်တွေ ဝယ်သွားတာမဟုတ်ဘူးလား။ ဘာလို့ မသုံးကြတာလဲ။”

ရန်ချင်၀မ်: “ဖြစ်နိုင်တာက… သူတို့မှာ ကျည်ဆန်ကုန်သွားပြီ။”

တရားဝင်လေ့ကျင့်မှုမရှိဖူးသူတစ်ယောက်က ယခုလိုသေစေနိုင်သည့်လက်နက်မျိုးကို ကိုင်ထားလျှင် သူတို့က ရမ်းသမ်းပစ်ခတ်မှာ ဖြစ်ပြီး အကွာအဝေးနည်းနည်းရှိမယ်ဆိုလျှင် ထိမှန်မှုနှုန်းက သုညပဲဖြစ်လိမ့်မည်။

သို့သော် ဒီကိစ္စက သူတို့နှင့်မဆိုင်သည့်အတွက် ရန်ချင်၀မ်သည် ရှန်မိုက မည်သို့ကိုင်တွယ်မလဲ ဆိုသည်ကို ကြည့်ရန် သူ၏လူများကို ဘေးသို့ခေါ်သွားသည်။

သူသည် ရှန်မို၏မျက်နှာက ထုံထိုင်းပြီး တည်ငြိမ်နေသည်ကို သတိထားမိသည်။ သူ၏စိတ်ထဲတွင် ယုံကြည်မှုရှိပုံပင်။

ရှန်မိုဘေးရှိ ဘီးတပ်ကုလားထိုင်ပေါ်က ကောင်မလေး၏အမူအရာက ပို၍ စိတ်ဝင်စားစရာကောင်း၏။ သူမသည် လုံးဝကို ပျင်းရိပြီး ဂရုမစိုက်သောအမူအရာဖြင့် ကြည့်နေလေသည်။

အတော်လေး စိတ်ဝင်စားစရာပင်။

ဒီလောက်များပြားသည့်လူအင်အားရှိသော အခြားတစ်ဖက်က သူမကို မခြောက်လှန့် နိုင်ပေ။ ဒီကောင်မလေးမှာ အရုပ်သေနတ်အပြင် အခြားအားကိုးစရာတစ်ခုခုရှိနေပုံပင်။

အဘိုးကြီးကတော့ အမှန်တကယ် စိတ်ပူနေသော်လည်း သူနှင့် ပုံမှန်မဟုတ်သည့် ဆံပင်ဖြူဖြူနှင့်လူငယ်လေးက ကလေးကို ကာကွယ်ပေးနေကြသည်။

ရန်ချင်၀မ်သည် ခဏတာစဉ်းစားပြီး အနည်းငယ်တော့ ထူးဆန်းသည်ဟု ခံစားလိုက်ရ၏။

အခြားတစ်ဖက်က အထွေထွေလုံခြုံရေးဌာနမှ အဆင့်မြင့်အရာရှိဖြစ်ပြီး သူတို့မှာ မသန်စွမ်းသူတစ်ဦး၊ အဘိုးကြီးတစ်ဦး၊ ပုံမှန်မဟုတ်သည့်လူတစ်ဦးနှင့် ကလေးတစ်ဦးတို့ ပါဝင်သည့်အဖွဲ့… ဒီအဖွဲ့က တကယ်ကို…

…

အစ်ကိုဖေးသည် ပန်းရှောင်ရှင်း နောက်ဆုတ်သွားသည်ကို မြင်လိုက်ပြီး သူ၏လက်ထဲရှိ ဓားဖြင့် လှောင်ပြောင်သည်။

“မင်းဘယ်မှာ ပုန်းနေတာလဲ။ ယုတ်မာတဲ့ကောင်လေး။ အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် လုပ်တဲ့နေရာမှာ မင်းတော်တော်တော်တာပဲ။ တစ်ယောက်ယောက်မှာ အစွမ်းထက်တဲ့ ပစ္စည်းတွေရှိတာကိုတွေ့တော့ ချက်ချင်းပဲ သွားပြီး မျက်နှာလုပ်တာပေါ့။ မင်းက တော်တော်ကောက်ကျစ်တဲ့ကောင်ပဲ!”

သူသည် တံတွေးထွေးလိုက်ပြီး ရှန်မိုနှင့် အခြားသူများကို လက်ညှိုးထိုးကာ ကြိမ်းမောင်းလိုက်သည်။

“မင်းတို့လည်း လူအုပ်စုလိုက် ရူးနေတာပဲ။ သူ့ကို ကာကွယ်နေတုန်းပဲလား။ မင်းတို့က သူ့ကို လူကောင်းတစ်ယောက်လို့ တကယ် ထင်နေတာလား။ ဟုတ်တယ်။ ငါတို့က မင်းတို့ရဲ့ ပစ္စည်းတွေကို ယူဖို့ စီစဉ်ထားတာပဲ။ ဒါပေမယ့် ဒီကောင်လေးလည်း ပူးပေါင်းဖို့ သဘောတူခဲ့တာပဲ။ သူ့ကိုယ်ပေါ်က ဒဏ်ရာတွေ ဘယ်လိုရလာတာလဲသိလား။ သူကိုယ်တိုင် လုပ်ခဲ့တာပဲ။ ငါတို့က သူ့ကို တကယ် မလုယူခိုင်းခဲ့ရင်တောင် သူက သူ့ကိုယ်ပေါ်က ဒဏ်ရာတွေကိုသုံးပြီး သူက အတင်းအကျပ် ခိုင်းစေခံရတယ်လို့ ပြောလိမ့်မယ်။ ဒါမှ မင်းတို့ရဲ့ ဒေါသကို ရှောင်ရှားနိုင်မှာ။ ဘယ်လိုထင်လဲ။ သူက သူခိုးမဟုတ်ဘူးလား။ သူက နှစ်ဖက်စလုံးကို ကျေနပ်အောင် လုပ်ချင်နေတာ။ သူက မျက်တောင်မခတ်ဘဲ လိမ်နေတာ။ ပန်းရှောင်ရှင်း၊ မင်း တော်တယ်ကွ။ ငါဒီလူတွေကို အရင်ရှင်းလိုက်ဦးမယ်။ ပြီးရင် မင်းကို ရှင်းမယ်ကွာ!”

“အစ်ကိုရန်!”

လီလီ၏အသံက နောက်ကွယ်မှ ထွက်ပေါ်လာသည်။

ရန်ချင်၀မ်၊ လုအန်းနှင့် ကျူရှူးတို့သည် လှည့်ကြည့်လိုက်ရာ လီလီနှင့် ဆူးမန်တို့ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ဒီဘက်သို့ လူအများကြီးလာနေသည်ကို မြင်သောကြောင့် သူတို့အား တစ်ခုခုအန္တရာယ်ဖြစ်မှာကို စိုးရိမ်ပုံရသည်။

ရန်ချင်၀မ်သည် သူတို့ကို ခေါင်းခါပြပြီး စိတ်မပူရန် ပြောတော့မလိုဖြစ်နေစဉ် ရင်းနှီးသောအသံတစ်ခုက သူ၏နားထဲတွင် ရုတ်တရက်ထွက်ပေါ်လာသည်။

“ဒင်! အရုပ်ဂိမ်းမှကြိုဆိုပါတယ်။ ဒီဂိမ်းရဲ့ခေါင်းစဉ်က ‘ကံကောင်းသောပဟေဠိ’ပါ။ စည်းမျဉ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ဂိမ်းထဲတွင် အရုပ်ဖြစ်လာရန် ငြင်းဆန်ပါ။

၂။ ဒုတိယအနေဖြင့် ဂိမ်းတွင် သင်ကျရှုံးပါက သင်သည် အရုပ်ဖြစ်လာမည်!

၃။ တတိယအနေဖြင့် ဂိမ်းကို အောင်မြင်ပြီးနောက် အရုပ်တစ်ခုကို ဆုလက်ဆောင်အဖြစ်ရရှိမည်!”

ရန်ချင်၀မ်၏မျက်နှာသည် ပြောင်းလဲသွားပြီး သူ ဘာမှမပြောနိုင်မီ သူ၏မျက်လုံးများရှေ့တွင် အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်သွားသည်!

နောက်တစ်စက္ကန့်တွင် သူသည် ကြီးမားပြီး လှည့်ပတ်နေသော စက်တစ်ခုပေါ်တွင် ထိုင်နေသည်။

အခြားသူများလည်း ဒီနေရာတွင် ရှိနေကြသည်!

ဂိမ်းက အရမ်းရုတ်တရက် ရောက်လာသောကြောင့် မည်သူမှ တုံ့ပြန်နိုင်ခြင်းမရှိကြပေ။ လူတိုင်းသည် မြင်ကွင်းကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေကြပြီး နှစ်စက္ကန့် သုံးစက္ကန့်ကြာ ရပ်တန့်နေပြီးမှ ထိတ်လန့်သွားကြသည်။

“ဒါက အရုပ်ဂိမ်းပဲ!” တစ်ယောက်ယောက်က အော်ဟစ်သည်။

“ဘာလို့ ဂိမ်းစတင်တာလဲ! ဘာဖြစ်နေတာလဲ!”

“ဘာလို့လဲ! ဒီနားမှာ အရုပ်တွေမရှိဘူး၊ ဒါကြောင့် ဘာဂိမ်းမှရှိမနေသင့်ဘူးလေ!”

ဖေး‌ကော်လည်း ပြိုလဲသွားပြီးအော်ဟစ်သည်။ “ဟား! ငါ ဘယ်လိုသိမလဲ! ဒါတွေအားလုံး ဒီလူအုပ်ကြောင့်ဖြစ်တာ!”

“ဒါက ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ! ကျွန်တော်တို့ ခင်ဗျားတို့ကို ဒီကို မဖိတ်ပါဘူး!” တန်ရှောင်သည် အပြစ်တင်ခံရခြင်းကို ငြင်းဆန်ပြီး သူ၏ကုလားထိုင်ပေါ်မှ ကျိန်ဆဲသည်။ “ခင်ဗျားတို့က ပြဿနာကောင်တွေပဲ။ ကံမကောင်းစေတဲ့လူတစ်စုပဲ၊ ခင်ဗျားတို့ ကျွန်တော်တို့ကို ဂိမ်းထဲရောက်အောင်လုပ်လိုက်တယ်!”

အစ်ကိုဖေးသည် ဒေါသထွက်နေပြီး တန်ရှောင်ကို သင်ခန်းစာပေးရန် ထရပ်သည်။ သို့သော် သူ မထနိုင်ပေ။

“ရှင့်ရဲ့စွမ်းအင်ကိုချွေတာလိုက်ပါ~” ပိုင်ယို့ဝေသည် ပျင်းရိစွာပြောသည်။ “ကျွန်မတို့တစ်ယောက်ချင်းစီရဲ့ ခြေကျင်းဝတ်၊ ခါးနဲ့ လည်ပင်းတွေမှာ သတ္တုကွင်းတွေနဲ့ ချိတ်ထားတယ်။ ရှင် တကယ်ပဲ သူ့ကို ထိချင်ရင် ရှင့်ရဲ့ညာဘက်လက်ကို အရင်လှည့်ပြီး ဘယ်ဘက်လက်ကိုဖြုတ်၊ ပြီးမှ ဘယ်ဘက်လက်နဲ့ သူ့ကို ထိပါလို့ အကြံပြုချင်တယ်နော်။အဲလိုမှ ရှင် သူ့ကို ထိနိုင်လိမ့်မယ်။”

All Chapters