ဂိမ်း၏ စည်းမျဉ်းများက ရိုးရှင်းပုံရပါသည်။
Vol. 15 Ch. 219
ပထမအဆင့်က လျင်မြန်စွာဖြေဆိုခြင်း ဖြစ်ပြီး ဒုတိယအဆင့်က မဖြစ်မနေဖြေဆိုခြင်း ဖြစ်သည်။
ပိုင်ယို့ဝေက ပထမအဆင့်ကို အမှတ်များ လျင်မြန်စွာ စုဆောင်းနိုင်ရန် ရည်ရွယ်ပြီး ဒုတိယအဆင့်အတွက် အားသာချက် ရရှိစေရန် မှန်းဆထားသည်။ သို့မဟုတ်လျှင် မဖြစ်မနေ ဖြေဆိုရသည့် မေးခွန်းများမှာ မေးခွန်း၏ အဖြေကို မသိလျှင်တောင်မှ အားသာချက်ရှိသည့် ကစားသမားများက ထွက်သွားရမှာ မဟုတ်ပါချေ။
ယခုဂိမ်းသည် ကံကောင်းသောပဟေဠိ ဟုခေါ်သော်လည်း "ကံတရား" ကို အလေးပေးသကဲ့သို့ မျှတမှုကိုလည်း ထိန်းညှိထားပါသည်။
မီးခိုးရောင်ဝတ်စုံနှင့် အဘိုးကြီးက စည်းမျဉ်းများကို ရှင်းပြပြီးနောက် မေးလိုက်သည်။ "လူတိုင်းပဲ။ စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး နားမလည်တာ ရှိသေးလား။"
သူတို့ ၃၆ ယောက်မှာ မည်သူမှ အသံမထွက်ကြပေ။ သူတို့၌ မေးခွန်းမရှိတာ မဟုတ်ပေ။ အမှန်တကယ်တော့ သူတို့မှာ မေးခွန်းများ အများအပြားရှိသည်။ ဂိမ်းထဲမှ ဘယ်လို ထွက်ရမလဲဆိုတာ သိချင်ကြသည်။ အရုပ်ဂိမ်းက ဘာလဲဆိုတာ သိချင်ကြသည်။ အသက်ဘယ်လိုရှင်ရမလဲဆိုတာ သိချင်ကြသည်။
သို့သော် ဒီပြဿနာများက စည်းမျဉ်းများနှင့် လုံးဝမသက်ဆိုင်ပေ။ စည်းမျဉ်းများအကြောင်းက မေးစရာမရှိပေ။ ဒါက လူများကို သတ်ရန်အတွက် အကြောင်းပြချက်တစ်ခုပဲမဟုတ်လား။ သူတို့အားလုံးက ကြောက်ရွံ့မှုနှင့် မုန်းတီးမှုများ ပြည့်နေသည့် မျက်လုံးများနှင့် ကွင်းလယ်က စစ်ဆေးရေးမှူးကို ကြည့်နေကြပြီး သွားများကြိတ်ကာ ကြောက်လန့်တုန်လှုပ်နေကြလေသည်။
မီးခိုးရောင်ဝတ်စုံနှင့် အဘိုးကြီးက ခါးကုန်းကုန်းနှင့် ထိုင်နေသည်မှာ တောင်ထိပ်မှာ တရားထိုင်နေသည့် ထူးဆန်းသည့် အဘိုးကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူကပြောသည်။ "လူတိုင်းမှာ မေးခွန်းမရှိဘူးဆိုတော့..."
"ကျွန်တော့်မှာ မေးခွန်းရှိပါတယ်။" အမျိုးသားတစ်ယောက်က ပြောလိုက်သည်။
ပိုင်ယို့ဝေ စိတ်ဝင်တစားနှင့် ခေါင်းလှည့်ကြည့်လိုက်သောအခါ စကားပြောသည့်သူက ရန်ချင်၀မ် ဖြစ်သည်။
မီးခိုးရောင်ဝတ်စုံနှင့် အဘိုးကြီးက ခေါင်းကို အနည်းငယ် မော့လိုက်ပြီး သူ့ဝတ်ရုံ၏ ကျယ်ပြန့်သည့် ခေါင်းစွပ်အောက်က မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသည့် အဖြူရောင်မျက်နှာဖုံးတစ်ဝက်ကို ထုတ်ပြလိုက်သည်။ မျက်နှာဖုံးမှာ မျက်နှာအမူအရာ မရှိဘဲ အနည်းငယ် လှိုင်းထနေသည့် မျက်နှာသွင်ပြင်ရှိပြီး အရမ်း ထူးဆန်း၏။
ရန်ချင်၀မ်က မေးခွန်းများစွာ မေးပါသည်။ "ဘယ်လို မေးခွန်းအမျိုးအစားလဲ။ ရွေးချယ်စရာလား ဒါမှမဟုတ် စကားလုံးဖြည့်ရမှာလား။ စံသတ်မှတ်ထားတဲ့ အဖြေများ ရှိသလား။ အဖြေက 'အနီရောင်ဆီးသီး' ဖြစ်ပြီး ကျွန်တော်က 'ဆီးသီး' လို့ ဖြေရင် ပထမစာလုံးက ကွဲပြားလို့ စနစ်က မှားတယ်လို့ သတ်မှတ်မှာလား။ ကစားသမားနှစ်ယောက် တစ်ချိန်တည်းမှာဖြေရင် ဘယ်သူ့အဖြေကို လက်ခံမှာလဲ။ မှန်ကန်တဲ့ အဖြေအတွက် အမှတ်တွေ ရနိုင်ပြီး မမှန်ကန်တဲ့ အဖြေအတွက် ပြစ်ဒဏ်များ ရှိပါသလား။"
မေးခွန်းများစွာက မေးသည့်သူ၏ တိကျသည့် တွေးခေါ်မှုကို ဖော်ပြနေပါသည်။
မီးခိုးရောင်ဝတ်စုံနှင့် အဘိုးကြီးက တိုးတိုးလေး ရယ်လိုက်သည်။ သူ့အသံက ကွဲအက်နေသည့် သစ်သားတံခါးသံကဲ့သို့ ဖြစ်နေသည်။
သူက စနစ်တကျ ပြန်ဖြေပါသည်။ "လျင်မြန်စွာ ဖြေဆိုခြင်း အပိုင်းက ပဟေဠိဖြစ်ပြီး၊ မဖြစ်မနေဖြေဆိုခြင်းအပိုင်းက ရွေးချယ်စရာများစွာပါတဲ့ မေးခွန်းပဲ။ မေးခွန်းတစ်ခုစီမှာ စံသတ်မှတ်ထားတဲ့ အဖြေရှိတယ်။ စနစ်က နည်းစနစ်ကျကျ ဆုံးဖြတ်ပေးလိမ့်မယ်။ ဥပမာအားဖြင့်၊ အဖြေက ဆီးသီး ဖြစ်ရင် မင်းက ဆီးသီးအကြီး၊ ဆီးသီးအသေး၊ အနီရောင်ဆီးသီး၊ အစိမ်းရောင်ဆီးသီး ဒါမှမဟုတ် ဆီးသီးလို့ ဖြေသည်ဖြစ်စေ မှန်ကန်တယ်လို့ ဆုံးဖြတ်ပေးလိမ့်မယ်။
လျင်မြန်စွာ ဖြေဆိုတဲ့အခါ တစ်ချိန်တည်းမှာ ဖြေဆိုတဲ့ ကစားသမား ရှိမှာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ အချိန်ကို ၀.၀၀၀၀၁ စက္ကန့်အထိ တိကျစွာ သတ်မှတ်ထားလို့ပဲ။ မင်းရဲ့ အဖြေပေးတဲ့ အမြန်နှုန်းက အလင်းအမြန်နှုန်းထက် မကျော်လွန်သရွေ့ပေါ့။နောက်ဆုံးအနေနဲ့ မမှန်ကန်တဲ့အဖြေအတွက် ပြစ်ဒဏ်ပေးမှာ မဟုတ်ပါဘူး။"
ရန်ချင်၀မ်က နားလည်ကြောင်း ခေါင်းညိတ်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ "ကျွန်တော့်မှာ မေးခွန်းမရှိတော့ပါဘူး။ တခြားလူများမှာ မေးခွန်းရှိပါသလား။"
ပိုင်ယို့ဝေ နှင့် ရှန်မိုက သူ့ကို စိုက်ကြည့်လိုက်ကြပြီး ထိုလူ၏ ရည်ရွယ်ချက်ကို မှုန်ဝါးဝါး နားလည်လိုက်ကြသည်။ ဂိမ်းကို ပိုနားလည်ရန် မေးခွန်းများ မေးတာသည် ဒုတိယအချက်ဖြစ်သည်။ အဓိကရည်ရွယ်ချက်ကတော့ လုပ်ငန်းစဉ်ကို နှောင့်နှေးစေပြီး အခုရောက်ရှိနေသည့်သူများကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ချိန်ပေးရန် ဖြစ်ပါသည်။ ရန်ချင်၀မ်က အခြားလူများ မည်သို့ဖြစ်မည်ကို ဂရုစိုက်မှာ မဟုတ်သော်လည်း သူက လုအန်း၊ လီလီနှင့် ကျူးရှူးတို့အတွက် အချိန်ဆွဲချင်တာပင်။
"မင်းမှာ မေးစရာ ရှိလား။" ရှန်မိုက ပိုင်ယို့ဝေ ကို မေးသည်။
"အင်း... စဉ်းစားကြည့်ပါဦးမယ်။" ပိုင်ယို့ဝေက သေသေချာချာ စဉ်းစားပါသည်။
စစ်ဆေးရေးမှူး က ထပ်မေးသည်။ "စည်းမျဉ်းနှင့်ပတ်သက်ပြီး တခြားမေးခွန်းများ ရှိပါသေးသလား။"
"မေးခွန်းလေး တစ်ခုလောက် မေးပါရစေ။" ပိုင်ယို့ဝေ က သူမလက်ကို မြှောက်လိုက်သည်။ "ဒီဂိမ်းကို စနစ်က အလုပ်လုပ်ပြီး စစ်ဆေးရေးမှူး က ကြီးကြပ်တယ်။ ဂိမ်းအတွင်းမှာ စစ်ဆေးရေးမှူး က လုပ်ဆောင်ဖို့ ပျက်ကွက်ရင် တိုင်ကြားဖို့ လမ်းကြောင်း ရှိပါသလား။"
ရန်ချင်၀မ်:“…”
ရှန်မိုကလွဲလို့ ကျန်သည့်သူများအားလုံး: “…”
မီးခိုးရောင်ဝတ်စုံနှင့် အဘိုးကြီးက ကွဲအက်နေသည့်အသံနှင့် မဖြေခင် စက္ကန့်အနည်းငယ် တိတ်ဆိတ်နေပါသည်။ "စစ်ဆေးရေးမှူး က ဂိမ်းကို လုပ်ဆောင်သည့်အခါ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာလိမ့်မယ်။ ကိုယ်ကျိုးအတွက် သူရဲ့အာဏာကို အလွဲသုံးစားလုပ်တာ၊ လိမ်လည်လှည့်ဖြားတာမျိုး ဒါမှမဟုတ် လုပ်ဆောင်ဖို့ ပျက်ကွက်တာမျိုး ဘယ်တော့မှ မရှိပါဘူး။"
"တကယ်လား။" ပိုင်ယို့ဝေက အပြစ်ကင်းစင်စွာ ပြောသည်။ "ဒါပေမယ့် ကျွန်မက ဂိမ်းစည်းမျဉ်းတွေကို တစ်ဝက်တစ်ပျက်ပဲ ရှင်းပြပြီး တစ်ဝက်တစ်ပျက် ဖုံးကွယ်ထားတဲ့ စစ်ဆေးရေးမှူးတွေနဲ့ ကြုံဖူးတယ်။ တမင်တကာ ဒီလိုလုပ်တာလား။ ဒါမှမဟုတ် ချို့ယွင်းချက်ရှိတဲ့ ပစ္စည်းတစ်ခုဖြစ်လို့ ချို့ယွင်းချက်တွေ ဖြစ်တတ်တာလားဆိုတာ ကျွန်မ မသိဘူး။"