အဖြေပေးပါ (Chapter – 221)
Vol. 15 Ch. 221
ပိုင်ယို့ဝေသည် ဗီဒီယိုဂိမ်းတစ်ခုကို မတွေးဘဲ မနေနိုင်။ ဇယ်လ်ဒါ၏ ဒဏ္ဍာရီ (The Legend of Zelda) ဂိမ်းထဲတွင် ဇာတ်ကောင်လေးသည် အသက်တစ်ခုရတိုင်း ဤကဲ့သို့ အသဲတစ်ခု ထပ်ရလေ့ရှိသည်။
ဒီအရာက တကယ်ကို ဂိမ်းတစ်ခုပါလား...
စစ်ဆေးရေးမှူး: "မေးခွန်း (၂)..."
လူတိုင်း၏ အာရုံကြောများက ချက်ချင်း တောင့်တင်းသွားကြသည်။
လူအချို့သည် မည်သည့်အချိန်မဆို နှိပ်ရန် အသင့်အနေအထားဖြင့် အဖြေခလုတ်ပေါ်တွင် လက်တင်ထားပြီး ဖြစ်သည်။
ပထမမေးခွန်းက စမ်းသပ်မှုတစ်ခုသာ ဖြစ်ခဲ့ပါက ဒုတိယမေးခွန်းသည် သံသယဖြစ်ဖွယ်မရှိဘဲ ပြိုင်ဆိုင်မှု၏ အစဖြစ်သည်။
အသဲတစ်ခုစီသည် အသက်တစ်ခုဖြစ်သည်။
စစ်ဆေးရေးမှူး : "လူ့ခန္ဓာကိုယ်ထဲမှာ ရေပါဝင်မှု ရာခိုင်နှုန်း အများဆုံးရှိတဲ့ ကိုယ်အင်္ဂါက ဘာလဲ"
ဘာ
ထိုလူအုပ်စု တုန်လှုပ်သွားသည်။
ပိုင်ယို့ဝေသည် အဖြေခလုတ်ကို အလျင်အမြန် နှိပ်လိုက်သည်။
——ဒင်
"ကစားသမား ၃၆ ဖြေပါ"
ပိုင်ယို့ဝေ မျက်မှောင်ကြုံ့လိုက်သည်။ ခေါင်းကိုမော့ကြည့်လိုက်ရာ သူမနှင့် မျက်နှာချင်းဆိုင်ထိုင်နေသော လီလီကသူမကို လက်ပြနေသည်ကို တွေ့လိုက်ရ၏။
သူမ မရလိုက်ပါ။
လီလီသည် လက်ဝှေ့ယမ်းပြီး ရယ်ကာ ပြောသည်။ "အစ်ကိုရန် စိတ်မကောင်းပါဘူး~"
ရန်ချင်ဝမ်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ဘာမှမပြောပေ။
သူတို့သည် အပေါင်းအသင်းများဖြစ်သော်လည်း ဤအချိန်တွင် အလျှော့ပေး၍မရ။
လီလီက ပြန်ဖြေသည်။ "မျက်လုံးပဲ။"
စစ်ဆေးရေးမှူးကပြောသည်။ "အဖြေမှန်။ ၁ မှတ် စုဆောင်းပြီး"
လီလီ၏ခန္ဓာကိုယ်ရှေ့တွင်လည်း အသဲတစ်ခု ပေါ်လာပြီး ပန်းရောင်တောက်တောက်ဖြင့် အလွန်မျက်စိပသာဒဖြစ်ဖွယ်ကောင်းလှသည်။
ပတ်ပတ်လည်တွင် ညည်းညူသံများ တိုး၍ တိတ်သွားသည်။
"သွားပြီ တကယ်ကို မျက်လုံးပဲ..."
"မေးခွန်းတွေက အရမ်းခက်တာပဲ..."
"ဘာများခက်လို့လဲ။ ပထမမေးခွန်းက ကမ္ဘာက နေကိုလှည့်ပတ်တာ မူလတန်းကျောင်းသားလေးတောင် သိတယ်။"
"မင်းတော်ရင် အရည်အချင်းရှိရင် နောက်မေးခွန်းကို သွားလုလေ"
"ရန်မဖြစ်ကြနဲ့ ရှင်းရှင်းလင်းလင်းမကြားရရင် ဘယ်လိုဖြေမလဲ။"
လူအုပ်သည် ထိတ်လန့်တုန်လှုပ်နေသည်။
စစ်ဆေးရေးမှူးက ဂရုမစိုက်ဘဲ တည်ငြိမ်စွာ ထိုင်နေပြီး တတိယမေးခွန်းကို ဖတ်ပြသည်။
"မေးခွန်း (၃) Go ကစားနည်းမှာ အလုံးရေ ဘယ်နှစ်လုံးရှိသလဲ။"
——ဒင်
စစ်ဆေးရေးမှူး : "ကစားသမား ၄ ဖြေပါ"
ပိုင်ယို့ဝေ သက်ပြင်းချလိုက်သည်။ မလွယ်ကူပါ။ သူမ နောက်ဆုံးတော့ မေးခွန်းတစ်ခု ရလိုက်ပြီ။
သူမက ပြန်ဖြေသည်။ "အလုံးရေ ၃၆၁ လုံး။"
စစ်ဆေးရေးမှူး : " အဖြေမှန်။ ၁ မှတ် စုဆောင်းပြီး "
ပိုင်ယို့ဝေ၏ရင်ဘတ်ရှေ့တွင် အသဲတစ်ခု ပေါ်လာသည်။
သူမက ထိရန် လက်လှမ်းလိုက်သော်လည်း သူမ၏လက်ချောင်းများသည် အလင်းကို ဖောက်ဝင်သွားပြီး မထိမိပေ။ အလွန်ထူးဆန်းသည်။
စစ်ဆေးရေးမှူးက မေးခွန်းများကို ဆက်ဖတ်သည်။ "မေးခွန်း (၄) ငါးတွေမှာ နှလုံးရှိပါသလား။"
——ဒင်
"ကစားသမား ၈ ဖြေပါ"
"နှလုံးရှိပါတယ်။"
" အဖြေမှန်။ ၁ မှတ် စုဆောင်းပြီး "
"မေးခွန်း (၅) ရေထဲမှာ ပုံရိပ်ယောင်တွေ ဘယ်ရာသီမှာ အများဆုံး ဖြစ်တတ်လဲ။"
——ဒင်
"ကစားသမား ၁ ဖြေပါ"
"နွေရာသီ။"
" အဖြေမှန်။ ၁ မှတ် စုဆောင်းပြီး "
...
စစ်ဆေးရေးမှူးက မေးခွန်းများ ဆက်မေးပြီး လူများလည်း ဆက်ဖြေကြသည်။
အစီအစဥ်သည် တဖြည်းဖြည်း ရှုပ်ထွေးလာ၏။ အစပိုင်းတွင် လူအနည်းငယ်သာ ဖြေဆိုနေရာမှ ဒါဇင်နှင့်ချီသော လူများ အဖြေလုရန် အပြေးအလွှား လုပ်လာကြသည်။
အထူးသဖြင့် သူတို့ထဲမှ တစ်ယောက်က မှားယွင်းစွာ ဖြေဆိုပြီးနောက် မှားယွင်းစွာ ဖြေဆိုသူများအတွက် အပြစ်ပေးခြင်း အမှန်တကယ် မရှိသည်ကို လူအများ သဘောပေါက်သွားသောအခါ သူတို့သည် လက်မှတ်များအတွက် အပြေးအလွှား လုယူကြတော့သည်။
မိမိဘာသာ မဖြေနိုင်လျှင်တောင် ကိစ္စမရှိပါ ။အနည်းဆုံးတော့ ထိုလူတော်များကို "အသဲ" များ ပိုပေးရန် မလိုတော့ပေ။
"မေးခွန်း (၃၅) အသက်အရှည်ဆုံး နို့တိုက်သတ္တဝါက ဘာလဲ။"
—ဘီပ့် ဘီပ့်၊ ဘီပ့်၊ ဘီပ့်၊ ဘီပ့်...
မရပ်မနား ရှုပ်ထွေးသော အသံများ ထွက်ပေါ်လာသည်။
"ကစားသမား ၂၁ ဖြေပါ"
ရွေးချယ်ခံရသူ ကစားသမားက ခဏတာ တုန်လှုပ်သွားပြီး ထစ်အစွာ ပြောသည်။ "မ... မသိဘူး"
စစ်ဆေးရေးမှူး : "အဖြေမှား။ အမှတ်စုဆောင်းခြင်း မရှိ။ မေးခွန်း (၃၆) ကမ္ဘာပေါ်မှာ အရှည်ဆုံး မြစ်က ဘာလဲ။"
——ဘီပ့် ဘီပ့် ဘီပ့်
အသံသည် ပိုမို အရေးတကြီးနှင့် ရှုပ်ထွေးလာသည်။
"ကစားသမား ၁၀ ဖြေပါ"
နံပါတ် ၁၀ သည် ဖေဂို၏ အဖွဲ့မှဖြစ်ပြီး သူက ကျပန်း လုယူခဲ့ခြင်းဖြစ်သည်။ ယခု သူ့နာမည်ကို ခေါ်လိုက်သောအခါ အနည်းငယ် ထိတ်လန့်သွားသည်။ ပတ်ဝန်းကျင်မှ တစ်စုံတစ်ယောက်က နိုင်းလ်မြစ်ဟု တိုးတိုးလေး ပြောလိုက်ရာ သူက မဝံ့မရဲ ပြန်ဖြေသည်။ "...နိုင်းလ်... နိုင်းလ်မြစ်လား။"
စစ်ဆေးရေးမှူး : " အဖြေမှန်။ ၁ မှတ် စုဆောင်းပြီး "
သူ တကယ် မှန်သွားသည်။
ထိုအခါ ဖေဂို၏ မျက်နှာတွင် ဝမ်းမြောက်မှု ပေါ်လာသည်။
ဤအချိန်တွင် မေးခွန်း ၃၆ ခုလုံး ဖြေဆိုပြီး ဖြစ်သည်။
မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအိုက ထရပ်လိုက်သည်။ သူ့၏ ဝတ်ရုံရှည်သည် မြေပြင်ပေါ်သို့ ပုံကျနေပြီး ခြေထောက်များကို မမြင်ရပေ။ သူ၏ ပုံသဏ္ဍာန်သည် ရှည်လျားပြီး ညှိုးခြောက်နေကာ ဖော်ပြမရနိုင်သော ထူးဆန်းမှုတစ်မျိုးကို ဖြစ်စေသည်။
သူက ပြောသည်။ "ရမှတ်တွေ စုဆောင်းပြီးပြီ။ နောက်တစ်ခုက ဒုတိယအဆင့် မဖြစ်မနေမေးခွန်းတွေ ဖြစ်တယ်။ စည်းကမ်းတွေ မတူတော့ဘူး။ အသေးစိတ် ရှင်းပြမယ်။"
နောက်ဆုံးစကားကို ထူးထူးခြားခြား နှေးကွေးလေးလံသော လေသံဖြင့် ပြောလိုက်သည်။