ဒုတိယအဆင့် မဖြစ်မနေမေးခွန်းများ (Chapter – 222)
Vol. 15 Ch. 222
"ဒုတိယအဆင့်မှာ မဖြစ်မနေမေးခွန်းများ ပါဝင်ပြီး စုစုပေါင်း ၃၆ ခုရှိတယ်။
မေးခွန်းအမျိုးအစားတွေဟာ ရွေးချယ်စရာလေးခုပါရှိတဲ့ ဘက်ပေါင်းစုံမေးခွန်းတွေဖြစ်တယ်။
လူအကုန်လုံးက မေးခွန်းတွေကို ဖြေဆိုဖို့လိုအပ်တယ်။ လက်ညှိုးထိုးပြီး ကစားသမားတစ်ဦးကို ကျပန်း ရွေးချယ်မယ်။ ကစားသမားက မေးခွန်းဘဏ်ကနေ ကိုယ်ကျွမ်းကျင်တဲ့ မေးခွန်းအမျိုးအစားကို ရွေးချယ်နိုင်တယ်။ ဒါမှမဟုတ် ရွေးချယ်ခွင့်ကို ပွဲထဲက အရည်အချင်းမပြည့်မီသေးတဲ့ ဘယ်ကစားသမားကိုမဆို လွှဲပြောင်းပေးနိုင်တယ်။
အဖြေမှန်ရင် ၁ မှတ် ရရှိမှာဖြစ်ပြီး အများဆုံး ၃ မှတ်အထိ ရရှိနိုင်တယ်။
အဖြေမှား ဖြေဆိုရင်၁ မှတ် အနုတ်ခံရမည်ဖြစ်ပြီး ၀ မှတ်ရှိသူများကို ဖယ်ရှားမယ်။"
မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအိုသည် စည်းကမ်းများကို ကြေညာပြီးနောက် နှစ်စက္ကန့်ခန့် ရပ်နားကာ ထပ်မံပြောသည်။
"အဖြေကို ပေါက်ကြားအောင်လုပ်ရင် ရမှတ်ကို မကြည့်ဘဲ ဖယ်ရှားမယ်။"
ပွဲထဲမှ လူများသည် စိုးရိမ်တကြီးဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။
ပိုင်ယို့ဝေသည် ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ လက်ရှိ လူအားလုံးထဲမှ တစ်စိတ်တပိုင်းသာ ရမှတ်များရှိသည်ကို တွေ့လိုက်ရသည်။
သူမ၏ဘက်မှ လူများနှင့် ရန်ချင်ဝမ်၏အဖွဲ့ကဦးဆောင်နေသည်။ သို့သော် နောက်ပိုင်း အဖြေအမြန်ပေးသည့် အပိုင်းတွင် လူများလွန်းသောကြောင့် အဖြေကိုသိသော်လည်း ဖြေဆိုမည့် အခွင့်အရေးရရန် ခက်ခဲ၏။
ယခု ရမှတ်အများဆုံးရှိသူများမှာ ပန်းရှောင်ရှင်းနှင့် လီလီဖြစ်ပြီး နှစ်ဦးစလုံး ၃ မှတ်စီ ရရှိထားသည်။
သူမနှင့် ရန်ချင်ဝမ်တို့သည် ၂ မှတ်စီ ရရှိခဲ့သည်။
ရှန်မိုနှင့် ကျူရှုးတို့သည် ၁ မှတ်စီ ရရှိခဲ့သည်။
ကျန်ရှိသော တန်ရှောင်၊ ဆရာချန်းနှင့် လုအန်းတို့သည် ၀ မှတ်စီ ရရှိခဲ့သည်။
ဖေဂို၏ဘက်တွင်လည်း ၀ မှတ်ရှိသူ ဆယ်ဦးခန့် ရှိသည်။
ဤလူအုပ်စုသည် အန္တရာယ်အရှိဆုံး ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နောက်ဆက်တွဲ မဖြစ်မနေမေးခွန်းများကို မဖြေနိုင်ပါက နုတ်ရန် ရမှတ်မရှိသဖြင့် တိုက်ရိုက် ဖယ်ရှားခံရမည်ဖြစ်သည်။
ပိုင်ယို့ဝေ၏ မျက်ခုံးများသည် အနည်းငယ် တွန့်ကွေးသွား၏။
လုအန်းသည် ရန်ချင်းဝမ်၏လူဖြစ်သောကြောင့် သူမ ဂရုမစိုက်ပေ။ ဆရာချန်းသည် ဆရာဖြစ်သောကြောင့် လိုအပ်သောမေးခွန်းများကို ဖြေနိုင်လိမ့်မည်။ သူမသည် တန်ရှောင်အတွက် ပိုစိုးရိမ်သည်။
သို့သော်လည်း... တန်ရှောင်လက်ထဲတွင် ပဟေဠိအပိုင်းအစတစ်ခု ရှိသေးသည်။ ထိုအရာကို အရေးကြီးသည့်အချိန်တွင် အသက်ကယ်ရန် အသုံးပြုနိုင်၏။
ပိုင်ယို့ဝေသည် စစ်ဆေးရေးမှူးကို မေးသည်။ "စည်းကမ်းအရ ကစားသမားတွေကို အဖြေတွေ မဖော်ထုတ်ဖို့ တောင်းဆိုထားတယ်။ ဒါဆို ကျွန်မတို့ စကားပြောလို့ရလား”
"ရတယ်" မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအိုက အက်ကွဲကွဲ အသံဖြင့် ပြန်ဖြေသည်။ "မင်းတို့ လွတ်လွတ်လပ်လပ် စကားပြောနိုင်တယ်။ ဒါပေမဲ့... မင်းတို့ရဲ့ စကားပြောဆိုမှုကို စနစ်က အဖြေကို အရိပ်အမြွက်ပြတာ ဒါမှမဟုတ် အကြံပြုတာလို့ ယူဆရင် မင်းတို့လည်း ဖယ်ရှားခံရမယ်။"
ပိုင်ယို့ဝေက စဉ်းစားပြီး ထပ်မံမေးသည်။ "ကျွန်မက စကားပြောနေတုန်းမှာ တမင်တကာ တခြားသူတွေကို လမ်းမှားပြလိုက်ရင် ဘယ်လိုလုပ်မလဲ"
စကားပြောဆိုမှု ပြီးသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာ အော်သည်။ "သေစမ်း ဒါ အရမ်းရက်စက်တာပဲ"
လူတိုင်းက သူမကို မျက်လုံးပြူးပြဲ စိုက်ကြည့်ကြ၏။
ပိုင်ယို့ဝေက လျစ်လျူရှုသည့်အမူအရာဖြင့် စစ်ဆေးရေးမှူးကို တိတ်ဆိတ်စွာ ကြည့်နေသည်။
မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအိုသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမကို ပြန်ဖြေသည်။ "အဖြေက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အဲဒါကို စနစ်က အရိပ်အမြွက်ပြတာ ဒါမဟုတ် အကြံပြုတာလို့ ယူဆမယ်”
ထို့ကြောင့် အဖြေမှန်ဖြစ်စေ၊ အဖြေမှားဖြစ်စေ အဖြေနှင့် ဆက်စပ်နေသရွေ့ ဖော်ပြ၍ မရပေ။
"ဟုတ်ပြီ~ ကျွန်မနားလည်ပြီ။" ပိုင်ယို့ဝေက လွယ်ကူစွာ ပြောသည်။ "ကျွန်မတို့ အခု စတင်နိုင်ပါပြီ။"
မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအို : "တခြားမေးခွန်းတွေ ရှိသေးလား"
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် စိတ်မပါ့တပါ ကြည့်နေကြပြီး မည်သူမှ စကားမပြောကြပေ။
ယခု အချိန်တွင်ဘာပြောပြော အသုံးမဝင်တော့ပါ။ မည်မျှပင် ဒေါသထွက်နေပါစေ မိမိ၏ကံကြမ္မာကို လက်ခံရမည်သာ။
စည်းကမ်းများကို သိပါ။
ဂိမ်းကို သိပါ။
ကောင်းမွန်သည့် အရုပ်ဖြစ်လာပါ။
မိမိကံကြမ္မာကို လက်ခံပါ။
စစ်ဆေးရေးမှူးသည် အမြင့်တွင် ရပ်နေပြီး ကြေညာသည်။ "ဒါဆို ဒုတိယအဆင့် မဖြစ်မနေမေးခွန်းများကို အခု စတင်တော့မယ်—"
အနက်ရောင်လက်ညှိုးသည် ဖြည်းဖြည်းချင်း လှည့်လာပြီးနောက် အရှိန်မြှင့်လိုက်သည်။
အရှိန်မြှင့်သည်။
ပိုမြန်လာသည်။
ဆက်လက် အရှိန်မြှင့်သည်...
စစ်ဆေးရေးမှူးသည် ပင်မရိုးတံတွင် ရပ်နေပြီး သူ့ခြေထောက်အောက်ရှိ လက်ညှိုးသည် ဆက်လက်လှည့်နေသည်။ သို့သော် သူ့ဝတ်ရုံသည် ထိခိုက်ခြင်းမရှိဘဲ တိတ်ဆိတ်စွာ တွဲကျနေပြီး ရွေ့လျားမှုမရှိသည့် သရဲတစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။
ပွဲတစ်လျှောက်လုံးတွင် ကြားနိုင်သည်မှာ လေဝဲသံသာ ဖြစ်၏။
ထို့နောက် လက်ညှိုးသည် နှေးကွေးလာသည်။ ဤတိတ်ဆိတ်ပြီး ဖိစီးသည့်အခြေအနေသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
လက်ညှိုးသည် ပိုင်ယို့ဝေ၏ရှေ့ နံပါတ် ၅၊ နံပါတ် ၆၊ နံပါတ် ၇... ၁၁၊ ၁၂၊ ၁၃... တို့ကို ကျော်သွားသည်။
ပို၍ နှေးလာသည်။
၁၆...
၁၇...
နောက်ကလူများ မျက်လုံးပြူးလာပြီး သူတို့၏မျက်လုံးများက သွေးရောင် ပြောင်းလုနီးပါး ဖြစ်နေသည်။
အနက်ရောင်လက်ညှိုးသည် နံပါတ် ၁၈ ကို ဖြည်းဖြည်းချင်းကျော်သွားပြီး နောက်ဆုံးနံပါတ် ၁၉ ရှေ့တွင် ရပ်လိုက်သည်။
တစ်ခဏအတွင်းတွင်…
စတုဂံပုံ မေးခွန်းဘုတ်ပေါ်ရှိ စာလုံးများအားလုံး လင်းလာသည်။
မျက်စိကျလောက်သည့် အနီရောင်အလင်း..
"ကစားသမား နံပါတ် ၁၉ မေးခွန်းအမျိုးအစားကို ရွေးချယ်ပါ" မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအိုက အက်ကွဲကွဲနှင့် လျစ်လျူရှုသည့် လေသံဖြင့် ပြောလိုက်သည်။