ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ပျော်မြူးခြင်း (Chapter – 224)
Vol. 15 Ch. 224
ပွဲထဲတွင်ရှိသော လူအားလုံး ကြက်သေသေကာ တိတ်ဆိတ်သွားကြသည်။
လူ ၁၁ ယောက် အသက်ပျောက်သွားသည်...
သူတို့ ဘာဖြစ်သွားကြသည်ကို မည်သူမှ မသိသကဲ့သို့ ဘယ်ကို ရောက်သွားကြသည်ကိုလည်း မည်သူမှမသိပေ။ ကုလားထိုင်နှင့်အတူ လှည့်သွားပြီး ခြေရာလက်ရာမရှိဘဲ ပျောက်ကွယ်သွားရုံပဲဖြစ်သည်။
လီလီ၏မျက်နှာသည် ဖြူဖျော့သွားပြီး သူ၏ရှေ့တွင်ပန်းရောင်အသဲ နှစ်ခုသာ ကျန်တော့သည်။
ပိုင်ယို့ဝေ ဘာမှမပြောနိုင်ပေ။ သူခုနက မေးခွန်းကို အထင်သေးခဲ့မိသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပဲ အဖြေမှားသွားသည်။ သူ့ကိုယ်သူ ပါးရိုက်ဖို့ ကြိုးစားနေတာ အမှန်ပဲဖြစ်သည်။
တန်ရှောင်က ဘေးမှ ရယ်လိုက်သည်။ "ကျွန်တော် မှန်အောင် ခန့်မှန်းနိုင်ခဲ့တယ် ဟားဟားဟားဟားဟား"
တန်ရှောင်သည် ပန်းရောင်အသဲတစ်ခု ထပ်ရသည်။
ရန်ချင်ဝမ်သည် လက်ရှိသူတို့၏ ရမှတ်များကို ကြည့်ပြီး မျက်မှောင်ကြုံ့ကာ မေးသည်။ "လီလီ မင်း ဘယ်ဟာကို ရွေးလိုက်တာလဲ"
လီလီက စိတ်ဓာတ်ကျစွာ ပြန်ဖြေသည်။ "D ကို။ သက်တန့်ရဲ့ အရောင်တွေက လိမ္မော်၊ အဝါ၊ အနီ၊ အစိမ်း၊ အပြာ၊ ခရမ်းလို့ ထင်နေတာ။"
ကျူရှုးက သူ့ကို ကြင်နာစွာ ပြောပြသည်။ "လီလီ၊ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ ခရမ်းပါ။"
လီလီ၏ အမူအရာသည် ခါးသီးနေသည်။ "ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ... လိမ္မော်၊ အဝါ၊ အနီ၊ အစိမ်း၊ အပြာ၊ ခရမ်းက ပိုပြီး ချောမွေ့တယ်လို့ ဘာလို့ ခံစားရတာလဲ..."
တန်ရှောင်သည် အသဲတစ်ခု ရထားသောကြောင့် အလွန်ဂုဏ်ယူနေသည်။ သူက သူ့လက်ဖြင့် နှလုံးပုံစံလုပ်ကာ ကျူရှုးကို ချစ်ခြင်းမေတ္တာ ပြသလိုက်သည်။
ကျူရှုးက မရယ်ဘဲ မနေနိုင်ပေ။
"မင်း ငါသေနေပြီလို့ ထင်နေတာလား" လီလီက တစ်ဖက်မှ ဒေါသတကြီး အော်သည်။ "ကောင်မလေးတွေကို မမြူဆွယ်ခင် အိမ်ပြန်ပြီး ကိုယ့်ကိုယ်ကိုမှန်ထဲကြည့် ရှက်စရာ မလုပ်နဲ့"
"သေလေ" တန်ရှောင်က မျက်လုံးပြူးပြီး ဆဲဆိုသည်။ "ငါ ကောင်မလေးတွေကို မြူဆွယ်တာ မင်းနဲ့ ဘာဆိုင်လို့လဲ အတင်းပြောတတ်တဲ့ခွေးသားလီလီ"
"မင်း ထပ်ပြောကြည့်စမ်း"
"ငါပြောတယ် ဘာလုပ်ချင်လဲ မှန်ကြောင်ကောင် ရဲရင် လာထိုးလေ”
လီလီသည် ဆဲဆိုခြင်းတွင် မကျွမ်းကျင်သလို၊ ရိုင်းစိုင်းစွာ ပြောဆိုခြင်းတွင်လည်း မကျွမ်းကျင်ပေ။ သူ အလွန်ဒေါသထွက်လွန်းသဖြင့် တုန်ယင်နေသည်။ တန်ရှောင်ကို လက်ညှိုးထိုးပြီး ပြောသည်။ "မင်း ဘယ်လောက်ကြာကြာ မာနကြီးနိုင်မယ်ဆိုတာ စောင့်ကြည့် နောက်မေးခွန်းက မင်းကို ငရဲပို့လိမ့်မယ်"
တန်ရှောင်သည် ပဟေဠိအပိုင်းအစကို ထုတ်ပြပြီးကြွားဝါသည်။ "မင်း ငါ့ကို မယှဉ်နိုင်ဘူး~ မင်း ငါ့ကို မယှဉ်နိုင်ဘူး~"
လီလီ: "မင်း ဦးနှောက်မရှိတဲ့ လူသတ်သမားပဲ"
"မင်းတို့ ရန်ဖြစ်တာ တော်ပြီလား"
တစ်ဖက်မှ ရုတ်တရက် အော်ဟစ်သံ ထွက်ပေါ်လာသည်။ ဖေဂို၏ အော်သံဖြစ်၏။
သူသည် သတ္တုကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူ၏မျက်နှာတစ်ခုလုံး ဒေါသများဖြင့် ပြည့်နေကာ မျက်လုံးများ နီရဲနေပြီး လည်ပင်းရှိ သွေးကြောများ ဖောင်းကြွနေသည်။
"မင်းတို့ အရူးတွေ ငါ မင်းတို့နဲ့ ရန်ဖြစ်နေတာ ငါ့ညီတွေ အားလုံး သေကုန်ပြီ။ မင်းတို့က ဒီမှာ ရန်ဖြစ်ဖို့ စိတ်ရှိနေကြတုန်းလား ထွက်သွားကြ မင်းတို့အားလုံး ထွက်သွားကြ"
ဖေဂို အကျယ်ကြီး အော်ဟစ်ပြီးနောက် မျက်ရည်များ ဝဲလာသည်။ သူသည် မျက်နှာကို ဖုံးအုပ်ပြီး မထိန်းနိုင်ဘဲ ငိုချလိုက်သည်။ "သွားပြီ သူတို့အားလုံး သေကုန်ပြီ။ ငါ့ညီတွေ အားလုံး သေကုန်ပြီ ငါ့ညီတွေ..."
လူတိုင်း တိတ်ဆိတ်သွားသည်။
ပရိသတ်အားလုံး ကြားနိုင်သည်မှာ သန်မာသည့်လူတစ်ယောက်၏ ဝမ်းနည်းပူဆွေးပြီး နာကျင်စွာ အော်ဟစ်ငိုယိုသံသာ ဖြစ်သည်။
ယခင်က ဘယ်လိုရန်ငြိုးတွေပဲရှိခဲ့ပါစေ ယခုတော့ ထိုလှည့်နေသည့် စားပွဲဝိုင်းတွင် အတူတူချည်နှောင်ခံထားရသည့် ကံကြမ္မာကို ခွဲထား၍မရတော့ပေ။
လူတိုင်း စိတ်မကောင်းဖြစ်ကြသည်။
လူ ၁၁ ယောက် သေဆုံးသွားသည်။
ပိုင်ယို့ဝေပင်လျှင် ယခုလိုဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုမေးခွန်းက အရမ်းကို ရိုးရှင်းသည်ဟုသူမအမှန်တကယ်ခံစားရသောကြောင့်ဖြစ်သည်။
သို့ပေမဲ့ ဘယ်သူကများ တခြားသူတစ်ယောက်၏ အသိပညာအခြေခံကို တိတိကျကျ ခန့်မှန်းနိုင်မည်နည်း။ လူတိုင်းတွင် မျက်ကွယ်ရာရှိကြသည်။ တခြားသူတွေအတွက် အံ့သြစရာကောင်းလောက်အောင် ရိုးရှင်းပုံရသည့် နောက်မေးခွန်းက သူမအတွက် ရှုပ်ထွေးနိုင်သည်။
ပိုင်ယို့ဝေက တိုးတိုးလေး ပြောသည်။ "ရှင့်ရဲ့ညီ သေသွားလို့ ရှင် ငိုချင်တယ်။ ကျွန်မတို့က သေဘေးကနေ လွတ်မြောက်လာလို့ ရယ်ချင်တယ်။ သူတို့ ရန်ဖြစ်ကြလို့ သူတို့ ဒေါသထွက်ကြတယ်။ လူတွေရဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်းနဲ့ ပျော်မြူးခြင်းတွေက မွေးရာပါ ကွဲပြားကြတယ်။ ရှင် ကျွန်မတို့မျက်နှာတွေပေါ်မှာ ဝမ်းနည်းမှုလေး နည်းနည်းမြင်ရရင်တောင် အဲဒါက ရှင့်ရဲ့ညီနဲ့ တကယ်တမ်းမှာ သိပ်မဆိုင်ဘူး... အဲဒီခံစားချက်တွေဟာ နောက်ဆုံးမှာတော့ ရှင်နဲ့ ဆက်စပ်နေလို့ ဖြစ်ရတာ။"
သူမ၏အသံက နူးညံ့ကာ ပေါ့ပေါ့ပါးပါးဖြစ် နေပြီး စိတ်ဓာတ်ကျနေသည့် ပတ်ဝန်းကျင်တွင် အေးစက်နေပုံရသည်။
ကျောက်ခဲ နှလုံးသားနှင့် မွေးလာသူတစ်ယောက်ကဲ့သို့ပင်။
ဖေဂိုက ဒေါသတကြီး ခေါင်းမော့ပြီး ပိုင်ယို့ဝေကို ကြည့်လိုက်သည်။
မုန်းတီးမှုအားလုံးကို ပိုင်ယို့ဝေ တစ်ယောက်တည်းအပေါ် ပုံချလိုက်သကဲ့သို့ဖြစ်နေ၏။
ဂိမ်းအတွက် မုန်းတီးမှု၊ လောကအတွက် မုန်းတီးမှု၊ ကိုယ့်ကိုယ်ကို မုန်းတီးမှု၊ မုန်းတီးမှုအားလုံးဖြစ်သည်။
ပိုင်ယို့ဝေက သူ့ကို မျက်နှာထားမဲ့စွာ ကြည့်သည်။ "ရှင် ခုနက အရမ်းငိုခဲ့တာ ရှင့်ရဲ့ညီ တွေအတွက်ချည်းပဲလား ရှင့်အတွက်ရှင် လုံးဝမငိုခဲ့ဘူးလား"
ဖေဂိုက ဘာမှမပြောပေ။ သို့သော် သူ၏မျက်လုံးများက ပိုပြီး နီရဲလာသည်။
စစ်ဆေးရေးမှူးက ပြောသည်။ "ဂိမ်းဆက်လုပ်မယ်..."