ဝမ်တောက်ကျောင်းတော်တွင် ချောင်ရိုချန်ကြောင့် ပွက်လောရိုက်သွားခြင်း။
Vol. 5 Ch. 41
ဝမ်တောက်ကျောင်းတော်၊ နှစ်တစ်ထောင် ရေခဲကန်။
ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနမှ အကြီးအကဲနျူနှင့် အကြီးအကဲဟုန်တို့သည် ရေခဲကန်အတွင်း ကျင့်ကြံနေသည့် လူငယ်လေးကို အဝေးတစ်နေရာမှ ရပ်ကာ တိတ်တဆိတ် စောင့်ကြည့်နေကြလေသည်။
အေးစက်သည့် ရေခဲကန်၏အတွင်းနက်နက်၌။
ချောင်ရို့ချန်သည် ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် အအေးဓာတ်သဘာဝစွမ်းအင်များကို အငမ်းမရ စုပ်ယူနေသည်။ ရက်ပေါင်းများစွာ လေ့ကျင့်ပြီးနောက် သူသည် ရေခဲကန်၌ ခန္ဓာကိုယ်သန့်စင်ရခြင်းကို ကျင့်သားရသွားတော့သည်။
ပထမအဆင့် အရေပြားသန့်စင်ခြင်း ပြီးဆုံးသွားပြီဖြစ်၍ ယခုအခါ အသား သွေးနှင့် အကြောများကိုသန့်စင်နေသည်။ နောက်တစ်ဆင့်မှာ အရိုးနှင့် ကိုယ်တွင်းအင်္ဂါများ ဖြစ်ပေလိမ့်မည်။
အကြီးအကဲနျူနှင့် အကြီးအကဲဟုန်တို့သည် ဆယ်စုနှစ်များစွာ သို့တည်းမဟုတ် ရာစုနှစ်တစ်ခုကျော် အတွေ့အကြုံရှိသည့် ခန္ဓာကိုယ်ကျင့်ကြံသူများဖြစ်သောကြောင့် နှစ်ဦးစလုံးသည် ချောင်ရို့ချန်၏ ကျင့်ကြံခြင်းနည်းစနစ်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
သူတို့ ကြည့်လေ ပိုမို၍ တုန်လှုပ်လာရလေ ဖြစ်သည်။
အကြီးအကဲနျူသည် ရေရွတ်ညည်းတွားလိုက်သည်။ “စီနီယာအစ်ကို အဲဒီလူငယ်လေးက တကယ်ပဲ အပြင်စည်းတပည့် ဟုတ်ရဲ့လား”
အကြီးအကဲဟုန်က ပြန်ဖြေသည်။”သူ့ဝတ်ထားတဲ့ ဝတ်စုံကြောင့်သာ မဟုတ်ရင် ငါလည်း ယုံမှာ မဟုတ်ဘူး။ အပြင်စည်းတပည့်တစ်ယောက်က အဲဒီလို ကျင့်ကြံခြင်းနည်းလမ်းမျိုးမရှိနိုင်ဘူး။ အဲလောက်လည်း သတ္တိကောင်းမှာ မဟုတ်ဘူး။သူ ရေခဲကန်ထဲမှာ ကျင့်ကြံနေတာ (၄၉) ရက် ရှိပြီဆိုတာ အစက မယုံဘူး။ အခု ကြည့်ရတာ ယုံရမယ်ထင်တယ်။ သူ့တစ်ကိုယ်လုံး ရေခဲတွေ ဖုံးနေပေမဲ့ သူ့ကို နည်းနည်းလေးတောင် မထိခိုက်ဘူး”
အကြီးအကဲနျူက တီးတိုး ပြောလိုက်သည်။ “သူက ဂျင်ချန်ရဲ့ စံချိန်ကို ချိုးနိုင်မယ် ထင်လား၊ အခုထိ တော့ ရပ်မဲ့ပုံမပေါ်ဘူး”
အကြီးအကဲဟုန်က ခေါင်းညိတ်လိုက်သည်။ “ဖြစ်နိုင်တယ်။ ကောင်းကင်စိတ်ဝိညာဉ်ဌာနက သတိထားမိသွားမှာကို စိုးရိမ်လို့သာပေါ့။ မဟုတ်ရင် သူ ရေခဲကန်ကို ဘယ်နှစ်ရက် ငှားထားလဲဆိုတာ သွားစစ်ဆေးပြီးလောက်ပြီ”
ကောင်းကင်စိတ်ဝိညာဉ်ဌာနကို ထည့်ပြောလိုက်သည့်အခါ အကြီးအကဲနျူ၏ မျက်နှာထားမှာ မည်းမှောင်သွားခဲ့သည်။
“ကျောင်းအုပ်ကြီးက ဘာတွေ တွေးနေလဲဆိုတာ မသိဘူးတော့ဗျာ။ ကောင်းကင်စိတ်ဝိညာဉ်ဌာနက ပါရမီရှင်တွေကို အရင်ရွေးခွင့်ရပြီး ကျွန်တော်တို့ကျတော့ အကြွင်းအကျန်တွေကိုပဲ လိုက်ကောက်နေရတယ်”
အကြီးအကဲဟုန်က ပြန်ဖြေသည်။”အဲဒါတွေ အကုန်လုံးက ဝမ်တောက်ကျောင်းတော်အတွက်ပဲလေ။ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တွေကို အကောင်းဆုံးရွေးချယ်ခွင့်ပေးထားမှ ငါတို့ကျောင်းတော်က တပည့်တွေ ပိုဆွဲဆောင်နိုင်မှာပေါ့”
အကြီးအကဲနျူမှာ ဆက်လက်၍ စကားမဆိုတော့ပေ။ လူတိုင်းက ထိုသဘောတရားကို သိသော်လည်း လက်ခံနိုင်ခြင်း ရှိမရှိမှာမူ အခြားကိစ္စတစ်ခု ဖြစ်သည်။
“ဂျူနီယာညီလေးနျူ ငါတို့ ဒီမှာ ကြာကြာ မနေသင့်ဘူး။ နေ့တိုင်း လာစစ်ဆေးဖို့ တပည့်တစ်ယောက်ကို တာဝန်ပေးထားလိုက်”
“ဟုတ်ကဲ့ပါ”
အကြီးအကဲနှစ်ဦးစလုံးသည် သူတို့ ဤနေရာ၌ အကြာကြီးနေပါက အခြားသူများ အာရုံစိုက်လာမည်ကို သိပါသည်။
ကိစ္စပြီးဆုံးသွားသည့်အခါ သူတို့သည် တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်။
သို့သော် ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနက ထိုကိစ္စကို လျှို့ဝှက်ထားရန် ကြိုးစားနေသော်လည်း အခြားသူများမှာမူ ထိုမျှလောက် မသိုသိပ်ကြပေ။
ကုသိုလ်ခန်းမ၌ ကြီးကြပ်ရေးမှူးဟန်သည် အသုံးမကျသည့် ချောင်ရို့ချန်တစ်ယောက် ရေခဲကန်ထဲတွင် သုံးလကြာအောင်ခံနိုင်မည်မဟုတ်ဟု ထင်ထားသည်။ သူသည် ပိုက်ဆံပြန်အမ်းဖို့အတွက် လာရောက် ပြဿနာရှာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
သို့သော် ယခုအခါ (၄၉) ရက် ကြာသွားပြီဖြစ်သော်လည်း ချောင်ရို့ချန်မှာ ပေါ်မလာသေးချေ။
၎င်းအချက်က ကြီးကြပ်ရေးမှူးဟန်အား ဇဝေဇဝါ ဖြစ်သွားစေသည်။ သူသည် တပည့်တစ်ယောက်ကို ချက်ချင်း လှမ်းခေါ်လိုက်သည်။
“ရှောင်မာ ရေခဲကန် အမှတ် (၉၉) ကို သွားကြည့်ပြီး တစ်ယောက်ယောက် ရှိနေလား စစ်ဆေးကြည့်စမ်း”
“ဟုတ်ကဲ့ပါ ကြီးကြပ်ရေးမှူး”
ရှောင်မာက အဘယ်ကြောင့် ထိုသို့ခိုင်းရခြင်းကို နားမလည်သော်လည်း အမိန့်အတိုင်း သွားလိုက်သည်။
ရေခဲကန်အမှတ် (၉၉) သို့ရောက်ရှိသောအခါ အတွင်း၌ အေးခဲနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။
သူသည် ထိုကျင့်ကြံသူကို မနှောင့်ယှက်တော့ဘဲ သတင်းပို့ရန် အမြန် ပြန်လာသည်။
“ဘာ”
ကြီးကြပ်ရေးမှူးဟန်မှာ နေရာတွင် ကျောက်ရုပ်ပမာတောင့်ခဲသွားတော့သည်။
“အထဲမှာ လူရှိနေတာ သေချာလား”
“ကျွန်တော် သေသေချာချာ မြင်ခဲ့တာပါ ကြီးကြပ်ရေးမှူး။ အဲဒီ စီနီယာအစ်ကိုက ရေခဲရိုက်ခံထားရတဲ့အတိုင်းပဲဗျ။ သူ ကျင့်ကြံနေတာ တော်တော် ကြာနေလောက်ပြီ”
ဟူးလားလား။
ကြီးကြပ်ရေးမှူးဟန်သည် လေအေးတစ်ချက် ရှူသွင်းလိုက်ပြီး ရက်များကို စတင် တွက်ချက်လိုက်သည်။
ခဏအကြာတွင် သူ၏မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် ပျော်ရွှင်မှု ရောပြွမ်းနေသော အမူအရာတစ်ခု ပေါ်လာသည်။
“ဒီတစ်ခါတော့ ငါ ထောပြီ”
ရှောင်မာ “...”
‘ခန္ဓာကိုယ်ကျင့်ကြံသူ တစ်ယောက်ပဲကို။ ကြီးကြပ်ရေးမှူးနဲ့ ဘာဆိုင်လို့လဲ။ အမျိုးလားမသိဘူး’
ကြီးကြပ်ရေးမှူးဟန်သည် ဤသတင်းအချက်အလက်မှ အကျိုးအမြတ် အများဆုံးရအောင် မည်သို့လုပ်ရမည်ကို စတင် ကြံစည်တော့သည်။ အဆုံးသတ်တွင် သူသည် ဆေးပညာဌာန၊ ကောင်းကင်စိတ်ဝိညာဉ်ဌာနနှင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနမှ အတွင်းစည်းတပည့်များကို အပြင်ထွက်သောက်ဖို့ ခေါ်ရင်း သတင်းကို တိတ်တဆိတ် ဖွင့်ချရန် ဆုံးဖြတ်လိုက်သည်။
ထိုညနေတွင် သူ၏ကွန်ရက်ကို အသုံးပြုပြီး ဌာနသုံးခုမှ တပည့်များကို ဝမ်တောက်မြို့သို့ အရက်သောက်ရန် ဖိတ်ခေါ်လိုက်သည်။
အရက်များ ဝင်လာသော အခါ၌။
ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ ကျောက်ယင်က မေးလိုက်သည်။ “စီနီယာအစ်ကိုဟန် ဒီည ဘာကိစ္စရှိလို့ ရက်ရောနေတာလဲ”
အရက်မူးနေသည့် မျက်လုံးများဖြင့် ကြီးကြပ်ရေးမှူးဟန်က ခွက်ကို ချလိုက်သည်။”ငါ့ဆီမှာ မင်းတို့ သုံးယောက်ကို ပေးစရာ တစ်ခု ရှိနေလို့။ မင်းတို့ လိုချင်မလားတော့ မသိဘူးပေါ့”
ကုသိုလ်ခန်းမသည် မဟာဌာနကိုးခု၏ လက်အောက်ခံ မဟုတ်ပေ။ ၎င်းကို ပုံမှန်အားဖြင့် ပြင်ပရေးရာခန်းမက ကြီးကြပ်ခြင်း ဖြစ်သည်။
ကြီးကြပ်ရေးမှူးများသည် အဓ်ိကတပည့်များနှင့် အဆင့်တူညီပြီး ဟန်က ကုသိုလ်ခန်းမ၌ လုပ်သက်ရင့်နေပြီဖြစ်ရာ သတင်းအချက်အလက်များ ရယူနိုင်စွမ်း ကောင်းမွန်သည်။
တပည့်သုံးယောက်မှာ ချက်ချင်း စိတ်ဝင်စားလာကြသည်။
ကျောက်ယင်က ပြောလိုက်သည်။”ပြောပါဦး စီနီယာအစ်ကို တကယ်လို့ အဖိုးတန်တဲ့ ကိစ္စဆိုရင် ရလာတဲ့ ဆုလာဘ်ရဲ့ သုံးပုံတစ်ပုံကို ပေးပါ့မယ်”
ကျန်နှစ်ယောက်ကလည်း သဘောတူလိုက်ကြသည်။ “ဟုတ်တယ်ဗျ၊ သတင်းဘယ်ကရလဲဆိုတာ လုံးဝ မပေါက်ကြားစေရဘူး”
“မဟုတ်ဘူး” ဟန်၏မျက်လုံးများက ရုတ်တရက် စူးရှသွားကာ ပြောလိုက်သည်။ “ဒီကိစ္စမှာ မင်းတို့ကို သတင်းပေါက်ကြားစေချင်တာ။ မင်းတို့ သတင်းဖြန့်လိုက်တာနဲ့ ဆုလာဘ်တွေက အလိုလို ရောက်လာလိမ့်မယ်”
ကျောက်ယင်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ “ဘာအကြောင်းလဲ”
ဟန်က ပြန်ဖြေလေသည် “မင်းတို့ ဂျင်ချန်ရဲ့ စံချိန် နှစ်တစ်ထောင် ရေခဲကန်မှာ (၄၉) ရက်ကြာ ကျင့်ကြံခဲ့တဲ့ အကြောင်း ကြားဖူးတယ် မဟုတ်လား။ ငါ အခု မင်းတို့ကို ပြောပြမယ်ဆိုတာ အပြင်စည်းတပည့် တစ်ယောက်က အဲဒီစံချိန်ကို ချိုးလိုက်ပြီ”
ထိုစကားများ ကြားလိုက်ရသည်နှင့် လူသုံးယောက်စလုံး ချက်ချင်း မတ်တပ်ရပ်လိုက်ကြသည်။
သူတို့၏ မျက်နှာများတွင် ထိတ်လန့်မှု၊ သံသယနှင့် ပျော်ရွှင်မှုများ ပြည့်နှက်သွားကြသည်။
“အသေးစိတ်ကို ရှင်းပြပါဦး စီနီယာအစ်ကို”
ဟန်က ရိုးရှင်းစွာ ပြုံးလိုက်လေသည်။
နောက်တစ်နေ့တွင် ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနမှ တပည့်များအပြင် နှစ်တစ်ထောင် ရေခဲကန် တစ်ဝိုက်၌ မရင်းနှီးသော မျက်နှာစိမ်း အနည်းငယ် စတင် ပေါ်လာကြသည်။
အပြင်စည်းတပည့်တစ်ဦးက ဂျင်ချန်၏ စံချိန်ကို ချိုးလိုက်သည် ဆိုသော သတင်းသည် ကောင်းကင်စိတ်ဝိညာဉ်ဌာနနှင့် ဆေးပညာဌာနတို့မှ အဆင့်မြင့်ပုဂ္ဂိုလ်များထံသို့ ရောက်ရှိသွားခဲ့သည်။
သူတို့က စတင် လှုပ်ရှားလာကြသည်။
အစပိုင်းတွင် ဆေးပညာဌာနက သိပ်စိတ်မဝင်စားပေ။ ထိုကျင့်ကြံသူမှာ ချောင်ရို့ချန် ဖြစ်ကြောင်း မသိခင်အချိန်အထိပင်။ ချောင်မျိုးနွယ်စု၏ အကြီးအကဲသည် ချက်ချင်း စိတ်ဝင်စားသွားသည်။
တိတ်ဆိတ်စွာပင် လူတိုင်းက အချိန်ကို စတင် မှတ်သားနေကြသည်။
၅၁ရက်၊ ၅၂ရက်၊ ၅၃ရက်...
ရက်များ ကုန်လွန်လာသည်နှင့်အမျှ ချောင်ရို့ချန်၏ လေ့ကျင့်မှုကို စောင့်ကြည့်နေသော တပည့်များသည် သူ၏အချိန်ဇယားကို ရိပ်မိလာကြသည်။ သူသည် တစ်ရက်လျှင် ကိုးနာရီ ကျင့်ကြံပြီး သုံးနာရီ အနားယူလေ့ရှိသည်။
အကြီးအကဲများ ထိုအကြောင်းကို သိသောအခါ ထူးဆန်းသည်ဟု မထင်မှတ်ကြပေ။ ဂျင်ချန်ပင်ထိုစဉ်က ကန်ထဲ၌ ဆက်တိုက် နေခဲ့ခြင်း မဟုတ်ချေ။
မကြာမီမှာပင် ချောင်ရို့ချန်သည် နှစ်တစ်ထောင် ရေခဲကန်အတွင်း (၈၁) ရက်ကြာ ကျင့်ကြံပြီးသွားခဲ့သည်။
ထိုနေ့တွင် သူသည် အချိန်ကို နောက်ထပ် သုံးနာရီ တိုးလိုက်သည်။ အရုဏ်တက်ချိန်၌ သူ၏ခန္ဓာကိုယ်မှ စွမ်းအားကြီးအရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး သူ့ကို ဖုံးအုပ်ထားသော ရေခဲများကို ရိုက်ခွဲပစ်လိုက်သည်။
ထို့နောက် သူက ဝတ်စုံကို ခြောက်သွေ့စေရန် စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုလိုက်ပြီး လေ့ကျင့်ရေးကွင်းမှ တည်ငြိမ်စွာ လျှောက်ထွက်လာသည်။
သူသည် ဆရာ့ထံ သတင်းပို့ရန် သောင်းပြောင်းပညာရပ်ဌာနသို့ အလျင်စလို မပြေးသွားပေ။ဆရာ၏ နေ့စဉ် အလေ့အထအရဆိုလျှင် အိပ်နေဆဲပင် ဖြစ်ပေလိမ့်မည်။
အဝေးမှ စောင့်ကြည့်နေသူများသည် သက်ဆိုင်ရာ အကြီးအကဲများထံသို့ သတင်းပို့ရန်အတွက် ချက်ချင်း ပြေးထွက်သွားကြသည်။
ချောင်ရို့ချန် ရေခဲကန်ရှိရာ တောင်ထိပ်မှ ဆင်းလာချိန်၌ လူရိပ်အချို့က သူ၏ရှေ့တည့်တည့်သို့ ဆင်းသက်လာကြသည်။
သူတို့သည် သူထံမှ ထွက်ပေါ်နေသော စစ်မှန်ကံကြမ္မာအဆင့်အရှိန်အဝါနှင့် သန်မာထွားကျိုင်းပြီး သန့်စင်နေသော ခန္ဓာကိုယ်ကို မြင်လိုက်သည့်အခါ စိတ်ဝင်စားသွားကြသည်။
အထူးသဖြင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနမှ အတွင်းစည်း အကြီးအကဲ နှစ်ဦးသည် ဤလူငယ်လေးမှာ ခန္ဓာကိုယ်သန့်စင်ခြင်းကို အကြိမ်များစွာ ပြီးမြောက်ထားကြောင်း သိလိုက်ကြသည်။
အပြင်စည်းဌာနတွင် ဤကဲ့သို့တပည့်မျိုး ရှိနေခြင်းမှာ အလွန် ရှားပါးလှပေသည်။
ချောင်ရို့ချန်သည် ထိုလူအုပ်စုကို ကြည့်ပြီး လေးစားစွာ ဦးညွှတ်လိုက်သည်။ “တပည့်က အကြီးအကဲတွေကို ဂါရဝပြုပါတယ်။ ဒါနဲ့ ကျွန်တော့်လမ်းကို ဘာကိစ္စနဲ့များ ပိတ်ရပ်ထားကြတာလဲ”