ရှောင်ချန်း အိမ်ပြန်ခြင်း
Vol. 5 Ch. 43
“ဆရာ နောက်တစ်ဆင့် ခန္ဓာကိုယ်သန့်စင်ဖို့အတွက် မြေကမ္ဘာမိစ္ဆာချီကို သုံးရမလား ဓားချီကို သုံးရမလား”
ချောင်ရို့ချန်သည် ခဏမျှ အံ့အားသင့်သွားပြီးနောက် စကားလမ်းကြောင်းကို ကျင့်ကြံခြင်းဘက်သို့ ချက်ချင်း လှည့်လိုက်သည်။
ချူဖုန်းက ပြောသည်။ “ မြေကမ္ဘာမိစ္ဆာချီနဲ့ အရင်စတာပေါ့၊ ဓားချီက အရမ်း ပြင်းထန်လွန်းတယ်၊ မင်းရဲ့ ခန္ဓာကိုယ်က ခံနိုင်ရည် မရှိသေးဘူး”
ချောင်ရို့ချန်သည် ခေါင်းညိတ်ပြီး မေးလိုက်သည်။”ဒါပေမဲ့ မြေကမ္ဘာမိစ္ဆာချီက ရှာရခက်တယ်၊ ဆရာ ဘယ်မှာရနိုင်မလဲဆိုတာ သိလား”
ချူဖုန်းသည် ခေတ္တရပ်တန့်သွားပြီး ခေါင်းယမ်းလိုက်သည်။ “ငါ မသိဘူး။ ဒါပေမဲ့ မင်းရဲ့ အဘိုးကတော့ သိတယ်။ ဒီည ငါတို့ သူ့ဆီသွားပြီး မြေကမ္ဘာမိစ္ဆာချီ ရှိတဲ့ နေရာကို မေးကြမယ်”
ချောင်ရို့ချန်သည် အဘိုးဟူသည့် စကားလုံးကို ကြားလိုက်ရသည့်အခါ သူ၏မျက်လုံးတွင်စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူက ခေါင်းငုံ့ကာ မေးလိုက်သည်။ “ဆရာ အဲဒီအစား တခြားလူကို အကူအညီတောင်းလို့ မရဘူးလား”
ဘဝနှစ်ခုစာ အတွေ့အကြုံရှိသည့် ချူဖုန်းက သူ၏တပည့် ဘာတွေးနေသည်ကို အလွယ်တကူ ရိပ်မိပါသည်။
သူက ပြုံးလျက် ထိုကိစ္စကို ရှင်းပြသည်။ “မင်းအဘိုးရဲ့ စေတနာကို နားမလည်သေးပါဘူး”
“ဆရာ တကယ်ပြောတာလား”
ချောင်ရို့ချန်သည် ဆရာ၏ရှင်းပြချက်ကို ကြားပြီးနောက် မှင်တက်သွားလေသည်။ သူ၏အဘိုးက သူ့ကို တိတ်တဆိတ် ဂရုစိုက်နေခဲ့လိမ့်မည်ဟု မထင်ခဲ့ချေ။
ချူဖုန်းက ပြောသည်။ “ငါက မင်းကို ဘာကိစ္စ လိမ်ရမှာလဲ”
“ဒါဆို ဒီည အဘိုးဆီ သွားကြတာပေါ့”
ချောင်ရို့ချန်လည်း သူ့ကို တွေ့ချင်နေမိသည်။ မည်သိုပင်ဆိုစေကာမူ ချောင်မိသားစုတစ်ခုလုံးတွင် သူနှင့် အရင်းနှီးဆုံးလူမှာ ထိုအဘိုးဆိုသူသာ ဖြစ်ပေသည်။
ချူဖုန်းက ပြောသည်။ “ကောင်းပြီလေ။ ဒါပေမဲ့ မသွားခင် ဆရာတို့ နည်းနည်းလောက် အောင်ပွဲခံကြတာပေါ့”
“ဟုတ်ကဲ့”
ညရောက်သောအခါ။
ချူဖုန်းသည် ဆေးဘုရင် ရွှမ်ဟော့နှင့် တွေ့ရန် ချောင်ရို့ချန်အား ဆေးပညာဌာနသို့ ခေါ်ဆောင်သွားသည်။
“ရို့ချန်လေး ရောက်လာပြီကိုး။ လာပါဦး၊ အဘိုး မင်းကို ကြည့်ပါရစေဦး”
လုံးဝ ပြောင်းလဲသွားသည့် သူ၏အချစ်ဆုံး မြေးလေးကို ကြည့်လျက် ဆေးဘုရင် ရွှမ်ဟော့သည် စိတ်လှုပ်ရှားသွားသည်။ ထိုကလေးက နောက်ဆုံးတော့ ကြီးပြင်းလာခဲ့ပါပြီ။ယခင်က သူ့ကို ချူဖုန်း၏လက်ထဲသို့ အပ်ခဲ့ခြင်းက မှန်ကန်သည့် ဆုံးဖြတ်ချက်ပေ။
“အဘိုး”
အဘိုး၏ မျက်နှာကို မြင်လိုက်ရသည့်အခါ ချောင်ရို့ချန်၏ ရင်ထဲမှ မကျေမနပ်မှုများသည် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
သူတို့သည် ပေါ့ပေါ့ပါးပါး စကားပြောရန် ထိုင်လိုက်ကြသည်။
ဆေးဘုရင် ရွှမ်ဟော့က မေးသည်။ “ရှောင်ဖုန်း ဒီတစ်ခါ ဘယ်လို ကျင့်ကြံခြင်း အရင်းအမြစ်တွေ လိုချင်လို့လဲ”
ချူဖုန်းက ပြန်ဖြေလိုက်သည်။ “ရို့ချန်ရဲ့ ဓာတ်ကြီးငါးပါးခန္ဓာကိုယ်ကျင့်ကြံခြင်းက မီး သစ်သားနဲ့ ရေ ဓာတ်တွေကို ပြီးမြောက်သွားပြီ။ အခု သူက မြေကမ္ဘာမိစ္ဆာချီ လိုအပ်နေတယ်။ ခင်ဗျားရဲ့ဗဟုသုတနဲ့ဆိုရင် ဘယ်မှာ ရှာရမလဲဆိုတာ သိမှာ သေချာပါတယ်”
ဆေးဘုရင် ရွှမ်ဟော့သည် မုတ်ဆိတ်မွေးကို သပ်ရင်း ပြောသည်။ “မြေကမ္ဘာမိစ္ဆာချီ စုဝေးတဲ့နေရာကိုတော့ သိပါတယ်”
“ရို့ချန်လေး မင်း ဘယ်တော့လောက် စပြီး ကျင့်ကြံချင်လဲ”
“မြန်လေ ကောင်းလေပါပဲ။ တစ်ရက်လောက် မကျင့်ကြံရရင်ကို နေမထိထိုင်မသာ ဖြစ်နေလို့ပါ” ချောင်ရို့ချန်က အလေးအနက် ပြောလိုက်သည်။
၎င်းကို ကြားလိုက်ရသည့်အခါ ဆေးဘုရင် ရွှမ်ဟော့သည် မထိန်းနိုင်ဘဲ ရယ်ချလိုက်သည်။ “ဟားဟားဟား၊ မင်းက ငါ့ကို အံ့ဩ အောင်လုပ်လိုက်တာပဲ။ ကောင်းပြီလေ မနက်ဖြန်ကျရင် မင်းတို့နှစ်ယောက်ကို အဲဒီနေရာကို လိုက်ပို့ပေးမယ်”
ချောင်ရို့ချန်က ပြောသည်။ “ဘိုးဘေး ကျွန်တော့်တစ်ယောက်တည်းကိုပဲ ခေါ်သွားပါ၊ အပြင်ထွက်တုန်း အခွင့်အရေးယူပြီး ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ချင်လို့ပါ”
“ကောင်းပြီလေ”
ဆေးဘုရင် ရွှမ်ဟော့သည် ချူဖုန်းကို ကြည့်လိုက်ပြီး သူ၏ သဘောထားကို မေးလိုက်သည်။
ချူဖုန်းက ပြောသည်။ “အဆင်ပြေပါတယ်”
ဆေးဘုရင် ရွှမ်ဟော့က ဆိုသည်။ “ဒါဆိုရင် ရို့ချန်လေး၊ ဒီည မင်းရဲ့ အဘိုးနဲ့အတူ အရင်ကအကြောင်းတွေ ပြောကြ တာပေါ့”
“ဟုတ်”
ချောင်ရို့ချန်က ခေါင်းညိတ်လိုက်သည်။
ချူဖုန်းသည် ထရပ်လိုက်ပြီး သူတို့နှစ်ဦးကို နှုတ်ဆက်ကာ သောင်းပြောင်းပညာရပ်ဌာနဆီသို့ ပြန်သွားတော့သည်။
နောက်တစ်နေ့တွင် သူသည် ပုံမှန်အတိုင်း နေ့ခင်းလောက်မှ နိုးလာသည်။
လူမရှိတော့သည့် သောင်းပြောင်းပညာရပ်ဌာနကို ကြည့်ရင်း တိတ်ဆိတ်မှုကို မရင်းနှီးတော့သည့်ပမာ ခံစားလိုက်ရသည့်အတွက် ရေရွတ်မိသည်။ “အခုအချိန် ရှောင်ချန်း ဘာလုပ်နေမလဲ မသိဘူး”
တာ့လိန်နိုင်ငံ။
မြင့်မြတ်နယ်မြေတစ်ခု၏ နယ်နိမိတ်အတွင်းရှိ သေမျိုးနိုင်ငံတစ်ခု ဖြစ်သည်။
တာ့လိန်နိုင်ငံတွင် နယ်စားအဆင့်မရှိသောကြောင့် အသန်မာဆုံးလူမှာ ကောင်းကင်ဇာစ်မြစ်အဆင့် ကျွမ်းကျင်သူသာ ဖြစ်ပြီး အရှင်သခင်သည် နယ်စားဘွဲ့ ပေးအပ်ခြင်း မခံခဲ့ရပေ။
တာ့လိန်မြို့တော်။
တာ့လိန်ဘုရင်သည် ဝမ်တောက်ကျောင်းတော်၏ ဂုဏ်သရေရှိ ဧည့်သည်တော်များကို ကြိုဆိုရန် နန်းတော်တံခါးဝသို့ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိအားလုံးကို ကိုယ်တိုင် ဦးဆောင်၍ ထွက်လာသည်။
သို့သော် အရာရှိများထဲမှ မည်သူမျှ ဤနေရာတွင် စောင့်ဆိုင်းရသည်ကို အနည်းငယ်မျှ မကျေမနပ် မဖြစ်ကြပေ။ ဆန့်ကျင်ဘက်အားဖြင့် သူတို့၏ မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေသည်။
တာ့လိန်နိုင်ငံအတွက် ဝမ်တောက်ကျောင်းတော်ဆိုသည်မှာ သူတို့ လက်လှမ်းမမီနိုင်လောက်အောင် မြင့်မားသည့် တည်ရှိမှုတစ်ခု ဖြစ်သည်။
ဝမ်တောက်ကျောင်းတော်သည် တာ့လိန်နိုင်ငံတွင် တပည့်သစ် စုဆောင်းရေးကို တစ်ခါမှ မလုပ်ခဲ့ဖူးပေ။
အတိတ်တွင် တာ့လိန်မှ မှူးမတ်သားသမီးများသည် ပါဝင်လိုလျှင် အိမ်နီးချင်း ဝေနိုင်ငံသို့ သွားကြရသည်။
မည်သို့ပင်ဆိုစေကာမူ ဝေနိုင်ငံ၏ ဝေနယ်စားဝမ်သည် နီဗားနားရှင်သန်ခြင်းအဆင့် ဖြစ်ပြီး သူတို့၏ အရှင်သခင်လည်း ဖြစ်ပေသည်။
အရာရှိများ ပျော်ရွှင်နေကြစဉ်မှာပင်။
လူရိပ်အချို့ ကောင်းကင်ယံမှ ဆင်းသက်လာကြသည်။
တာ့လိန်ဘုရင်က ဦးစွာ စကားစလိုက်သည်။ “ဝမ်တောက်ကျောင်းတော်ရဲ့ သံတမန်တို့ကို ကြိုဆိုပါတယ်”
သူ၏နောက်မှ မှူးမတ်များကလည်း တပြိုင်နက်တည်း ပြောလိုက်ကြသည်။ “ဝမ်တောက်ကျောင်းတော်ရဲ့ သံတမန်တို့ကို ကြိုဆိုပါတယ်”
“ယဉ်ကျေးနေစရာ မလိုဘူး”
တည်ငြိမ်သော အသံတစ်သံက ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။
ထိုအခါ လူတိုင်း ခေါင်းမော့ကြည့်လိုက်ကြရာ အထက်မှ ဆင်းသက်လာသော လူရိပ် လေးငါးခုကို တွေ့လိုက်ရသည်။
တာ့လိန်ဘုရင်သည် ရှေ့သို့ တိုးလာပြီး မေးလိုက်သည် “သံတမန်တို့ရဲ့ နာမည်ကို သိခွင့်ရမလား”
ပြင်ပရေးရာဌာနမှ အကြီးအကဲဟွမ်သည် သူ၏ရှေ့ကလူကို မှတ်မိသည်။ ထိုသူက တူလေးရှောင်၏ ဦးလေးဖြစ်ပေသည်။ နွေးထွေးပြီး နူးညံ့သည့် အပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် ပေါ်လာသည်။
“ဟွမ်ဟုန်ပါ၊ အရှင်မင်းကြီးအနေနဲ့ ဒီလောက် အားနာစရာ မလိုပါဘူး”
သူ ထိုသို့ ပြောလိုက်သည့် အခိုက် လူတိုင်းက မှင်တက်သွားကြသည်။
ဝမ်တောက်ကျောင်းတော်ကဲ့သို့ အင်အားကြီးနေရာမှ တစ်စုံတစ်ယောက်က သူတို့၏ဘုရင်ကို ယဉ်ယဉ်ကျေးကျေး ပြောဆိုလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။
သို့သော် တာ့လိိန်ဘုရင်သည် သူ့နေရာသူ သိပြီး ဤလူ၏ ရှေ့တွင် မမောက်မာရဲပေ။
“ကျွန်တော်တို့ သံတမန်တို့ကို ဂုဏ်ပြုချင်လို့ နန်းတော်ထဲမှာ စားသောက်ပွဲ ပြင်ဆင်ထားပြီးပါပြီ။ ကျေးဇူးပြုပြီး အထဲကို ကြွပါ”
အကြီးအကဲဟွမ်၏ အကြည့်သည် အနီးနားတွင် ရပ်နေသော ရှောင်ချန်းထံသို့ ကျရောက်သွားသည်။
နိုင်ငံရေး အတွေ့အကြုံကြွယ်ဝသည့် နန်းတွင်းက လူတိုင်းသည် ထိုလူငယ်လေးက သာမန် မဟုတ်ကြောင်း ချက်ချင်း သတိထားမိလိုက်ကြသည်။
လူအုပ်ကြီးထဲတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးတည်းသာ ထိုလူငယ်ကို မြင်သောအခါ ဇဝေဇဝါ ဖြစ်နေသည်။
ထိုလူငယ်သည် သူ့အတွက် ရင်းနှီးနေသလို ခံစားရသည်။
သို့သော် လောလောဆယ်တွင် အဘယ့်ကြောင့်လဲ ဆိုသည်ကိုတော့ သေချာ မစဉ်းစားတတ်ပေ။
ရှောင်ချန်းသည် ထိုလူ၏ အကြည့်ကို သဘာဝအလျောက် အာရုံခံမိလေသည်။
သူ သေသေချာချာ ကြည့်လိုက်ပြီးမှ သူ၏ဖခင်ဖြစ်ကြောင်း မှတ်မိသွားသည်။
သို့သော် ရှောင်ချန်း၏ မျက်လုံးများထဲတွင် နွေးထွေးမှု အရိပ်အယောင် လုံးဝ မရှိပေ။
မှတ်မိသလောက်ဆိုရလျှင် သူ၏ဖခင်ဆိုသူသည် သူ့ကို ဘယ်တုန်းကမှ မေတ္တာဖြင့် မကြည့်ခဲ့ဖူးသလို သူတို့ကြားတွင် ရင်းနှီးသည့်ဆက်ဆံရေးမျိုးလည်း မရှိခဲ့ဖူးချေ။
ထိုတုန်းက သူ့အမေက ခန်းဝင်ပစ္စည်းများကို ထုတ် ရောင်းခဲ့သည်မျိုး မရှိလျှင် ဝေနိုင်ငံသို့ သွားပြီး ဝမ်တောက်ကျောင်းတော်၏ ဝင်ခွင့် စမ်းသပ်မှုတွင် ပါဝင်ခွင့်ရခဲ့မည် မဟုတ်ပေ။
ထိုအခွင့်အရေးသာ မရှိခဲ့လျှင် ရှောင်ချန်းသည် ယနေ့ ရရှိထားသော အောင်မြင်မှုများကို ဘယ်သောအခါမှ ရရှိလာနိုင်မည် မဟုတ်ချေ။
လွီယွဲ့အာသည် သူမ၏ စီနီယာအစ်ကို ပြောင်းလဲသွားသည်ကို သတိပြုမိပြီး ပြောလိုက်သည်။ “ဦးလေးဟွမ် စီနီယာအစ်ကိုရှောင် နည်းနည်း ပင်ပန်းနေပုံရတယ်။ ကျွန်မတို့ နန်းတော် စားသောက်ပွဲကို မတက်တော့ပါဘူး”
အကြီးအကဲဟွမ်က တည်ငြိမ်စွာ ပြောသည်။”ကောင်းပြီလေ၊ အရင်ဆုံး အနားယူဖို့ နေရာရှာလိုက်ဦး၊ ငါတို့ ခဏနေရင် လိုက်လာခဲ့မယ်”
‘ရှောင်ချန်း ဒီတစ်ခေါက် ပြန်လာတာက အိမ်ပြန်ဖို့ သက်သက်ပဲ ဆိုတာကို နားလည်တယ်’
သူက စိတ်အားထက်သန်နေမှတော့ အကြီးအကဲဟွမ်က ဝမ်းမြောက်ဝမ်းသာ ကူညီပေးရပေမည်။
“သွားလိုက်ပါဦးမယ် ဦးလေး”
ရှောင်ချန်းသည် အကြီးအကဲဟွမ်ကို အနည်းငယ် ဦးညွှတ်လိုက်ပြီး လူတိုင်း၏ အကြည့်အောက်မှာပင် လွီယွဲ့အာနှင့်အတူ အိမ်ရှိရာသို့ ပျံသန်းထွက်ခွာသွားသည်။
အကြီးအကဲဟွမ်သည် သူတို့၏ ပုံရိပ်များ အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် တာ့လိန်၏အရာရှိများဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ကျုပ်လည်း နည်းနည်း ပင်ပန်းနေသလိုပဲ ဒီနေ့ စားသောက်ပွဲကို ကျော်လိုက်ကြတာပေါ့။ နောက်သုံးရက်နေရင် နန်းတော်ထဲမှာ တပည့်သစ် စုဆောင်းပွဲ အခမ်းအနား စလိမ့်မယ်။ အဲဒီကျမှ ခင်ဗျားတို့ရဲ့ တပည့်တွေကို ခေါ်လာခဲ့ကြ”
ဝမ်တောက်ကျောင်းတော်က တာ့လိန်နိုင်ငံတွင် တပည့်သစ် စုဆောင်းပွဲ ကျင်းပရန် ရွေးချယ်လိုက်ရသည့် အကြောင်းအရင်းမှာ။
အဓိကအားဖြင့် နတ်ဘုရားခန္ဓာပိုင်ရှင် ရှောင်ချန်း၏နယ်မြေက ဖြစ်နေ၍ပင်။
ဝမ်တောက်ကျောင်းတော်သည် ၎င်းနေရာမှာ အခြား အလားအလာရှိသည့် မျိုးစေ့ကောင်းလေးများ ရှိမရှိ စမ်းသပ်ကြည့်ချင်နေခြင်း ဖြစ်သည်။
မည်သို့ပင့်ဆိုစေကာမူ နတ်ဘုရားခန္ဓာနှင့် သွေးမျိုးဆက် နိုးထခြင်းက မျိုးရိုးအမွေအနှစ်နှင့်ဆက်စပ်နေနိုင်သည်။
ဘယ်သူမှ ပြန်မပြောနိုင်ခင်မှာပင် အကြီးအကဲဟွမ်သည် သူ၏တပည့်များနှင့်အတူ လှည့်ထွက်သည့်အတွက် တာ့လိန်၏အရာရှိများမှာ လေထဲတွင် ကြောင်အစွာ ကျန်ရစ်ခဲ့တော့သည်။