မကျေနပ်ရင် လာတိုက်လေ
Vol. 5 Ch. 45
“မင်းသားခြောက်ကို ပင်မတံခါးကနေ မဝင်ပါနဲ့လို့ သတိပေးထားပြီးသားနော်။ ပြီးမှ ကျွန်တော်တို့ကို ရိုင်းတယ်ဆိုပြီး အပြစ်မတင်ပါနဲ့” အထိန်းတော်ချွီက အထင်သေးသည့် မျက်ဝန်းများဖြင့် ပြောလိုက်သည်။
သူ၏အမြင်တွင် ရှောင်ချန်းသည် ကိုယ်လုပ်တော်တစ်ဦး၏ သားသာ ဖြစ်သည်။
အတိတ်က သူ့ကို လေးစားခဲ့ကြခြင်းသည် ဝမ်တောက်ကျောင်းတော်သို့ ဝင်နိုင်ခဲ့၍ပေ။
သို့သော် ယခု ရှောင်ချန်း မသန်မစွမ်းဖြစ်သွားသည့်သတင်းကို တာ့လိန်တစ်နိုင်ငံလုံး မသိသည့်သူမရှိပေ။
သူ၏အမေကသာ ဝမ်တောက်ကျောင်းတော်သို့ သွားပြီး မတောင်းပန်ခဲ့လျှင် သူတို့က ရှောင်ချန်းကို သောင်းပြောင်းပညာရပ်ဌာနသို့ ပို့လိုက်မည်ပင်မဟုတ်ပေ။ သောင်းပြောင်းပညာရပ်ဌာနဆိုသည်ကလည်း မကျင့်ကြံနိုင်သည့်ဌာနပင်။
ရှောင်ချန်းက နာနာခံခံနေထိုင်သရွေ့ သူတို့က ဝမ်တောက်ကျောင်းတော်နှင့် ပြဿနာမဖြစ်အောင် နေမှာပင်။
သို့သော် ယခု ရှောင်ချန်းက မင်းသားတင်းအိမ်တော်သို့ ပြန်လာရဲသည်။ ၎င်းက သူတို့အဖို့ ပြဿနာရှာရန်အတွက် အပြီးပြည့်ဆုံးသော ဆင်ခြေတစ်ခုပင်။
လွီယွဲ့အာသည် သူမ လေးစားအားကျရသည့် သူတစ်ဦး ယခုလို အရှက်ခွဲခံနေရသည်ကို ကြည့်မနေနိုင်တော့ပေ။ သူမက ဒေါသတကြီး ထပြောလိုက်သည်။
“ရှင် စကားကို ဘယ်လိုပြောနေတာလဲ။ ကျွန်မရဲ့ စီနီယာအစ်ကိုရှောင်က ဘယ်သူလဲဆိုတာ...”
“ဂျူနီယာညီမလေးလွီ” ရှောင်ချန်း သူမ၏စကားကို ဖြတ်ပြောလိုက်သည်။
‘ ဒီတစ်ခေါက် ပြန်လာတာက သူရဲ့အစွမ်းအစကို သက်သေပြဖို့’
‘သူ့ရဲ့ ကိစ္စမှာ ဘယ်သူ့ကိုမှ ဝင်ပါခွင့်ပြုမှာ မဟုတ်ဘူး’
“ဒီကိစ္စကို အစ်ကို့တာဝန်ထားလိုက်ပါ။ ဂျူနီယာညီမလေး ဘာမှ ထပ်ပြောစရာ မလိုဘူး”
“ဟုတ်ကဲ့ပါ စီနီယာအစ်ကို”
လွီယွဲ့အာက ဘာမှ ထပ်မပြောတော့ပေ။
အထိန်းတော်ချွီသည် သူမက ရှောင်ချန်းကို စီနီယာအစ်ကိုဟု ခေါ်လိုက်သည်ကို ကြားသော် သတိကြီးသွားသည်။သူမလည်း ဝမ်တောက်ကျောင်းတော်၏ တပည့်ဖြစ်နိုင်သည်။
သို့သော် သူ၏စိတ်ထဲ၌ ရှောင်ချန်းက အစေခံအဆင့် တပည့်တစ်ယောက်ဟု တွေးနေမိသည်။
‘သူ ခေါ်လာတဲ့ ကောင်မလေးဆိုရင်လည်း အဲဒီအဆင့်လောက်ပဲ ဖြစ်မှာပေါ့။ ဝမ်တောက်ကျောင်းတော် နာမည်သုံးပြီး လာဟန်ရေးပြနေတာပဲ’
‘စိတ်မကောင်းပါဘူး ရှောင်ချန်းရာ။ ကံဆိုးချင်တော့ ကျောင်းတော်မှာ မင်း ဘယ်လောက်တောင် အခြေအနေဆိုးနေလဲဆိုတာ ဒီမှာရှိတဲ့ လူတိုင်းက သိနေကြတယ်’
‘နာမည်သုံးပြီး သူတို့ကို လာဖြဲခြောက်ချင်တာလား။ မဖြစ်နိုင်ဘူး’
သူက လက်ဟန်ပြလိုက်သည်နှင့် စောစောက လူစုကွဲသွားသည့် လူအုပ်ကြီးက ရှောင်ချန်းနှင့် လွီယွဲ့အာကို ပြန်ဝိုင်းလိုက်ကြသည်။ အိမ်တော်၏ အစောင့်များပင် အရှေ့သို့ထွက်လာကြသည်။
၎င်းကို မြင်သော် ရှောင်ချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “တစ်ခုခုဖြစ်မှ ငါ သတိမပေးခဲ့ဘူးလို့ မပြောနဲ့နော်။ ငါ့ဓားက သဲလွန်စမကျန်အောင် သတ်နိုင်တယ်”
အထိန်းတော်ချွီက ရယ်မောလိုက်သည်။”မင်းသားခြောက်... မင်းရဲ့ လျှို့ဝှက်ချက်ကို မသိဘူးလို့များ တကယ် ထင်နေတာလား။ ငါတို့ အကုန် သိပြီးသား”
“လာကြစမ်း... ဒီ မနာခံတက်တဲ့ သားမိုက်ကို ဖမ်းပြီး အတွင်းဆောင်ကို ခေါ်သွားကြ။ ဝမ်ဖေးက သူ့ကို ဆုံးမပေးလိမ့်မယ်”
“ဟုတ်ကဲ့ပါ”
အမိန့်ရသည်နှင့် လူတိုင်းက လက်နက် ထုတ်လိုက်ကြသည်။
ကလန်။
သူတို့ တိုက်ခိုက်ဖို့ ပြင်နေသည်ကို မြင်သော် ရှောင်ချန်းက လေကုန်မခံတော့ပေ။ သူက ဓားဆွဲထုတ်လိုက်သည်။
ဓားအလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားပြီး အစေခံများနှင့် အစောင့်များသည် နေရာ၌ တောင့်ခဲကုန်ကြသည်။
ခဏအကြာမှာတော့ သူတို့အားလုံး ကြိုးပြတ်သွား သည့် ရုပ်သေးပမာ လဲကျသွားတော့သည်။
ရှောင်ချန်းက အထိန်းတော်ချွီကို မသတ်ပေ။ ထိုအစား သူ့ကို အေးစက်စွာ စိုက်ကြည့်ပြီး မေးလိုက်သည်။ “ငါ့ကို တားချင်တဲ့သူ ရှိသေးလား”
အထိန်းတော်ချွီက ကြောက်လွန်း၍ မလှုပ်နိုင်တော့ပေ။ ထိုအစောင့်များထဲတွင် တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများပင် ပါသေးသည်။
သို့သော် သူတို့အားလုံး ရှောင်ချန်း၏ ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။ ၎င်းက ရှောင်ချန်းသည် ပြန်လည်၍ကျင့်ကြံနိုင်သွားပြီဟု ဆိုလိုနေသည်။
‘သွားပြီ။ ငါတော့ လုံးဝ သွားပြီ’
သူ စကားပြောဖို့ ပြင်လိုက်ချိန်မှာပင်။
ဒေါသတကြီး အော်သံတစ်သံသည် ကောင်းကင်၌ ပဲ့တင်ထပ်သွားသည်။
“မောက်မာလိုက်တဲ့ ခွေးကောင်။ မင်းသားတင်းရဲ့အိမ်တော်ဝမှာ လူတွေကို တိုက်ခိုက်ရဲတယ်ပေါ့။ သေဖို့သာ ပြင်ထားလိုက်တော့”
စကားသံ ဆုံးသည့်အခိုက်မှာပင်။
ဓားအလင်းတန်းတစ်ခုသည် အထက်မှ ကျဆင်းလာသည်။ သို့သော် ရှောင်ချန်းက လက်ချောင်းတစ်ချောင်းနှင့် ဓားချီကို ညင်သာစွာ ထိုးလိုက်သည့်အခါ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
ကောင်းကင်ထက်တွင်။
အမွေခံဖြစ်သူ ရှောင်ရှီလီသည် မြေပြင်ပေါ်က လူငယ်လေးကို တုန်လှုပ်စွာ ကြည့်နေသည်။ သူ၏မျက်နှာနှင့် အတော်တော်လေး ဆင်သည့်ထိုသူကို စိုက်ကြည့်ရင်း အမူအရာပျက်ယွင်းသွားတော့သည်။
ယနေ့ သူသည် ဂိုဏ်း၏အကြီးအကဲများနှင့် စီနီယာအစ်ကိုများကို အိမ်တော်၌ ဧည့်သည်အဖြစ် ခေါ်လာခဲ့သည်။
သူ၏ရည်ရွယ်ချက်သည် အကြီးအကဲ တစ်ဦးက ညီဖြစ်သူကို တပည့်အဖြစ် လက်ခံစေရန်ပင်။
သို့သော် တံခါးဝသို့ ရောက်ရောက်ချင်းတွင်။
ထိုသကောင့်သားက မိသားစု၏အစောင့်အကြပ်များနှင့် အစေခံများကို သတ်ပစ်ခြင်းကို မြင်လိုက်ရ၏။
သူ့ကို ဒေါသထွက်စေသည်မှာ တစ်ဖက်လူက သူ့ထက် များစွာငယ်ရွယ်နေ၍ပင်။ သို့သော် ထိုသူက သူထက် ပို၍သန်မာနေသည်။
၎င်းကို သူလက်မခံနိုင်ပေ။
“ဂျူနီယာညီလေးရှီလီ ကြည့်ရတာ ဒီခွေးကောင်က အရည်အချင်း နည်းနည်း ရှိပုံရတယ်။ မင်းရဲ့ စီနီယာအစ်ကိုဖြစ်တဲ့ ငါက ရှင်းပေးမယ်” ယဉ်ကျေးသိမ်မွေ့ဟန်ရသည့် လူငယ်တစ်ယောက်က ရွှင်မြူးစွာ ပြုံးလျက် ရှေ့ထွက်လာပြီး ပြောလိုက်သည်။
ရှောင်ရှီလီက ချက်ချင်း ဘေးဖယ်ပေးလိုက်ပြီး လေးစားစွာ ပြောသည်။ “ဒါဆိုရင် စီနီယာအစ်ကိုကျောက် ကိုပဲ ဒုက္ခပေးရတော့မယ်”
ထိုလူက ခေါင်းညိတ်ပြပြီး ရှောင်ချန်းကို မောက်မာစွာ ကြည့်လိုက်သည်။
“မှတ်ထားစမ်း ဟေ့ကောင်။ မင်းကို သတ်မဲ့သူက ရှန်ချင်းဓားဂိုဏ်းက—“
“ငါက ငပျော့တစ်ယောက် သူ့ နာမည်လာပြောနေတာကို စိတ်ဝင်စားလောက်အောင် အားယားမနေဘူး။ မသေချင်ရင် ထွက်သွားလိုက်”
ရှောင်ချန်းက သူ့ကို အေးစက်စွာ ဖြတ်ပြောပြီး ထိုသူ၏ သူရဲကောင်းဆန်ဆန် မိတ်ဆက်စကားကို အဆုံးထိ ပြောခွင့် မပေးချေ။
“မောက်မာလိုက်တာ”
စီနီယာအစ်ကိုကျောက်သည် ထိုလူငယ်က သူ့ကို အဖက်မလုပ်ကြောင်း သိလိုက်ရသည်။
‘သူက ရှန်ချင်းဓားဂိုဏ်းရဲ့ မျိုးဆက်သစ်တွေထဲမှာ အသန်မာဆုံးလေ’
ကလန်။
သူက တွန့်ဆုတ်မနေဘဲ ရှောင်ချန်းကို ဓားဖြင့်ခုတ်ချလိုက်သည်။
“ဒီလောက်အကွက်လေးနဲ့များ ငါ့ရှေ့မှာ အာချောင်ရဲတယ်ပေါ့”
ရှောင်ချန်း၏ မျက်လုံးများတွင် အထင်သေးမှုများ ပေါ်လာသည်။ သူက ဓားကို အသာအယာ မြှောက်လိုက်ပြီး ကောင်းကင်သို့ ညွှန်လိုက်သည်။
ထိုအခါ သူ့၏ဓားချီက တိုက်ခိုက်မှုကို ဖျက်ဆီးပစ်လိုက်သည့်အပြင် အားမလျှော့သေးဘဲ စီနီယာအစ်ကိုကျောက်ဆိုသူထံသို့ပါ ဆက်သွား၏။
“သတိထား” ရှန်ချင်းဓားဂိုဏ်း၏ အကြီးအကဲတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး တိုက်ခိုက်မှုကို တားဆီးဖို့ ဓားကို မြှောက်လိုက်သည်။
ကံဆိုးသည်မှာ ရှောင်ချန်း၏ဓားက အင်မတန် မြန်လွန်းလှ၏။ အကြီးအကဲက အချိန်မီ မတားဆီးနိုင်လိုက်ပေ။
စီနီယာအစ်ကိုကျောက်က ဘာမှန်းမသိလိုက်ပေ။ ခဏတာမူးဝေမှုကိုသာ ခံစားလိုက်ရသည်။ ထို့နောက် ကြိုးပြတ်သွားသည့် စွန်ပမာ ကောင်းကင်ပေါ်ကနေ ကျဆင်းလာသည့် ခေါင်းမပါသည့် အလောင်းတစ်လောင်းကို တွေ့လိုက်ရသည်။
ဘုန်း။
အသံတစ်သံ ပဲ့တင်ထပ်သွားသည်။
ထို့နောက် တိတ်ဆိတ်သွားခဲ့သည်။
မင်းသားတင်းအိမ်တော်၏ လူဖြစ်စေ ရှန်ချင်းဓားဂိုဏ်း၏တပည့်ဖြစ်စေ လူအားလုံး နေရာမှာတင် တောင့်ခဲသွားသည်။
ဝမ်တောက်ကျောင်းတော်က တပည့်လောက်သာ မအံ့ဩသွားပေ။
ရှောင်ချန်းက မျိုးဆက်တူကြားတွင် ပြိုင်ဘက်ကင်းတစ် ယောက်ဖြစ်နေလေပြီ။ အသေးအဖွဲ့လူတစ် ယောက်လောက်ကို ရှင်းပစ်ရန် အားစိုက်စရာတောင် မလိုပေ။
သူတို့ကို အနည်းငယ် အံ့ဩသွားစေသည်က ရှန်ချင်းဓားဂိုဏ်း၏ ကောင်းကင်ဇာစ်မြစ်အဆင့် အကြီးအကဲက သူ၏တပည့်ကို အချိန်မီ မကယ်တင်နိုင်ခဲ့ခြင်းကိုပေ။
“လူယုတ်မာကောင်။ မင်းက ငါ့တပည့်ကို သတ်ရဲတယ်ပေါ့။ ဒီနေ့ မင်း သွေးနဲ့ ပြန်ပေးဆပ်စေရမယ်”
ရှန်ချင်းဓားဂိုဏ်း၏အကြီးအကဲက ဟိန်းဟောက်လိုက်ပြီး ရှောင်ချန်းကို ဓားနှင့် ခုတ်ပိုင်းချလိုက်သည်။
ရှောင်ချန်းက နောက်မဆုတ်ပေ။ ထိုအစား သူက တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အလို့ငှာ အပေါ်သို့ ပျံတက်သွားလိုက်သည်။ ထို့နောက် ဓားကို တည်ငြိမ်စွာ ဝှေ့ယမ်းလိုက်ပြီး တိုက်ခိုက်မှုကို လွယ်လင့်တကူပဲ ပယ်ဖျက်လိုက်ကာ အကြီးအကဲကို အေးစက်စွာ ကြည့်လိုက်သည်။
“ကောင်းကင်ဇာစ်မြစ်အဆင့် ကျင့်ကြံသူ”
“ဓားဆန္ဒ”
အကြီးအကဲပိုင်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင် ပေါ်လာသည်။
သူ၏ရှေ့က လူငယ်လေးက စစ်မှန်ကံကြမ္မာအဆင့်သာ ရှိသေးသော်လည်း ဓားဆန္ဒကို နားလည်သဘောပေါက်ထား၏။ ၎င်းသည် ထိုလူငယ်လေးက ထူးခြားသည့် နောက်ခံမှ ဆင်းသက်လာသူဟုဆိုလိုနေသည်။
“မင်း...မင်း ဘယ်သူလဲ”
ရှောင်ချန်းက ရိုးရိုးရှင်းရှင်းပဲ ပြောလိုက်သည်။ “ဝမ်တောက်ကျောင်းတော်၊ ရှောင်ချန်း”
“ဝမ်တောက်ကျောင်းတော်”
“မဖြစ်နိုင်ဘူး”
ရှန်ချင်းဓားဂိုဏ်း၏ တပည့်များထံမှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာကြသည်။
အထူးသဖြင့် ရှောင်ရှီလီပင်။ သူက ရှောင်ချန်းကို မယုံကြည်နိုင်သလို စိုက်ကြည့်နေသည်။
‘သူက မသန်းမစွမ်း ဖြစ်သွားလို့ မကျင့်ကြံန်ိုင်တော့ဘူးပြောနေကြတာ မဟုတ်ဘူးလား’
‘ ဘယ်လိုလုပ်ပြီး ပိုသန်မာလာရတာလဲ၊ အရင်ကထက်တောင် ပိုကြောက်ဖို့ကောင်းနေတယ်’
အကြီးအကဲပိုင်၏ မျက်နှာထားမှာ ကြည့်မကောင်း တော့ပေ။ ရှန်ချင်းဓားဂိုဏ်းအတွက် ဝမ်တောက်ကျောင်းတော်ဆိုသည်မှာ မယာယနဘီလူးကြီး တစ်ကောင်ပမာပင်။
တပည့်တစ်ယောက် အသတ်ခံရသည်ကို မပြောပါနှင့်။
သူကိုယ်တိုင် အသတ်ခံရလျှင်ပင် ရှန်ချင်းဓားဂိုဏ်းက ဝမ်တောက်ကျောင်းတော်ကို ကလဲ့စားချေရဲမှာ မဟုတ်ပေ။
သို့သော် သူ၏နောက်တွင် တပည့်များရှိသေးသည်ဖြစ်၍ အားနည်းကြောင်းဖော်ပြ၍မရချေ။
“မင်း... ဘာလို့ ငါ့တပည့်ကို သတ်ရတာလဲ”
ရှောင်ချန်းက အေးစက်စွာ ပြောသည်။ “သူက ငါ့မိသားစု ကိစ္စထဲ ဝင်ပါပြီး အရင် တိုက်ခိုက်တာလေ။ ငါ သူ့ကို သတ်လိုက်တာ မှားလား”
“သေချာတာပေါ့၊ ခင်ဗျား မကျေနပ်ရင်”
“ခင်ဗျားလည်း လာတိုက်လို့ ရတယ်”