← Chapters

ရှောင်ချန်း၏ ဓားက လူအများကို တုန်လှုပ်သွားစေသည်

Vol. 5 Ch. 46

ရှောင်ချန်း၏ ဓားက လူအများကို တုန်လှုပ်သွားစေသည်

Vol. 5 Ch. 46

မောက်မာလွန်းသည်။

၎င်းကို မောက်မာလွန်းသည်ဟုသာ ဆိုရမည်။

လူတိုင်းသည် ရှောင်ချန်း၏ စကားကြောင့် မှင်တက်သွားကြသည်။

မင်းသားတင်းအိမ်တော်အတွင်းက သူများပင်ကောင်းကင်ယံမှ ပဋိပက္ခကို သတိထားမိသွားပြီး ထွက်ကြည့်ရန် ပြင်ဆင်နေသော်လည်း ရှောင်ချန်း၏ စကားကို ကြားလိုက်ရသောအခါ တုန်လှုပ်သွားကြသည်။

အကြောက်ဆုံးလူမှာ အထိန်းတော်ချွီပင် ဖြစ်သည်

ခုနကလေးတင်မှ သူသည် ရှောင်ချန်းကို လူရှေ့တွင် အရှက်ခွဲခဲ့သေးသည်။

ရှန်ချင်းဓားဂိုဏ်းနှင့် ကိစ္စပြီးသွားလျှင် သူ၏အလှည့်သို့ ရောက်လာမည်မှာ သေချာသလောက်ပင်။

အကြီးအကဲပိုင်လည်း အံ့အားသင့်သွားသည်။ သူက ရှောင်ချန်းကို အလျှော့ပေးရန် စီစဉ်ထားသည်။

သို့သော် ထိုလူငယ်လေးသည် မောက်မာဝံ့ကြွားလွန်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူသည် မြင့်မြတ်နယ်မြေတစ်ခုမှ မဟုတ်သော်လည်း ကောင်းကင်ဇာစ်မြစ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲပင်။ ရှောင်ချန်းထက် အဆင့်ကြီးတစ်ဆင့် သာလွန်သူ ဖြစ်သည်။

သို့သော် ယခု ရှောင်ချန်းက ထိုစကားမျိုး ပြောလိုက်ပြီဖြစ်ရာ သူသာ မတိုက်ခိုက်လျှင် ရှန်ချင်းဓားဂိုဏ်းတွင် မည်သို့ မျက်နှာပြနိုင်တော့မည်နည်း။

ဘယ်သူကများ သူ့ထံတွင် တပည့် လာခံရဲတော့မည်နည်း။

“မင်းကိုယ်တိုင် ပြောခဲ့တာနော်။ တကယ်လို့ ရှုံးသွားရင် ဝမ်တောက်ကျောင်းတော်ကို ကလဲ့စားချေပေးဖို့ သွားမငိုပြနဲ့”

ရှောင်ချန်းက ပြုံးလိုက်သည်။ “စိတ်အေးအေးထားပါ။ ခင်ဗျားက ကောင်းကင်ဇာစ်မြစ်အဆင့် ကျင့်ကြံသူပဲလေ။ ကျွန်တော့်အတွက် ပြိုင်ဘက်တောင် မဟုတ်ပါဘူး။ ပြီးတော့ ခင်ဗျား ရှုံးသွားရင် ကျွန်တော်နဲ့ နောက်တစ်ခါ ထပ်တိုက်ခွင့် ရမှာ မဟုတ်ဘူး”

“ဘာလို့လဲဆိုတော့ ကျွန်တော်က အရှုံးသမားတွေကို နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မတိုက်ခိုက်ဘူးလေ”

“သဘောတူတယ်”

အကြီးအကဲပိုင်သည် ရှောင်ချန်း လက်ခံလိုက်သည်ကို မြင်သောအခါ အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။ သူ ဤကောင်စုတ်လေးကို အနိုင်ယူရပေမည်။

“သူတို့ကို နောက်ဆုတ်ခိုင်းလိုက်ပါ။ ကျွန်တော် တိုက်ခိုက်တဲ့အခါ မတော်တဆ လူသတ်မိမှာ စိုးလို့”

ရှောင်ချန်းသည် ရှောင်ရှီလီနှင့် အခြားသူများကို လှမ်းကြည့်လိုက်သည်။

အကြီးအကဲပိုင်က မကန့်ကွက်ပေ။ သူသည် တပည့်များဘက်သို့ လက်ဝေ့ယမ်းကာ ပြလိုက်သည်။

“မင်းတို့အားလုံး မင်းသားအိမ်တော် တံခါးဝမှာ သွားစောင့်နေကြ”

“ဟုတ်ကဲ့ပါ ဆရာ”

ထိုအခါမှ ရှောင်ရှီလီသည် သတိပြန်ဝင်လာပြီး သူ့စီနီယာအစ်ကိုများကို ဦးဆောင်ကာ တံခါးအပြင်ဘက်သို့ ဆင်းသက်သွားသည်။

“တာအိုရောင်းရင်း ကျေးဇူးပြုပြီး”

အကြီးအကဲပိုင်က သိုင်းကျင့်ဝတ်အရ လက်ဟန်ပြလိုက်သည်။

ရှောင်ချန်းက ခေါင်းအသာညိတ်လိုက်သည်။ “ခင်ဗျား အရင်စပါ၊ မဟုတ်ရင် ကျွန်တော့်ကို အခွင့်အရေး မပေးခဲ့ဘူးလို့ မပြောနဲ့”

ဟူးလားလား။

ကြည့်ရှူနေသူများကြားတွင် သက်ပြင်းရှိုက်သံများ ပျံ့နှံ့သွားသည်။

ဝမ်တောက်ကျောင်းတော်မှ ကျောင်းသားများပင် တစ်ယောက်နှင့်တစ်ယောက် တီးတိုး ပြောလာကြသည်။

“စီနီယာအစ်ကိုရှောင် နည်းနည်း မများလွန်းဘူးလား၊ ဟိုဘက်က ကောင်းကင်ဇာစ်မြစ်အဆင့် ကျင့်ကြံသူနော်”

“မဟုတ်ဘူး၊ သူက မောက်မာနေတာ မဟုတ်ဘူး” အကြီးအကဲဟွမ်က သူ၏အတွေ့အကြုံများကို အခြေခံ၍ တည်ငြိမ်စွာ ပြောလိုက်သည်။ “သူက ပြိုင်ဘက်ကင်းလမ်းစဉ်ကို လျှောက်လှမ်းနေတာ”

“ဒီတစ်ခါတော့ သောင်းပြောင်းပညာရပ်ဌာနရဲ့ ပြိုင်ဘက်ကင်း ဓားသိုင်း၊ ဓားတစ်သောင်းတို့အပြန် ကို မြင်ခွင့်ရတော့မှာပဲ”

ထိုစကားများ ထွက်ကျလာသည်နှင့် ကျောင်းသားများ၏ မျက်နှာများသည် စပ်စုချင်စိတ်များဖြင့် ဝင်းလက်လာကြသည်

ကောင်းကင်အထက်၌ အကြီးအကဲပိုင်သည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ပြန်လည်တည်ငြိမ်သွားသည်။

“တာအိုရောင်းရင်း ဒီဓားသိုင်းက ရှန်ချင်းဓားဂိုဏ်းရဲ့ မဟာဓားသိုင်းသုံးခုထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်ကြည်လင်ဖြတ်ပိုင်းခြင်း ပဲ သတိထားပေတော့”

သူ၏စကားသံ ဆုံးသည်နှင့် ဓားကို ရှေ့သို့ ခုတ်ပိုင်းလိုက်သည်။

ကလန်။

ဓားကွက်သည် လျှပ်စီးကဲ့သို့ လျင်မြန်ပြီး တားဆီးမရနိုင်သည့် အရှိန်အဟုန်ကို သယ်ဆောင်ထားသည်။ ဓားသွား မရောက်မီကပင် ၎င်း၏ မြည်ဟိန်းသံများ လေထုထဲတွင် ပြည့်နှက်နေသည်။

ရှောင်ချန်းက အေးဆေးစွာ တုံ့ပြန်လိုက်သည်။ “ဓားတစ်သောင်းတို့အပြန်”

ဓားအလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွားသည်။

နောက်တစ်ခဏတွင် မရေမတွက်နိုင်သော ဓားရောင်ခြည်များသည် ရှောင်ချန်း၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။

၎င်းတို့သည် မိုးစက်မိုးပေါက်များသဖွယ် ကျဆင်းလာပြီး အကြီးအကဲပိုင်ထံသို့ ဦးတည်သွားကြသည်။

မျက်စိတစ်မှိတ်အတွင်း သူ၏ဓားသိုင်းကွက်က ပျက်စီးသွားသည်။

အကြီးအကဲပိုင်သည် သူ၏ဘဝတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဓားသိုင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ထိတ်လန့်တကြားဖြင့် သူသည် တိုက်ခိုက်မှုများကို ကာကွယ်ရန် ကြိုးစားရင်း အော်ဟစ်လိုက်သည်။ “တာအိုရောင်းရင်းရှောင် ကျုပ် အရှုံးပေးပါပြီ”

ထိုစကားများကို ကြားလိုက်ရသောအခါ ရှောင်ချန်းသည် ဓားကို ပြန်သိမ်းလိုက်သည်။

သူ၏ရည်မှန်းချက် အောင်မြင်ပြီးသွား၍ ဆက်လက် သတ်ဖြတ်နေစရာ မလိုတော့ပေ။

ဓားချီများ ပျောက်ကွယ်သွားသည်နှင့် အကြီးအကဲပိုင်သည် နောက်ဆုံးတွင် သက်ပြင်းရှည်ကြီး ချလိုက်နိုင်သည်။

အကယ်၍ သူသာ မြန်မြန်ဆန်ဆန်အရှုံးမပေးခဲ့လျှင် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရပေလိမ့်မည်။ ထိုကောင်လေး၏ဓားသိုင်းကွက်သည် ကြောက်စရာ ကောင်းလွန်းသည်။

‘ ဝမ်တောက်ကျောင်းတော်က တပည့်ဆိုတော့လည်း မဆန်းပါဘူးလေ’

တိတ်ဆိတ်ခြင်း

မင်းသားတင်းအိမ်တော်သည် လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားသည်။

တိုက်ပွဲက ခဏလေး ဖြစ်သော်လည်း အိမ်တော်ထဲက လူတိုင်းနီးပါး မြင်တွေ့လိုက်ကြသည်။

အထူးသဖြင့် ရှောင်ရှီလီနှင့် သူ၏ရွယ်တူသူငယ်ချင်းများသည် သူတို့ဆရာ မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ဝမ်တောက်ကျောင်းတော်မှ တပည့်များက အားကျနေကြသည်။

“အကြီးအကဲပိုင်က သိပ်အားနည်းလွန်းတယ်၊ ကောင်းကင်ဇာစ်မြစ်အဆင့် ကျင့်ကြံသူနဲ့တောင် မတူဘူး”

“တကယ်တော့ ငါတို့ရဲ့ စစ်မှန်ကံကြမ္မာနောက်ဆုံးအဆင့် အတွင်းစည်းစီနီယာတပည့်အချို့တောင် သူ့ထက် ပိုသန်မာလိမ့်မယ်”

“…”

အကြီးအကဲဟွမ်က ပြုံးပြီး ပြောသည်။ “ဒါပေါ့ လူအိုကြီးက အသိတရား ရှိလို့ တော်သေးတယ်။ တူလေးရှောင်သာ အစွမ်းကုန် တိုက်လိုက်ရင် သူ့ခေါင်း ပြုတ်သွားလောက်ပြီ”

သူတို့က ကျယ်ကျယ်လောင်လောင် မပြောကြသော်လည်း ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းနေသဖြင့် လူတိုင်း ရှင်းရှင်းလင်းလင်း ကြားနေရသည်။

အကြီးအကဲပိုင်၏ မျက်နှာသည် အပြာရောင်မှ ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ တခြားသူသာ ထိုသို့ ပြောခဲ့လျှင် သူ သည်းမခံပေ။

သို့သော် လူအိုကြီးက ရှောင်ချန်းကို တူလေးရှောင်ဟုခေါ်လိုက်‌ပေသည်။ ၎င်းက သူသည် ဝမ်တောက်ကျောင်းတော်၏ အကြီးအကဲတစ်ယောက် ဖြစ်ပေသည်ဟု အဓိပ္ပာယ်ရပါ၏။

၎င်းကို သဘောပေါက်လိုက်သည့်အခါ အကြီးအကဲပိုင်သည် သူ့၏ ဆုံးဖြတ်ချက်အတွက် သက်သာရာ ရသွားလေသည်။

အကယ်၍ သူသာ တိုက်ခိုက်ရန် ဇွတ်အတင်းတိုးပြီး ရှောင်ချန်းကို နိုင်ခဲ့လျှင်ပင် နောက်ပိုင်း သူ၏ခေါင်းနှင့်ကိုယ်က အိုးစားကွဲသွားနိုင်သည်။

ရှောင်ချန်းသည် ကောင်းကင်မှ ဆင်းသက်လာပြီး အကြီးအကဲဟွမ်ကို လေးစားစွာ နှုတ်ဆက်လိုက်သည်။ “ဦးလေးဟွမ် ကျွန်တော် အရှက်ရအောင် လုပ်မိပါပြီ”

အကြီးအကဲဟွမ်က ရယ်မောလိုက်သည်။ “တူလေးရှောင် ဒီနေ့ မင်းက ဒီလူအိုကြီးကို တကယ် မျက်စိပွင့်သွားစေတာပဲ။ သောင်းပြောင်းပညာရပ်ဌာနရဲ့ ဓားတစ်သောင်းတို့အပြန်က နာမည်နဲ့လိုက်အောင် စွမ်းပါပေတယ်။ နှမြောစရာကောင်းတာက မင်းရဲ့ ပြိုင်ဘက်က သိပ်အားနည်းလွန်းနေတယ်။ မင်းတို့ဌာနရဲ့ တခြား နည်းစနစ်တွေကို ငါ မမြင်လိုက်ရဘူး”

ရှောင်ချန်းက ယဉ်ကျေးမှုဖြင့် ပြန်ဖြေသည်။”ဦးလေး မြင်ချင်ရင် ကျွန်တော်တို့ ပြန်ရောက်တဲ့အထိ စောင့်လိုက်ပါ။ ကျွန်တော့်ရဲ့ ဂျူနီယာညီလေးချောင်က သောင်းပြောင်းပညာရပ်ဌာနရဲ့ နောက်ထပ် နည်းစနစ်တစ်ခုကို ပြသတော့မှာပါ”

၎င်းသည် အကြီးအကဲဟွမ်ကို စိတ်ဝင်စားသွားစေသည်။ “ဟေ သောင်းပြောင်းပညာရပ်ဌာနက ထပ်ပြီး စည်ကားလာတော့မယ့် ပုံပဲ”

သူတို့နှစ်ဦးသည် တခြားဘယ်သူမှ မရှိတော့သည့်ပမာ ဆက်လက် စကားပြောနေကြပြီး မင်းသားတင်းအိမ်တော်နှင့် ရှန်ချင်းဓားဂိုဏ်းကို လုံးဝ လျစ်လျူရှုထားကြသည်။

သို့သိတိုင် ရှန်ချင်းဓားဂိုဏ်း၏တပည့်များနှင့် အကြီးအကဲများက စကားတစ်ခွန်းမျှ မဟရဲကြပေ။

ခဏကြာတော့။

အကြီးအကဲပိုင်သည် နောက်ဆုံးတွင် ရှေ့သို့ တိုးလာပြီး လေးစားစွာ ဦးညွှတ်လိုက်သည်။ “ဂျူနီယာက စီနီယာကို ဂါရဝပြုပါတယ်၊ စောစောက ရိုင်းပြမိခဲ့ပါတယ်၊ ခွင့်လွှတ်ပေးပါခင်ဗျာ”

အကြီးအကဲဟွမ်က လက်ဝေ့ယမ်းလိုက်သည်။ “မလိုပါဘူး။ မင်းတို့က ပုဂ္ဂိုလ်ရေး အငြင်းပွားမှုကို ဖြေရှင်းနေကြတာပဲလေ၊ ရှောင်ချန်း ဘာမှမဖြစ်သရွေ့ ငါ ဝင်ပါမှာ မဟုတ်ပါဘူး”

“ဒါပေမဲ့ သူ တစ်ခုခု ဖြစ်သွားခဲ့ရင်တော့ ငါ အာမခံတယ်၊ ဝမ်တောက်ကျောင်းတော်က ဌာနမှူးတွေ ကျောင်းအုပ်ကြီးတွေ ကိုယ်တိုင်လှုပ်ရှားလာကြလိမ့်မယ်”

ထိုစကားများကြောင့် အကြီးအကဲပိုင်၏ ခြေထောက်များမှာ ပျော့ခွေလုနီးပါး ဖြစ်သွားသည်။ သူသည် နေရာမှာတင် လဲကျလုနီးပါး ဖြစ်သွား ပြီး နဖူးမှ ချွေးစေးများ စီးကျလာသည်။

သူက ငတုံး မဟုတ်ပေ။ သွယ်ဝိုက်စွာ သတိပေးချက်ကို နားလည်ပါသည်။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ၊ ဂိုဏ်းမှာ ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိသေးလို့ ကျွန်တော့်ကို သွားခွင့်ပြုပါဦး”

အကြီးအကဲဟွမ်က ခေါင်းအသာညိတ်လိုက်သည်။ “သွားတော့”

အကြီးအကဲပိုင်သည် သူ့တပည့်၏ အလောင်းကို အမြန် ကောက်ယူပြီး ကျန်သူများနှင့်အတူ ထွက်ခွာသွားသည်။

ရှောင်ရှီလီ တစ်ယောက်တည်းသာ နေရာတွင် ကြောင်အစွာ ကျန်ရစ်ခဲ့သည်။ သူက ဆရာ့နောက် လိုက်သွားချင်သော်လည်း စကားမပြောရဲပေ။

မည်သို့ပင်ဆိုစေကာမူ ရှောင်ချန်းက မိသားစုကိစ္စဟု ပြောထားသည်။

ထိုစဉ်မှာပင် မြင်းခွာသံများ လမ်းမတစ်လျှောက် ပဲ့တင်ထပ်လာသည်။

လူတိုင်းက အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။

မြင်းစီးတပ်ဖွဲ့တစ်ဖွဲ့သည် အရှိန်ပြင်းပြင်းနှင့် ချဉ်းကပ်လာနေပြီး သူတို့၏ အလံများတွင် တင်း ဆိုသော စာလုံးကြီး ရေးထိုးထားသည်။

ရှောင်ချန်းက မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် သိလိုက်သည်။

သူ၏ဖခင် ပြန်ရောက်လာပေပြီ။

All Chapters