← Chapters

အမေ့ကို ဝမ်တောက်မြို့မှာ ခေါ်ထားချင်တယ်

Vol. 5 Ch. 47

အမေ့ကို ဝမ်တောက်မြို့မှာ ခေါ်ထားချင်တယ်

Vol. 5 Ch. 47

တပ်ဖွဲ့၏ ခေါင်းဆောင်နေရာမှ မင်းသားတင်းသည် ဇက်ကြိုးကို ရုတ်တရက် ဆွဲလိုက်ပြီး လက်မြှောက်ကာ အော်ဟစ်လိုက်သည်။ “ရပ်လိုက်ကြ”

လမ်းမကြီးပေါ်၌ မြင်းစီးတပ်ဖွဲ့ ရာပေါင်းများစွာသည် ရှောင်ချန်းတို့အဖွဲ့နှင့် ခြေလှမ်းတစ်ရာအကွာ၌ ရုတ်ခြည်း ရပ်တန့်သွားကြသည်။

မင်းသားတင်းသည် စကားတစ်ခွန်းမျှ မဆိုဘဲ မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး သူတို့ဆီသို့ အလျင်အမြန် လျှောက်လာသည်။

သူ၏ခြေလှမ်းများ အလျင်စလို ဖြစ်နေခြင်းက ရင်ထဲက စိုးရိမ်ပူပန်မှုများကို ထင်ရှားလာစေသည်။

ဝမ်တောက်ကျောင်းတော်မှ လူများ ထွက်သွားပြီးနောက် ဧကရာဇ်မင်းသည် ညနေပိုင်းတွင် ကျင်းပမည့် နန်းတွင်းစားသောက်ပွဲကို ဖျက်သိမ်းလိုက်သည်။

မင်းသားအိမ်တော်သို့ ဧည့်သည်များ ရောက်ရှိနေပြီဖြစ်၍ မင်းသားတင်းသည် အိမ်သို့ ချက်ချင်း အပြေးအလွှား ပြန်လာခဲ့သည်။

သို့သော် သူ မရောက်မီပင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်ကို မြင်လိုက်ရသည်။ ရှန်ချင်းဓားဂိုဏ်းမှ အကြီးအကဲပိုင်နှင့် ဝမ်တောက်ကျောင်းတော်မလူငယ်လေးတို့ကြားက တိုက်ပွဲ ဖြစ်သည်။

ထိုမြင်ကွင်းက မင်းသားတင်းကို လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားစေသည်။

ဝမ်တောက်ကျောင်းတော်ဖြစ်စေ ရှန်ချင်းဓားဂိုဏ်းဖြစ်စေ မင်းသားတင်း၏အဆင့်အတန်းဖြင့် မည်သည့်အဖွဲ့အစည်းကိုမှ မပြစ်မှားနိုင်ပေ။

သို့သော် အိမ်တော်၏ အရှင်သခင်တစ်ဦးအနေဖြင့် သူ ဒီအတိုင်း ရပ်ကြည့်မနေနိုင်ပေ။ ထို့ကြောင့် တတ်နိုင်သမျှ အမြန်ဆုံး ပြေးလာခဲ့ခြင်း ဖြစ်သည်။

သို့သိတိုင် သူ မရောက်လာခင် တိုက်ပွဲက ပြီးဆုံးသွားသည်။

သူ့ကို ပိုပြီး တုန်လှုပ်သွားစေသည်က ဝမ်တောက်ကျောင်းတော်၏ လူငယ်လေးက အကြီးအကဲပိုင်ကို လွယ်လင့်တကူ အနိုင်ယူလိုက်ခြင်းပေ။

သို့သော် မင်းသားတင်းကို စိတ်ရှုပ်ထွေးစေဆုံးအချက်မှာ ထိုသူတို့က အဘယ်ကြောင့် သူ၏အိမ်တော်တံခါးဝတွင် လာရောက်တိုက်ခိုက်နေကြသနည်း။

“ဂုဏ်သရေရှိ တမန်တော်တို့ကို ကြိုဆိုပါတယ်။ တင်းအိမ်တော်က ကြိုဆိုဖို့ နောက်ကျသွားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ” သူက ဦးညွတ်ပြီး ပြောလိုက်သည်။

အကြီးအကဲဟွမ် ပြန်မပြောပေ။ ထိုအစား သူသည် ရှောင်ချန်းထံသို့ အကြည့်လွှဲလိုက်သည်။

“တူလေးရှောင် ဒါက မင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ၊ ငါ ဝင်မပါဘူး”

ထိုစကားကြောင့် မင်းသားတင်းက လုံးဝ ဆွံ့အသွားသည်။

သူသည် သတိတကြီး ခေါင်းမော့ကြည့်လိုက်ရာ သူနှင့် အနည်းငယ် တူညီနေသော လူငယ်လေးကို မြင်လိုက်ရသည်။

‘ငါ့အိမ်တော်က တစ်ယောက်ယောက်က ဝမ်တောက်ကျောင်းတော်မှာ ရှိနေတာလား။’

‘ငါ ဘာလို့ မမှတ်မိရတာလဲ။’

‘နေဦး... ယိုလန်ခြံဝင်းက ကောင်လေးပဲ။’

သူ၏မျက်နှာသည် အကြီးအကျယ် ပြောင်းလဲသွားသည်။

ရှောင်ချန်းက အရေးမစိုက်သည့်ဟန်ဖြင့် ပြောသည်။ “မင်းသားတင်း ကျွန်တော့်ရဲ့ ဂိုဏ်းတူညီအစ်ကိုတွေနဲ့ အကြီးအကဲဟွမ်ကို ရှေ့တံခါးကနေ ဝင်ခွင့်ပြုတော့မလား”

“သေချာတာပေါ့။ ရပါတယ်ဗျ” မင်းသားတင်းက အားတင်းပြုံးပြီး ပြောလိုက်သော်လည်း ဇောချွေးပြန်သွားသည်။ “ဒါက မင်းရဲ့ အိမ်လေ၊ ပင်မတံခါးကနေ ပြန်လာသင့်တာပေါ့။ မဟုတ်ရင် တခြားသူတွေက မင်းသားအိမ်တော်က ကျင့်ဝတ်မရှိဘူးလို့ ထင်ကုန်ကြလိမ့်မယ်”

သူက ငတုံးမဟုတ်ပေ။ ရှောင်ချန်း၏ စကားဖြင့်ပင် တစ်စုံတစ်ယောက်က ဝမ်ဖေးကို ဖားယားရန် ပြဿနာရှာခဲ့ကြောင်း ခန့်မှန်းမိလိုက်သည်။

‘သူ့ကို ရှေ့တံခါးကနေ ပေးမဝင်တော့ ဒေါသထွက်သွားတာပဲဖြစ်ရမယ်’

တစ်ချိန်တည်းမှာ တိုက်တိုက်ဆိုင်ဆိုင် ရှန်ချင်းဓားဂိုဏ်းက တစ်ယောက် ရောက်လာသည်။၎င်းက သူ ခုနက မြင်လိုက်ရတဲ့ မြင်ကွင်း၏အကြောင်းရင်းပင်။

မင်းသားတင်းက ကောင်းစွာသိပါသည်။ ၎င်းနှစ်ဖွဲ့လုံးက သူပြစ်မှား၍ရသောအရာမဟုတ်ပေ။ သို့သော် တစ်ခု ရွေးချယ်ရမည်ဆိုလျှင် ဝမ်တောက်ကျောင်းတော် ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ရှန်ချင်းဓားဂိုဏ်းက မဟာဝေအင်ပါယာ၏ နံပါတ်တစ်ဂိုဏ်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မြင့်မြတ်နယ်မြေတစ်ခုဖြစ်သည့် ဝမ်တောက်ကျောင်းတော်နှင့် မယှဉ်နိုင်ပေ။

ရှောင်ချန်းက ပြန်မပြောပေ။ သူ လှည့်ပြီး ရိုးရှင်းစွာ ပြောလိုက်သည်။ “ဦးလေးဟွမ် စီနီယာနဲ့ ဂျူနီယာ ညီအစ်ကိုတို့ရေ ကျွန်တော် အရှက်ကွဲအောင် လုပ်မိပါပြီ၊ ကျွန်တော့်နောက်လိုက်ခဲ့ကြပါ”

အကြီးအကဲဟွမ် ပြုံးလိုက်သည်။ “ကိစ္စမရှိဘူး။ ဝမ်တောက်ကျောင်းတော်ရဲ့ ထိပ်တန်း ပါရမီရှင်တစ်ယောက် တိုက်ခိုက်တာကို တွေ့လိုက်ရတာနဲ့တင် တန်တယ်”

သူ၏စကားများက ရှောင်ချန်းကို ရည်ရွယ်သော်လည်း မင်းသားတင်း၏အကြည့်က ပြောင်းလဲသွား၏။

မင်းသားတင်းသည် ဝမ်တောက်ကျောင်းတော်၏ ထိပ်တန်းပါရမီရှင် ဆိုသည့် စကားလုံးကို ကြားလိုက်ရသည့်အခိုက် တစ်ကိုယ်လုံး တုန်ခါသွားသည်။

သို့သော် ထို့နောက်တွင် အလွန်အမင်းပျော်ရွှင်သွားတော့သည်။

‘သူ့သားက ဝမ်တောက်ကျောင်းတော်ရဲ့ ထိပ်တန်း ပါရမီရှင်တဲ့လား’

‘ ဒါဆို သူ တစ်နေ့ကျရင် လျန်နိုင်ငံရဲ့ အရှင်သခင်ဖြစ်လာတော့မှာမလား’

ဝမ်တောက်ကျောင်းတော်မှ အခြားသူများလည်း ဝင်ပြောကြသည်။

“ဟုတ်တယ် ဂျူနီယာညီလေးရှောင် ငါတို့ကို အားနာမနေပါနဲ့။ မင်း တကယ် စိတ်မကောင်းဖြစ်နေရင် နောက်ရက်နည်းနည်းလောက် ငါတို့နဲ့ လေ့ကျင့်ပေးလေ”

“ရတာပေါ့။ ကျွန်တောတို့အားလုံးက ဂိုဏ်းတူ‌တပည့်တွေပဲလေ၊ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး”

“…”

ရှောင်ချန်းက ခေါင်းအသာညိတ်လိုက်သည်။ “သေချာတာပေါ့”

ထို့နောက် ဝမ်တောက်ကျောင်းတော်မှ အဖွဲ့ကို ဦးဆောင်ပြီး မင်းသားတင်းအိမ်တော်ထဲသို့ ဝင်သွားသည်။ သူ၏ဖခင်ကို တစ်ချက်ကလေးတောင် လှည့်မကြည့်သွားပေ။

အိမ်တော်က အမှုထမ်းများသည် တုန်လှုပ်နေသည်။

ရှောင်ချန်း ချဉ်းကပ်လာသည်ကို မြင်သောအခါ သူတို့အားလုံး တပြိုင်နက်တည်း ဒူးထောက်လိုက်ကြသည်။

“မင်းသားခြောက် အိမ်ပြန်လာတာကို ကြိုဆိုပါတယ်”

ရှောင်ချန်းက သူတို့ကို ဘာမှ ပြန်မပြောဘဲ အိမ်တော်ထဲသို့ တန်းတန်းမတ်မတ် လျှောက်ဝင်သွားသည်။

မင်းသားတင်းသည် အနောက်က ကပ်လိုက်လာပြီး မဝင်သွားခင်မှာ ရှောင်ချန်းကို လမ်းပိတ်ခဲ့သည့်သူများကို ခေါင်းဖြတ်သတ်ဖို့ သူ၏လူယုံကို လက်ဟန်ပြလိုက်သည်။

အထိန်းတော်ချွီနှင့် အခြားသူများသည် ယခုအခါ လုံးဝ သတိလွတ်သွားသည်။

မည်သူမျှ အသနားမခံကြတော့ပေ။ သေမင်းကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြတော့သည်။

…

မင်းသားတင်းအိမ်တော်၏ အနောက်ဘက် ယိုလန်ခြံဝင်းအတွင်း၌

အစေခံမလေးတစ်ဦးသည် ပင်မဆောင်ထဲသို့ ပြေးဝင်လာသည်။ သူမ၏မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။

“သခင်မ သတင်းကောင်း...သတင်းကောင်းပါတယ်”

ကန့်လန့်ကာ နောက်ကွယ်တွင် ရှောင်ချန်း၏ မိခင်သည် တည်ငြိမ်စွာ ပန်းထိုးနေသည်။ သူမသည် အစေခံမလေး၏ အော်ဟစ်သံကို ကြားသော်လည်း မရပ်တန့်ဘဲ ပန်းထိုးခြင်းကိုသာ ဆက်လက် လုပ်ဆောင်နေသည်။

“ချွန်းထောင်...တစ်ခုခု ဖြစ်ရင် ဒီလောက် ပြာယာမခတ်ပါနဲ့လို့ ငါ နင့်ကို ဘယ်နှစ်ခါ ပြောရမလဲ”

“ဒါပေမဲ့ မင်းသားခြောက် ပြန်ရောက်လာပြီ။ ပြီးတော့ သူက ရှန်ချင်းဓားဂိုဏ်းက အကြီးအကဲတစ်ယောက်ကိုတောင် အနိုင်ယူလိုက်သေးတယ်။ ဒီတစ်ခါတော့ သူက သခင်မအတွက် သေချာပေါက် ရပ်တည်ပေးတော့မှာ”

ချွန်းထောင်သည် စကားပြောရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

ရှောင်ချန်း၏ မိခင်သည် ရုတ်တရက် ရပ်တန့်သွားသည်။ လက်ချောင်းကို အပ်စူးသွားသော်လည်း နာကျင်မှုကိုပင် မေ့လျော့သွားသည်။

“ရှောင်ချန်း ပြန်ရောက်လာပြီလား”

“ဟုတ်ကဲ့ပါ” ချွန်းထောင်က ခေါင်းတဆက်ဆက်ညိတ်လိုက်သည်။ “မင်းသားခြောက်က အခု ဝမ်တောက်ကျောင်းတော်က အကြီးအကဲတစ်ယောက်နဲ့ ပါရမီရှင်တစ်စုကို မင်းသားအိမ်တော်ထဲ ခေါ်လာတယ်လို့ ကြားပါတယ်”

“အရှင်မင်းသားကိုယ်တိုင်တောင် သူ့ကို အပြစ်လုပ်မိမှာ ကြောက်နေသလိုမျိုး အရမ်းကို သတိထားနေရတယ်”

“ကျွန်မတို့ရဲ့ နေ့ရက်ကောင်းတွေ နောက်ဆုံးတော့ ရောက်လာပြီ”

သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ “ကြည့်ရတာ ရှောင်ချန်းက ငါ့ကို မလိမ်ခဲ့ဘူးပဲ၊ ဌာနမှူးချူကို ကျေးဇူးတင်ရမယ်”

ချွန်းထောင်သည် သူမ၏ သခင်မတည်ငြိမ်နေသည်ကို မြင်သော် စိုးရိမ်လာသည်။

“သခင်မ မင်းသားခြောက်က ယိုလန်ခြံဝင်းကို ရောက်တော့မယ်။ သခင်မ ပြင်ဆင်သင့်တယ် မဟုတ်လား”

ဝမ်တောက်ကျောင်းတော်မှ ပြန်ရောက်ကတည်းက ရှောင်ချန်း၏ မိခင်သည် ခြံဝင်းအပြင်ဘက်သို့ ခြေတစ်လှမ်းမျှ မချခဲ့ပေ။ သူမကို စိတ်အေးစေသည်မှာ ရှောင်ချန်း ပြန်ပို့သော စာများသာ ဖြစ်သည်။

ယခု ချွန်းထောင် ပြောသည်ကို ကြားသော် သူမက ပြုံးပြီး ပြန်ဖြေလိုက်သည်။ “နင်ပြောတာ မှန်တယ် လာခဲ့။ ဒီသခင်မကို အဝတ်အစား လဲပေး”

အိမ်ရှေ့ဝင်းတွင်။

ရှောင်ချန်းသည် အကြီးအကဲဟွမ်နှင့် သူ၏ဂိုဏ်းတူတပည့်များကို နေရာချပေးပြီးနောက် လွီယွဲ့အာကို ယိုလန်ခြံဝင်းသို့ ခေါ်ဆောင်လာခဲ့သည်။

မင်းသားတင်းသည် သူတို့နောက်မှ လိုက်လာသည်။ ယခုအခါ သူ၏စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ သူ့သား၏ မျက်နှာသာပေးမှုကို ပြန်လည် ရယူရပေမည်။

ရှောင်ချန်းနှင့် သူ၏ဆက်ဆံရေးကို ပြန်လည် ကောင်းမွန်အောင် လုပ်နိုင်သရွေ့ လျန်နိုင်ငံ၏ ထီးနန်းကို ဆက်ခံခြင်းက အိပ်မက်တစ်ခု မဟုတ်တော့ပေ။

သို့သော် ယခင်က သူ ရှောင်ချန်းနှင့် သေချာ စကားမပြောဖူး‌ပေ။ ထို့အပြင် ယခု ရှောင်ချန်းထံမှ သတ်ဖြတ်ခြင်းအရှိန်အဝါများ ထွက်နေသည်ကို ခံစားရ၍ မင်းသားတင်းက ဘယ်ကစပြောရမလဲ မသိတော့ပေ။

ရှောင်ချန်းသည် ယိုလန်ခြံဝင်းသို့ နီးကပ်လာသည်ကို မြင်သော် မသိစိတ်ဖြင့် ခြေလှမ်းများကို မြန်လိုက်သည်။

‘လောလောဆယ် အမေ နေကောင်းရဲ့လား ဆိုတာကိုပဲ အတည်ပြုချင်နေတယ်’

‘ကျန်တာတွေကို ဂရုစိုက်မနေဘူး’

ခဏအကြာတွင် ရှောင်ချန်းသည် ယိုလန်ခြံဝင်းအတွင်း၌ ရပ်နေပြီး ရင်းနှီးနေသည့် ခြံဝင်းကို ငေးကြည့်ရင်း ရင်ထဲတွင် ခံစားချက်များ လျှံတက်လာသည်။

“အမေ သား ပြန်ရောက်ပါပြီ”

သူ၏အသံ ဆုံးသွားသည်နှင့် ပင်မဆောင်၏ တံခါးများ ပွင့်သွားသည်။

ရှောင်ချန်း၏ မိခင်က အလျင်အမြန် ပြေးထွက်လာသည်။

သူ၏အမေ ပိန်သွားသည်ကို မြင်လိုက်ရသည့်အခါ ရှောင်ချန်းက ချက်ချင်း ဒူးထောက်ချလိုက်သည်။

“အမေ့ကို စိတ်ပူစေမိတဲ့ ဒီသားမိုက်ကို ခွင့်လွှတ်ပါ”

သူ၏မိခင်သည် အလျင်အမြန် ရှေ့သို့တိုးလာပြီး ထူမလိုက်သည်။ “ချန်အာ၊ မင်း ပြန်ရောက်လာပြီပဲ၊ ကျန်တာတွေက အရေးမကြီးတော့ပါဘူးကွယ်”

နှစ်သိမ့်စကား အနည်းငယ် ပြောပြီးနောက် သူမ၏ အကြည့်သည် ဘေးနားတွင် ရပ်နေသော လွီယွဲ့အာထံသို့ ရောက်ရှိသွားသည်။

“ဒီမိန်းကလေးက ဘယ်သူလဲ”

ရှောင်ချန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။ “အမေ ဒါက သားရဲ့ ဂျူနီယာညီမလေး လွီယွဲ့အာပါ”

လွီယွဲ့အာက ရှေ့တိုးလာပြီး လေးစားစွာ ဦးညွှတ်လိုက်သည်။ “မင်္ဂလာပါ အဒေါ်”

၎င်းကို ကြားလိုက်ရသည့်အခါ ရှောင်ချန်း၏ မိခင်က နွေးထွေးစွာ ပြုံးလိုက်သည်။ သူမ၏ သားသည် နောက်ဆုံးတော့ ထိုအဖြစ်အပျက်မှ ရုန်းထွက်နိုင်ခဲ့ပါပြီ။

“မိန်းကလေးလွီ အဒေါ့်သားလေးကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

လွီယွဲ့အာ၏ မျက်နှာက အနည်းငယ် ရဲသွားပြီး ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့ပါ”

မင်းသားတင်းသည် ဘေးနားတွင် အနေခက်စွာ ရပ်နေသည်။သူက ကြားဝင်ပြောချင်သော်လည်း စကားတစ်ခွန်းမျှ ဝင်မပြောနိုင်ပေ။

သူတို့သုံးယောက် ခဏလောက် စကားပြောပြီးသွားမှ အခွင့်အရေး ရသွားသည်။

“ချစ်ဇနီး ရှောင်ချန်းရဲ့ ဂိုဏ်းတူတပည့်တွေနဲ့ ဆရာသမားတွေက ကြိုဆိုပွဲကျင်းပဖို့ စောင့်နေကြတုန်းပဲ၊ ဝမ်တောက်ကျောင်းတော်က လူတွေကို သွားနှုတ်ဆက်ကြမလား”

ထိုအခါမှ ရှောင်ချန်း၏ မိခင်သည် မင်းသားတင်းကို သတိရသွားပြီး တစ်ချက်ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

“ဒါဆိုရင် အရှင်မင်းသားက လမ်းပြပေးပါ”

အတိတ်တုန်းကသာ သူမ ထိုသို့ ပြောလာခဲ့လျှင် မင်းသားတင်း ဒေါသပေါက်ကွဲသွားလောက်ပေပြီ။

သို့သော် အချိန်က ပြောင်းလဲသွားပြီဖြစ်၏။

ယခုတော့ သူက ဒေါသထွက်မည့်အစား ဖော်လန်ဖားအပြုံးဖြင့် ပြောလိုက်သည်။ “ကောင်းပါပြီ ဒီဘက်ကို ကြွပါ ချစ်ဇနီးလေး”

ရှောင်ချန်းသည် သူ့ဖခင်၏ အပြုအမူကို မြင်လိုက်ရသော်လည်း ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေဆဲပင်။

သူက အမေ့ဘက်သို့ လှည့်ပြီး မေးလိုက်သည်။ “အမေ သား ဒီတစ်ခေါက် လျန်နိုင်ငံကို ပြန်လာတာက အမေ့ကို လာတွေ့တာ တစ်ခုတည်းကြောင့် မဟုတ်ဘူး...”

“သား အမေ့ကို ဝမ်တောက်မြို့မှာ ခေါ်ထားချင်တယ် အမေ လိုက်ခဲ့မလား”

ထိုစကားများ ထွက်ကျလာသည်နှင့်။

မင်းသားတင်း၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားတော့သည်။

All Chapters