တပည့်သစ် လက်ခံတာကို ဘယ်လိုလုပ် လှည့်စားတယ်လို့ ခေါ်လို့ရမှာလဲ “မရဘူး”
Vol. 5 Ch. 48
မင်းသားတင်းသည် စဉ်းစားမနေဘဲ လွှတ်ခနဲ ပြောချလိုက်သည်။
အကယ်၍ ရှောင်ချန်းက ကိုယ်လုပ်တော်ကို ခေါ်သွားခဲ့လျှင် သူသည် တစ်နိုင်ငံလုံး၏ လှောင်ရယ်စရာ ဖြစ်သွားပေလိမ့်မည်။
သူက ရှောင်မိသားစု၏ နဂါးတစ်ကောင်ကို မောင်းထုတ်လိုက်သည်ဟု လူတိုင်းက ယူဆကြပေလိမ့်မည်။
တော်ဝင်မိသားစုပင်လျှင် သူ့ကို မနှစ်မြို့ ဖြစ်သွား ပေလိမ့်မည်။
‘အဲဒီလိုသာဆိုရင် လျန်နိုင်ငံရဲ့ အရှင်သခင် ဖြစ်ဖို့ မပြောနဲ့၊ မြို့တော်မှာတောင် ဆက်ပြီး မနေနိုင်လောက်တော့ဘူး’
ထိုစကားကို ကြားသောအခါ ရှောင်ချန်းက မျက်မှောင်ကြုတ်လိုက်သည်။ “မင်းသား...ကျွန်တော် ခင်ဗျားရဲ့ သဘောထားကို မမေးမိပါဘူ”
“မင်း...”
မင်းသားတင်းသည် ထိုစကားကြောင့် အသက်ရှုရပင် ခက်သွားသည်။
သူသည် သားမိုက်ကို ရိုက်ချင်သော်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားလိုက်သည်။ ရှောင်ချန်းကို မနိုင်လို့ မဟုတ်ပေ။
ရှောင်ချန်းက ငြိမ်ပြီး အထိုးခံရင်တောင် သူက လက်မပါရဲပေ။
သားအဖနှစ်ယောက် ထိပ်တိုက်တွေ့တော့မည့်အခြေအနေက်ို မြင်သည့်အခါ ရှောင်ချန်း၏ မိခင်က အခြေအနေကို ပြေလည်အောင် ဝင်ပြောလိုက်သည်။
“သားလေး... မင်းအဖေကို ဘာလိုများ အဲဒီလို ပြောလိုက်ရတာလဲ”
“ဟမ့်”
မင်းသားတင်းသည် သူ မတရားခံနေရသည့်အလား အားနည်းစွာ နှာခေါင်းရှုံ့လိုက်သည်။
သူ့အမေ ဝင်ပြောသည်ကို မြင်သော် ရှောင်ချန်းက ပြောလိုက်သည်။ “တကယ်လို့ အမေက အဖေ့ကိုပါ ခေါ်သွားချင်တယ် ဆိုရင်လည်း သား မကန့်ကွက်ပါဘူး”
မင်းသားတင်း “...”
‘ငါက ဘာကိစ္စ ဝမ်တောက်မြို့ကို လိုက်ရမှာလဲ။ ဒီမှာ မင်းသားတစ်ပါးအနေနဲ့ နေရတာ သက်တောင့်သက်သာ မရှိလို့လား။’
ရှောင်ချန်း၏ မိခင်သည် သူမ၏ ခင်ပွန်း ဘာတွေးနေလဲ ဆိုသည်ကို အလွယ်တကူ မြင်နိုင်သည်။
“သားလေး... မင်းရဲ့ စေတနာကို အမေ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အမေက အသက်ကြီးပါပြီ။ ဝမ်တောက်မြို့ကို လိုက်လာတာက မင်းအတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်စေမှာ”
“ဒီမင်းသားအိမ်တော်မှာ အမေ အစားအသောက် အဝတ်အထည် ဘာမှ မပူရပါဘူး၊ အစေခံတွေလည်း ဂရုစိုက်ကြပါတယ်။ သား စိတ်ပူစရာ မလိုပါဘူး”
“သား ဝမ်တောက်ကျောင်းတော်မှာ အဆင်ပြေနေသရွေ့ အမေ့အတွက် လုံလောက်နေပါပြီ”
ရှောင်ချန်းက သူ၏အမေကို ဖျောင်းဖျ၍ ရမည် မဟုတ်ကြောင်း သိလိုက်သည်။
မင်းသားအိမ်တော်က ထွက်ခွာဖို့ တောင်းဆိုသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သို့သော် အကြိမ်တိုင်း သူမက ငြင်းပယ်ခဲ့သည်။
“အမေ... တကယ်လို့ အမေက မင်းသားအိမ်တော်မှာပဲ ဆက်နေဖို့ ရွေးချယ်တယ်ဆိုရင် သား မတားတော့ပါဘူး။ ဒါပေမဲ့ ရှောင်ချန်းရဲ့ အမေ့ကို အရင်လို ဆက်ဆံတာမျိုး ခွင့်ပြုမှာ မဟုတ်ဘူး”
သူ၏စကားက အပေါ်ယံတွင် သူ၏အမေကို ပြောသလိုဖြစ်နေသော်လည်း သူ၏အဖေ ကြားအောင် ရည်ရွယ်ပြောနေမှန်း သိသာလှသည်။
မင်းသားတင်းက အမြန် ဝင်ပြောလိုက်သည်။ “သားလေး... စိတ်မပူပါနဲ့။ ဒီနေ့ကစပြီး မင်းအမေက ဒီမင်းသားရဲ့ တရားဝင်ဇနီးသည် ဖြစ်သွားပြီ။ ပြီးတော့ မင်းက ငါ့ရဲ့ တရားဝင် အမွေခံပဲ”
“ဟက်”
ရှောင်ချန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “မလိုပါဘူး။ ကျွန်တော့်အမေနဲ့ ထိုက်တန်တဲ့ လေးစားမှုကို ပေးရင် ရပြီ။ ပြီးတော့ အရင်တုန်းက ကျွန်တော်တို့ကို နှိပ်စက်ခဲ့တဲ့ သူတွေ၊ သူတို့ အမေ့ကို တောင်းပန်ရမယ်၊ မဟုတ်ရင် ကျွန်တော် ကိုယ်တိုင် လုပ်ရလိမ့်မယ်”
ထိုသို့ပြောပြီးနောက် သူသည် မိခင်ကို ဦးဆောင်ပြီး အိမ်ရှေ့ဝင်းဆီသို့ ထွက်လာခဲ့သည်။
ဟူး...
ထိုအခါမှသာ မင်းသားတင်းသည် သက်ပြင်းတစ်ချက် ချနိုင်တော့သည်။
သူနှင့်ယှဉ်လျှင် တရားဝင်ဇနီးသည် ဖြစ်သူမှာမူ ကြောက်ရွံ့လွန်း၍ တုန်လှုပ်နေပြီ ဖြစ်သည်။
သူမသည် ရှောင်ချန်းတို့သားအမိကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့ဖူးသည်။ ယခု ရှောင်ချန်း စွမ်းအားကြီးလာပြီဖြစ်၍ သူမ၏ နေ့ရက်ကောင်းလေးများ ကုန်ဆုံးသွားပြီဖြစ်ကြောင်း ထင်ရှားနေသည်။
မင်းသားတင်းကို အသနားခံဖို့အတွက်တော့ တွေးတောင် မတွေးရဲပေ။
မင်းသားတင်းတင် မဟုတ်ပေ။ ဝမ်တောက်ကျောင်းတော်နှင့်ဆက်ဆံရေး ကောင်းမွန်ဖို့အတွက် သူမ၏မိသားစုကတောင် သူမကို စွန့်ပစ်ကြလိမ့်မည်။
သူမ၏ ကလေးကို ဘေးကင်းစေချင်လျှင် တစ်ခုတည်းသောနည်းလမ်းမှာ ဒူးထောက်ပြီး ခွင့်လွှတ်ပေးရန် တောင်းပန်ခြင်းသာ ဖြစ်သည်။
နောက်တစ်နေ့ မနက်တွင်။
တရားဝင်ဇနီးသည်သည် အပြစ်သားဝတ်စုံကို ဝတ်ဆင်ပြီး ယိုလန်ခြံဝင်းသို့ ကိုယ်တိုင် လာရောက်ကာ တောင်းပန်လေသည်။
ရှောင်ချန်း၏ မိခင်သည် သူမကို အခက်တွေ့အောင် မလုပ်ခဲ့ပေ။ သူမက ပေါ့ပါးစွာ ပြောလိုက်သည်။
“ဒီနေ့ကစပြီး၊ အတိတ်က အရာတွေကို အတိတ်မှာပဲ ထားခဲ့ကြစို့။ တို့တွေ တစ်ယောက်နဲ့တစ်ယောက် အနှောင့်အယှက် မပေးဘဲ နေကြတာပေါ့”
တရားဝင်ဇနီးသည်က ချက်ချင်း ဒူးထောက်လိုက်ပြီး သူမကို အကြိမ်ကြိမ် ကျေးဇူးတင်တော့သည်။
ထိုအချိန်တွင် မင်းသားတင်းသည် ယခင်က ကိုယ်လုပ်တော်ကို စော်ကားခဲ့ဖူးသော အစေခံများ အားလုံးကို ကွပ်မျက်လိုက်သည်။
ရှောင်ချန်းသည် ဤကိစ္စများတွင် ဝင်မပါခဲ့ပေ။
သူ၏အမေတွင် ကြင်နာတတ်သော နှလုံးသား ရှိသည်။ သူမက ခွင့်လွှတ်ရန် ရွေးချယ်လိုက်မှတော့ သားတစ်ယောက်အနေနှင့် သူမ၏ ဆန္ဒကို လိုက်လျောပေးရပေမည်။
သို့ပေမဲ့ မင်းသားအိမ်တော်ထဲက တစ်ယောက်ယောက်ကများ သူမကို မတရားဆက်ဆံလျှင် သူကိုယ်တိုင် အရေးယူရပေမည်။
လျန်နိုင်ငံတွင် တပည့်သစ် စုဆောင်းပွဲ ပြီးဆုံးပြီးနောက်။
ရှောင်ချန်းသည် မဟာဝေနိုင်ငံ၏ တပည့်သစ်စုဆောင်းပွဲအတွက် ဝမ်တောက်ကျောင်းတော်၏ ကိုယ်စားလှယ်အဖွဲ့နှင့် လိုက်ပါမသွားခဲ့ပေ။
ထိုအစား သူသည် လွီယွဲ့အာနှင့်အတူ လေ့ကျင့်ရန် ထွက်ခွာသွားလေသည်။
…
ဖြောင်း။
“ဒီ အသုံးမကျတဲ့ စာအုပ်စုတ်”
ဝမ်တောက်ကျောင်းတော်၊ သောင်းပြောင်းပညာရပ်ဌာနတွင်။
ချူဖုန်းသည် လက်ထဲမှ စာအုပ်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။ မျက်နှာဖုံးပေါ်တွင် နွေဦးဆောင်းဦးဟူသော စာသားများ ရေးထားသည်။
ဖတ်လေလေ သူ ပိုပြီး စိတ်ပျက်လေလေ ဖြစ်လာသည်။
“အဲဒီ ကလေးနှစ်ယောက် သောင်းပြောင်းပညာရပ်ဌာနမှာ ရှိတုန်းက အချိန်တွေကို တကယ် လွမ်းမိတယ်ကွာ။ သူတို့က ကျင့်ကြံရတာ ရူးသွပ်နေတဲ့ကောင်တွေ ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ ဒီနေရာကို အသက်ဝင်လာအောင်လုပ်ပေးတယ်”
ယခုတော့ သူတစ်ယောက်တည်း ကျန်ခဲ့သည့်အချိန် ချူဖုန်းသည် တိတ်ဆိတ်မှုကို မနေတတ်မထိုင်တတ် ဖြစ်လာသည်။
‘ဌာနအတွက် နောက်ထပ် တပည့်တစ်ယောက်လောက် လှည့်စား... အဲလေ... လက်ခံဖို့ အချိန်တန်ပြီ ထင်တယ်။’
‘မဟုတ်ဘူး၊ မဟုတ်ဘူး။ ဒီလို မွန်မြတ်တဲ့ လုပ်ရပ်ကို ဘယ်လိုလုပ် လှည့်စားတယ်လို့ ခေါ်လို့ ရမှာလဲ’
‘သူက ဝမ်တောက်ကျောင်းတော်ရဲ့ ထိပ်တန်း ပါရမီရှင်ကို လေ့ကျင့်ပေးခဲ့တဲ့ လူလေ’
‘ဒါပေမဲ့... တခြားဌာနတွေက ဌာနမှူးတွေက အခုတလော သူ့အပေါ် နည်းနည်း အမြင်စောင်းနေကြပုံ ရတယ်။ တကယ်လို့ သူသာ လူသိရှင်ကြား တပည့်သစ်စု ခေါ်ဖို့ ကြိုးစားရင်၊ သူတို့က သေချာပေါက် သတိထားနေကြတော့မှာ။’
‘တပည့်သစ်ကို ဘယ်မှာ ရှာရပါ့မလဲ’
မကြာမီ ချူဖုန်း၏ စိတ်ထဲ စကားလုံး သုံးလုံးပေါ်လာသည်။
ဝမ်တောက်မြို့။
‘လောလောဆယ် ဝမ်တောက်ကျောင်းတော်က တပည့်သစ်စုဆောင်းရေးအတွက် တံခါးဖွင့်ပေးတဲ့ အချိန် မဟုတ်သေးပေမဲ့...’
‘အခု သူက ဝမ်တောက်ကျောင်းတော်ရဲ့ ဌာနမှူးတွေထဲက တစ်ယောက် ဖြစ်နေပါပြီ’
နှစ်တိုင်း သူ့ကို အထူး ပြင်ပတပည့်သစ်စုဆောင်းရေးအတွက် ခွဲတမ်း တစ်နေရာစာ ချထားပေးလေ့ရှိသည်။
ယခင်က သူသည် ၎င်းကို သုံးဖို့ အရည်အချင်း မပြည့်မီခဲ့ပေ။ သို့သော်။
‘ကျောင်းအုပ်ကြီးက ပြောထားတယ်လေ။ သောင်းပြောင်းပညာရပ်ဌာနကလည်း အခုဆိုရင် တခြားဌာနတွေနဲ့ တန်းတူ ဆက်ဆံခံရတော့မယ်တဲ့’
‘ဒါဆို သူ တပည့်သစ်လက်ခံဖို့ ခွဲတမ်းကို သုံးလို့ ရပြီ’
ထိုအတွေးနှင့်အတူ ချူဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများတွင် အပြုံးရေးရေးလေး ပေါ်လာသည်။
‘ခွဲတမ်းကို အကျိုးရှိရှိ သုံးဖို့ အချိန်တန်ပြီ။’
သူသည် ကြမ်းပြင်ပေါ်မှ နွေဦးဆောင်းဦးစာအုပ်ကို ကောက်ယူပြီး နေရာတကျ ပြန်ထားလိုက်သည်။
ထို့နောက် ပေါ့ပေါ့ပါးပါး ဝတ်စုံကို လဲဝတ်လိုက်ပြီး ယခင်က ကြည့်ကောင်းအောင် ဆောင်ထားသည့်ဓားရှည်ကို ယူကာ ဓားပျံစီးပြီး ချက်ချင်း ထွက်ခွာသွားသည်။
တစ်နာရီအကြာတွင်။
ချူဖုန်းသည် ဝမ်တောက်မြို့သို့ ရောက်ရှိလာသည်။
သူက ဝမ်တောက်ကျောင်းတော်ဘက်မှ ဆင်းလာသည့်အတွက် ဝင်ကြေး ပေးစရာ မလိုပေ။
မြို့ထဲ ဝင်ရောက်ပြီးနောက် ချူဖုန်းသည် တပည့်လက်ခံဖို့ အလျင်စလို မလုပ်ခဲ့ပေ။ ထိုအစား သူသည် အရက်ဆိုင်တစ်ဆိုင်ကို ရှာပြီး စားပွဲတစ်လုံးအပြည့် ဟင်းပွဲများ မှာလိုက်သည်။
‘ဘာပဲဖြစ်ဖြစ်၊ တပည့်လက်ခံတယ် ဆိုတာက ရေစက်အပေါ် မူတည်တယ်’
ထို့အပြင် ဝမ်တောက်မြို့တွင် သေခြင်းရှင်ခြင်းစင်မြင့်ရှိသည်။
ထိုနေရာ၌ နေ့စဉ် ပြိုင်ပွဲများ ကျင်းပလေ့ရှိသည်။ အချို့က အငြိုးအတေး ဖြေရှင်းဖို့၊ အချို့ကတော့ ကျောင်းတော်၏ အာရုံစိုက်မှုကို ရလို၍ပင်။
ဝမ်တောက်ကျောင်းတော်၏ တပည့်အချို့သည် ယှဉ်ပြိုင်ပွဲစဉ်များ၌ ထူးခြားသည့် အရည်အချင်းများကို ပြသပြီးနောက် တပည့်ဖြစ်လာကြခြင်းမျိုးဖြစ်သည်။
ချူဖုန်း စားသောက်နေစဉ်မှာပင်၊ ဘေးစားပွဲမှ စကားဝိုင်းက သူ၏အာရုံကို ဆွဲယူသွားသည်။
“မြန်မြန်စားကွာ။ ခွန်စန်းတောက် နဲ့ လင်းဇီထုံ တို့ရဲ့ ပွဲက စတော့မှာ”
“ဘာတွေ လောနေတာလဲ။ တစ်နာရီလောက် လိုသေးတာ မဟုတ်ဘူးလား”
“မင်း နားမလည်ပါဘူး။ ငါတို့ နောက်ကျရင်၊ နေရာကောင်း ရမှာ မဟုတ်ဘူး။ သူတို့နှစ်ယောက်စလုံးက ဝမ်တောက်မြို့မှာ နာမည်ကြီး ကျင့်ကြံသူတွေလေ။ ဝမ်တောက်ကျောင်းတော်က အဆင့်မြင့်ပုဂ္ဂိုလ်တွေတောင် လာကြည့်ကြမှာ။ လူအုပ်ကြီးက အကြီးအကျယ်ပဲကွ”
“အဲဒါလည်း ဟုတ်သားပဲ။ ဒီတစ်ခွက် မော့ပြီး သွားကြစို့”
“…”
ချူဖုန်းက သူတို့ ပြောတာကို နားထောင်ရင်း စိတ်ဝင်စားသွားသည်။
‘ငါလည်း သွားကြည့်သင့်တယ် ထင်တယ်။’
သူက လှမ်းခေါ်လိုက်သည်။ “စားပွဲထိုး... ရှင်းမယ်”
“လာပါပြီခင်ဗျာ”
စားပွဲထိုးလေးက သူ့စားပွဲဆီ အမြန် ရောက်လာသည်။
“အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅ တုံး ကျပါတယ်”
ချူဖုန်းသည် သိုလှောင်အိတ်ထဲမှ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅ တုံးကို ထုတ်ပြီး စားပွဲပေါ် တင်ပေးကာ မေးလိုက်သည်။” သေခြင်းရှင်ခြင်း စင်မြင့်က ဘယ်နားမှာလဲ”
သူ ဝမ်တောက်မြို့ကို အကြိမ်အနည်းငယ် ရောက်ဖူးသော်လည်း ထိုစင်မြင့်ကိုတော့ မသွားဖူးပေ။
စားပွဲထိုးက ပြန်ဖြေသည်။”ဧည့်သည်တော်ကြီး... ဒီလမ်းအတိုင်း အရှေ့ဘက်ကို တည့်တည့် လိုက်သွားရင် တွေ့ပါလိမ့်မယ်”
“ကျေးဇူးပဲ”
ထို့နောက် ချူဖုန်းသည် မတ်တပ်ရပ်ပြီး သေခြင်းရှင်ခြင်းစင်မြင့်ဆီသို့ သွားလိုက်သည်။
နာရီဝက်အတွင်းမှာပင် စင်မြင့်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ ဘေးတစ်ဖက်တစ်ချက်တွင် သေခြင်းရှင်ခြင်းစင်မြင့်ဟု ရေးထိုးထားသည့် အလံကြီး ရှိနေသည်။
သူ ရောက်သွားသည့်အချိန်တွင် နေရာတစ်ခုလုံး ပြည့်ကျပ်နေပြီး သိုင်းသမားများက ကွင်းကို ဝိုင်းရံထားကြသည်။
နေရာကို ဝေ့ကြည့်လိုက်ရာ ချူဖုန်း၏ အကြည့်သည် စင်မြင့်နှင့် မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ပေါ်သို့ လျင်မြန်စွာ ကျရောက်သွားသည်။
‘စီးပွားရေး အကွက်မြင်သားပဲ’ သူက တွေးလိုက်သည်။
သူ လှည့်ပြီး လက်ဖက်ရည်ဆိုင်ဘက်သို့ ဦးတည်သွားလိုက်သည်။
ပထမထပ်က ပြည့်နေပြီ ဖြစ်သည်။
ချူဖုန်းသည် စားပွဲထိုးတစ်ယောက်ကို လက်ယပ်ခေါ်လိုက်သည်။ “နေရာလွတ် ရှိသေးလား”
စားပွဲထိုးက မေးသည်။ “လူကြီးမင်း... ဝမ်တောက်ကျောင်းတော်ကများလား”
“အဲဒါက အရေးကြီးလို့လား” ချူဖုန်းက မေးခွန်းပြန်ထုတ်လိုက်သည်။
စားပွဲထိုးက ရှင်းပြသည်။ “ဒုတိယထပ်ကို ဝမ်တောက်ကျောင်းတော်က ဧည့်သည်တွေအတွက် သီးသန့် ဖယ်ထားလို့ပါခင်ဗျာ။ တကယ်လို့ ဟုတ်တယ်ဆိုရင်၊ အဲဒီမှာ လက်ဖက်ရည် သုံးဆောင်လို့ ရပါတယ်”
“ကွက်တိပဲ၊ငါက ဝမ်တောက်ကျောင်းတော်ကပါ”
ချူဖုန်းက ပြောလိုက်ပြီး တွန့်ဆုတ်မနေဘဲ အပေါ်ထပ်သို့ တက်လိုက်သည်။
သို့သော် လှေကား အခြေကို ရောက်သည့်အခါ လူနှစ်ယောက်က ရှေ့ထွက်ပြီး သူ့ကို တားလိုက်ကြသည်။
“ကျေးဇူးပြုပြီး စီနီယာအစ်ကိုရဲ့ သက်သေခံတိုကင်ပြားကို ပြပေးပါခင်ဗျာ။ ပြင်ပလူတွေက အပေါ်ကနေ ခိုးကြည့်ဖို့ ကြိုးစားတတ်တဲ့ ပြဿနာတွေ ရှိလို့ပါ”
ချူဖုန်းက အဝတ်အစား ပြောင်းဝတ်လာလိုက်သည့်အတွက် သူ၏တိုကင်ပြားကို ယူမလာခဲ့ပေ။
သူ ပြန်လှည့်ရမလား စဉ်းစားနေတုန်းမှာပင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“မင်းတို့နှစ်ယောက် မျက်စိကန်းနေကြတာလား။ ဌာနမှူးချူကိုတောင် မမှတ်မိကြဘူးလား”