မွှေးရနံ့စင်မြင့်က တေးသံသာ။
Vol. 5 Ch. 50
ညရောက်သောအခါ။
ဝမ်တောက်မြို့သည် မီးရောင်များ ထိန်ထိန်လင်းနေပြီး သက်ဝင်လှုပ်ရှား စည်ကားလျက်ရှိသည်။
ချူဖုန်းသည် မြို့ထဲတွင် လမ်းလျှောက်ရင်း ဤခေတ်၏ ညရှုခင်းကို ခံစားနေသည်။ ထိုအခိုက် သူ သတိမထားမိလိုက်ခင်မှာပင် မွှေးရနံ့စင်မြင့်ဘက်သို့ရောက်ရှိလာသည်။
“သခင်လေး လာကစားပါဦး”
“သခင်လေး မလာတာကြာပြီနော်။ ကျွန်မ သခင်လေးကို အရမ်း လွမ်းနေတာ”
“…”
မွှေးရနံ့စင်မြင့်အတွင်း၌ အပျော်မယ်ကလေးများသည် ဧည့်သည်များကို နူးညံ့ပြီး ဆွဲဆောင်မှုရှိသော အသံများဖြင့် မြှူဆွယ်နေကြသည်။
သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ချူဖုန်း ရေရွတ်လိုက်သည်။ “မွှေးရနံ့စင်မြင့်မှာ တေးဂီတကို နားထောင်ရင်း အချိန်းဖြုန်းရတာလည်း မဆိုးပါဘူး။”
ဗြန်း။
သူ စောစောက ဈေးထဲမှာ ဝယ်လာသည့် ခေါက်ယပ်တောင်ကို ဖြန့်လိုက်ပြီး မွှေးရနံ့စင်မြင့်ထဲသို့ အေးအေးလူလူ ဟန်ပန်ဖြင့် ဝင်သွားလိုက်သည်။
သူ ဝင်လိုက်သည်နှင့် လှပသည့် အမျိုးသမီးတစ်ဦးက သူ့ဆီ လျှောက်လာသည်။
“ဒီသခင်လေးက မျက်နှာသစ်လေးပါလား။ ကျွန်မတို့ရဲ့ မွှေးရနံ့စင်မြင့်ကို ပထမဆုံးအကြိမ် လာတာများလား”
ယွမ်ရှုရှောင်က ပြုံးလိုက်ပြီး ယပ်တောင်ကို တင့်တယ်စွာ ခပ်လိုက်သည်။
“အစ်မကြီးက လူကဲခတ်တော်သားပဲ”
ချူဖုန်းသည် သူမကို လက်မောင်းအား တွဲခွင့်ပြုလိုက်သော်လည်း သူ၏မျက်လုံးများက လူအုပ်ကြားထဲတွင် ခွန်စန်းတောက်နှင့် လင်းဇီထုံတို့ကို လိုက်ရှာနေသည်။
သူက သူတို့ထဲက တစ်ယောက်ကို တပည့်အဖြစ် လက်ခံဖို့ စဉ်းစားထားသော်လည်း သူတို့၏ စိတ်နေသဘောထားကို အကဲဖြတ်ရန် လိုပါသေးသည်။
‘ဘာပဲဖြစ်ဖြစ် သူ့ရဲ့ တပည့် ခွဲတမ်းက တန်ဖိုးရှိတယ်။ အလဟသ အဖြစ်မခံနိုင်ဘူး’
ယွမ်ရှုရှောင်သည် သူ၏အကြည့်ကို သတိထားမိလိုက်ပြီး မေးလိုက်သည်။”သခင်လေးက သူငယ်ချင်းတစ်ယောက်ယောက်ကို ရှာနေတာများလား”
“မဟုတ်ပါဘူး”
ချူဖုန်း စကားလမ်းကြောင်း လွှဲလိုက်သည်။ “ရိုင်းတယ်လို့ မထင်ပါနဲ့။ ခွန်စန်းတောက်နဲ့ လင်းဇီထုံတို့က ဘယ်မှာလဲ”
၎င်းကို ကြားသာ် ယွမ်ရှုရှောင်သည် လူငယ်လေး၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။
အမှန်အတိုင်း ပြောရမည်ဆိုလျှင် ယနေ့ မွှေးရနံ့စင်မြင့်သို့ လာကြသည့် လူတော်တော်များများက ထိုနှစ်ယောက်ကို တွေ့ရန် လာကြခြင်းပေ။
‘ဒီနေ့ နေ့ခင်းပိုင်းက သေခြင်းရှင်ခြင်းစင်မြင့်ပေါ်က တိုက်ပွဲပြီးသွားတော့ သူတို့ရဲ့ ကျော်ကြားမှုက ထပ်တိုးသွားတယ်’
ဝမ်တောက်ကျောင်းတော်က အစဉ်အလာကို ဖောက်ဖျက်ပြီး ထိုနှစ်ယောက်ကို တပည့်အဖြစ်လက်ခံတော့မည်ဟု ကောလာဟလများပင် ထွက်နေသည်။
‘ဒီညက သူတို့နဲ့ ရင်းနှီးခွင့်ရဖို့ အကောင်းဆုံး အချိန်ပဲ’
ထို့ကြောင့် ယွမ်ရှုရှောင်က ထိုနှစ်ယောက်အတွက် နေရာကောင်းကို အထူး စီစဉ်ပေးထားသည်။
“ဟိုမှာ၊ သူတို့ ဟိုဘက်မှာ ထိုင်နေကြပါတယ်ရှင်”
သူမ လက်ညှိုးထိုးပြရာကို ကြည့်လိုက်သည့်အခါ ခွန်စန်းတောက်နှင့် လင်းဇီထုံတို့က စားပွဲဝိုင်းတစ်ခုတွင် ကောင်းကင်က လမင်းကို ကြယ်တာရာများ ဝန်းရံနေသည့်ပမာ ဝိုင်းရံခံထားရသည်။
ဧည့်သည် အများအပြားက သူတို့ကို ဂုဏ်ပြုစကား ဆိုနေကြသည်။
သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည့်အခါ ဘေးနားက စားပွဲဝိုင်းများက ပြည့်နေ၏။ သူက ဒုတိယထပ်က သီးသန့်အခန်းများကို မော့ကြည့်ပြီး မေးလိုက်သည်။
“အပေါ်ထပ်မှာ နေရာရှိသေးလား”
ယွမ်ရှုရှောင်က သူ၏ရည်ရွယ်ချက်ကို ဂရုမစိုက်ပေ။ သူမက ပိုက်ဆံပေးသည့် ဧည့်သည်ကို အမြဲတမ်း ကြိုဆိုပါ၏။ “ရှိတာပေါ့၊ သခင်လေးတို့ အဖွဲ့က လူဘယ်နှစ်ယောက်လောက် ပါလဲမသိဘူး”
“ကျွန်တော် တစ်ယောက်တည်းပါ။ သီးသန့်အခန်း လိုချင်တယ်”
“ရတာတာပေါ့ သခင်လေး။ ဒီဘက် လိုက်ခဲ့ပါ”
ယွမ်ရှုရှောင်သည် အပြုံးတစ်ပွင့်နှင့် ချူဖုန်းကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားသည်။
ထိုအချိန်၌။
ဒုတိယထပ်က သီးသန့်အခန်း တစ်ခန်းထဲတွင်။
ကြီးကြပ်ရေးမှူးဟန်က မြင်ကွင်းတစ်ခုလုံးကို မြင်နေရသည်။
သူက ဝိုင်တစ်ငုံ သောက်ပြီး တွေးလိုက်သည်။
‘ကြည့်ရတာ ဌာနမှူးချူက သူတို့ထဲက တစ်ယောက်ကို တပည့်အဖြစ် လက်ခံဖို့ စီစဉ်နေပုံရတယ်။ နှမြောစရာကောင်းတာက ငါ ဘယ်သူလဲဆိုတာ အတည်မပြုနိုင်သေးတာပဲ။ မဟုတ်ရင် ငါ အဲဒီကနေ အမြတ် ပိုထုတ်လို့ ရဦးမှာ။’
တစ်ယောက်ယောက်က သူ၏ အလားအလာရှိသည့် တပည့်ကို လုယူရန် ကြံစည်နေသည်ကို ချူဖုန်းက လုံးဝ မသိပေ။
ယွမ်ရှုရှောင်နောက်သို့ လိုက်လာပြီး အပေါ်ထပ်သို့ ရောက်သည့်အခါ သူက သီးသန့်အခန်း တစ်ခန်းထဲ ဝင်လိုက်သည်။ သူ ထိုင်လိုက်သည်နှင့် မိန်းကလေးတစ်ယောက်က စာအုပ်တစ်အုပ် ယူလာပေးသည်။
“သခင်လေး... ကျွန်မတို့ မွှေးရနံ့စင်မြင့်မှာ ဖျော်ဖြေသူ အမျိုးအစားအစုံ ရှိပါတယ်။ ကျက်သရေရှိတဲ့ အဆိုရှင်တွေကနေ နာမည်ကြီး ပြည့်တန်ဆာတွေအထိပါပဲ။ ကြိုက်ရာ ရွေးလို့ရပါတယ်ရှင်”
ချူဖုန်းက တွန့်ဆုတ်မနေဘဲ ပြန်ဖြေလိုက်သည်။ “သီချင်းဆိုတတ်တဲ့ နှစ်ယောက် လွှတ်လိုက်ပါ။ ပြီးတော့ ဝိုင်တစ်အိုးပါ ယူခဲ့ပေး”
“ဟုတ်ကဲ့ပါ။ ခဏလေး စောင့်ပါရှင်”
ယွမ်ရှုရှောင်က ပြုံးပြီး အခန်းထဲက ထွက်သွားသည်။
မကြာမီ၊ မိန်းမငယ်လေး နှစ်ဦးဝင်လာသည်။ တစ်ဦးက အနီရောင်ကို ဝတ်ဆင်ထားပြီး တစ်ဦးက အစိမ်းရောင်ကို ဝတ်ဆင်ထားသည်။
တစ်ဦးက ပီပါကို ကိုင်ထားပြီး ကျန်တစ်ဦးက ဝိုင်အိုးတစ်အိုး ယူလာသည်။
“မင်္ဂလာပါ သခင်လေး”
မိန်းကလေးနှစ်ဦး ဝင်လာပြီးနောက် ညင်သာစွာ ဦးညွှတ်လိုက်ကြသည်။
“ယဉ်ကျေးနေစရာ မလိုဘူး”
“ကျေးဇူးတင်ပါတယ် သခင်လေးရှင့်”
ဝိုင်သယ်လာသည့် မိန်းကလေးက ဝိုင်အိုးကို စားပွဲပေါ် တင်လိုက်ပြီး သူ့ကို တစ်ခွက် ငှဲ့ပေးလိုက်သည်။
ချူဖုန်း ခွက်ကို လက်ခံပြီး ပြောလိုက်သည်။ “မင်းတို့နှစ်ယောက် ဘာကျွမ်းကျင်လဲ။ မင်းတို့ အကျွမ်းကျင်ဆုံးအရာကို ဖျော်ဖြေပေး”
“ဟုတ်ကဲ့ပါ သခင်လေး”
ထို့နောက် ပီပါသံနှင့် ဘီလုံးငှက်လို ကြည်လင်သော အသံတစ်သံသည် သီးသန့်အခန်းထဲတွင် ပြည့်နှက်သွားသည်။
ချူဖုန်းက ဝိုင်ကို သောက်လိုက်ပြီး ဂီတသံကို နားထောင်ရင်း သက်တောင့်သက်သာ ဖြစ်နေဟန်ရသော်လည်း သူ၏မျက်လုံးများက အောက်ထပ်က နှစ်ယောက်ကို စောင့်ကြည့်နေသည်။
အခြား သီးသန့်အခန်း တစ်ခန်းထဲမှာတော့...
အတော်ကြာ စဉ်းစားပြီးနောက် ကြီးကြပ်ရေးမှူးဟန်သည် သူ၏လက်အောက်ငယ်သားကို ခေါ်လိုက်ပြီး ‘ချူဖုန်းက ခွန်စန်းတောက်နဲ့ လင်းဇီထုံတို့ကို အာရုံစိုက်နေတယ်’ ဆိုသည့် သတင်းကို ဝမ်တောက်ကျောင်းတော်သို့ ပို့ခိုင်းလိုက်သည်။
မြို့ထဲတွင် ကျောင်းတော်၏ တပည့်များစွာ ရှိပါသည်။
‘သူ မြန်မြန် လှုပ်ရှားပြီး သတင်း အရင်ပို့ရမယ်’
ဆုလာဘ် ပိုရရန်အတွက် သူက စာထဲမှာ စာကြောင်းတစ်ကြောင်း တမင် ထပ်ဖြည့်လိုက်သည်။ “ချူဖုန်းက လင်းဇီထုံကို ပိုသဘောကျပုံရတယ်”
ထို့နောက် ကြီးကြပ်ရေးမှူးဟန်က သူ၏ဝိုင်ခွက်ထံသို့ အာရုံပြန်ရောက်သွားသည်။
နာရီဝက်လောက် ကြာတော့။
ယွမ်ရှုရှောင်၏ အသံက မွှေးရနံ့စင်မြင့်မှ ထွက်ပေါ်လာသည်။ “လေးစားအပ်ပါသော ဧည့်သည်တော်များရှင်... မိန်းကလေးချင်း ရောက်လာပါပြီ”
ထိုစကားကြောင့် စည်ကားနေသော မွှေးရနံ့စင်မြင့်မှာ ချက်ချင်း တိတ်ဆိတ်သွားသည်။
ခဏအကြာတွင် ပွင့်ဖတ်များသည် အခန်းအတွင်း၌ တဖွဲဖွဲကျဆင်းလာပြီး လေထုထဲတွင် ပန်းရနံ့များဖြင့် ပြည့်နှက်သွားသည်။
ပီပါတီးပြီး သီချင်းဆိုနေကြသော မိန်းကလေးနှစ်ဦးက ချက်ချင်း ရပ်တန့်လိုက်ကြသည်။
ချူဖုန်း သူတို့ကို ကြည့်ပြီး မေးလိုက်သည်။”ဘာလို့ သီချင်းဆိုတာ ရပ်လိုက်တာလဲ”
အနီဝတ် မိန်းကလေးက ပြန်ဖြေသည်။ “သခင်လေး... မိန်းကလေးချင်း ဖျော်ဖြေတာကို နားထောင်ဖို့ လာတာ မဟုတ်ဘူးလား”
“သူက နာမည်ကြီးလို့လား”
ချူဖုန်းက မေးလိုက်သည်။ မိန်းကလေးနှစ်ဦးက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ရုတ်တရက် သဘောပေါက်သွားကြသည်။
‘ ဒီသခင်လေးက မိန်းကလေးချင်းကို တကယ် မသိတာပဲ။’
ပီပါကိုင်ထားသော အစိမ်းဝတ် မိန်းကလေးက ရှင်းပြသည်။ “အစ်မချင်းက ဝမ်တောက်မြို့ရဲ့ ထိပ်တန်း အဆိုရှင်ပါ။ ပြီးတော့ သူ့မှာ အစေခံစာချုပ် မရှိပါဘူး”
“တစ်ယောက်ယောက်က သူ့ရဲ့ စည်းကမ်းချက်တွေကို သဘောတူသရွေ့ သူက အဲဒီလူနဲ့ လိုက်သွားမှာပါ”
ချူဖုန်း စိတ်ဝင်တစား မေးလိုက်သည်။” မွှေးရနံ့စင်မြင့်က အဲဒီလိုမျိုးကိစ္စကို ခွင့်ပြုထားတာလား”
အစိမ်းဝတ် မိန်းကလေးက ဆိုသည်။ “သူတို့မှာ ရွေးချယ်စရာ မရှိဘူးလေ။ တကယ်လို့ မွှေးရနံ့စင်မြင့်က ငြင်းရင်၊ မိန်းကလေးချင်းက တခြားနေရာမှာ သွားဖျော်ဖြေမှာပေါ့။ ဆုံးရှုံးမဲ့သူက မွှေးရနံ့စင်မြင့်ပဲ ဖြစ်သွားမှာ”
ချူဖုန်း၏ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်ကွေးညွတ်သွားသည်။ “စိတ်ဝင်စားစရာပဲ”
သူတို့သုံးယောက် စကားပြောနေစဉ် အဖြူရောင် လျူရှန်းဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက တတိယထပ်တွင် ပေါ်လာသည်။ သူမ၏ဘေးတွင် အစေခံတစ်စု ဝန်းရံနေသည်။
ချူဖုန်းက စပ်စုချင်စိတ်ဖြင့် လှမ်းကြည့်လိုက်သည်။ သူမသည် ကျက်သရေရှိသည့်ခန္ဓာကိုယ်အချိုးအစားနှင့် မျိုးရိုးမြင့် မိန်းမပျိုတစ်ဦးအလားပင်။
သူမ၏ အသားအရေသည် အပြစ်အနာအဆာကင်းစင်ပြီး ကျောက်စိမ်းကဲ့သို့ နူးညံ့သည်။ အေးစက်စက် ရေခဲနတ်မိမယ်တစ်ပါးတစ်ဖွယ် လှပပြီး တောက်ပြောင်သည့်ဆံနွယ်နက်များသည် ခါးအထိ ဖြာကျနေသည်။ မျက်လုံးများကို ပိုးသား ဖဲကြိုးဖြူတစ်စဖြင့် ဖုံးအုပ်ထားသော်လည်း သူမ၏ အလှကို လျော့ပါးသွားစေခြင်း မရှိပေ။ ထိုအစား လျှို့ဝှက်ဆန်းကြယ်သော ဆွဲဆောင်မှုတစ်ခုကိုပင် ပေါင်းထည့်ပေးနေသည်။
မိန်းကလေးချင်းသည် ကုချင်းရှေ့တွင် ဝင်ထိုင်လိုက်မှသာ ဧည့်သည်များ သတိပြန်ဝင်လာကြပြီး တီးတိုး ပြောဆိုကြသည်။
“ဒီည မိန်းကလေးချင်းရဲ့ အလှကို မြင်ရလိမ့်မယ်လို့ မထင်ထားဘူး။ ဒီခရီးက တန်သွားပြီ”
“အတိအကျပဲ။ ငါ အစက ခွန်စန်းတောက်နဲ့ လင်းဇီထုံကို လာကြည့်တာ”
“မိန်းကလေးချင်းက လင်းဇီထုံကို လက်ခံလိုက်ပြီလို့ မင်း ထင်လား။ သူ လိုက်နေတာ ကြာပြီလေ”
“အခွင့်အရေး ရှိမယ် ထင်တယ်။ ဘာပဲဖြစ်ဖြစ် လင်းဇီထုံက ဝမ်တောက်ကျောင်းတော်ကို ဝင်တော့မှာပဲ”
စကားသံများအကြားတွင်။
မိန်းကလေးချင်းသည် ကုချင်းကို စတင် တီးခတ်လိုက်သည်။ သာယာသည့် ဂီတသံများက လေထုထဲတွင် ပြည့်နှက်သွားသည်နှင့် မွှေးရနံ့စင်မြင့်သည် နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။
ဂီတသံစဉ် ဆုံးသွားသည့်တိုင် ပရိသတ်များသည် ဂီတထဲတွင် စီးမျောနေဆဲ ဖြစ်သည်။ မိန်းကလေးချင်း ထွက်ခွာသွားပြီးနောက်မှာတောင် တော်တော်များများ သတိပြန်မဝင်ကြသေးပေ။
ချူဖုန်းက အသက်ကို ခပ်ဖွဖွ ရှူထုတ်လိုက်သည်။ “မိန်းကလေးချင်းက တော်တော် ထူးခြားတာပဲ”
သူက ဖျော်ဖြေမှု အတွင်း စိတ်ဝိညာဉ်စွမ်းအင် အတက်အကျ ဖြစ်ပေါ်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
အစိမ်းဝတ် မိန်းကလေးက ခေါင်းညိတ်လိုက်သည်။ “သေချာတာပေါ့။ ကျွန်မတို့ရဲ့ အစ်မချင်းက တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူလေ”
“ဟေ”
၎င်းကို ကြားသော် ချူဖုန်း၏စိတ်ဝင်စားမှုက ပိုတိုးလာသည်။
“ဆက်ပြောပြပါဦး”
အစိမ်းဝတ် မိန်းကလေး ခေါင်းယမ်းလိုက်သည်။ “ယွမ်ရှုရှောင်က ကျွန်မတို့ကို အများကြီး ပြောခွင့် မပေးထားဘူး”
“ဟားဟား... အခုမှ မူနေတာလား”
ချူဖုန်းက မိန်းကလေးနှစ်ယောက်ကို အတင်း မမေးတော့ပေ။ သူက ဝိုင်ကိုသာ အေးအေးလူလူ သောက်နေလိုက်သည်။
ထိုအချိန်တွင် ယွမ်ရှုရှောင်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ “လူကြီးမင်းများရှင်... တကယ်လို့ ဒီည မိန်းကလေးချင်းရဲ့ ဖျော်ဖြေမှုကို ထပ်ပြီး နားဆင်ချင်တယ် ဆိုရင် စပြီးလေလံဆွဲလို့ရပါပြီ”
ထိုစကားများကြောင့် လူတိုင်းက လင်းဇီထုံကို လှည့်ကြည့်လိုက်ကြသည်။
လူတိုင်းက မွှေးရနံ့စင်မြင့်၏ ဖောက်သည်ဟောင်းပင်။
လင်းဇီထုံက မိန်းကလေးချင်းကို လိုက်နေသည့်အကြောင်းကိုလည်း သူတို့က ကောင်းကောင်း သိသည်။
လင်းဇီထုံက ပြုံးလိုက်ပြီး သူ၏ဆိုင်းဘုတ်ကို မြှောက်လိုက်သည်။ “အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်”
စကားသံ ဆုံးသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဘယ်သူမှ ဈေးပိုမပေးကြပေ။
မည်သို့ပင်ဆိုစေကာမူ လင်းဇီထုံက လောလောဆယ် ဝမ်တောက်မြို့တွင် အလားအလာ အရှိဆုံး ကျင့်ကြံသူများထဲက တစ်ယောက်ပင်။
ယနေ့ နေ့လည်ခင်းတွင် ခွန်စန်းတောက်ကို ရှုံးခဲ့သော်လည်း မည်သူမျှ အထင်မသေးရဲပေ။
ယွမ်ရှုရှောင်သည် တိတ်ဆိတ်နေသည့် မြင်ကွင်းကို ကြည့်ပြီး စကားမပြောနိုင် ဖြစ်သွားသည်။
အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ဆိုသည်မှာ များသော်လည်း ပို၍များများတော့ ရချင်သေးသည်။
သို့သော် မည်သူမျှ ဈေးမတိုးရင်တော့ သူမလည်း မတတ်နိုင်ပေ။
ယွမ်ရှုရှောင် ပြုံးလိုက်ပြီး ပြောသည် “သခင်လေးလင်းက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင် ပေးထားပါတယ်ရှင်။ ပိုပေးချင်တဲ့ ဧည့်သည်တော်များ ရှိပါသေးလား”
လူအုပ်ကြီးက မလှုပ်မယှက် ရှိနေဆဲပင်။ ထိုအခိုက်ပျင်းရိနေသည့် အသံတစ်သံက ဒုတိယထပ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
“အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင်”