ဌာနမှူးချူ... ဘယ်သူ့ကို ရွေးမှာလဲ
Vol. 5 Ch. 49
“တပည့်တို့ မှားသွားပါတယ်။ ဌာနမှူးချူကို တောင်းပန်ပါတယ်ဗျ”
ဝမ်တောက်ကျောင်းတော်မှ တပည့်နှစ်ဦးသည် ချူဖုန်းကို အလျင်အမြန် ဦးညွှတ်ပြီး တောင်းပန်လိုက်ကြသည်။
ချူဖုန်းက စိတ်သဘောထားသေးသိမ်သူ မဟုတ်ပေ။ ထို့အပြင် သူက ဝမ်တောက်ကျောင်းတော်တွင် အမြဲတစေ သိုသိပ်စွာ နေလေ့ရှိသောကြောင့် တပည့်များက သူ့ကို မမှတ်မိကြပေ။
“ကိစ္စမရှိဘူး။ မသိတာ အပြစ်မဟုတ်ဘူး”
“ကျေးဇူးတင်ပါတယ် ဌာနမှူး”
ထိုအခါမှသာ သူတို့နှစ်ဦး သက်ပြင်းချနိုင်ကြသည်။ သူတို့မျက်လုံးများထဲတွင် လေးစားအားကျမှု အရိပ်အယောင်များ ပေါ်လာသည်။
ဝမ်တောက်ကျောင်းတော်၏ ဌာနမှူးတစ်ယောက်ဆိုသည့်အတိုင်း သဘောထားကြီးပေသည်။
‘ဒါပေမဲ့ ဌာနမှူးချူက ဘယ်ဌာနကလဲ၊ ဘာလို့ ဒီလောက် ငယ်ရွယ်နေရတာလဲ။’
သူတို့က ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိလိုက်သည်။ ‘သောင်းပြောင်းပညာရပ်ဌာနရဲ့ ဌာနမှူးလား’
အတိတ်တုန်းကဆိုလျှင် သူတို့ သောင်းပြောင်းပညာရပ်ဌာန၏ဌာနမှူးကို အလေးထားမှာ မဟုတ်ပေ။
သို့သော် အချိန်က ပြောင်းလဲသွားခဲ့၏။ ဌာနတွင် ယခုအခါ ရှောင်ချန်း ရှိနေပြီဖြစ်သည်။ ထို့အပြင် မကြာသေးခင်ကပဲ ချောင်ရို့ချန်၏အကြောင်းက အပြင်စည်းတပည့်များကြားတွင် ပျံ့နှံ့နေခဲ့သည်။
‘တော်တော်များများက အခုဆို ပြောနေကြပြီ၊ သောင်းပြောင်းပညာရပ်ဌာနရဲ့ ဌာနမှူးက ဖုံးကွယ်ထားတဲ့ ကျွမ်းကျင်သူတစ်ယောက်တဲ့’
‘ ဌာနမှူးချူ ကံကောင်းသွားရုံပါလို့ ပြောနေကြတဲ့ သူတွေလည်း ရှိတယ်’
သို့သော် မည်သည့် အချက်ကြောင့် ဖြစ်ပါစေ ဌာနမှူးချူက သူတို့လို အပြင်စည်းတပည့်များ ပြစ်မှားနိုင်သည့် သူမဟုတ်ပေ။
ချူဖုန်းသည် စောစောက အသံလာရာဆီသို့ အကြည့်လွှဲလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မတ်တပ်ရပ်ပြီး သူ့ကို လေးစားစွာ နှုတ်ဆက်သည်ကို တွေ့လိုက်ရသည်။ “ကုသိုလ်ခန်းမက ဟန်အန်းက ဌာနမှူးချူကို ဂါရဝပြုပါတယ်”
“ယဉ်ကျေးနေစရာ မလိုပါဘူး၊ ဒီနေ့ အလုပ်ပိတ်ရက်လား”
ချူဖုန်းက ယဉ်ကျေးစွာ ပြန်လည် နှုတ်ဆက်လိုက်သည်။
ကြီးကြပ်ရေးမှူးဟန် ပြုံးလိုက်သည်။ “ဟုတ်တယ် ဒီနေ့ ကျွန်တော် အလုပ်ပိတ်တယ်၊ ဌာနမှူးချူက ဘာကိစ္စရှိလို့ တောင်အောက်ဆင်းလာတာလဲ”
ချူဖုန်းသည် သူ၏ရည်ရွယ်ချက်ကို ဖုံးကွယ်မနေပေ။ “ဒီနှစ် ငါပြင်ပတပည့် လက်ခံဖို့ ခွဲတမ်းတစ်နေရာ ရှိသေးတယ်။ အဲဒါကြောင့် တစ်ချက် လာကြည့်တာလေ”
ကျောင်းတော်တွင် သတင်းအချက်အလက်စုံလင်လှသည့် သူတစ်ဦးအနေဖြင့် ကြီးကြပ်ရေးမှူးဟန်သည် အခွင့်အရေး၏အနံ့ကို ချက်ချင်း ရလိုက်သည်။
ချူဖုန်းသည် ဌာနမှူးဆယ်ဦးအနက် ကျော်ကြားမှု သိပ်မရှိသော်လည်း ရှောင်ချန်း၏ ရွှေရောင်ဂုဏ်သတင်းက ကျောထောက်နောက်ခံ ပေးထားသဖြင့် သူ၏ရာထူးမှာ တည်ငြိမ်လှသည်။
“ဌာနမှူးချူက ခွန်စန်းတောက် ဒါမှမဟုတ် လင်းဇီထုံ နှစ်ယောက်ထဲက တစ်ယောက်ကို စိတ်ဝင်စားနေတာများလား”
“မဟုတ်ဘူး၊ ဒီနေ့ ပြိုင်ပွဲ ရှိတယ် ကြားလို့ လာကြည့်တာ” ချူဖုန်းက တည်ကြည်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
သို့သော် ကြီးကြပ်ရေးမှူးဟန်အတွက်တော့ ထိုစကားက တမင်သက်သက် စကားလမ်းကြောင်းလွှဲနေသည်ဟု ထင်ရသည်။
‘ ဌာနမှူးချူက နှစ်ယောက်ထဲက တစ်ယောက်ကို သဘောကျနေတာဖြစ်ရမယ်၊ သူသာ သဲလွန်စရပြီး သတင်းရောင်းလိုက်ရင် ပွပြီဟေ့’
အကြီးအကဲများနှင့် ဌာနမှူးများက ချူဖုန်း၏ သင်ကြားပြသနိုင်စွမ်းကို အသိအမှတ်မပြုချင်သော်လည်း ပါရမီရှင်ရွေးချယ်နိုင်စွမ်းကို သံသယမဝင်ကြပေ။
ထိုသို့သာမဟုတ်လျှင် သူ ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ကို တပည့်တော်နိုင်မည်မဟုတ်ပေ။
“ဌာနမှူးချူက တိုက်ပွဲတွေကို နှစ်သက်မယ်လို့ မထင်ထားဘူး။ ဌာနမှူးဆိုတော့ သိုင်းကျမ်းတွေ အများကြီးကို ကျွမ်းကျင်မှာပဲ၊ ဒီနှစ်ယောက်ထဲက ဘယ်သူ အနိုင်ရမယ်လို့ ထင်လဲ”
ချူဖုန်းက ပြုံးလိုက်သည်။ “ဒီလို ထိပ်တိုက်ပွဲမျိုးတွေက ပြောရခက်တယ်၊ တိုက်ပွဲစတာကိုပဲ စောင့်ရအောင်”
ကြီးကြပ်ရေးမှူးဟန်က ထပ်ဖြည့်ပြောသည်။ “ဌာနမှူး ဒီနေ့ပွဲက အသက်လုပွဲ မဟုတ်ဘူး။ လေ့ကျင့်တဲ့ ပွဲသက်သက်ပါ။ ဒါပေမဲ့ လောင်းကြေးထပ်ထားတဲ့သူတွေ အများကြီး ရှိတယ်”
ချူဖုန်းက ပြန်ပြောသည်။ “ဪ သိပြီ၊ နှမြောစရာပဲ၊ သူတို့နှစ်ယောက်အကြောင်း ဘာမှမသိသေးဘူး။ မဟုတ်ရင် ငါလည်း နည်းနည်းလောက် ဝင်လောင်းမိမှာ”
သူတို့ စကားပြောနေစဉ် အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။
“ဟိုမှာ ကြည့်လိုက် ခွန်စန်းတောက် ရောက်လာပြီ”
၎င်းကို ကြားသော် ကြီးကြပ်ရေးမှူးဟန်က ချူဖုန်းကို ပြတင်းပေါက်နားက ခုံဆီ ခေါ်သွားလိုက်သည်။
ချူဖုန်း အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခိုက် မုတ်ဆိတ်မွေးနှင့် လူတစ်ယောက်က အံ့ဩစရာကောင်းသည့် အရှိန်အဟုန်ဖြင့် လေပေါ်ကနေ ပြေးလာသည်ကို တွေ့လိုက်ရ၏။
သူ လေပေါ်၌ ဝဲနေသော်လည်း မြေပေါ် လမ်းလျှောက်သည့်ပမာ ခြေလှမ်းများ ရွေ့လျားနေခဲ့သည်။
“ဟူး...”
လက်ဖက်ရည်ဆိုင်ထဲတွင် ဝမ်တောက်ကျောင်းတော်၏ တပည့်များက ထိုမြင်ကွင်းကို ကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်ကြသည်။
“ခွန်စန်းတောက်က နာမည်နဲ့လိုက်အောင် စွမ်းပါပေတယ်။ အထဲဝင်ဖို့တောင် စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး လေပေါ်ကနေပြေးလာတယ်။ တကယ့်ကို အားအင်ဖြုန်းတီးတာပဲ”
“အဲဒါက ဒီပွဲကို နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်လို ပြ နေတာမလား”
“မဖြစ်နိုင်ဘူး။ လင်းဇီထုံရဲ့ နဂါးမူလလှံသိုင်းက နောက်စရာမဟုတ်ဘူး။ ဝမ်တောက်ကျောင်းတော် အပြင်စည်းတပည့်တွေကြားမှာတောင် ထိပ်သီး အယောက်တစ်ရာလောက်ပဲ သူ့ကို နိုင်လိမ့်မယ်”
ချူဖုန်းသည် လူအုပ်ကြီး၏ ဆွေးနွေးသံများကို နားထောင်ပြီး ဒုတိယပြိုင်ပွဲဝင် ရောက်လာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
မကြာမီ မြင်းခွာသံများ အဝေးမှ ပဲ့တင်ထပ်လာသည်။
အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး ငွေရောင်လှံကို ကိုင်ထားသည့် တည်ကြည်ခန့်ညားသည့် လူငယ် လေးတစ်ဦးက မြင်းဖြူတစ်ကောင်ကို စီးကာ သေခြင်းရှင်ခြင်းစင်မြင့်ဆီသို့ တည့်တည့် လာနေသည်။
မြင်းက စင်မြင့်နား ရောက်ခါနီးတွင် လူငယ်လေးသည် လေထဲသို့ ခုန်တက်လိုက်ပြီး စင်မြင့်ပေါ်သို့ ကျက်သရေရှိစွာ ဆင်းသက်လိုက်သည်။
သူရောက်လာပုံက ခွန်စန်းတောက်လို ဟိတ်ဟန်မကြီးသော်လည်း သူ၏ဟန်ပန်ကလည်း မိမိုက်လှပေသည်။
“မဆိုးဘူး” ချူဖုန်းက ရုတ်တရက် မှတ်ချက်ချလိုက်သည်။
ကြီးကြပ်ရေးမှူးဟန်က မသိစိတ်ဖြင့် မေးလိုက်သည် “ဌာနမှူးချူက လင်းဇီထုံနိုင်မယ်လို့ ထင်တာလား”
“မဟုတ်ပါဘူး ဒီကောင်လေးက ချောလို့ပါ၊ ငါ့အမြင်မှာတော့ အင်အားဆိုတာ ယာယီပဲ ရုပ်ရည်ကတော့ထာဝရပဲလေ”
ချူဖုန်းက တည်ကြည်သော မျက်နှာထားဖြင့် အဓိပ္ပာယ်မရှိသော စကားများကို ပြောလိုက်သည်။
ကြီးကြပ်ရေးမှူးဟန် “...”
‘ဌာနမှူးချူအတုများလား’
‘ဒါမှမဟုတ် သူက တခြားသူတွေကို လမ်းလွဲအောင် လုပ်နေတာများလား’
‘သူ ဘယ်သူ့ကို တပည့်အဖြစ်လက်မခံလဲဆိုတာ မခန့်မှန်းနိုင်အောင်လို့လေ’
‘ဟုတ်တယ် အဲဒီလိုပဲ ဖြစ်ရမယ်’
ထိုသို့ တွေးပြီးနောက် ကြီးကြပ်ရေးမှူးဟန်သည် မပြုံးဘဲ မနေနိုင်တော့ချေ။သူက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။
‘ဌာနမှူးချူက ဘယ်သူ့ကို တပည့်အဖြစ် လက်ခံဖို့ စီစဉ်ထားလဲဆိုတာ အတည်ပြုနိုင်တာနဲ့ ငါ သတင်းရောင်းစားရမယ်။’
သေခြင်းရှင်ခြင်းစင်မြင့်ပေါ်တွင်။
ခွန်စန်းတောက်သည် လင်းဇီထုံ ဆင်းသက်လာသည်ကို မြင်သော် နှုတ်ဆက်လိုက်သည်။”ညီလေးလင်း မတွေ့တာ ကြာပြီနော် အရင်လိုပဲ စတိုင်ကျနေတုန်းပါလား”
လင်းဇီထုံက လက်သီးအုပ်ပြီး ပြောသည်။ “အစ်ကိုကြီးစန်းတောက် ခင်ဗျားလည်း လျော့မသွားပါဘူး။ ဒီနေ့ ခင်ဗျားရဲ့ ဓားသုံးကွက်က ဘယ်လောက်တောင် တိုးတက်လာလဲဆိုတာ မြင်ချင်ပါသေးတယ်”
ခွန်စန်းတောက်က ရယ်မောလိုက်သည်။”ဒီတစ်ခါတော့ မင်းကို စိတ်ပျက်စေမှာ မဟုတ်ဘူး ညီလေးလင်း”
“ဒါဆို စကြတာပေါ့”
လင်းဇီထုံက ပြောရင်း ခြေတစ်လှမ်းဝက် နောက်ဆုတ်လိုက်သည်။
“ကျေးဇူးပြုပြီး”
ခွန်စန်းတောက်က နောက်မဆုတ်ပေ။ ထိုအစား တိုက်ခိုက်ရန် လက်ဟန်ပြလိုက်သည်။
“လာပါ”
လင်းဇီထုံ ပြောလိုက်သည်နှင့် လက်ထဲမှ လှံကို ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။
ခွန်စန်းတောက်လည်း ဓားဆွဲထုတ်ပြီး တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။
ဝုန်း
နှစ်ဦးသား အစွမ်းကုန် တိုက်ခိုက်လိုက်ကြသည်။ ထို့နောက် ပေါက်ကွဲသံကျယ်ကြီး ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မှ ကြည့်ရှူနေသူများကို မသိစိတ်ဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေသည်။
“စစ်သည်တစ်ထောင် ဖြိုခွင်းခြင်း”
ခွန်စန်းတောက်က ဟိန်းဟောက်လိုက်ပြီး သူ၏နည်းစနစ်ကို ထုတ်ဖော်လိုက်သည်။
လင်းဇီထုံကလည်း အားကျမခံပေ။ သူက ချက်ချင်း ပြန်လည် တုံ့ပြန်လိုက်သည်။ “နဂါးဟိန်းဟောက် ထိုးဖောက်ခြင်း”
တစ်ခဏအတွင်း ဓားချီနှင့် လှံချီတို့သည် စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
သူတို့၏ တိုက်ခိုက်မှုအောက်တွင်သေခြင်းရှင်ခြင်းစင်မြင့်တစ်ခုလုံးသည် အချိန်မရွေး ပြိုကျသွားမည့်အလား ပြင်းထန်စွာ တုန်ခါသွားသည်။
ဖုန်မှုန့်လုံးကြီးက စင်မြင့်ကို ဖုံးလွှမ်းသွားသည်။
အောက်ဘက်မှ ကြည့်ရှူသူများက နောက်ဆုတ်သွားကြသည်။
လက်ဖက်ရည်ဆိုင်ထဲတွင် ချူဖုန်းနှင့် အခြားသူများသည် လက်ဖက်ရည်ကို တည်ငြိမ်စွာ သောက်နေကြသည်။သူတို့၏ မျက်နှာထားများက မပြောင်းလဲသွားပေ။
ခဏအကြာတွင် ဖုန်မှုန့်များက ရှင်းလင်းသွားသည်။
စင်မြင့်ပေါ်တွင် လင်းဇီထုံသည် ထောင့်စွန်းဘက်သို့ တွန်းပို့ခံလိုက်ရသည်။ ဒဏ်ရာအနည်းငယ် ရထားသော်လည်း သူ၏အကြည့်များက ပြတ်သားနေဆဲပင်။
မျက်နှာချင်းဆိုင်က ခွန်စန်းတောက်လည်း အခြေအနေသိပ်မဟန်ပေ။ သူ၏ပခုံးတွင် အပေါက်တစ်ပေါက် ရှိနေသည်။
အောက်ဘက်မှ ကြည့်ရှူသူများက သူတို့နှစ်ဦးကို ကြည့်ပြီး အော်ဟစ်လိုက်ကြသည်။”သန်မာလိုက်တာ ဒီနှစ်ယောက်က မယုံနိုင်စရာပဲ၊ ဝမ်တောက်ကျောင်းတော်က တပည့်တွေတောင် ဒီထက် သန်မာချင်သန်မာမှာ”
ခွန်စန်းတောက်နှင့် လင်းဇီထုံတို့သည် ဆက်လက် မတိုက်ခိုက်ကြဘဲ တည်ကြည်သော မျက်နှာထားများဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
“ညီလေးလင်း မင်း ပိုသန်မာလာတာပဲ” ခွန်စန်းတောက်က ပြောလိုက်သည်။
လင်းဇီထုံကလည်း ပြုံးလိုက်သည်။ “ကျွန်တော်တို့က အတူတူလောက်ပါပဲ”
ခွန်စန်းတောက်က ဆိုသည်။” ငါ့ရဲ့ အသန်မာဆုံး ဓားသိုင်းကွက်ကို သုံးတော့မယ်။ မင်း ခံနိုင်မယ်ဆိုရင် ငါ အရှုံးပေးမယ်”
“ကောင်းပြီလေ”
လင်းဇီထုံက ပြန်ဖြေသည်။ “ခင်ဗျားရဲ့ အဲဒီ အသန်မာဆုံး ဓားသိုင်းကွက်ကိုမြင်ချင်နေတာ ကြာပြီ”
ခွန်စန်းတောက်သည် ဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ သူ၏အရှိန်အဝါက တရိပ်ရိပ် တက်လာသည်။
လင်းဇီထုံသည် ခြေတစ်လှမ်းဝက် ရှေ့တိုးလိုက်၏။
သူ၏ မျက်လုံးများက ပိုမို ပြတ်သားလာသည်။
“လှိုင်းကြမ်း ခုတ်ချက်”
“နဂါးအသက်ရှူခြင်း ခုတ်ချက်”
ဓားဆွဲထုတ်လိုက်သည့် အခိုက်အတန့်တွင် လူအုပ်ကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
“ဓားဆန္ဒ၊ ခွန်စန်းတောက်က ဓားဆန္ဒ အရိပ်အငွေ့ကို နားလည်ထားတာပဲ”တိုက်ခိုက်မှုကို ကြည့်ရင်း ချူဖုန်းက အပြုံးဖြင့် မှတ်ချက်ချလိုက်သည်။
လက်ဖက်ရည်ဆိုင်ထဲမှ တပည့်များက ၎င်းကို ကြားသောအခါ ခွန်စန်းတောက်ကို သတိထားသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ဓားသိုင်းကွက်က ကျဆင်းလာပြီး အနိုင်အရှုံးကို ဆုံးဖြတ်ပေးသွားသည်။
ကလန်။
လင်းဇီထုံ၏ ငွေရောင်လှံတံသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူ၏လက်မောင်းမှ သွေးများ စီးကျလာသည်။
“ညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီးစန်းတောက်၊ ဒီရှုံးနိမ့်မှုကို ကျွန်တော် လက်ခံပါတယ်”
ခွန်စန်းတောက်က ပြောသည်။”မင်းက မြှောက်နေပြန်ပြီ။ ညီလေးလင်း ငါတို့က လေ့ကျင့်ရုံပဲလေ။ ငါတို့ကြားမှာ အငြိုးအတေးမှ မရှိတာ၊ ဒီည မွှေးရနံ့စင်မြင့် မှာ အစ်ကိုကြီး ဒကာခံမယ်”
“သဘောတူတယ်”
လင်းဇီထုံသည် လက်နက်ကို ကောက်ယူပြီး ခွန်စန်းတောက်နှင့်အတူ စင်မြင့်ပေါ်မှ ဆင်းသွားလေသည်။
ကြီးကြပ်ရေးမှူးဟန်သည် ထိုမြင်ကွင်းကို ကြည့်ပြီးနောက် ချူဖုန်းဘက်သို့ လှည့်ကာ မေးလိုက်သည်။ “ဌာနမှူးချူ...တကယ်လို့ ခင်ဗျား နှစ်ယောက်ထဲက တစ်ယောက်ကို တပည့်အဖြစ်ရွေးရမယ်ဆိုရင် ဘယ်သူ့ကို တပည့်အဖြစ် လက်ခံမလဲ”
“ခွန်စန်းတောက်က ထူးချွန်ပါတယ်” ချူဖုန်းက ပြောပြီး ရုတ်တရက် လေသံပြောင်းသွားသည်။
“ဒါပေမဲ့ ငါ ရွေးရမယ်ဆိုရင်တော့ လင်းဇီထုံကိုပဲ ရွေးမှာ”
“ဘာလို့လဲဗျ”
ကြီးကြပ်ရေးမှူးဟန်က ဇဝေဇဝါ ဖြစ်သွားသည်။
ချူဖုန်း ပြုံးလိုက်သည်။ “ငါ မင်းကို အဖြေပေးပြီးပြီ မဟုတ်လား၊ ဘာလို့လဲဆိုတော့ သူက ချောလို့လေ”
ကြီးကြပ်ရေးမှူးဟန် “...”