အခန်း (၆၇၆-၆၇၇)
Vol. 41 Ch. 676-677
Chapter 676
ကောင်းကင်မှ ကြားဖြတ်ဟန့်တားခြင်း ၅
လင်းရှန် ထိုအကြောင်းကို ဆက်မစဉ်းစားတော့ပေ၊၊ ထိုအချိန်တွင် အချိန်ဆွဲအားတစ်ခုကို သူ ခံစားလိုက်ရသည်၊၊ အချိန်ကို စစ်ဆေးလိုက်သောအခါ ၁၉း၃၅ ဒီရေကျချိန်ဖြစ်သည်၊၊
“ဆရာမချန်…. ရှီဇီကို ကာကွယ်ပေးထား… ကီကီ... ငါတို့ သယ်ယူပို့ဆောင်ရေး သင်္ဘောကို ကြားဖြတ်တိုက်ခိုက်မယ်… မီးတောက်... လမ်းကြောင်းကို ရှင်းလိုက်”
“ငါ့တာဝန်ထား”
လုရှင်းချန်သည် ဒေါသထွက်နေသော မီးလုံးကြီးတစ်ခုကဲ့သို့ ရှေ့သို့ ပြေးထွက်သွားသည်၊၊ ဂရေ့စ်သည် ထူးဆန်းသည့် သတ္တဝါများစွာကို တစ်ယောက်တည်းရင်ဆိုင်နေရပြီး ပတ်ဝန်းကျင်တွင် အလောင်းများစွာ ပြန့်ကျဲနေသည်၊၊ လုရှင်းချန် ရောက်သွားချိန်တွင် ကြီးမားသော ပိုးကောင်ကြီးတစ်ကောင်က သူမကို ကိုက်ထားသည်၊၊
“မီးလက်သီး”
ချက်ချင်းပင် လုရှင်းချန်က ထိုသတ္တဝါကို မီးလက်သီးဖြင့် ထိုးလိုက်ရာ ၎င်း၏ ကိုယ်အထက်ပိုင်းမှာ ပြာကျသွားသည်၊၊ ထို့နောက် ဂရေ့စ်သည် မြေပေါ်သို့ ပေါ့ပါးစွာ ပြန်ကျလာသည်၊၊
ဒီရေကျသွားသဖြင့် ခန်းမနှင့် ဘူတာရုံအတွင်းရှိ ထူးဆန်းသည့် သတ္တဝါအများစုပျောက်ကွယ်သွားကြသည်၊၊ ကျန်ရှိနေသော အနည်းငယ်ကို ဂရေ့စ်၊ လုရှင်းချန်နှင့် ကီကီတို့က အမြန်ဖြေရှင်းလိုက်ကြသည်၊၊ ထို့နောက်တွင် ကီကီက လင်းရှန်၊ ဂရေ့စ်နှင့် လုရှင်းချန်တို့ကို လေထဲသို့ ပင့်တင်လိုက်သည်၊၊ အောက်တွင် ချန်ဆီရွှမ်နှင့် ရှီဇီတို့က ဘူတာရုံအမိုးပေါ်တွင် နေရာယူထားကြသည်၊၊
စက္ကန့်တိုင်းက တန်ဖိုးရှိနေသည်၊၊ ဒီရေကျသွားသည်နှင့် တိတ်ဆိတ်မြို့တော်၏ စောင့်ကြည့်ရေးစနစ်တွင် မိလ္လာသန့်စင်စက်ရုံမှ ထွက်ခွာလာသော သယ်ယူပို့ဆောင်ရေးသင်္ဘောနှစ်စင်းကို တွေ့လိုက်ရသည်၊၊ ၎င်းတို့သည် အရှေ့တောင်ဘက်သို့ အရှိန်ဖြင့် ဦးတည်နေကြသည်၊၊ ကီကီသည် မြို့၏ အချက်အချာနေရာများကို အခြေခံ၍ လမ်းကြောင်းကို ချိန်ညှိရင်း အပေါ်သို့ ပျံတက်လာသည်၊၊ ထိုသင်္ဘောများ အရှိန်မရခင် သူတို့ ကြားဖြတ်ဟန့်တားရမည် ဖြစ်သည်၊၊
ယခုစစ်ဆင်ရေးက သူတို့အတွက် အသစ်အဆန်းဖြစ်နေသော်လည်း တွန့်ဆုတ်နေရန် အချိန်မရှိပေ၊၊ ရန်သူက ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ထင်ရှားနေသည်၊၊
ဝုန်း ဝုန်း ဝုန်း
သူတို့ အပေါ်သို့ တက်လာသည်နှင့်အမျှ လေထုသည် မည်းမှောင်နေသော မြူခိုးများဖြင့် ထူထဲလာသည်ကို လင်းရှန် ခံစားလိုက်ရသည်၊၊ အပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုရှိနေသကဲ့သို့ ခံစားရသည်၊၊ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ အဖြူရောင်မြို့၏ ပုံရိပ်သည် ပျောက်ကွယ်နေပြီး ပတ်ဝန်းကျင်အနေထားကြောင့် တွင်းနက်ကြီးတစ်ခုနှင့် တူနေသည်၊၊
“ပစ်မှတ်နဲ့ ထိတွေ့ဖို့ ၃ စက္ကန့်ပဲ လိုတော့တယ်”
လင်းရှန် နောက်သို့ လှည့်ကြည့်လိုက်သည်၊၊
“ကီကီ၊ မီးတောက်... ဂရေ့စ်က အဲဒီသင်္ဘောကို မတားနိုင်ရင် တစ်စစီဖြစ်အောင်ဖျက်ဆီးလိုက်”
သူတို့၏ မစ်ရှင်မှာ ထွက်ပြေးနေသည့် ကိုယ်ပွားကောင်များကို ဖမ်းဆီးရန်နှင့် သူတို့ကိုယ့်ကိုယ်ကိုယ် မဖျက်ဆီးခင် သူတို့၏ အာရုံကြောချိတ်ဆက်မှုများကို ဖြတ်တောက်ရန် ဖြစ်သည်၊၊
အစောပိုင်းက အနီရောင် ထိတ်လန့်ဖွယ်သတ္တဝါတွင် ရှုပ်ထွေးသော ယန္တရားအစိတ်အပိုင်းများပါနေသဖြင့် စကင်ဖတ်ရန် အချိန်ယူရသော်လည်း သူ့ကို အနိုင်ယူရန်အတွက် စွမ်းအင်ပေးပို့သည့် အစိတ်အပိုင်းကို ဖျက်ဆီးလိုက်ရုံဖြင့် အဆင်ပြေသွားသည်၊၊ လင်းရှန်အတွက်တော့ ယန္တရားမှန်သမျှသည် သူ၏ သားကောင်များသာ ဖြစ်သည်၊၊
ပြဿနာမှာ သင်္ဘော၏ အရှိန်မှာ အလွန်မြန်နေသဖြင့် ကြားဖြတ်တိုက်ခိုက်ပါက သူ၏ ဝတ်စုံပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ၊၊ ဂရေ့စ်တွင် ရှင်းဂျီပြင်ဆင်ပေးထားသော EMP ဗုံးတစ်ခုပါရှိသည်၊၊ ၎င်းကို အသုံးပြုပါက သင်္ဘော၏ စွမ်းအင်စနစ်များကို ချက်ချင်း ရပ်တန့်စေနိုင်သည်၊၊ သို့သော် လင်းရှန်က ကီကီနှင့် လုရှင်းချန်တို့ကို အရန်အဖြစ်ထားရှိခဲ့သည်၊၊
“ကောင်းပြီ အစ်ကိုလင်း”
လုရှင်းချန် ခေါင်းငြိမ့်လိုက်သည်၊၊ လေထဲတွင် ပျံသန်းသော ကီကီသည် သေချာအာရုံစိုက်နေသည်၊၊
၃... ၂...
တိတ်ဆိတ်နေသော အမှောင်ထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်၊၊ ကြီးမားသော ငွေရောင်သယ်ယူပို့ဆောင်ရေး သင်္ဘောကြီးတစ်စင်းက မြင်ကွင်းထဲသို့ ရောက်လာသည်၊၊
ကီကီက အော်လိုက်ကာ စိတ်စွမ်းအားဖြင့် ဂရေ့စ်ကို သင်္ဘောဗိုက်အောက်သို့ ပစ်လွှတ်လိုက်သည်၊၊ တစ်ချိန်တည်းမှာပင် သူမသည် သင်္ဘော၏ အရှိန်ကို လျှော့ချရန် စိတ်စွမ်းအား အကာအကွယ်နံရံကြီးတစ်ခုကို ဖန်တီးလိုက်သည်၊၊
ဘန်း
ဂရေ့စ်၏ ခန္ဓာကိုယ်တုန်ခါသွားသော်လည်း ထိုခဏလေးမှာပင် သင်္ဘောပေါ်သို့ သံချောင်းတစ်ချောင်းကဲ့သို့ ပစ်ဆောင့်မိပြီး တက်သွားနိုင်ခဲ့သည်၊၊
သင်္ဘောအတွင်းရှိ ယန္တရားအစိတ်အပိုင်းများ တပ်ဆင်ထားသော လူတစ်ဒါဇင်ခန့်သည် ပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ရသည်၊၊ သူတို့သည် ငယ်ရွယ်ပုံရသော်လည်း မျက်နှာများမှာ အေးစက်နေပြီး အသက် ၄၀ ကျော် လူကြီးများ၏ အမူယာများရှိနေကြသည်၊၊
အေးတိအေးစက်ဟန်ဖြင့် လူငယ်တစ်ယောက်က အပေါ်ကို ကြည့်လိုက်သည်၊၊
“အဲဒါ ဘာအသံလဲ”
[အပြင်ဘက်မှ ဖောက်ထွင်းမှုကို တွေ့ရှိရသည်] သင်္ဘောမှ အချက်ပေးသံက မြည်ဟည်းလာသည်၊၊
အားလုံး ထိတ်လန့်သွားကြသည်၊၊
“သူတို့ပဲ…. ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးတဲ့စနစ်ကို စတင်လိုက်”
“နေဦး… ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ကောင်နဲ့ တိုက်မိတာဆိုရင်ကော”
ဦးခေါင်းတွင် မှိုများ ပေါက်နေသည့် လူလတ်ပိုင်း တစ်ယောက်က ပြောလိုက်သည်၊၊
“အနီရောင် ထိတ်လန့်ဖွယ်သတ္တဝါကို လွှတ်ထားတာပဲ… ငါတို့ လွတ်သင့်တာပေါ့...”
“အကြောင်းပြချက်မပေးနဲ့”
အမျိုးသမီးတစ်ယောက်က အော်ပြောလိုက်သည်၊၊
“ဒေါက်တာကျိုး၊ ရှင့်ရဲ့ ကြောက်စိတ်က ရှက်စရာပဲ… ရှင့်အနေနဲ့ လွတ်သွားရင်တောင် ပြန်အဖမ်းခံရမှာပဲ”
“မဟုတ်ဘူး… ငါဆိုလိုတာက... နေဦး...”
အုန်း
ပေါက်ကွဲမှုတစ်ခုဖြစ်သွားပြီး စွမ်းအင်များပြတ်တောက်သွားသည်၊၊ သင်္ဘောသည် ရုတ်တရက် အရှိန်ပြတ်တောက်ကာ ထိုးကျသွားသည်၊၊
[အန္တရာယ်သတိပေးချက်… အန္တရာယ်သတိပေးချက် အမြင့်ပေ ကျနေသည်]
သင်္ဘောအတွင်းရှိ ကိုယ်ပွားများ ထိတ်လန့်နေကြသည်၊၊ ခုနက စကားပြောခဲ့သော အမျိုးသမီးသည် ကြိုးတစ်ခုနှင့် ငြိကာ သေဆုံးသွားပြီ ဖြစ်သည်၊၊
“အနီရောင် 3056 Batch အဖွဲ့ဝင်များ အားလုံး… စနစ်ရပ်ဆိုင်းရန် ပြင်ဆင်ပါ”
အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်၊၊
“ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ စနစ် စတင်ပြီ… ပြန်ပြင်လို့ မရပါ”
“အနီရောင်ယဉ်ကျေးမှုအတွက် ပေးဆပ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်… နှုတ်ဆက်ခဲ့ပါတယ်”
တီ တီ တီ
သူတို့၏ အာရုံကြောကိရိယာများမှ အနီရောင်အလင်းများ ထွက်ပေါ်လာပြီး ပေါက်ကွဲသွားကြသည်၊၊
တိတ်ဆိတ်သွားသည်…
ထိုအချိန်တွင် သံမဏိလက်ချောင်းများက သင်္ဘော၏ အမိုးကို ဆွဲဖွင့်လိုက်သည်၊၊ ဂရေ့စ် ဖောက်ထွင်းဝင်ရောက်လာခြင်းဖြစ်သည်၊၊ လင်းရှန်၏ ယန္တရားစကင်ဖတ်မှုကလည်း ချက်ချင်း ရောက်လာသည်၊၊ သူသည် နောက်ဆုံး ကျန်နေသော အချက်ပြကို ဖမ်းလိုက်ပြီး ကိုယ်ပွားတစ်ယောက်၏ ဦးနှောက် Chip အတွင်းရှိ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမည့်စနစ်ကို ဝါးမျိုလိုက်သည်၊၊
“ကီကီ…. ဘယ်ဘက်က ဒုတိယမြောက်လူ”
ဒေါက်တာကျိုးသည် သူ၏ မိမိကိုယ်ကိုယ်ဖျက်ဆီးခြင်းစနစ် ရပ်တန့်သွားသည်ကို သိလိုက်ရသည်၊၊ ထို့နောက်တွင် သူ မတုံ့ပြန်နိုင်ခင်မှာပင် မမြင်ရသော စွမ်းအားတစ်ခုက သူ့ကို သင်္ဘောထဲမှ ဆွဲထုတ်လိုက်သည်၊၊
လေတိုးသံများနှင့်အတူ စွမ်းအားဝတ်စုံ ဝတ်ထားသူများက သူ့ကို ဖမ်းဆီးလိုက်ကြသည်၊၊ သူ၏ ထိတ်လန့်မှုမှာ ရူးသွပ်စွာ ရယ်မောခြင်းသို့ ပြောင်းလဲသွားသည်၊၊
“လင်းရှန်… ယန္တရားစွမ်းအားရှင်... အနန္တရထား... ငါတို့ရဲ့ အနီရောင်ကမ္ဘာက ဘယ်တော့မှ...”
ဖျစ်
လင်းရှန်က သူ၏ အာရုံကြောချိတ်ဆက်မှုမှ မှတ်ဉာဏ်အမြုတေ chipကို ဆွဲထုတ်လိုက်သည်၊၊
“ရပြီ”
ကီကီက လင်းရှန်၊ ဂရေ့စ်နှင့် မီးတောက်တို့ကို လေထဲသို့ ဆွဲတင်လိုက်သည်၊၊ သူတို့အောက်တွင် သယ်ယူပို့ဆောင်ရေးသင်္ဘောကြီးသည် တွင်းနက်ထဲသို့ ထိုးကျသွားသည်၊၊ လင်းရှန်က လက်ထဲက မှတ်ဉာဏ်အမြုတေ Chipကို ကြည့်ရင်း သက်ပြင်းချလိုက်သည်၊၊
တကယ်ကို ခက်ခဲတာပဲ... ဒါပေမဲ့ ငါတို့ရလိုက်လို့ တော်သေးတယ်….
ထိုအချိန်တွင် ရွှန်း၏ အသံက ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်၊၊
“လင်း... အဖြူရောင်မြို့ဆေးရုံကို အခု လာခဲ့… ကျနော်တို့ ဒုတိယသင်္ဘောကို တားထားတယ်”
Chapter 677
မီးဥက္ကာပျံ ၁
ကောင်းကင်ထက်တွင် အမည်းရောင်မြူများသည် လိပ်တက်ကာ လှုပ်ရှားနေ၏၊၊ လင်းရှန်သည် မှတ်ဉာဏ် Chipကို သိမ်းဆည်းလိုက်စဉ်မှာပင် ရွှန်း၏ အော်ခေါ်သံကို ကြားလိုက်ရသည်၊၊ နန်ကျင်းတစ်ခုခုဖြစ်ပြီလားဟူသော အတွေးက သူ၏ ပထမဆုံးတုံ့ပြန်မှုပင်ဖြစ်သည်၊၊ သူတုံ့ဆိုင်းမနေဘဲ ကီကီကို ဦးဆောင်ခိုင်းကာ အဖွဲ့ကို အမြန်ဆုံး အောက်သို့ဆင်းစေပြီး ချန်ဆီရွှမ်၊ ရှီဇီတို့နှင့် ပူးပေါင်းကာ တိုက်ပွဲနေရာရှိရာသို့ လမ်းမများအတိုင်း အနိမ့်ပျံသန်းခဲ့ကြသည်၊၊
“လင်း… မိလ္လာသန့်စင်စက်ရုံက သတင်းရသွားပြီ၊၊ မင်းတို့ဆုတ်ခွာဖို့ ၁၅ မိနစ်ပဲ အချိန်ရမယ်’’
ရှင်းဂျီ၏ အသံထွက်ပေါ်လာသည်၊၊
လင်းရှန်သည် လက်ထဲရှိ မှတ်ဉာဏ်အမြုတေ Chip ကို စစ်ဆေးရင်း အချိန်မှတ်နာရီကို ကြည့်လိုက်သည်၊၊ ဤအနက်ရောင်ကိရိယာလေးသည် အလွန်တန်ဖိုးရှိလှသည်၊၊ ၎င်းသည် လူကြီးတစ်ယောက်၏ စွမ်းအင်မြင့်ဦးနှောက်အချက်အလက်များကို သိမ်းဆည်းထားနိုင်သည်၊၊ ဒစ်ဂျစ်တယ်သက်ရှိများအတွက်မူ ဤသည်မှာ အဆင့်မြင့်မားသော တိုးတက်မှုတစ်ခုပင်ဖြစ်သည်၊၊
သူသည် ဦးနှောက်အမြှေးရည်နှင့် မှိုမျှင်များကို သုတ်သင်လိုက်ပြီးနောက် ဂရေ့စ်ကို ကမ်းပေးလိုက်သည်၊၊
“ဂရေ့စ်… ဒီမှတ်ဉာဏ်အမြုတေရဲ့ အခြေအနေကို စစ်ဆေးပေး’’
ဂရေ့စ်က ယူလိုက်သည်၊၊ သူမ၏ လက်ကောက်ဝတ်ရှိ လူသားအရေပြားများ ပွင့်သွားပြီး စနစ်မြင်ကွင်းပေါက်တစ်ခုပေါ်လာသည်၊၊ သူမသည် ကိရိယာကို ထည့်သွင်းကာ စကင်ဖတ်လိုက်သည်၊၊
[အခြေအနေ ကောင်းမွန်ပါတယ်၊၊ RSA စာဝှက်စနစ်ကို ကျွန်မရဲ့ ကွမ်တမ်ကွန်ပျူတာနဲ့ ဖိအားပေးဖြေရှင်းလို့ ရပါတယ်]
“အခု မဟုတ်သေးဘူး’’
လင်းရှန်က အမြုတေကို ပြန်သိမ်းလိုက်သည်၊၊ ဤအရာကို ရှင်းဂျီအား ခွဲခြမ်းစိတ်ဖြာခိုင်းခြင်းက ပို၍ကောင်းပေလိမ့်မည်၊၊ သူတို့၏ လက်ရှိတာဝန်မှာ လူပြန်စုပြီး ဆုတ်ခွာရန်သာ ဖြစ်သည်၊၊
အဖြူရောင်မြို့လယ်တွင် ပြိုပျက်နေသော အဆောက်အအုံများက ထိုးထွက်နေပြီး အရပ်လေးမျက်နှာမှ ထူးဆန်းသည့် သတ္တဝါများ၏ အသံများပဲ့တင်ထပ်နေသည်၊၊ နားကြပ်များအတွင်းမှ ဆက်သွယ်လှိုင်းအသံများမှာလည်း တရှဲရှဲဖြစ်နေလေ၏၊၊ လင်းရှန်၏အဖွဲ့ အဖြူရောင်မြို့ဆေးရုံသို့ ရောက်သောအခါ ကောင်းကင်ယံရှိ မီးလောင်နေသော သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စီးသည် အောက်ဘက်သို့ ပြင်းထန်စွာ ပစ်ခတ်နေသည်ကို တွေ့ရသည်၊၊ ငွေရောင်ဒရုန်းများသည် ကောင်းကင်အနှံ့ ပျံသန်းပစ်ခတ်နေကြရာ မြေပြင်နှင့် ဝေဟင်နှစ်ခုလုံးသည် ရှုပ်ထွေးနေကာ ရှေ့တန်းစစ်မျက်နှာတစ်ခုအလားပင်၊၊
ပေါက်ကွဲမှုများသည် လမ်းဆုံလမ်းခွများစွာကို တုန်ခါသွားစေပြီး မီးခိုးနှင့် မီးတောက်များသည် အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေသည်၊၊
ယခင်က သူတို့တွေ့ခဲ့သော သယ်ယူပို့ဆောင်ရေးသင်္ဘောနှင့်မတူဘဲ ဤသင်္ဘောသည် စစ်ပွဲအတွက် အသင့်ပြင်ထားခြင်းဖြစ်ပြီး ဒရုန်းတပ်ဖွဲ့များကလည်း ကာဗာပေးထားသည်၊၊
ဘုန်း ခရက် ခရက်
ယာဉ်၏ တောင်ပံများက ကောင်းကင်တမန်တစ်ပါးကဲ့သို့ ပြန့်ထွက်လာပြီး ဆလင်ဒါပုံစံ ကိရိယာဒါဇင်ပေါင်းများစွာကို ပစ်လွှတ်လိုက်သည်၊၊ ၎င်းတို့သည် လေထုထဲတွင် ပေါက်ကွဲသွားကာ ပင့်ကူပုံစံစက်ရုပ်များအဖြစ် ပြောင်းလဲသွားပြီး နံရံများနှင့် မြေပြင်တစ်လျှောက် ပြေးလွှားသွားကြသည်၊၊ ၎င်းတို့၏ လုံးဝန်းသောခေါင်းများသည် လည်ပတ်နေပြီး အနီရောင်လေဆာတန်းများကို ပစ်လွှတ်နေကြသည်၊၊
ဝုန်း
ပေါက်ကွဲအားတစ်ခုသည် ဆူနာမီလှိုင်းကဲ့သို့ပင် ပျက်စီးနေသော နံရံများနှင့် ယာဉ်အပျက်အစီးများကို လွင့်စင်သွားစေပြီး ဝေဟင်နှင့် မြေပြင်ရှိ ဒရုန်းများကိုပါ ချေမှုန်းလိုက်သည်၊၊ ရူဂျိသည် အနီရောင်ဓားရှည်ကို ဆွဲကိုင်ကာ အဆောက်အအုံပေါ်သို့ ဆင်းသက်လာသည်၊၊ သူသည် ရှေ့မှလာနေသော လူပုံစံစက်ရုပ်ကို နှစ်ပိုင်းပိုင်းလိုက်ရာ ပြင်းထန်စွာ ပေါက်ကွဲသွားသည်၊၊
ဒုန်း ဒုန်း ဒုန်း
ကြီးမားသော ငွေရောင်မီကာနှစ်ခုသည် လမ်းမများပေါ်တွင် လှုပ်ရှားနေပြီး သူတို့၏ သံချပ်ကာတွင် တွယ်ကပ်နေသော ပင့်ကူစက်ရုပ်များကို ရိုက်ချကာ ထူးဆန်းသည့် သတ္တဝါများကို တိုက်ခိုက်နေကြသည်၊၊ အမြင့်ပိုင်းတစ်နေရာတွင် ရွှန်းသည် မီကာနှစ်ခုကို ထိန်းချုပ်နေသလို သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်ရှိ ဝေဟင်တိုက်ပွဲအတွက် အခြားစက်ရုပ်တစ်ရုပ်ကိုလည်း အမိန့်ပေးနေသည်၊၊
“လင်း’’ ရွှန်းသည် လင်းရှန်နှင့် ဆက်သွယ်မိသွားသည်၊၊
“အနီရောင် ထိတ်လန့်ဖွယ်သတ္တဝါက မွန်းစတားဒီရေလှိုင်းကို စတင်လိုက်ပြီ၊၊ အဲ့ဒီယာဉ်က အဓိကခြိမ်းခြောက်မှုပဲ… လန်က ယာဉ်ပေါ်မှာ ရှိနေတယ်…. ဒါကို ကျနော်တို့ အမြန်အဆုံးသတ်ရမယ်’’
လင်းရှန်တို့အဖွဲ့ ရောက်လာသည်နှင့် ချန်ဆီရွှမ်သည် ဆေးရုံ၏ လူနာဆောင်တွင် ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားနေသည်ကို မြင်လိုက်ရသည်၊၊ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုက အမည်းရောင်ပုံရိပ်တစ်ခုကို နံရံထဲသို့ လွင့်စင်သွားစေပြီး နန်ကျင်းသည် အပျက်အစီးများထဲမှ ခုန်ထွက်လာသည်၊၊
“ကပ္ပတိန်လင်း… ဒီမှာ စောင့်ကြည့်သူတစ်ယောက်ရှိတယ်…သတိထားဦး’’
သူမ ပြော၍မဆုံးခင်မှာပင် ဆေးရုံဝင်းအတွင်း ပေါက်ကွဲမှုများနှင့် ရွှေရောင်အလင်းတန်းတစ်ခုက ဝုန်းခနဲ ထွက်ပေါ်လာပြီး အမည်းရောင်ပုံရိပ်ကို အားကုန်ကန်ထုတ်လိုက်ရာ လွင့်ထွက်သွားလေသည်၊၊
ချီလီသည် မီးခိုးများထဲမှ ထွက်လာပြီး သူ၏ ခြေကျင်းဝတ်ကို လှည့်ကာ ရေရွတ်လိုက်သည်၊၊
“တော်တော်မာတဲ့ကောင်ပဲ’’
သို့သော် သူပြော၍မဆုံးမီမှာပင် သူကန်လိုက်သော အနီရောင် အရိုးစုသတ္တဝါသည် ရုတ်တရက် အနီရောင်မျက်လုံးများ ပွင့်လာသည်၊၊ ပြင်းထန်သော စွမ်းအင်များ စုစည်းသွားပြီးနောက် ပေါက်ကွဲထွက်လာသည်၊၊
ဘစ်ဇ် အုန်း အုန်း
အားဖေး၏ လေဆာနှင့် မိုနီကာ၏ အသံလှိုင်းစွမ်းအားများပေါင်းစပ်သွားကာ ချီလီ ရပ်နေခဲ့သော မြေပြင်ကို ဖျက်ဆီးလိုက်သည်၊၊ မီတာဒါဇင်ပေါင်းများစွာ တောက်လောင်သွားပြီး ဆေးရုံအဆောင်တစ်ခုလုံးကို ပျက်စီးသွားစေသည်၊၊
လင်းရှန် တိုက်ပွဲကို အသေးစိတ်လေ့လာနေသည်၊၊ ရှောင်ချင်းသည် ချိတ်ကြိုးကို အသုံးပြုကာ မွန်းစတားဒီရေလှိုင်းထဲသို့ သေနတ်ဓားဖြင့် တိုးဝင်နေသည်၊၊ အောက်ဘက်တွင် မိုနီကာသည် အသံလှိုင်းများကို အသုံးပြုကာ အားဖေးကို ကာကွယ်ပေးနေပြီး အားဖေးက သယ်ယူပို့ဆောင်ရေးသင်္ဘောကို လေဆာဖြင့် ပစ်ခတ်နေသည်၊၊
သို့သော် ယာဥ်၏ ဦးခေါင်းပိုင်းတွင် ထူးဆန်းသော အဖြူရောင်ကိရိယာတစ်ခုပါရှိပြီး ၎င်းက အနီရောင်မြူများအဖြစ် ပေါက်ကွဲသွားနိုင်သော ကိရိယာငယ်များကို ပစ်လွှတ်လိုက်သည်၊၊ ၎င်းမှာ လင်းရှန် ယခင်က ကြုံတွေ့ခဲ့ရသော ထူးဆန်းသောအစိမ်းရောင်မြွေကြီး၏ မြူများနှင့် အတူတူပင်ဖြစ်သည်၊၊ အားဖေး၏ လေဆာက ၎င်းကို ထိမှန်သွားသော်လည်း ဆက်မသွားနိုင်ပဲ တားဆီးခံလိုက်ရသည်၊၊ သို့သော် မြူများသည် ပြင်းထန်သောစွမ်းအားကြောင့် ပေါက်ကွဲသွားပြီး သယ်ယူပို့ဆောင်ရေးသင်္ဘော၏ အစိတ်အပိုင်းတစ်ခုကို ပျက်စီးသွားစေသည်၊၊
“ထူးဆန်းတဲ့ သတ္တဝါတွေ နည်းသွားပြီ၊၊ ဒါပေမဲ့ ဒီအတိုင်း ဆက်ဖြစ်နေရင် ဘယ်သူမှ လွတ်မှာမဟုတ်ဘူး’’
ကီကီက ထိုမြင်ကွင်းကို ကြည့်ရင်း ပြောလိုက်သည်၊၊
“မီးတောက်…. ချီလီနဲ့ နန်ကျင်းကို ကူပြီး အနီရောင်သတ္တဝါကို ရှင်းလိုက်…. ဆရာမချန်က ရှီဇီကို ခေါ်ပြီး မိုနီကာနဲ့ အားဖေးကို ကူညီပေးပါ၊၊ သူတို့ကို စောင့်ကြည့်သူ ဘယ်မှာလဲဆိုတာ ရှာခိုင်းလိုက်… စောင့်ကြည့်သူကို မသတ်နိုင်ရင် မွန်းစတားတွေကို သတ်နေတာ အပိုပဲ ဖြစ်လိမ့်မယ်၊၊ ကီကီ၊ ဂရေ့စ်… ငါတို့ကတော့ ဟိုယာဉ်ကို ဖျက်ဆီးမယ်”
“နားလည်ပြီ’’
“Yes, sir’’
လုရှင်းချန်သည် စိတ်အားထက်သန်စွာဖြင့် ဥက္ကာပျံတစ်ခုကဲ့သို့ တိုးဝင်သွားသည်၊၊ လေထုထဲတွင် သူသည် လက်ချောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လည်ပတ်နေသော အပြာရောင်မီးလုံးတစ်လုံးကို ဖန်တီးလိုက်ရာ ပြင်းထန်သော အပူရှိန်ကြောင့် သူ၏ စွမ်းအားဝတ်စုံပင် နီရဲလာသည်၊၊ သူသည် ထိုမီးလုံးကို ကိုင်ကာ အားအပြည့်နှင့် ပစ်လွှတ်လိုက်သည်၊၊
“မြင့်မြတ်သော အနန္တမီးတောက်ဓား’’
ဝုန်း
အစောပိုင်းက အရှက်ရခဲ့သမျှကို လုရှင်းချန်သည် စွမ်းရည်အသစ်ဖြင့် အတိုးချကာ ထုတ်ဖော်လိုက်သည်၊၊ ပြင်းထန်သော မီးလျှံဝဲကတော့ကြီးသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး သုံးကီလိုမီတာပတ်လည်ကို လင်းထိန်သွားစေသည်၊၊
မြေပြင်နှင့် အနီးဆုံးဖြစ်သော ချီလီနှင့် နန်ကျင်းတို့ ထိိတ်လန့်တကြား ဆုတ်ခွာလိုက်ရသည်၊၊ မိုနီကာလည်း အားဖေးကို ထိုလမ်းကြောင်းမှ အမြန်ဆွဲထုတ်လိုက်ရသည်၊၊
အနီရောင် အရိုးစုသတ္တဝါသည် ဖုန်မှုန့်များထဲမှ ထွက်လာကာ ကောင်းကင်ယံရှိ ထူးဆန်းသော အလင်းတန်းကို မော့ကြည့်ရင်း ပြန်လည်တိုက်ခိုက်ရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်၊၊ ခဏချင်းမှာပင် သတ္တဝါနှင့် ဆေးရုံအဆောင်တစ်ခုလုံးသည် အငွေ့ပျံ ပျောက်ကွယ်သွားလေသည်၊၊
ထိုသတ္တဝါ၏ အဝတ်အစား၊ ခန္ဓာကိုယ်နှင့် ယန္တရားထိန်းချုပ်ကိရိယာများအားလုံး ပြာကျသွားသည်၊၊ ၎င်း၏ သွေးရောင်မျက်လုံးများသည် ပစ်ခတ်ရန်ပင် အချိန်မရလိုက်ဘဲ အရည်ပျော်ကျသွားခဲ့သည်၊၊
ဝူး ဝေါ ဝေါ
မီးတောက်ကြီးသည် ပတ်ဝန်းကျင်ရှိ လမ်းမများကိုပါ ဝါးမြိုသွားလေသည်၊၊
ဤတိုက်ခိုက်မှု၏ ပြင်းထန်မှုကြောင့် ရူဂျိ၊ ရွှန်း၊ ချီလီနှင့် နန်ကျင်းတို့ပင် အံ့အားသင့်သွားကြပြီး အဖွဲ့တစ်ခုလုံး မျက်စိကျိန်းသွားကြသည်၊၊
ချီလီသည် နောက်သို့ဆုတ်ရင်း အမောတကောပြောလိုက်သည်၊၊
“သူငယ်ချင်း… မင်းက မြို့ထဲက မွန်းစတားတွေအားလုံး မင်းကို သတိထားမိအောင် လုပ်နေတာလားဟ’’
လင်းရှန်နှင့်အတူ သယ်ယူပို့ဆောင်ရေးသင်္ဘောဆီသို့ ပျံသန်းနေသော ကီကီလည်း ရေရွတ်လိုက်သည်၊၊
“ဒီကောင်က ရူးနေတာလား’’
ဝှစ်
နန်ကျင်းသည် အပျက်အစီးများထဲမှ ခုန်ထွက်လာသည်၊၊
“သတိထားဦး.. အဲ့ဒီသတ္တဝါရဲ့ ကာကွယ်ရေးက...’’
သူမ ပြောနေရင်း ရပ်တန့်သွားသည်၊၊ အနီရောင်သတ္တဝါရှိခဲ့သော နေရာတွင် အလွန်ကြီးမားသော မီးလောင်ကျင်းကြီးနှင့်အတူ အနီရောင်သတ္တဝါ၏ မီးလောင်နေသော ခြေထောက်တစ်ဖက်သာ ကျန်ရစ်ပေသည်၊၊