← Chapters

အခန်း (၆၈၀-၆၈၁)

Vol. 41 Ch. 680-681

အခန်း (၆၈၀-၆၈၁)

Vol. 41 Ch. 680-681

Chapter 680

မီးဥက္ကာပျံ ၄

အမြင့်မီတာ ၃၀၀၀ တွင် သိပ်သည်းနေသော လေထုသည် ဝဲကတော့ပုံစံ အသံထက်မြန်သော တိမ်တိုက်များအဖြစ်သို့ ကွဲအက်သွားသည်၊၊ ကမ္ဘာ၏ အပြင်ဘက်တွင် ကြယ်ရောင်ခြည်များကို ဝါးမျိုနေသော အနက်ရောင်ကောင်းကင်အကာအကွယ်ကြီး ရှိနေသည်၊၊ ထိုအချိန်တွင် လုရှင်းချန်၏ စွမ်းအားဝတ်စုံတစ်ခုလုံးသည် လေထုပွတ်တိုက်မှုကြောင့် နီရဲနေပြီး အဆက်နေရာများမှ ရွှေရောင် ပလပ်စမာလျှပ်စစ်တန်းများ ပန်းထွက်နေကာ ခေါင်းပိုင်းမျက်နှာကာမှလည်း စနစ်သတိပေးချက်များ ဆက်တိုက်ဆိုသလို မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်၊၊

[အပူချိန်မြင့်မားမှု သတိပေးချက် အပူချိန်မြင့်မားမှု သတိပေးချက်]

[ဝန်ပိုတင်မှု သတိပေးချက် ဝန်ပိုတင်မှု သတိပေးချက်]

လုရှင်းချန်၏ လက်များမှ အလွန်ပြင်းထန်သော အဖြူရောင်မီးလျှံများ ပန်းထွက်လာပြီး အသံထက်မြန်သော အရှိန်ဖြင့် လေထုကို ထိုးခွင်းနေသည်၊၊

အရှိန်မြှင့်တင်မှု။

အရှိန်မြှင့်တင်မှု။

အရှိန်မြှင့်တင်မှု။

တိုက်ပွဲဝတ်စုံ၏ အပြင်ဘက်အစိတ်အပိုင်းများမှာ စတင်ကွာကျနေပြီဖြစ်ပြီး သူ၏ လက်မှ ထွက်ပေါ်လာသော မီးလျှံများသည် အနီရောင်မှ အပြာရင့်ရောင်သို့ ပြောင်းလဲသွားကာ ရှေ့မှ မှောင်မည်းပြီး ပုံပျက်နေသော ဟင်းလင်းပြင်သည်လည်း အဆက်မပြတ် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်၊၊ စက္ကန့်အနည်းငယ်အတွင်းမှာပင် လုရှင်းချန်သည် အနန္တလက်စွပ်ကို အသုံးပြု၍ သူ၏ အမြန်ဆုံးအရှိန်ကို မြှင့်တင်လိုက်သည်၊၊ သူသည် မော့ကြည့်လိုက်ရာ အဆက်မပြတ် အရှိန်မြှင့်တင် လောင်ကျွမ်းနေသော ဒုံးပျံအမြီးပိုင်းမှ မီးလျှံများကို မြင်လိုက်ရသဖြင့် သွားကို တင်းတင်းကြိတ်လိုက်သည်၊၊

“နတ်ဆိုးကောင် မပြေးနဲ့”

သူသည် မီးတောက်များဖြင့် ဖုံးလွှမ်းနေသော သူ၏ ညာလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ အနန္တလက်စွပ်သည် အရူးအမူးလည်ပတ်သွားပြီး အားကုန်သုံး၍ ရှေ့သို့ ထိုးနှက်လိုက်သည်၊၊

“နတ်ဘုရားမီးတောက်”

အဖြူရောင်မြို့သည် ဆူညံနေသော အသံများကြောင့် မှောင်မည်းသော လမ်းမများပေါ်တွင် မရေတွက်နိုင်သော သန္ဓေပြောင်းသတ္တဝါများက စတင်လှုပ်ရှားလာကြသည်၊၊ ကြီးမားသော အုပ်စုကြီးမျ နိုးထလာပြီး အရပ်မျက်နှာအနှံ့မှ အော်ဟစ်သံများ ထူးဆန်းသော တီးတိုးသံများ ထွက်ပေါ်လာသည်၊၊

လင်းရှန်နှင့် ချန်ဆီရွှမ်တို့အဖွဲ့သည် ပျက်ကျနေသော သယ်ယူပို့ဆောင်ရေးသင်္ဘောအနီးရှိ ခေါင်မိုးပေါ်တွင် စုရုံးနေကြပြီး ကောင်းကင်အနှံ့ပြန့်ကျဲနေသော မီးတောက်များကို လေးနက်သော မျက်နှာထားများဖြင့် ကြည့်နေကြသည်၊၊

မြို့အတွင်း၌ မြင့်တက်လာသော ကြောက်ရွံ့မှုများကို ခံစားရသဖြင့် ရှီဇီသည် သူမ၏ စွမ်းအားကို အသုံးပြု၍ လူတိုင်းကို အမှောင်ကျူးကျော်မှုကြောင့် ဖြစ်ပေါ်လာသော ဖိအားများကို လျှော့ချပေးနေသည်၊၊

“ဒီရေတက်တော့မယ်” ရွှန်းက ပြောလိုက်သည်၊၊

လင်းရှန် အချိန်ကို ကြည့်လိုက်ရာ ၅ မိနစ်သာ ကျန်တော့သည်၊၊

“မီးတောက် ပြန်လာပြီ”

ကီကီ၏ အသံက ကောင်းကင်မှ ထွက်ပေါ်လာသည်၊၊ လင်းရှန်နှင့် အခြားသူများ ချက်ချင်း မော့ကြည့်လိုက်ရာ အဝေးမှ ဥက္ကပျံတစ်ခု သူတို့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်၊၊ ကီကီသည် ချက်ချင်း အပေါ်သို့ တက်၍ ကူညီပေးလိုက်ရာ မီးတောက်များ ဖုံးလွှမ်းနေသော လုရှင်းချန်ကို တွေ့လိုက်ရသည်၊၊ သူ၏ စွမ်းအားဝတ်စုံမှာ လုံးဝနီးပါး လောင်ကျွမ်းနေပြီး ပျက်စီးနေသော ဒုံးပျံကိုယ်ထည်တစ်ဝက်ကို သယ်ဆောင်ကာ ပျံသန်းလာခြင်းဖြစ်သည်၊၊

ဤမြင်ကွင်းကို မြင်သောအခါ ကီကီသည် သူ ဆင်းသက်နိုင်ရန် စိတ်စွမ်းအားဖြင့် ချက်ချင်း ကူညီပေးလိုက်သည်၊၊ ထိုအချိန်တွင် လူတိုင်းသည် ဒုံးပျံတစ်စင်းကို ပြန်လည်ယူဆောင်လာနိုင်သော ဤမီးစွမ်းအားရှင်ကို အံ့အားသင့်စွာ ကြည့်နေကြသည်၊၊

“အစ်ကိုလင်း ငါ မင်းကို စိတ်မပျက်စေဘူးမလား”

“မီးတောက် အဆင်ပြေရဲ့လား”

လင်းရှန်သည် သူ၏ အခြေအနေ တစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်း သတိပြုမိသွားသည်၊၊

ဒဏ်ရာများဖြင့် လုရှင်းချန်သည် အသက်ကို ပြင်းပြင်းရှူနေရပြီး မျက်နှာတစ်ခုလုံး ဖျော့တော့နေကာ မျက်လုံးများက အနီရောင်သန်းနေသည်၊၊

“မိုက်တယ် မီးတောက်… ဒီတစ်ခါတော့ ငါ နင့်ကို အထင်ကြီးသွားပြီ”

ကီကီက မီးတောက်၏ ရဲရင့်မှုကို မချီးကျူးဘဲ မနေနိုင်ဖြစ်နေသည်၊၊

လုရှင်းချန်၏ အခြေအနေကို မြင်သောအခါ ရွှန်း မျက်မှောင်ကြုတ်သွားပြီး ရှီဇီကို ချက်ချင်း ပြောလိုက်သည်၊၊

“ရှီဇီ သူ့ကို အမြန်သန့်စင်ပေးလိုက်ဦး.. သူအရမ်းပင်ပန်းနေပြီ…. အမှောင်စွမ်းအင်တွေ အများကြီးစုပ်ယူမိသွားပုံရတယ်”

“ကောင်းပြီ”

ရှီဇီက ခေါင်းညိတ်လိုက်ပြီး သူမ၏ စွမ်းအားကို အစွမ်းကုန် အသုံးပြုကာ အစိမ်းရောင် အလင်းတန်းများကို လုရှင်းချန်အပေါ်သို့ စုစည်းပေးလိုက်သည်၊၊ ထိုအခါမှ လုရှင်းချန်၏ မျက်လုံးများရှိ အနီရောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မျက်နှာမှာလည်း သိသိသာသာပြန်လည်ကောင်းမွန်လာသည်၊

ရွှန်းသည် ကြီးမားသော မီကာတစ်ခုပေါ်တွင် ထိုင်၍ ချဉ်းကပ်လာပြီး ရင်ဘတ်ရှိ ပိုင်းလော့ခန်းကို ဖွင့်ကာ ကျဉ်းမြောင်းသော ထိုင်ခုံနေရာကို ဖွင့်လိုက်သည်၊၊

“မြန်မြန်… အထဲမှာ ဝင်နားလိုက်… မင်းအခြေအနေ သိပ်မကောင်းဘူး”

“ရပါတယ် ငါ အဆင်ပြေပါတယ်”

လုရှင်းချန်သည် သူ၏ အင်္ကျီလက်ကို ခါရန် ကြိုးစားလိုက်သော်လည်း သူ၏ ကိုယ်ပေါ်တွင် ဘာအဝတ်မှ အကောင်းပကတိမရှိနေတော့ပေ၊၊

လင်းရှန်သည် သူ၏ အနေရခက်မှုကို သတိပြုမိသွားသည်၊၊ ထိုအချိန်တွင် သူ ဝတ်ဆင်ရန် အခြားစွမ်းအားဝတ်စုံများ မရှိသဖြင့် သူက ပြောလိုက်သည်၊၊

“မီးတောက်… အထဲမှာ ဝင်နားလိုက်ပါ… နောက်ပိုင်း မင်းကို ပျံခိုင်းဖို့ လိုရင်လိုဦးမှာ”

“ဒါဆိုရင်လည်း ငါ...”

လုရှင်းချန် အနည်းငယ် ချောင်းဆိုးလိုက်ပြီး စကားအပို မပြောတော့ဘဲ သူ့ကိုယ်ပေါ်မှ အဝတ်အစားများ လုံးဝပြုတ်မကျမီ စက်ရုပ်အတွင်းသို့ လျင်မြန်စွာ ဝင်သွားလိုက်သည်၊၊

ရွှန်းက တံခါးကို ပိတ်လိုက်ပြီး မကြာမီမှာပင် လုရှင်းချန်၏ အသက်ရှင်သန်မှု အချက်အလက်များက သူ၏ စနစ်မြင်ကွင်းပေါ်တွင် ပေါ်လာသည်၊၊

“အခြေအနေက သိပ်မကောင်းပေမယ့် ဒဏ်ရာတော့ မရဘူး… သွားကြစို့… ဒီရေတက်တော့မယ်…ကျနော်တို့ ရှောင်ရမယ်”

အဖွဲ့သားများ ချက်ချင်း နားလည်သွားကြပြီး အဖြူရောင်မြို့ဆေးရုံအောက်ရှိ ရင်ခွဲရုံသို့ အပြေးအလွှားသွားကြသည်၊၊ ဤနေရာသည် နန်ကျင်းတို့အဖွဲ့ အစောပိုင်းက ပုန်းအောင်းခဲ့ဖူးသော နေရာဖြစ်သည်၊၊ တံခါးက ပျက်စီးနေသော်လည်း လင်းရှန်သည် အတွင်းဘက်မှ အလွှာပေါင်းများစွာရှိသော တံခါးများကို တိုက်ရိုက်ဖန်တီးလိုက်ပြီး အတွင်း၌ မီးသီးများ တပ်ဆင်လိုက်သည်၊၊ ထိုအချိန်တွင် လူတစ်ဒါဇင်ခန့်နှင့် စက်ရုပ်အချို့သည် အေးစက်သော ရင်ခွဲရုံအတွင်းသို့ တိုးဝှေ့ဝင်ရောက်သွားကြသည်၊၊

“ဟူး… အရင်ကထက် အများကြီး ပိုသက်တောင့်သက်သာ ရှိသွားတာပဲ”

ချီလီက လင်းထိန်နေသော မီးရောင်များကို ကြည့်ကာ မပြောဘဲ မနေနိုင်ဖြစ်သွားသည်၊၊

ယခင်က သူတို့ ဤနေရာတွင် ပုန်းနေခဲ့စဉ်က စွမ်းအားဝတ်စုံမှ ထွက်သော အလင်းရောင်ကိုသာ အားကိုးခဲ့ရသည်၊၊ သူသည် မူလကပင် ရင်ခွဲရုံကို မနှစ်သက်သော်လည်း လင်းရှန်၏ စွမ်းဆောင်မှုကြောင့် မူလက အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ရင်ခွဲရုံသည် ယခုအခါ မကြာခင်တက်လာမည့် ဒီရေဘေးမှ ခေတ္တခိုလှုံရာနေရာဖြစ်လာခဲ့သည်၊၊

ထိုနေရာရှိ ရုပ်အလောင်းများသည် အရင်ထဲက ပုပ်သိုးနေပြီဖြစ်ပြီး အတွင်း၌ တိတ်ဆိတ်မြို့တော်မှ တပ်ဆင်ထားသော ဆက်သွယ်ရေးကိရိယာများ ရှိနေသည်၊၊ ရုပ်အလောင်းများ ထည့်ထားသော အအေးခန်းသံတံခါးအများစုမှာ ဟောင်းလောင်း ပွင့်နေပြီး အရည်ပျော်နေသော ခန္ဓာကိုယ်မှ အရည်များသည် ဖယောင်းကဲ့သို့ ကြမ်းပြင်ပေါ်တွင် ခဲနေကာ အရိုးများနှင့် ဆွေးမြည့်နေသော အဝတ်အထည်များ ရောနှောနေသည်၊၊ ထောင့်စွန်းများတွင် အလောင်းအိတ်များ ပုံနေပြီး အချို့မှာ ပွယောင်းလာသဖြင့် ပေါက်ထွက်ကာ မီးလောင်ထားသော ရုပ်ကြွင်းများ ပေါ်ထွက်နေသည်၊၊

Chapter 681

ယန္တရားအဖွဲ့ ၁

ည ၈ နာရီ ၃၅ မိနစ်။

၁၄ ကြိမ်မြောက် အတွင်းဒီရေ စတင်လာပြီ။ သုသာန်တစ်ခုအလား တိတ်ဆိတ်နေသော တောင်ပေါ်မြို့လေးသည် ပိန်းပိတ်အောင် မှောင်မိုက်နေသော အမှောင်ထုအောက်တွင် အသံတိတ်ပုပ်သိုးဆွေးမြေ့နေသည်၊၊ လမ်းကြားများထဲမှ ထူးဆန်းသော သတ်ဖြတ်သံများ ထွက်ပေါ်နေပြီး အရိပ်များထဲတွင် ခြေထောက်အများအပြားပါသော သတ္တဝါများ၏ ပုံရိပ်များက တစ်ချက်တစ်ချက် ဝေဝါးစွာ ပေါ်လာတတ်သည်၊၊ အဖြူရောင်မြို့ဆေးရုံ၏ မြေအောက်ရင်ခွဲရုံထဲတွင် ပေါင်းစည်းယာဉ်တန်း စူးစမ်းရေးအဖွဲ့နှင့် တိတ်ဆိတ်မြို့တော်မှ အရေးပါသောအဖွဲ့ဝင်အချို့သည် တင်းမာသောအမူယာများဖြင့် စုရုံးကာ အစီအစဉ်ကို ဆွေးနွေးနေကြသည်၊၊ သတင်းအချက်အလက်များကို ပို၍ဖော်ထုတ်နိုင်လေလေ လက်ရှိအခြေအနေမှာ ပိုဆိုးရွားလာလေလေဖြစ်သည်၊၊

လင်းရှန် ထင်သည်မှာ မှန်နေသည်၊၊ ပထမဆုံး သယ်ယူပို့ဆောင်ရေးသင်္ဘောနှစ်စီးမှ ရရှိခဲ့သော မှတ်ဉာဏ်အမြုတေများသည် အသုံးမဝင်သော ပစ္စည်းများသာ ဖြစ်သည်၊၊ ၎င်းတို့၏ အဓိကတာဝန် အချက်အလက်များကို ဖျက်ဆီးထားပြီး ကိုယ်ပိုင်အသိစိတ်အကြွင်းအကျန်နှင့် ပြတ်တောက်နေသော မှတ်ဉာဏ်စများသာ ကျန်ရှိတော့သဖြင့် လုံးဝအသုံးမဝင်ပေ၊၊ သို့သော် လုရှင်းချန် နောက်ဆုံးအချိန်တွင် လုယူလာနိုင်ခဲ့သော ဒုံးကျည်မှာမူ အစစ်အမှန်သော့ချက်ဖြစ်နေသည်၊၊

ACS နှင့် ဂရေ့စ်တို့၏ အကူအညီဖြင့် ကုဒ်များကို ဖော်ထုတ်ပြီးနောက် ရှင်းဂျီက အချက်အလက်များကို ဆက်လက်တွက်ချက်ရာ အမှောင်ဒီရေအောက်ရှိ နံပါတ် ၅ တွင်းနက်ဇုန်အတွင်းတွင် အစွန်းရောက်အမှောင်အဖွဲ့စည်းများကြောင့် ဖြစ်ပေါ်လာမည့် ကပ်ဘေးကြီးတစ်ခုသည် အရှိန်အဟုန်ဖြင့်ဖြစ်တည်လာကြောင်း တွေ့ရှိခဲ့သည်၊၊

တိတ်ဆိတ်မြို့တော်မှ ရရှိထားသော သတင်းအချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ရာတွင် အနီရောင်ကမ္ဘာသည် မှိုမျှင်ကွန်ရက်များကို အသုံးပြုပြီး ရက်စက်ကြမ်းကြုတ်သော လူသားစမ်းသပ်မှုများကို လုပ်ဆောင်နေကြောင်းနှင့် အဖြူရောင်မြို့ရှိ ဟိုက်ဗ်သုတေသနဌာနမှ အမ်ဘရာ-ဆဲလ်ဟု ခေါ်သော သက်ရှိတစ်ရှူးနမူနာကိုပင် ရရှိထားကြောင်း သိလိုက်ရသည်၊၊

အနီရောင်ကမ္ဘာက ထိုသက်ရှိတစ်ရှူးကို မွေးမြူရသည့် စစ်မှန်သော ရည်ရွယ်ချက်ကိုမူ သူတို့ မသိကြသေးပေ၊၊ သိရသလောက်မှာ ထိုစမ်းသပ်မှုကြောင့် တွင်းနက်မိစ္ဆာတစ်ကောင်ကို နိုးဆွလိုက်သလို ဖြစ်နေသည်၊၊ အကယ်၍ ‌မိလ္လာသန့်စင်စက်ရုံရှိ သန့်စင်ခြင်းစနစ်သာ ပွင့်သွားပါက တိတ်ဆိတ်မြို့တော်အပါအဝင် အဖြူရောင်မြို့တစ်ခုလုံး ပျက်စီးခြင်းထဲသို့ ရောက်သွားမည်မှာ သေချာသည်၊၊ အကယ်၍ သူတို့အားလုံးသည် အဆင့် ၅ အမှတ်အသားခံရပါက လွတ်မြောက်နိုင်ရန်အတွက် ပျံသန်းနေသော မြို့တော်အခွဲကို စတေးမည့် ရှင်းဂျီ၏ အစီအစဉ်မှာလည်း ပျက်စီးသွားပေလိမ့်မည်၊၊

ထို့ကြောင့် ယခုအချိန်တွင် အနီရောင်ကမ္ဘာ၏ မှတ်ဉာဏ်အမြုတေထဲမှ မည်မျှအရေးကြီးသော သုတေသနသတင်းအချက်အလက်များကို ရနိုင်မည်နည်း သို့မဟုတ် အမ်ဘရာ-ဆဲလ်က မည်သို့သော သက်ရောက်မှု ရှိမည်နည်းဆိုသည်မှာ အရေးမကြီးတော့ပေ၊၊

ယခုအချိန်တွင် သူတို့ စဉ်းစားရန် ကျန်သည်မှာ တစ်ခုတည်းသာရှိသည်၊၊ ၎င်းမှာ လွတ်မြောက်ရန်ပင် ဖြစ်သည်၊၊

“ဒါဆို မင်းပြောချင်တာက ည ၉ နာရီ ၅ မိနစ်မှာ ဒီရေကျသွားပြီးနောက်မှာ မိလ္လာစက်ရုံထဲဝင်ပြီး အဲ့ဒီသန့်စင်ခြင်းစနစ်ကို ပိတ်ဖို့နဲ့ ပြီးရင် လွတ်အောင်ပြေးဖို့ တစ်နာရီပဲ အချိန်ရမယ်ပေါ့လေ”

ချီလီက စားပွဲပေါ်ရှိ အလောင်းတစ်ခုပေါ်မှ အလောင်းဖုံးသောအဝတ်ကို ခါထုတ်လိုက်ပြီး စားပွဲစောင်းတွင် မှီရပ်ကာ သံသယရှိသောလေသံဖြင့် ပြောလိုက်သည်၊၊

“တစ်နာရီအတွင်းမှာ ပေါင်းစည်းယာဉ်တန်းရော… တိတ်ဆိတ်မြို့တော်ကိုရော… ရွှေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား”

“မဖြစ်နိုင်ဘူး”

ရွှန်းက ပြတ်သားစွာ ပြန်ပြောသည်၊၊

“လင်းရှန် ဆိုလိုတာက သန့်စင်ခြင်းစနစ်ကို ပိတ်လိုက်ခြင်းအားဖြင့် ငါတို့ နောက်ထပ် ဒီရေသံသရာ တစ်ပတ်စာအချိန်ရသွားမယ်၊၊ အဆင့်မြင့်အမှတ်အသားမခံရသရွေ့တော့ ငါတို့ လွတ်မြောက်ဖို့ အခွင့်အရေး ရှိနေဦးမှာပဲ”

“အဲ့ဒီလူတွေက တွင်းနက်သားရဲကြီး နိုးလာအောင် ဘာတွေလုပ်လိုက်ကြတာလဲ”

ကီကီက ဒေါသတကြီး အော်ဟစ်လိုက်သည်၊၊

“တွင်းနက်ထဲမှာ ပိတ်မိနေတာတောင် လုံလောက်နေပြီကို အခုတော့ ပိုရှုပ်အောင် လုပ်နေကြတယ်ပေါ့… မယုံနိုင်စရာပဲ”

ချန်ဆီရွှမ်ကမူ ပုံမှန်ထက် ပို၍ တည်ငြိမ်နေသည်၊၊

“ဒါပေမဲ့ မိလ္လာသန့်စင်စက်ရုံ အပေါ်မှာ ခြင်္သေ့ငါးရုပ်တုကြီးရှိနေတယ်လို့ ခုနက ပြောထားတယ် မဟုတ်လား၊၊ အဲ့ဒါကို ဘယ်လို ရှင်းကြမှာလဲ”

“အဲ့ဒီအရာက တစ်ယောက်ယောက်က ကြည့်နေမှပဲ လှုပ်ရှားတာလို့ ပြောခဲ့တာ မှတ်မိတယ်၊၊ ဒါဆို ငါတို့ သူ့ကို မကြည့်ဘဲနေရင် အဆင်ပြေပြီ မဟုတ်ဘူးလား”

မိုနီကာက ဝင်ပြောသည်၊၊

တိုင်ရီလန်က လက်ပိုက်ထားရင်း ပြောလိုက်သည်၊၊ “တကယ်တော့ အဲ့ဒီအကောင်နဲ့ ငါတို့ တစ်ခါပဲဆုံဖူးသေးတယ်၊၊ ဒါပေမဲ့ လူသားတွေကို အထဲကို ပေးဝင်နိုင်တယ်ဆိုရင်တော့ သေချာပေါက်နည်းလမ်းတစ်ခုခုရှိရမယ်လို့ ရှင်းဂျီပြောဖူးတယ်”

“လူသားဟုတ်လား၊၊ အဲ့ဒါက အသက်ရှင်နေတယ်လို့ရော ခေါ်လို့ရသေးလို့လား”

နန်ကျင်းက ဒုံးကျည်အတွင်းရှိ အေးခဲကန်ထဲတွင် ကွေးကွေးလေး ရှိနေသော ကိုယ်ပွားလူသားကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်၊၊ ၎င်း၏ ဦးနှောက်မှာ စနစ်မြင်ကွင်းနှင့် မှိုမျှင်ကွန်ရက်တို့ဖြင့် ချိတ်ဆက်ထားပြီး ခြေလက်များသည်လည်း ပြုပြင်ပြောင်းလဲခြင်း ခံထားရသည်၊၊ ဒုံးကျည်၏ ပြင်းထန်သော တွန်းကန်အားကြောင့် ခန္ဓာကိုယ်မှာ ကြေမွလုနီးပါး ဖြစ်နေသော်လည်း နှလုံးနှင့် ဦးနှောက်ကို ကာကွယ်ပေးထားသော အသက်ဆက်စက်ကြောင့် မသေရုံသာဖြစ်နေသည်၊၊ ရှင်းဂျီ၏ အဆိုအရ ဤအရာမှာ သက်ရှိချောပို့အထုပ်တစ်ခုထက် မပိုပေ၊၊ ၎င်း၏ တစ်ခုတည်းသော တန်ဖိုးမှာ မှတ်ဉာဏ်အမြုတေနှင့် သွေးထဲရှိ အမ်ဘရာ-ဆဲလ် နမူနာတို့သာဖြစ်သည်၊၊

ရဲရင့်စွာ လှုပ်ရှားခဲ့သော လုရှင်းချန်သည် ရွှန်း၏ စက်ရုပ်ထဲတွင် ချိနဲ့စွာ ထိုင်နေသည်၊၊ ရှီဇီက သူမ၏ စွမ်းရည်ဖြင့် သူ့ကို သန့်စင်ပေးထားသော်လည်း စကားပြောရန်ပင် အားမရှိသေးပေ၊၊

ရွှန်းက လင်းရှန်ဘက်သို့ လှည့်ကာ သက်ပြင်းတစ်ချက်ချပြီးနောက် ပြောလိုက်သည်၊၊

“လင်းရှန်၊၊ သန့်စင်ခြင်းအမိန့်ကို ကြားဖြတ်တာအပြင် နောက်ထပ် ပြဿနာတစ်ခုရှိသေးတယ်၊၊ အဲ့ဒီတွင်းနက်မိစ္ဆာက ဘယ်မှာလဲဆိုတာ ငါတို့ မသိဘူး၊၊ ပြီးတော့ အချိန်ဘယ်လောက်ကျန်သေးလဲဆိုတာလည်း မသိရဘူး”

ဘုန်း

ရုတ်တရက် ကျယ်လောင်သောအသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်၊၊ ရင်ခွဲရုံထဲရှိ လူများပင် အဖြူရောင်မြို့တစ်ခုလုံး တုန်ခါသွားသည်ကို ခံစားလိုက်ရသည်၊၊

ချန်ဆီရွှမ်၏ မျက်လုံးများက ကြမ်းပြင်ဆီသို့ ရောက်သွားသည်၊၊

“ဖြစ်နိုင်တာကတော့ အဲ့ဒါက အဖြူရောင်မြို့ရဲ့ အောက်ကို ရောက်နေပြီ ထင်တယ်”

အားလုံးက လင်းရှန်ကို လှည့်ကြည့်လိုက်ကြသည်၊၊ သူသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဂရေ့စ်ကို အသံမြှင့်ကာ မေးလိုက်သည်၊၊

“ဂရေ့စ်… ပေါင်းစည်းယာဉ်တန်းကို စတင်ဖို့… အရှိန်မြှင့်ဖို့နဲ့ ချိတ်ဆက်ဖို့ အချိန်ဘယ်လောက် ကြာမလဲ”

[လက်ရှိ ယာဉ်တန်းရဲ့ ပြင်ဆင်မှု အခြေအနေအရ ရထားက ကာကွယ်ရေးဧရိယာကနေ ထွက်ခွာပြီး စူပါကွန်ဒတ်တင်း သံလိုက်ချိတ်ဆက်မှုစနစ်ကို စတင်ဖို့ လိုပါတယ်၊၊ အဲ့ဒီအတွက် ပစ်လွှတ်မယ့် ကိုဩဒိနိတ်တွေကနေရတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး လမ်းကြောင်း ပြင်ဆင်မှုတွေ လုပ်ရမှာပါ၊၊ ဒါက အချိန်အများစုကို ကုန်ဆုံးစေမှာ ဖြစ်ပါတယ်၊၊ စုစုပေါင်း ခန့်မှန်းခြေ အချိန်ကတော့ ၂၁ မိနစ်နဲ့ စက္ကန့် ၄၀ လောက် ကြာပါလိမ့်မယ်၊၊ အကယ်၍ အခက်အခဲတွေ ရှိလာရင်တော့ ရှင်ကိုယ်တိုင် ရထားလမ်းမခင်းပေးဘူးဆိုရင် မိနစ် ၃၀ အထိ ကြာသွားနိုင်ပါတယ်]

မိနစ်နှစ်ဆယ်။

ပုံမှန်ဆိုလျှင် လင်းရှန်အတွက် သတင်းကောင်းဖြစ်သည်၊၊ အဖွဲ့ဝင်များသည် အဖြူရောင်မြို့၏ ရထားလမ်းများမှတစ်ဆင့် လျင်မြန်စွာ လွတ်မြောက်နိုင်မည် ဖြစ်သော်လည်း ယခုမူ အချိန်မှာ အလွန်ကြာနေသလို ခံစားရသည်၊၊ သူကိုယ်တိုင် အနန္တရထားကို မောင်းနှင်ရမည် ဖြစ်သည်၊၊ အခြားသူများကို ရထားလမ်းခင်းခိုင်းခြင်းသည် အဖိုးတန်သောအချိန်များကို ဖြုန်းတီးခြင်းသာ ဖြစ်လိမ့်မည်၊၊ အရေးကြီးဆုံးမှာ ကာကွယ်ရေးဇုန်၏ အပြင်ဘက်သို့ ခြေတစ်လှမ်းရောက်သွားသည်နှင့် မွန်းစတားဒီရေတက်လာမည့် အန္တရာယ်ပင် ဖြစ်သည်၊၊

သို့သော် မိနစ် ၃၀ အတွင်း ထိုမြွေကြီးက အနှောင့်အယှက်ပေးလျှင် အသေအပျောက်အလွန်များပြားနိုင်သည်၊၊

လင်းရှန် ရှင်းဂျီကို မေးရန်ပြင်နေစဉ်မှာပင် ရှင်းဂျီ၏ အသံက အရင်ထွက်ပေါ်လာသည်၊၊

“ဒါဆိုရင်တော့ ဘန်ကာထဲက လူတွေကို ရွှေ့ဖို့ မိနစ် ၄၀ ကြာမယ်၊၊ တိတ်ဆိတ်မြို့တော်ကို ရောက်ဖို့ ၂၅ မိနစ် ကြာမယ်၊၊ တိတ်ဆိတ်မြို့တော်ကို စတင်ဖို့ အချိန်ကတော့ သိပ်မကြာပါဘူး၊၊ အင်ဂျင်ကို ကြိုနှိုးထားလို့ ရတယ်၊၊ ပြဿနာက တိတ်ဆိတ်မြို့တော်ကို စတင်လိုက်တာနဲ့ အနီရောင်ကမ္ဘာရဲ့ သန့်စင်ခြင်းစနစ်ထက် ပိုပြီး အာရုံစိုက်ခံရနိုင်တယ်၊၊ လင်းရှန်… မင်းပြောတာ ငါနားလည်ပါတယ်၊၊ သန့်စင်ခြင်းစနစ်ကို ပိတ်ဖို့က အရေးကြီးတယ်၊၊ ဒါပေမဲ့ အားလုံးကို တစ်ပြိုင်နက် လုပ်ဖို့ ကြိုးစားတာကတော့ စွန့်စားရာရောက်တယ်၊၊ ပြောင်းလဲနိုင်တဲ့ အချက်တွေက အများကြီးပဲ”

All Chapters