အခန်း (၆၈၆-၆၈၇)
Vol. 41 Ch. 686-687
Chapter 686
ဒီလမ်းပဲ ၁
ဝူး
စနစ်ပိတ်သိမ်းသွားသည့်အသံနှင့်အတူ လျှို့ဝှက်ဓာတ်ခွဲခန်းအတွင်းရှိ ကျန်ရှိနေသော ခုခံရေးလက်နက်များအားလုံး အဆက်အသွယ်ပြတ်တောက်သွားသည်။ အလိုအလျောက်အမြောက်များ၏ ပြောင်းဝများစိုက်ကျသွားပြီး လျှပ်စစ်သံလိုက်အမြောက်များမှာလည်း စွမ်းအင်ပြတ်တောက်ကာ နောက်သို့ဆုတ်ခွာသွားကြသည်၊၊ ဒရုန်းအုပ်ကြီးလည်း မိုးသီးမိုးပေါက်များပမာ အောက်သို့ ကျလာခဲ့သည်၊၊
ထိုအချိန်တွင် လင်းရှန်၏ဘက်၌မူ သူနှင့် ရွှန်းတို့၏ ဟိုလိုဂရမ်စနစ်မြင်ကွင်းတွင် ဂရေ့စ်တွက်ချက်ပေးထားသည့် ခြင်္သေ့ငါးရုပ်ထုကြီး၏ အချိန်နှင့်တစ်ပြေးညီ တည်ရှိမှုထောင့်များအပေါ် အခြေခံကာ အရေးကြီးသောအချိန်များကို တွက်ချက်နေကြသည်၊၊
[ရှင်တို့ရဲ့ တည်နေရာနှင့် အကွာအဝေးအရ အကောင်းဆုံးစတင်ရမည့်အချိန်မှာ ၂၃ စက္ကန့်အကြာမှာပဲ]
[အဲ့ဒီအချိန်မှာ ရုပ်ထုကြီး၏ ဘယ်ဘက်ရှေ့ခြမ်းက စောင့်ကြည့်မှုအကွာအဝေးအတွင်း ရှိနေသေးသဖြင့် သတိထားပါ]
ဂရေ့စ်၏အသံ ထွက်ပေါ်လာသည်၊၊ မော်နီတာပုံရိပ်ထဲတွင် လင်းရှန်နှင့် ကီကီတို့သည် လေထဲတွင်လွင့်မျောနေသော ရုပ်ထုကြီးက ဖြည်းညှင်းစွာလည်ပတ်နေသည်ကို ရှင်းလင်းစွာမြင်နေရသည်၊၊ ၎င်း၏ရှေ့တွင် စကင်ဖတ်နေသော ဧရိယာအတွင်းမှ မှောင်မည်းနေသောလေဟာနယ်နှင့် မြူများသည် ရူးသွပ်စွာတွန့်လိမ်နေသည်၊၊ ပျက်စီးနေသော အဆောက်အအုံများ၊ လမ်းမများ၊ လျှပ်စစ်တာဝါတိုင်များ၊ အချက်ပြတိုင်များနှင့် အခြားသောလူလုပ်အရာဝတ္ထုများပေါ်တွင် အနီဖျော့ရောင်လေးတစ်ခု ထွက်ပေါ်လာသည်၊၊ တစ်ချိန်တည်းမှာပင် ဆီးနှင်းများစတင်အေးခဲလာပြီး ထိုသတ္တုမျက်နှာပြင်များပေါ်တွင် သေးငယ်သောတုန်ခါမှုများ ဖြစ်ပေါ်လာနေသည်၊၊
၁၀ စက္ကန့်အတွင်း၌ ရုပ်ထုကြီးသည် လင်းရှန်တို့ရှိနေသည့် စွန့်ပစ်အဆောက်အအုံရပ်ကွက်ဘက်သို့ စတင်ဝေ့ဝဲကြည့်လာသည်၊၊ မီတာရာဂဏန်းနှင့် နံရံတစ်ခုခြားနေသော်လည်း လင်းရှန်နှင့် အခြားသူများသည် အတားအဆီးအားလုံးကို ဖောက်ထွက်ကာ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည့် ရိုးတွင်းခြင်ဆီအထိအေးစက်သော ကြောက်ရွံ့မှုကို ချက်ချင်းခံစားလိုက်ရသည်၊၊ ကျူးကျော်လာသော အမှောင်စွမ်းအားများသည် သူ၏ခန္ဓာကိုယ်နွေးထွေးမှုနှင့် စိတ်ပိုင်းဆိုင်ရာဆင်ခြင်တုံတရားတို့ကို အဆက်မပြတ်စုပ်ယူနေသဖြင့် နှလုံးခုန်နှုန်းများမြန်လာကာ ဦးနှောက်လှိုင်းများသည်လည်း ပုံမှန်မဟုတ်သော ခုခံမှုအခြေအနေများကို ပြသလာသည်၊၊
၅ စက္ကန့်၊၊
၃ စက္ကန့်၊၊
လင်းရှန်သည် စတီယာရင်ကို တင်းကျပ်စွာဆုပ်ကိုင်ထားကာ မျက်လုံးများကို မျက်နှာပြင်ပေါ်တွင် စိုက်ကြည့်နေသည်၊၊ သူ့ဘေးတွင်ရှိသော ကီကီသည် လက်နှစ်ဖက်ကိုမြှောက်ထားပြီးဖြစ်ကာ သူမ၏မျက်လုံးများထဲတွင် စိတ်စွမ်းအင်လှိုင်းများ တုန်ခါနေသည်၊၊
၂ စက္ကန့်၊၊ ၁ စက္ကန့်၊၊
“သွားတော့”
ဘုန်း
ကီကီက ရုတ်တရက်တွန်းထုတ်လိုက်ရာ မီတာအနည်းငယ်မြင့်သော နံရံကြီးသည် ကျယ်လောင်စွာ အက်ကွဲသွားသည်၊၊ ရှေ့တွင်ရှိသော လမ်းမီးတိုင်များနှင့် ဆူးကြိုးနံရံများသည် သူမ၏စွမ်းအားအောက်တွင် ပြားချပ်သွားကာ လင်းရှန်အတွက် လမ်းပွင့်သွားစေသည်၊၊ တစ်ချိန်တည်းမှာပင် လင်းရှန်နှင့် ရွှန်းတို့သည် သယ်ယူပို့ဆောင်ရေးယာဉ်ကို စတင်မောင်းနှင်လိုက်ကြရာ စွမ်းအင်မြင့်မော်တာသည် အရှိန်ပြင်းစွာဖြင့် ပြေးထွက်သွားသည်၊၊ ယာဉ်နှစ်စီးသည် အမှောင်ထဲမှထွက်လာပြီး မိလ္လာသန့်စင်စက်ရုံ၏ ဂိတ်တံခါးဆီသို့ ဦးတည်မောင်းနှင်သွားကြသည်၊၊
အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်မျက်နှာအသီးသီးတွင် ချန်ဆီရွှမ်၊ နန်ကျင်း၊ ရှောင်ချင်းနှင့် အားဖေး၊ ချီလီ၊ မိုနီကာ၊ တိုင်ရီလန်နှင့် ရူဂျိတို့သည် တိုက်ပွဲဝင်နေကြပြီး မိလ္လာသန့်စင်စက်ရုံတစ်ဝိုက်သည် စွမ်းအားရှင်များ၏ စွမ်းအင်အတက်အကျများကြောင့် ဆူညံပေါက်ကွဲနေသည်၊၊ အမှောင်ထဲတွင်မူ ကြီးမားသော လူသားပုံစံသတ္တဝါကြီး၏ ပုံရိပ်မှာ မသဲကွဲသော်လည်း ချန်ဆီရွှမ်နှင့် အခြားသူများ၏ရှေ့တွင် ရုတ်တရက်ပေါ်လာခြင်းက အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်၊၊
လင်းရှန်သည် ကျည်ဆန်များကြောင့် ပျက်စီးနေသော သတ္တုဂိတ်တံခါးကို တိုက်ဖျက်ကာ အရှိန်အမြင့်ဆုံးဖြင့် အထဲသို့ဝင်ရောက်သွားသည်၊၊ ပျက်စီးနေသော စက်ရုပ်များနှင့် အတားအဆီးများကို ကျော်ဖြတ်ကာ ရုံးအဆောက်အအုံအတွင်းသို့ ဝင်ရောက်သွားခဲ့သည်၊၊
အထဲသို့ဝင်လိုက်သည်နှင့် ပုပ်သိုးနေသောမှိုနံ့က ဆီးကြိုနေပြီး ကားရှေ့မီးရောင်အောက်တွင် မှောင်အတိကျနေသော စက်ရုံရုံးအဆောက်အအုံကို တွေ့ရသည်၊၊ သံချေးတက်နေသော ပိုက်များမှ မိုးရေများကျလာကာ ကွန်ကရစ်လှေကားထစ်များပေါ်တွင် ပဲ့တင်သံများထွက်ပေါ်နေသည်၊၊ လင်းရှန်နှင့် ရွှန်းအပါဝင်အဖွဲ့သည် ယာဉ်ပေါ်မှဆင်းလိုက်ကြသည်၊၊ ရုပ်ထုကြီး၏ စောင့်ကြည့်မှုမှ အောင်မြင်စွာရှောင်လွှဲနိုင်ခဲ့သော်လည်း သူတို့၏ခေါင်းပေါ်တွင် အလွန်အားကောင်းသော ဖိအားကို ခံစားနေရသည်၊၊ ဤနေရာရှိ အမှောင်ကျူးကျော်မှု၏ ပြင်းအားမှာ အခြားနေရာများထက် သိသိသာသာပိုမြင့်မားနေသည်၊၊
ဝှမ်းး
ရှီဇီသည် သူမ၏သန့်စင်ခြင်းစွမ်းရည်ကို အစွမ်းကုန်ထုတ်သုံးကာ ပတ်ဝန်းကျင်ရှိ ပြင်းထန်သော အမှောင်ကျူးကျော်မှုကို ဖိနှိမ်ရန် ကူညီပေးနေသည်၊၊
“ဒီဘက်”
လင်းရှန်သည် စကားအပိုမပြောဘဲ ဂရေ့စ်ညွှန်ပြထားသည့် စက်ရုံအလယ်ဗဟိုလမ်းကြောင်းအတိုင်း တိုက်ရိုက်လိုက်သွားသည်၊၊ မူလက ပျက်စီးပြိုကျနေသော ထိန်းချုပ်ရေးစင်များပုံနေသည့် နေရာတွင် ကြမ်းပြင်သည် ပွင့်ထွက်သွားပြီး စက်ဝိုင်းပုံဓာတ်လှေကားတစ်ခု ပေါ်လာသည်၊၊ ဂရေ့စ်သည် ဓာတ်လှေကားအလယ်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေရင်း လင်းရှန်ကို ပြောလိုက်သည်၊၊
[သုတေသနဌာနရဲ့စနစ်ကို ကျွန်မ ထိန်းချုပ်လိုက်ပါပြီ၊၊ အခုထိတော့ သက်ရှိပစ်မှတ်တစ်ခုမှ မတွေ့သေးဘူး]
“အနီရောင် သတ္တဝါ ဒါမှမဟုတ် ကိုယ်ပွားတွေရဲ့ သဲလွန်စကော မရှိဘူးလား”
ဝူး
အဖွဲ့သားများသည် ဓာတ်လှေကားပလက်ဖောင်းပေါ်သို့ တက်လိုက်ကြပြီး ၎င်းမှာ ဖြည်းညှင်းစွာ စတင်ဆင်းသက်သွားသည်၊၊
[ဒီသုတေသနဌာနကို သုတေသနဇုန်အများအပြားနဲ့ ခွဲခြားထားပြီး လျှို့ဝှက်ထွက်ပေါက် အတော်များများ ရှိတယ်၊၊ အဲဒါတွေက အဖြူရောင်မြို့ရဲ့ ကုန်တိုက်လမ်းမြေအောက် ကားပါကင်၊ ယုရှုပန်းခြံနဲ့ အဖြူရောင်မြို့ မီးရထားဘူတာတို့နဲ့ အသီးသီးချိတ်ဆက်ထားတယ်၊ လောလောဆယ်တော့ ကချေသည် ယူနစ်-၀၁ နဲ့ ACS တို့က အောက်ဘက်မှာ စကင်ဖတ်ပြီး ရှာဖွေနေတုန်းပဲ]
ဂရေ့စ်သည် ရွှန်းကို ကြည့်လိုက်သည်၊၊
[ထိုးဖောက်ဝင်ရောက်တဲ့ အစီအစဉ်က ပြီးဆုံးသွားပါပြီ၊၊ အခု ACS စက်ရုပ်နဲ့ တိုက်ခိုက်ရေးစက်ရုပ်တွေရဲ့ အမိန့်ပေးပိုင်ခွင့်ကို ရှင့်ကို ပြန်လွှဲပေးပါ့မယ်]
ရွှန်းက ခပ်ဖွဖွပြုံးလိုက်သည်၊၊
“ကောင်းပြီ၊၊ မင်းလည်း ပင်ပန်းသွားပြီ… ကျေးဇူးပဲ”
လင်းရှန်က ရွှန်းကို ခေါင်းညိတ်ပြကာ အချက်ပြလိုက်သည်၊၊ ရွှန်း၏ အကြီးစားသံချပ်ကာစက်ရုပ် သုံးရုပ်သည် ဤတစ်ကြိမ်တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်၊၊ ဤစက်ရုပ်သုံးရုပ်က ပစ်ခတ်မှုများကို ဆွဲဆောင်မထားပေးခဲ့လျှင် ထိုမျှလောက်သိပ်သည်းသော ပစ်ခတ်မှုများကို ဖောက်ထွက်နိုင်မည့် နည်းလမ်းရှိမည်မဟုတ်ပေ၊၊ အကြီးစားစက်သေနတ်များ၊EMPကာကွယ်ရေးစနစ်၊ ဒုံးကျည်များနှင့် လျှပ်စစ်သံလိုက်အမြောက်များကို လင်းရှန်နှင့် သူ၏အဖွဲ့ဝတ်ဆင်ထားသော စွမ်းအားဝတ်စုံများက လုံးဝခံနိုင်ရည်ရှိမည်မဟုတ်ပေ၊၊
ရွှန်းက ACS ကို ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ရရှိလာသော အချက်အလက်များကြောင့် သူ၏မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားသည်၊၊
“ဒီနေရာက ကျနော်ထင်ထားတာထက် အများကြီးပိုကျယ်တယ်”
“ကိုယ်ပွားတွေကို တစ်သုတ်ကို တစ်ထောင်၊ နှစ်ထောင်လောက် ပို့နေတာဆိုတော့…”
လင်းရှန်က ပြောရင်း သူ၏ဘေးတွင် ပုံမှန်ထက်ပို၍ တိတ်ဆိတ်နေသော လုရှင်းချန်ကို ကြည့်ကာ မေးလိုက်သည်၊၊
“ဘာဖြစ်လို့လဲ”
“အာ... ဘာမှမဖြစ်ပါဘူး”
လုရှင်းချန်က သူ့ကို ခေါင်းညိတ်ပြသည်၊၊
“ငါက အမှောင်ထဲမှာ နေလာတာ ရက်တော်တော်ကြာပြီဆိုတော့ အတော်လေးတော့ ကျင့်သားရနေပါပြီ”
ဓာတ်လှေကားသည် အောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသောအခါ သူတို့ကို ဦးစွာဆီးကြိုလိုက်သည်မှာ ကြီးမားသော လေယာဉ်ရုံကြီးတစ်ခုဖြစ်သည်၊၊ နောက်ဆုံးဘက်တွင် သူတို့ အရင်ကတွေ့ခဲ့ဖူးသော အလတ်စားသယ်ယူပို့ဆောင်ရေးယာဉ်မျိုး ရှိနေသည်၊၊ အလိုအလျောက်မောင်းနှင်သော ယာဉ်အချို့မှလွဲ၍ နေရာအများစုမှာ အလွတ်ဖြစ်နေပြီး အလိုအလျောက်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများသည် အဝါရောင်အန္တရာယ်ပြဘုတ်ပြားများတစ်လျှောက် လေယာဉ်ရုံ၏အဆုံးအထိ သွယ်တန်းနေသည်၊၊
သူတို့ လေယာဉ်ရုံ၏အဆုံးသို့ရောက်၍ ဂရေ့စ်၏ထိန်းချုပ်မှုအောက်တွင် လေလုံတံခါးကြီး ပွင့်သွားချိန်တွင်မူ သူတို့ငါးယောက်စလုံး၏ အသက်ရှူသံများ ရပ်တန့်သွားခဲ့ရသည်၊၊
အလောင်းသိုလှောင်ရုံ၊၊
ထုထည်ကြီးမားသော ဖောက်ထွင်းမြင်ရသည့် အခန်းရာပေါင်းများစွာသည် ကြမ်းပြင်မှ မျက်နှာကြက်အထိ သွယ်တန်းနေပြီး စက်ရုံတစ်ခုရှိ ဆီသိုလှောင်ကန်ကြီးများကဲ့သို့ သိပ်သည်းစွာ စီရီထားသည်၊၊
အခန်းတစ်ခုစီတွင် အသက် ၂၀ နှင့် ၄၀ ကြားရှိ အမျိုးသားနှင့် အမျိုးသမီး အလောင်းပေါင်း ရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီ၍ ပုံထားသည်၊၊ သူတို့အားလုံးသည် အနီရောင်ကမ္ဘာ၏ အလုပ်သမားဝတ်စုံများကို ဆင်တူဝတ်ဆင်ထားကြပြီး ဦးခေါင်းခွံများတွင် ဦးနှောက်စက်ကိရိယာများ တပ်ဆင်ထားသော်လည်း မှတ်ဉာဏ်ယူနစ်များမူ မရှိကြပေ၊၊
အဖြူရောင်မှိုမျှင်များစွာသည် ပင့်ကူအိမ်များပမာ အထဲတွင် ပြန့်နှံ့ပေါက်ရောက်နေသည်၊၊ အချို့သော အခန်းများသည် ကြာမြင့်စွာ ထားရှိထားပုံရပြီး မှိုမျှင်များက လွှမ်းမိုးထားပြီးဖြစ်သည်၊၊ အချို့မှာမူ ဗလာဖြစ်နေပြီး မြေပြင်ပေါ်တွင် ကွဲကျနေသော ဖန်စများ ပြန့်ကျဲနေကာ ခြောက်သွေ့နေသော ညိုပုပ်ပုပ်အစွန်းအထင်းများ ကျန်ရစ်နေသည်၊၊ အပေါက်ဝနှင့် အနီးဆုံးရှိ နမူနာပစ္စည်းများမှာ အရည်ပျော်နေပြီး ၎င်းတို့၏အရေပြားများသည် ဖယောင်းကဲ့သို့ အရည်ပျော်ကျကာ အောက်ဘက်ရှိ ကြက်သွေးရောင် ကြွက်သားတစ်ရှူးများကို မြင်နေရသည်၊၊
“ဒါတွေက အထဲကိုဝင်လာပြီး ပုံမှန်ဆုံးရှုံးမှုအဖြစ် သတ်မှတ်ခံရတဲ့ ကိုယ်ပွားတွေ ဖြစ်ရမယ်”
ရွှန်းက တည်ငြိမ်စွာ ပြောလိုက်သည်၊၊
“ဒီအလောင်းတွေကို သိမ်းထားတာက အနီရောင်ကမ္ဘာအတွက် တခြားရည်ရွယ်ချက်တစ်ခုခုရှိရမယ်၊၊ မဟုတ်ရင် သီးသန့်သိုလှောင်ထားစရာ မလိုဘူး”
ထိုပုံရိပ်များကို ဗဟိုထိန်းချုပ်ရေးခန်းသို့ ပြန်လည်ပေးပို့လိုက်ရာ ရှင်းဂျီ၏ အသံထွက်ပေါ်လာသည်၊၊
“အလောင်းတွေမှာလည်း သူတို့အသုံးဝင်တာရှိတယ်၊၊ အထဲကိုဝင်လာတဲ့ ကိုယ်ပွားသုတေသနပညာရှင်တွေ ကိုယ်တိုင်က စမ်းသပ်ခံပစ္စည်းတွေပဲလေ”
“ဟင်”
ကီကီက ထိုစကားကြောင့် မျက်မှောင်ကြုတ်လိုက်သည်၊၊
“သူတို့က ကိုယ်ပွားတွေဆိုပေမဲ့လည်း ကိုယ်ပိုင်အသိစိတ်ရှိကြတာပဲ၊၊ စက်ရုပ်တွေမှ မဟုတ်တာ… တကယ်ပဲ ဒီလောက်အထိ အနာခံပြီး ရူးသွပ်ကြမှာလား”
ရှီဇီသည် အဖွဲ့အလယ်မှ တိတ်ဆိတ်စွာလိုက်ပါလာပြီး အခြားသူများကို ကူညီရန် သန့်စင်ခြင်းစွမ်းအားကို တစ်ခါတစ်ရံ အသုံးပြုနေသည်၊၊ သူမသည် အလွန်အကျွံမကြည့်မိအောင်လည်း သတိထားနေသည်၊၊
Chapter 687
ဒီလမ်းပဲ ၂
“ကြောက်တဲ့သူတွေလည်း ရှိမှာပါ၊၊ ဒါပေမဲ့ အနီရောင်ကမ္ဘာက ဒါကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိမှာ သေချာတယ်”
ရွှန်းက ပြောသည်၊၊
“ဥပမာပြောရရင် သူတို့ထည့်သွင်းပေးလိုက်တဲ့ မှတ်ဉာဏ်ယူနစ်တွေက ဦးနှောက်ဆေးခံထားရတဲ့ အပြင်းထန်ဆုံး နောက်ဆုံးဗားရှင်းတွေဖြစ်ရမယ်၊၊ သူတို့ အရူးသွပ်ဆုံးအချိန်က မှတ်ဉာဏ်တွေကို သုံးပြီး ပုန်ကန်တာနဲ့ ကြောက်ရွံ့တာမျိုးကို လျှော့ချထားတာဖြစ်မယ်၊၊ ဒါက မျိုးရိုးဗီဇစစ်ထုတ်တာနဲ့ တူတယ်၊၊ အဖွဲ့အစည်းထဲက အသန်မာဆုံးသုတေသနပညာရှင်တွေရဲ့ အသိစိတ်ဗားရှင်းတွေကို သုံးပြီး ပုံတူပွားတာပဲ၊၊ သူတို့က ဒါတွေကို အဆင့်ခွဲခြားပြီး စီစဉ်ထားနိုင်တယ်၊၊ တကယ်လို့ ကိုယ်ပွားတစ်ယောက်က ပုန်ကန်ဖို့ အလားအလာများနေရင် မူလလူပါ ထိခိုက်ရလိမ့်မယ်၊၊ သူတို့အတွက် ဒါတွေကို စီမံခန့်ခွဲရတာက ကွန်ပျူတာကုဒ်တွေကို စီမံရသလို ရိုးရှင်းတယ်”
ကီကီက ခေါင်းယမ်းလိုက်သည်၊၊
“စိတ်ကူးကြည့်ဖို့တောင် မလွယ်ဘူး၊၊ ကျွန်မရဲ့ အသိစိတ်က အများကြီးထုတ်လို့ရတဲ့ ပရိုဂရမ်တစ်ခုဖြစ်သွားရင် ကျွန်မက ကျွန်မဖြစ်နေပါဦးမလား၊၊ ဒစ်ဂျစ်တယ်ရှင်သန်ခြင်းဆိုတာ တကယ်ကော ရှင်သန်ခြင်းဟုတ်ရဲ့လား”
ထိုစကားကို ကြားသောအခါ ရွှန်းက သူမကို စိတ်ဝင်တစားကြည့်လိုက်ပြီး တစ်ခုခုပြောချင်ပုံရနေသည်၊၊
ထိုအချိန်မှာပင် ရှင်းဂျီ၏ အေးစက်စက်အသံထွက်ပေါ်လာသည်၊၊ “ဒစ်ဂျစ်တယ်ရှင်သန်ခြင်းရဲ့ ပရိုဂရမ်နဲ့ လူသား DNA ပရိုဂရမ်ရှာဖွေမှုတွေက အနှစ်သာရအားဖြင့် တူတူပါပဲ၊၊ အမှားအယွင်းတွေကို လျှော့ချပြီး မျိုးရိုးလိုက်ရောဂါတွေကို ကာကွယ်တာ၊ ထူးချွန်တဲ့ သိမြင်မှုပရိုဂရမ်တွေကို ပုံတူပွားတာ၊ ထူးချွန်တဲ့ သိပ္ပံပညာရှင်၊ အားကစားသမားနဲ့ အနုပညာရှင်တွေကို ပုံတူပွားတာ…. အဲဒါတွေက ဘာကွာလို့လဲ…. သက်ရှိတွေရဲ့ အနှစ်သာရအပေါ် ဒဿနပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေက ဘာအဓိပ္ပာယ်မှ မရှိပါဘူး၊၊ ဘာလို့လဲဆိုတော့ လူသားယဉ်ကျေးမှုက အဲဒီအဆင့်ကို မရောက်သေးလို့ပဲ၊၊ အဆင့်မြင့်ယဉ်ကျေးမှု ပုံစံတွေက ပိုပြီးရိုးရှင်းလာတတ်တယ်၊၊ ရှုပ်ထွေးမှုတွေ များလာတာက ပျက်စီးခြင်းရဲ့ အစပဲ၊၊ ဒါပေမဲ့ အခုက ဒါတွေကို ဆွေးနွေးရမယ့် အချိန်တော့ မဟုတ်ဘူးပေါ့”
“ACS ကနေ စစ်ဆေးကြည့်ရသလောက်တော့ သယ်ယူပို့ဆောင်ရေးယာဉ်က ပုံမှန်အတိုင်း မောင်းလို့ရတယ်၊၊ ပြီးရင် အဲဒါနဲ့ ပြန်ထွက်လာလို့ရတယ်” ရှင်းဂျီက အဓိကအကြောင်းအရာသို့ ပြန်လှည့်လိုက်သည်၊၊
လင်းရှန် ငြိမ်နေသည်၊၊ တိတ်ဆိတ်မြို့တော်မှ လူများသည် ဒစ်ဂျစ်တယ်ရှင်သန်ခြင်းစနစ်ကို အပြင်းအထန် ထောက်ခံသူများဖြစ်ကြောင်း သူသိသည်၊၊ သို့သော် ကီကီမေးခဲ့သောပြဿနာမှာ ကမ္ဘာမပျက်ခင်က ရှင်းဂျီ၏ ဒစ်ဂျစ်တယ်ရှင်သန်ခြင်းဘဝစီမံကိန်းကို ရပ်တန့်စေခဲ့သည့် အကြောင်းရင်းတစ်ခုဖြစ်ခဲ့သည်၊၊ ၎င်းမှာ သက်ရှိများ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ အနှစ်သာရနှင့် ပတ်သက်သည့် မေးခွန်းပင်ဖြစ်သည်၊၊
သို့သော်လည်း ယခုအချိန်တွင် ရှင်းဂျီနှင့် ဤအကြောင်းများကို ဆွေးနွေးရန် အချိန်မရှိပေ၊၊ အဖွဲ့သည် လျင်မြန်စွာ ရှေ့ဆက်သွားခဲ့သည်၊၊ တံခါးကြီးတစ်ခု ပွင့်သွားသောအခါ ကချေသည် ၀၁ သည် အလယ်တွင်ရပ်ကာ ဂရေ့စ်နှင့် လင်းရှန်တို့အဖွဲ့ကို စောင့်နေသည်၊၊ ချက်ချင်းပင် စက်ရုပ်နှစ်ရုပ်သည် သူတို့အတွက် လမ်းရှင်းပေးခြင်းနှင့် ရှေ့ပြေးကင်းထောက်ခြင်းများကို စတင်လုပ်ဆောင်ပေးသည်၊၊
ရွှန်းပြောတာ မှန်သည်၊၊ မိလ္လာသန့်စင်စက်ရုံ၏ အောက်ဘက်တွင် အလိုအလျောက် သုတေသနဌာနပရိုဂရမ်များရှိနေသည်၊၊ ဤနေရာတွင် လူနေထိုင်သည့် ဧရိယာလုံးဝမရှိပေ၊၊ ဓာတ်ခွဲခန်းတစ်ခုစီသည် အလိုအလျောက် ပို့လွှတ်သည့်လမ်းကြောင်းများမှတစ်ဆင့် လိုအပ်သော စွမ်းအင်နှင့် ရေကို ရရှိကြပြီး လုံးဝသီးခြားစီဖြစ်သည်၊၊ ဝန်ထမ်းများသည် ဟိုလိုဂရမ်စနစ်ဖြင့်သာ ဆက်သွယ်ကြပြီး ကိုယ်ပိုင်နေရာ သို့မဟုတ် ကိုယ်ပိုင်သွားလာသည့် လမ်းကြောင်းများမရှိကြပေ၊၊ စမ်းသပ်မှုနယ်မြေတစ်ခုစီကို ခွဲခြားထားပြီး စမ်းသပ်ကိရိယာများဖြင့် ပြည့်နှက်နေသည့် ထူးဆန်းစွာ သန့်ရှင်းနေသော အကျဉ်းထောင်တစ်ခုနှင့် တူနေသည်၊၊
“ဒါက လူရှိခြင်း၊ မရှိခြင်းအပေါ် မူတည်ပြီး ခွဲခြားထားတဲ့ ဖြန့်ကျက်ဓာတ်ခွဲခန်းတစ်ခုပဲ၊၊ သူတို့က အလုပ်ကလွဲရင် တခြားဘာဆက်သွယ်မှုမှ မလုပ်နိုင်အောင် ပိတ်ပင်ထားတာပဲ”
ဗဟိုထိန်းချုပ်ရေးခန်းတွင် ရှင်းဂျီက ပေးပို့လာသော ပုံရိပ်များကို ကြည့်ရင်း ခွဲခြမ်းစိတ်ဖြာနေသည်၊၊ “လူသားချင်းစာနာမှုဘက်ကနေ မကြည့်ဘူးဆိုရင် သူတို့က အလယ်အလတ် ယဉ်ကျေးမှုတစ်ခုရဲ့ လူမှုကုန်ထုတ်လုပ်မှုပုံစံကို အကြမ်းဖျဉ်း တည်ဆောက်နိုင်နေပြီ...”
“တခြားအသက်ရှင်ကျန်ရစ်သူတွေကို ပုံတူပွားဖို့ ကုန်ကြမ်းတွေလိုမျိုး သဘောမထားရင်တော့ တစ်မျိုးပေါ့”
လင်းရှန်က အေးစက်စွာ တုံ့ပြန်လိုက်သည်၊၊
“ရယ်စရာဖြစ်နေတာက သူတို့ရဲ့ နည်းပညာတိုးတက်မှုက ကျနော်တို့ထက် တကယ်ကို ပိုမြန်နေတာပဲ”
ရွှန်းက သက်ပြင်းချလိုက်သည်၊၊
လင်းရှန် ခဏမျှ တိတ်ဆိတ်သွားပြီး ဆက်မဆွေးနွေးတော့ဘဲ လျှပ်စီးသိမ်းငှက်ဒရုန်း ၂၅ စင်းကို လွှတ်တင်လိုက်သည်၊၊
“ဂရေ့စ်၊၊ ဒရုန်းတွေကို ထိန်းချုပ်ပြီး အကုန်လုံးကို စကင်ဖတ်လိုက်”
[နားလည်ပါပြီ]
ရှူး~
ဂရေ့စ်၏ အားကောင်းသော တွက်ချက်ထိန်းချုပ်မှုအောက်တွင် ဒရုန်း ၂၅ စင်းသည် အရပ်မျက်နှာအသီးသီးသို့ ချက်ချင်း ပျံသန်းသွားသည်၊၊ တစ်ချိန်တည်းမှာပင် ကွန်တမ်ကွန်ပျူတာဖြင့် စီမံထားသော ပုံရိပ် ၂၅ ခုကို လင်းရှန်အတွက် လိုရင်းတိုရှင်း အချက်အလက်များအဖြစ် စုစည်းပေးလိုက်သည်၊၊
ဒါက လင်းရှန်၏ လက်ရှိစွမ်းဆောင်ရည်ထက် ကျော်လွန်နေသည်၊၊ တကယ်လို့ ဒရုန်းအစင်း ၁၀၀ ဒါမှမဟုတ် ၁၀၀၀ ထုတ်လုပ်ခဲ့ရင် သူသည် ဂရေ့စ်ကို လက်ထောက်အဖြစ်ပဲ အားကိုးနိုင်လိမ့်မည်၊၊ ထို့ကြောင့် လင်းရှန်အတွက် ဂရေ့စ်သည် သူ၏ယန္တရားစွမ်းအားတွင် မရှိမဖြစ်လိုအပ်သော ကိရိယာတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ပို၍တန်ဖိုးထားရမည်ဖြစ်သည်၊၊
“အစ်ကိုလင်း”
လုရှင်းချန်က ထိုအချိန်တွင် ပြောလိုက်သည်၊၊
“တခြားနည်းလမ်းမရှိရင် ဒီနေရာကို ဖျက်ဆီးလိုက်ရင်ကော… မီးဖြတ်လိုက်ရင် အပြင်က သန့်စင်ခြင်းအမိန့်ကို ရပ်တန့်သွားစေမှာ မဟုတ်ဘူးလား”
“မဖြစ်နိုင်ဘူး”
သူစကားမဆုံးခင်မှာပင် ကီကီက ကြားဖြတ်ပြောလိုက်သည်၊၊
“သန့်စင်ခြင်းကိရိယာက ဘာလဲဆိုတာ ငါတို့ အတိအကျ မသိသေးဘူး၊၊ တကယ်လို့ အဲဒါက အဝေးထိန်းအချက်ပြစနစ်တစ်ခုတည်းနဲ့ အလုပ်လုပ်တဲ့ သီးခြားစက်ပစ္စည်းမျိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
လုရှင်းချန်သည် ထိုစကားကို ကြားသောအခါ ပါးစပ်ပိတ်သွားသည်၊၊
ထိုအချိန်တွင် အားလုံးသည် ဗဟိုခန်းမနှင့်တူသော နေရာတစ်ခုသို့ ရောက်ရှိလာကြသည်၊၊ မီးများ လင်းထိန်နေသော်လည်း ပတ်ဝန်းကျင်တွင် မည်သူမျှမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေသည်၊၊
ဟိုလိုဂရမ်ပုံရိပ်များတွင် ဒရုန်းအစင်းပေါင်းများစွာသည် ဂရေ့စ်တွက်ချက်ပေးထားသော စကင်ဖတ်ပုံရိပ်များမှတစ်ဆင့် လင်းရှန်၏မြင်ကွင်းထဲတွင် ပေါ်လာသည်၊၊ သုတေသနဌာန၏ အောက်ဘက်တွင် သယ်ယူပို့ဆောင်ရေး လေယာဉ်ရုံနှင့် အလောင်းသိုလှောင်ရုံတို့အပြင် အမျိုးအစားခွဲခြားထားသော ဓာတ်ခွဲခန်းပေါင်း ရာနှင့်ချီ ရှိနေသည်၊၊ သို့သော် ထူးဆန်းသည်မှာ ဤမျှကျယ်ဝန်းလှသော မြေအောက်အခြေစိုက်စခန်းတွင် ပင်မထိန်းချုပ်ရေးခန်းကို မတွေ့ရခြင်းပင်ဖြစ်သည်၊၊ ၎င်းက လင်းရှန်ကို ထူးဆန်းသလို ခံစားရစေသည်၊၊
“ဂရေ့စ်၊၊ စနစ်ရဲ့ ပင်မထိန်းချုပ်မှုက ဘယ်မှာ စုစည်းထားတာလဲ”
[အမျိုးအစားခွဲထားတဲ့ စမ်းသပ်နယ်မြေ တစ်ခုချင်းစီမှာ ကိုယ်ပိုင်ထိန်းချုပ်ရေးခန်း ရှိပါတယ်၊၊ဒါပေမဲ့ အဲဒီထဲမှာ ပင်မထိန်းချုပ်ရေးခန်း ဒါမှမဟုတ် အဲဒီလိုမျိုး စုစည်းထားတဲ့ စင်တာကို မတွေ့ရဘူး]
“ထူးဆန်းတယ်...”
ရွှန်းက ဝင်ပြောသည်၊၊
“အနီရောင်ကမ္ဘာက ဓာတ်ခွဲခန်းတစ်ခုလုံးကို ပေါင်းစပ်ညှိနှိုင်းဖို့ဆိုရင် နယ်မြေတစ်ခုချင်းစီကနေ ထိန်းချုပ်နေလို့ မရဘူး၊၊ အလိုအလျောက်စနစ် ဒီဇိုင်းပိုင်းအရလည်း ဒါက ယုတ္တိမရှိဘူး၊၊ ဒီနေရာကို အပြည့်ဝထိန်းချုပ်တဲ့ အနီရောင်ကမ္ဘာ No.3 အမျိုးအစား အသိဉာဏ်မြင့်စက်ရုပ်မျိုးရှိနေမှပဲဖြစ်မယ်”
“ရွှန်းပြောတာ မှန်တယ်၊၊ ဒါပေမဲ့ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုရှိသေးတယ်”
ရှင်းဂျီက ထိုအချိန်တွင် ပြောလိုက်သည်၊၊
“ဒီလိုထူးခြားတဲ့ သုတေသနဌာနမျိုးမှာ ပြင်ပက ကျူးကျော်တာ ဒါမှမဟုတ် အရေးကြီးတဲ့ အချက်အလက်တွေ အခိုးခံရတာကို ကာကွယ်ဖို့ တခြားစနစ်တွေနဲ့ မသက်ဆိုင်တဲ့ မမြင်နိုင်တဲ့ စနစ်တစ်ခုရှိနိုင်တယ်၊၊ ဒီစနစ်က အန္တရာယ်ရှိလာတဲ့အခါ အခြေစိုက်စခန်းနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ဖက်ထဲက ထိန်းချုပ်နိုင်တယ်၊၊ အဲဒါကို အများအားဖြင့် ခေါ်ကြတာက...”
“လျှို့ဝှက်ခန်း”
ရွှန်းက ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်၊၊
“အဲဒါ ဖြစ်နိုင်ခြေ အရမ်းများတယ်၊၊ ဒါပေမဲ့ ဒီနေရာက ကျယ်လွန်းတယ်”
သူပြောပြီးနောက် ဂရေ့စ်ကို ကြည့်လိုက်သည်၊၊
“အနီရောင်ကမ္ဘာ No.3 ခုနက ရထားတဲ့ အချက်အလက်တွေထဲကနေ သဲလွန်စတစ်ခုခုရှာတွေ့နိုင်မလား”
[ရှာဖွေပြီးပါပြီ၊၊ ဒါပေမဲ့ အဲဒီလို သတ်မှတ်ချက်မျိုး မတွေ့ရပါဘူး]
“အဲဒီကိုယ်ပွားတွေက သူတို့ရဲ့ ကိုယ်ပိုင်အလုပ်နယ်မြေတွေကိုပဲ သိကြတယ်၊၊ အမှောင်တိုက်စားခြင်းဆဲလ်တွေကလွဲရင် သူတို့မှာ သုတေသနအချက်အလက်တွေ အကန့်အသတ်ပဲ ရှိတယ်၊ နောက်ဆုံးတော့ သူလည်း သုတေသနပညာရှင်အများကြီးထဲက တစ်ယောက်ပဲလေ”
လင်းရှန်က ဓာတ်ခွဲခန်းများရှိ လှောင်အိမ်များနှင့်တူသော လမ်းကြောင်းမြောက်မြားစွာကို ပြန်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်၊၊
“ဒီလိုမျိုး အချက်အလက်တွေက ဒီကိုယ်ပွားတွေနဲ့ မသက်ဆိုင်တာ သေချာတယ်”
“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ”
ကီကီက အချိန်ကို စစ်ဆေးလိုက်သည်၊၊ ဒီရေတက်ချိန်သည် ၂၅ မိနစ်ကျော်သွားပြီဖြစ်ရာ အပြင်ဘက်တွင် ချန်ဆီရွှမ်နှင့် နန်ကျင်းတို့သည် ထူးဆန်းသည့် သတ္တဝါများနှင့် ပြင်းထန်စွာ တိုက်ပွဲဝင်နေကြဆဲဖြစ်သည်၊၊ သူတို့အတွက် အချိန်ကုန်နေပြီဖြစ်သည်၊၊