အခန်း (၆၈၈-၆၈၉)
Vol. 41 Ch. 688-689
Chapter 688
မီးနတ်ဘုရား၏ ဒေါသ ၁
လင်းရှန်သည် ပြတ်သားသော အကြည့်ဖြင့် ချက်ချင်းရှေ့သို့ တိုးထွက်လိုက်ကာ လေးနက်စွာ ပြောလိုက်သည်၊၊
“အခုတော့ အဆိုးဝါးဆုံးနည်းလမ်းကိုပဲ သုံးရတော့မယ်”
ပြောပြီးသည်နှင့် သူသည် ဗဟိုခန်းမ၏ အလယ်တွင် လက်နှစ်ဖက်ကို အောက်သို့ချကာ ထိုင်လိုက်သည်၊၊ ယန္တရားနှလုံးသားကို အမြင့်ဆုံးစွမ်းအားဖြင့် ဖွင့်လိုက်ပြီး ယန္တရားစကင်ဖတ်မှုကို စတင်လိုက်သည်၊၊
ဒါက လင်းရှန်အတွက် စွမ်းအင်အမြောက်အမြား ကုန်ဆုံးစေသော်လည်း ယခုအချိန်တွင် သူသည် အဝေးထိန်းစကင်ဖတ်ခြင်းကို ကျွမ်းကျင်နေပြီဖြစ်သည်၊၊ သူ၏စွမ်းအင်နယ်ပယ်သည် လျင်မြန်စွာ ဖြန့်ကျက်သွားပြီး အခြေစိုက်စခန်းတစ်ခုလုံး၏ ကြီးမားသော ပတ်လမ်းများနှင့် အဆောက်အအုံ တည်ဆောက်ပုံများသည် သူ၏ပတ်ဝန်းကျင်တွင် ဟိုလိုဂရမ်ပုံရိပ်တစ်ခုကဲ့သို့ လျင်မြန်စွာ ပေါ်ထွက်လာသည်၊၊
ပိုက်လိုင်းများ၊ လိုင်းများ၊ လမ်းကြောင်းများ၊ လေဝင်လေထွက်ပေါက်များ၊ အချက်အလက် ချိတ်ဆက်မှုများ၊ သတင်းအချက်အလက် စခန်းများ၊ စမ်းသပ်ကိရိယာများ၊ မီးထွန်းစနစ်များ၊ မြေပြင်သံမဏိ တည်ဆောက်ပုံများ၊ ဓာတ်လှေကားများ၊ လမ်းကြောင်းများ...
အနီရောင်ကမ္ဘာ၏ မြေအောက်လျှို့ဝှက်အခြေစိုက်စခန်း၏ ပုံရိပ်သည် လင်းရှန်၏ စိတ်ထဲတွင် အပြစ်အနာအဆာမရှိ ပေါ်ပေါက်လာသည်၊၊
နယ်ပယ်ချဲ့ထွင်လိုက်ခြင်းကြောင့် လင်းရှန်၏ စွမ်းအင်ကုန်ဆုံးမှုက ချက်ချင်းပင် ထိုးတက်သွားသည်၊၊ သူ၏တစ်ကိုယ်လုံးမှ ချွေးအေးများ ချက်ချင်းစီးကျလာသော်လည်း ဤအခြေအနေတွင် တခြားထွက်ပေါက်မရှိပေ၊၊ သူသည် သွားကိုတင်းတင်းကြိတ်ကာ အံတုနေရသည်၊၊
သို့သော် စွမ်းအင်များ အမြောက်အမြားကုန်ဆုံးလာသည်နှင့်အမျှ ရူးသွပ်ဖွယ် အမှောင်ထုက သူ့ကို ကျူးကျော်လာသည်၊၊ ကြောက်ရွံ့ခြင်းစွမ်းအားက သူ၏ဆင်ခြင်တုံတရားကို တဖြည်းဖြည်း ဝါးမြိုလာသည်၊၊ သူသည် ရေခဲဂူတစ်ခုထဲသို့ ကျဆင်းသွားသလို ခံစားရပြီး တောက်ပနေသော မီးရောင်များပင် မှိန်ဖျော့သွားကာ သူ၏ဘေးတွင်ရှိသော အဖွဲ့သားအချို့၏ ခန္ဓာကိုယ်များသည် လိမ်တွန့်သွားသည်၊၊ ကြောက်မက်ဖွယ်ကောင်းပြီး မျှော်လင့်ချက်မဲ့သော မြင်ကွင်းပေါင်းများစွာက သူ၏ရှေ့တွင် ရူးသွပ်စွာ တိုက်ခိုက်နေသည်၊၊
ထိုအချိန်မှာပင် အားကောင်းသော စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်အတွင်းသို့ ရုတ်တရက် တိုးဝင်လာပြီး ကြောက်ရွံ့ခြင်းစွမ်းအား အများစုကို ချက်ချင်း မောင်းထုတ်လိုက်သည်၊၊ တစ်ချိန်တည်းမှာပင် လင်းရှန်သည် နွေးထွေးမှုကို ခံစားလိုက်ရပြီး သူ၏စိတ်မှာလည်း ကြည်လင်လာသည်၊၊
ရှီဇီ..
လင်းရှန်၏ အပြောင်းအလဲကို သတိပြုမိသည်နှင့် ထိုမိန်းကလေးသည် ချက်ချင်းလှုပ်ရှားလိုက်ခြင်းဖြစ်သည်၊၊ သူမ၏ သန့်စင်ခြင်းစွမ်းရည် အားလုံးကို လင်းရှန်အပေါ် စုစည်းပေးလိုက်ပြီး ယန္တရားစကင်ဖတ်ခြင်းပြုလုပ်ရာတွင် သူ့ကို ကူညီပေးလိုက်သည်၊၊
ဤစွမ်းအား၏ အကူအညီကြောင့် လင်းရှန်သည် ထူးဆန်းသောကုဗတုံးမှ ပြောင်းလဲလာသော စွမ်းအင်များဖြင့် အားသွင်းခံလိုက်ရသလို ခံစားရပြီး ယန္တရားစကင်ဖတ်မှု၏ ဖြန့်ကျက်နှုန်းက ပိုမြန်ဆန်လာသည်၊၊ ထိုအခါမှသာ သူသည် ထူးခြားသောနယ်မြေတစ်ခုကို နောက်ဆုံးတွင် ရှာတွေ့လိုက်သည်၊၊
ဤနယ်မြေသည် အဆင့်ဆင့်ရှိသော လျှို့ဝှက်သုတေသနဌာန၏ အောက်ဆုံးတွင် ရှိနေသည်၊၊ ကေဘယ်ကြိုးမြောက်မြားစွာသည် စတုရန်းမီတာ ၂၀၀ ခန့်ရှိသော ခိုင်ခံ့သည့် ဘန်ကာတစ်ခုသို့ ချိတ်ဆက်ထားသော်လည်း ထိုကေဘယ်များတွင် စွမ်းအင်ရှိမနေပေ၊၊ ထိုနေရာရှိ ဓာတ်ခွဲခန်းတစ်ခုတွင် လျှို့ဝှက်ဓာတ်လှေကားတစ်ခုက အောက်သို့ တိုက်ရိုက်ဦးတည်နေသည်၊၊
“တွေ့ပြီ”
ပြောပြီးသည်နှင့် လင်းရှန်သည် ယန္တရားစကင်ဖတ်မှုကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်သည်၊၊ အဖွဲ့ကို ခေါ်ဆောင်ကာ ဓာတ်လှေကားဖြင့် အနိမ့်ဆုံး စမ်းသပ်နယ်မြေအထိ သွားရောက်ခဲ့ပြီး A1 ဟု အမည်တပ်ထားသော ဓာတ်ခွဲခန်းအပြင်ဘက်သို့ ရောက်ရှိသွားကာ ဂရေ့စ်ကို အလိုအလျောက်တံခါးဖွင့်ခိုင်းလိုက်သည်၊၊
ထိုအချိန်တွင် လင်းရှန်သည် တိုက်ရိုက်ဝင်ရောက်သွားပြီး သူ၏ ယန္တရားစွမ်းအားကို တိတ်တဆိတ် အသက်သွင်းကာ လျှို့ဝှက်ခလုတ်တစ်ခုကို နှိပ်လိုက်သည်၊၊ ချက်ချင်းပင် မူလသတ္တုနံရံကြီးမှာ ဖြည်းဖြည်းချင်း ပွင့်သွားပြီး သေးငယ်သော ဓာတ်လှေကားတစ်ခုပေါ်လာသည်၊၊
ဤဓာတ်လှေကားမှာ အလွန်သေးငယ်ပုံရပြီး လူအနည်းငယ် ရပ်နေရန်ပင် အတော်လေး ကျဉ်းမြောင်းနေသည်၊၊ လုံခြုံရေးအရ လင်းရှန်က ဂရေ့စ်ကို အရင်ဆင်းခိုင်းလိုက်သည်၊၊ သူတို့က ပင်မထိန်းချုပ်ရေးခန်း စနစ်ကို ထိန်းချုပ်ပြီးမှ သူတို့ဆင်းသွားကြမည်ဖြစ်သည်၊၊
ဂရေ့စ်က ထိန်းချုပ်မှုကို ရယူပြီးနောက် လင်းရှန်နှင့် အခြားသူများသည် သေးငယ်သော ဓာတ်လှေကားဖြင့် ဆင်းသွားကြရာ အောက်ဘက်တွင် ထိန်းချုပ်ရေးစင်များစွာဖြင့် ပြည့်နှက်နေသော ပင်မထိန်းချုပ်ရေးခန်းကို တွေ့လိုက်ရသည်၊၊ သို့သော် ပို၍ ထူးဆန်းသည်မှာ ကေဘယ်ကြိုးများနှင့် ထိန်းချုပ်ရေးစားပွဲများပြည့်နှက်နေသော ဤထိန်းချုပ်ရေးခန်းထဲတွင် လူနေထိုင်သည့်နေရာတစ်ခုကိုပါ တွေ့လိုက်ရခြင်းပင် ဖြစ်သည်၊၊
ဤလူနေထိုင်သည့် နေရာက ပင်မထိန်းချုပ်ခန်း၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိပြီး စက်ဝိုင်းပုံ မှန်နံရံဖြင့် ဝန်းရံထားသော အပိုင်းတစ်ခုဖြစ်သည်၊၊ အတွင်း၌ စောင့်ကြည့်ရေးကွန်ပျူတာများ၊ ကုတင်တစ်လုံး၊ ရိုးရှင်းသော ရေချိုးခန်းနှင့် စင်များပေါ်တွင် ခင်းကျင်းထားသော စားသောက်ကုန်အများအပြားကို တွေ့ရသည်၊၊ ကုတင်ဘေးတွင် ရုပ်ရှင်ကားဟောင်းတစ်ခုကို ပြသနေသည့် ရုပ်မြင်သံကြားစက်ပင် ရှိနေသေးသည်၊၊ စားပွဲများနှင့် ကြမ်းပြင်အနှံ့တွင် စားကြွင်းစားကျန် ထုပ်ပိုးမှုများနှင့် ဘူးခွံများပြန့်ကျဲနေပြီး နေရာတစ်ခုလုံးမှာ အလွန်ပင် ညစ်ပတ်ပေရေကာ ရှုပ်ပွနေသည်၊၊ မယုံနိုင်စရာကောင်းသည်မှာ ထိုကုတင်ပေါ်တွင် ဖြူဖွေးသောအသားရေနှင့် မျက်နှာကျက်ကို တောင့်တောင့်ကြီးစိုက်ကြည့်နေသည့် လူတစ်ကိုယ်စာအရွယ်အစားရှိ ယန္တရားစီလီကွန်အရုပ်မတစ်ရုပ် လဲလျောင်းနေခြင်းပင်ဖြစ်သည်၊၊ ဤနေရာတွင် နေထိုင်သူမှာ အမျိုးသားတစ်ဦးဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသာလှသည်၊၊
“လူရှိတယ်”
“ဂရေ့စ်” လင်းရှန်က ချက်ချင်းခေါ်လိုက်သည်၊၊
ချက်ချင်းပင် လူများသည် အလျင်အမြန် လူစုခွဲလိုက်ကြသည်၊၊ မီကာများဖြင့် စကင်ဖတ်ကြည့်သော်လည်း ဘာမှမတွေ့ရပေ၊၊
ရွှန်းသည် ရုပ်မြင်သံကြားစက်နားသို့ လျှောက်သွားပြီး နွေးနေဆဲဖြစ်သော ခေါက်ဆွဲခြောက်ထုပ်ပန်းကန်ကို ကိုင်ကြည့်ကာ တင်းမာစွာ ပြောလိုက်သည်၊၊
“ဒီကောင် ဒီမှာရှိနေခဲ့တာပဲ၊၊ ကျနော်တို့ အပေါ်ထပ်တွေကို တိုက်ခိုက်တုန်းက သူသတိထားမိသွားလို့ ပင်မထိန်းချုပ်ခန်းနဲ့ အပေါ်ထပ်ဓာတ်ခွဲခန်းကြားက စနစ်ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်တာဖြစ်မယ်”
ကီကီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်သော်လည်း စွမ်းအားဝတ်စုံ၏ ရေဒါစနစ်တွင် ဘာမှမမြင်ရသေးပေ၊၊ ရှီဇီကလည်း သူမ၏စွမ်းအားကို သုံး၍ ရှာဖွေရန် ကြိုးစားသော်လည်း ရွှန်းက တားလိုက်သည်၊၊
“ရှီဇီ၊၊ ဒါက လူသားတစ်ယောက်ပဲ… နင့်ရဲ့စွမ်းအားကို အလဟဿမဖြစ်စေနဲ့”
“ထူးဆန်းတယ်၊၊ ဒီနေရာက အကျယ်ကြီးလည်း မဟုတ်ဘူး၊၊ လူတစ်ယောက်က ဘယ်လိုလုပ် ချက်ချင်းပျောက်သွားတာလဲ၊၊ ကိုယ်ပျောက်စွမ်းအားရှင် တစ်ယောက်ယောက်များလား”
မီးတောက်က သံသယဖြင့် ပြောရင်း အပြင်ဘက်သို့ လျှောက်သွားကာ ဆာဗာဗီရိုများ၏ မှောင်ရိပ်ကျနေသော ထောင့်များကို မီးစွမ်းအားဖြင့် စစ်ဆေးလိုက်သည်၊၊
ကီကီက သူလုပ်နေသည်ကို ကြည့်ပြီး သတိပေးလိုက်သည်၊၊
“ဟေ့၊၊ သတိထားဦး၊၊ အဲဒါကို မီးရှို့လိုက်ရင် ငါတို့ သန့်စင်ခြင်းစနစ်ကို ရှာတွေ့မှာ မဟုတ်တော့ဘူးနော်”
အား…
မထင်မှတ်ဘဲ သူမ စကားအဆုံးတွင် လုရှင်းချန်၏ ရှေ့မှ ဗီရိုတစ်ခုကြား အမှောင်ရိပ်ထဲမှ အော်သံတစ်သံထွက်ပေါ်လာသည်၊၊ ခဏချင်းတွင် လင်းရှန်နှင့် အခြားသူများ အပြေးအလွှား ရောက်လာကြသည်၊၊ ထောင့်တစ်နေရာမှ မီးတောက်များဖြင့် လူးလိမ့်ထွက်လာသော လူရိပ်တစ်ခုကို သူတို့ တွေ့လိုက်ရသည်၊၊ ထူးဆန်းသည်မှာ ထိုလူသည် သူတို့ရှေ့တည့်တည့်တွင် ရှိနေသော်လည်း လင်းရှန်၏ စွမ်းအားဝတ်စုံရေဒါစနစ်တွင်မူ ထိုသူ၏ တည်ရှိမှုကို မတွေ့ရှိရခြင်းပင်ဖြစ်သည်၊၊
“ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ”
လုရှင်းချန်က ပထမဆုံးရေရွတ်လိုက်မိသည်၊၊ သူ၏ မီးတောက်များက အမှောင်ရိပ်ထဲမှ လူတစ်ယောက်ကို တကယ်တမ်း ဆွဲထုတ်နိုင်ခဲ့သည့်အတွက် သူ အံ့အားသင့်သွားသည်၊၊
ထိုအချိန်တွင် ကီကီက ထိုလူကို စိတ်စွမ်းအားဖြင့် ချက်ချင်း ထိန်းချုပ်လိုက်သည်၊၊ သူမ ဆွဲမလိုက်သည်နှင့် ထိုသူ၏ တောင်းပန်သံကို ကြားလိုက်ရသည်၊၊
“မ... မသတ်ပါနဲ့၊၊ ငါ့ကို မသတ်ပါနဲ့၊၊ ငါက တန်ဖိုးရှိတယ်၊၊ သတင်းအချက်အလက်တွေ ရှိတယ်”
“ကီကီ”
လင်းရှန်သည် ထိုအသံကို တစ်နေရာရာတွင် ကြားဖူးသလို ခံစားရသဖြင့် ကီကီကို လှမ်းခေါ်လိုက်သည်၊၊ ကီကီက ကိုယ်ပျောက်လူသားကို အမှောင်ထဲမှ ဆွဲထုတ်လိုက်သောအခါ အခြားသူများ၏ စွမ်းအားဝတ်စုံမှ မီးရောင်များက သူ့အပေါ်သို့ ကျရောက်သွားသည်၊၊ ထိိုသူသည် အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ယန္တရားလည်ပတ်တစ်ခုနှင့် သာမန်အဝတ်အစားများကို ဝတ်ဆင်ထားကာ တိုက်ခိုက်ရေးသမားနှင့် လုံးဝမတူပေ၊၊
သို့သော် လင်းရှန်နှင့် ကီကီတို့က ထိုလူ၏မျက်နှာကို မြင်လိုက်ရသောအခါ နှစ်ဦးစလုံး အံ့အားသင့်သွားပြီး ပြိုင်တူအော်လိုက်မိသည်၊၊
“နင်ပဲ”
“မင်းပဲ”
“အာ... မင်းတို့က ငါ့ကို သိတာလား”
ထိုလူသည် ကြောက်ရွံ့တုန်လှုပ်သွားသည်၊၊ စွမ်းအားဝတ်စုံ ဝတ်ထားသော ဤလူများကို မြင်လိုက်ရသောအခါ သူသည် သေခါနီးနေပြီဟု ခံစားလိုက်ရသည်၊၊
လင်းရှန်က လက်နှိပ်ဓာတ်မီးဖြင့် ထိုလူ၏မျက်နှာကို ထိုးလိုက်ရင်း စွမ်းအားဝတ်စုံ၏ မျက်နှာဖုံးကို ဖွင့်ကာ မယုံနိုင်သောအမူအရာဖြင့် ပြောလိုက်သည်၊၊
“မင်းက တကယ်အသက်ပြင်းတဲ့ ကောင်ပဲ”
ထိုလူသည် လက်နှိပ်ဓာတ်မီး၏ ပြင်းထန်သော အလင်းရောင်ကြောင့် ခဏတာ မျက်စိကျိန်းသွားသည်၊၊ သူ၏ မျက်လုံးများ အသားကျသွားပြီး လင်းရှန်၏ မျက်နှာကို အာရုံစိုက်ကြည့်လိုက်သောအခါ သူသည် အံ့အားသင့်လွန်း၍ ဆွံ့အသွားကာ မျက်နှာတစ်ခုလုံး ဖြူလျော်သွားသည်၊၊
“မင်းတို့ပဲကိုး”
သူတို့ရှေ့တွင် ရှိနေသူမှာ ယူပေမြို့တွင် မီးတောက်၏ မီးနတ်ဘုရား RV ကားကို ခိုးယူသွားသည့် ကျိုးလီဖြစ်နေသည်၊၊
Chapter 689
မီးနတ်ဘုရား၏ ဒေါသ ၂
“နင်က မီးတောက်ရဲ့ RV ကားကို ခိုးပြီး ထွက်ပြေးသွားတဲ့ကောင်မဟုတ်လား၊၊ တတ်လှမ်းဓာတ်လှေကားနဲ့ ဂြိုဟ်ပတ်လမ်းကြောင်းဆီကို မသွားဘဲ ဘယ်လိုအသက်ရှင်နေတာလဲ”
ကီကီကလည်း သူ့ကို မှတ်မိသွားပြီးမှ ပြန်ပြောလိုက်သည်၊၊
“ရေဒါက နင့်ကို ဘာလို့ မတွေ့တာလဲဆိုတာ မဆန်းတော့ပါဘူး၊၊ နင်က စွမ်းအားရှင်တစ်ယောက်ကိုး”
လင်းရှန်လည်း အလွန်အံ့အားသင့်သွားသည်၊၊ ယူပေမြို့မှ ဤလူကို အနီရောင်ကမ္ဘာ၏ မြေအောက်ပင်မထိန်းချုပ်ခန်းတွင် တွေ့ရလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားပေ၊၊
ဤကျိုးလီသည် ပိုင်ဝမ်မြို့တွင် ချီယု ဦးဆောင်သောအနက်ရောင်ယာဥ်တန်းအဖွဲ့၊ လင်းရှန်၊ တာလို့၊ ရှားရှားတို့နှင့် ပူးပေါင်းကာ ပိုင်ဝမ်မြူထုကို ဖောက်ထွက်ခဲ့သူဖြစ်သည်၊၊ နောက်ပိုင်းတွင် ထိုသူသည် ထန်ဟိုင်၊ ဖုန်းယူမင်တို့နှင့် တိတ်တဆိတ် ပူးပေါင်းကာ ညဘက်တွင် သစ္စာဖောက်ခဲ့ပြီး ချီယုကို သတ်ကာ သူ၏ အကြီးစားယာဉ်တန်းတစ်ဝက်ကို ခိုးယူထွက်ပြေးခဲ့သည်၊၊ သို့သော် သူ၏အင်အားကို မချဲ့ထွင်နိုင်ခင်မှာပင် ကျီးကန်းနက်လေးကောင်အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်၊၊ သွေးအေးလူသတ်သမားများဟု ကျော်ကြားသော ထိုအဖွဲ့တွင် သူသည် စကားပြောကောင်းရုံသက်သက်ဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ပြီး ခေါင်းဆောင်ငယ်ပင်ဖြစ်လာခဲ့သည်၊၊ သို့သော် ယူပေမြို့တွင် ကျီးကန်းနက်လေးကောင်အဖွဲ့ကို လင်းရှန်နှင့် ရှုချင်း၏ ယာဉ်တန်းက တိုက်ခိုက်သောအခါ ဤကောင်သည် အရေးကြီးသောအချိန်၌ လုရှင်းချန်၏ RV ကားကို ခိုးယူကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်၊၊ ထို့ကြောင့်လည်း မီးတောက်သည် နောက်ပိုင်းတွင် အနန္တယာဥ်တန်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်၊၊
ယုတ္တိဗေဒအရဆိုလျှင် ထိုညက ယူပေမြို့ရှိ ဂြိုလ်ပတ်လမ်းကြောင်းသို့ အပြေးအလွှားသွားခဲ့ကြသော သောင်းနှင့်ချီသော လူများသာ အသက်ရှင်သင့်သည်၊၊ ယူပေမြို့ရှိ သတ္တဝါဆိုးကြီးများ၊ နျူကလီးယားပေါက်ကွဲမှုများနှင့် ဖုတ်ကောင်သိုးထိန်းများကြားတွင် ဤကောင်က ဘယ်လိုအသက်ရှင်ကျန်ရစ်ခဲ့သည်ကို လင်းရှန် စဉ်းစားမရနိုင်ပေ၊၊
“ဟမ်… ဘယ်လို”
ကီကီ၏ စကားကို ကြားသောအခါ လုရှင်းချန် ကြောင်သွားသည်၊၊ သူက ဘယ်လိုလုပ် ဒီကိစ္စထဲ ပါလာရတာလဲ၊၊ ထို့ကြောင့် သူသည် ထိုလူ၏မျက်နှာကို အသေအချာ စိုက်ကြည့်လိုက်ရာ စိမ်းနေသလိုရှိသော်လည်း တစ်နေရာရာတွင် ရင်းနှီးနေသလိုလည်း ခံစားရသည်၊၊
ရုတ်တရက် သူ၏ အမူအရာ ပြောင်းလဲသွားပြီး အသက်ပြင်းပြင်းရှူကာ ဒေါသတကြီး အော်ဟစ်လိုက်သည်၊၊
“မင်းကိုး…. မင်း လူယုတ်မာကောင်”
လုရှင်းချန်သည် သူ၏ တန်ဖိုးထားသော ကားကို ခိုးယူသွားကာ သူ့ကို ဝတ်စရာအဝတ်အစားပင် မရှိအောင် လုပ်ခဲ့သည့် တရားခံမှာ ဤကောင်ဖြစ်ကြောင်း သဘောပေါက်သွားသည်၊၊ ထိုအချက်ကို တွေးမိသည်နှင့် လုရှင်းချန်မှာ ဒေါသများ ငယ်ထိပ်ဆောင့်တတ်ပြီး ပေါက်ကွဲသွားသည်၊၊
“ကောင်းကင်က ငါ့ဘက်မှာရှိနေတာပဲ… ကံကြမ္မာက တစ်ပတ်လာလာပြီ၊၊ ဒီနေ့ ငါ ကျိန်ဆိုတယ်...”
“မီးတောက်”
လုရှင်းချန် ပေါက်ကွဲတော့မည့်အချိန်မှာပင် လင်းရှန်က ချက်ချင်း တားလိုက်သည်၊၊
ထိုမြင်ကွင်းက ရွှန်းနှင့် ရှီဇီတို့ကို အတော်လေး စိတ်ဝင်စားသွားစေသည်၊၊
“ရှင်းဂျီ၊၊ ခဗျား ဒီမှာ လူရှိနေလိမ့်မယ်လို့ မထင်ထားဘူး မဟုတ်လား၊၊ ဟဲဟဲ… ကြည့်ရတာ လင်းရဲ့မိတ်ဆွေဟောင်းနဲ့ တူတယ်”
“သူ့ကို မိတ်ဆွေဟောင်းလို့တော့ မခေါ်ချင်ဘူး...”
လင်းရှန် အချိန်မဆွဲတော့ပေ၊၊ သူသည် ကျိုးလီကို ကြည့်ကာ အေးစက်သောအသံဖြင့် ပြောလိုက်သည်၊၊
“ငါ မင်းကို နှစ်မိနစ် အချိန်ပေးမယ်၊၊ မင်းပေးတဲ့ သတင်းက အသုံးမဝင်ရင် မင်းကို မသေမရှင်ဖြစ်အောင် ငါလုပ်ပစ်မယ်”
“ငါ ပြောပါ့မယ်… ပြောပါ့မယ်”
ကျိုးလီ လန့်ဖြန့်သွားသည်၊၊ သူဘယ်ကိုပဲသွားသွား ဒီလူနဲ့ ဘာလို့ အမြဲတိုးနေရတာလဲဟု တွေးကာ စိတ်ပျက်သွားသည်၊၊ တခြားလူသာဆိုလျှင် သူ ညှိနှိုင်းဖို့ ကြိုးစားဦးမည်ဖြစ်သည်၊၊ သို့သော် သူ့ရှေ့က လူသည် သူ၏ သစ္စာဖောက်မှုများကို အကြိမ်ကြိမ်မျက်မြင်တွေ့ခဲ့သူဖြစ်ပြီး သူ၏ လှည့်ကွက်များကိုလည်း သိနေသဖြင့် သူ၏ မျှော်လင့်ချက်အားလုံး ပျက်သုဉ်းသွားသည်၊၊ သူသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ပြောလိုက်သည်၊၊
“ကပ္ပတိန်လင်း… ငါသိသမျှ အကုန်ပြောပါ့မယ်၊၊ ငါ့အသက်ကို ချမ်းသာပေးလို့ ရမလား”
“၁ မိနစ်နဲ့ ၅၈ စက္ကန့်”
လင်းရှန်က နာရီကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်၊၊ သူသည် ဤလူနှင့် ဈေးဆစ်ရန် ဆန္ဒမရှိပေ၊၊
ကျိုးလီ၏ မျက်နှာက သိသိသာသာပျက်သွားပြီး အလျင်အမြန် ပြောလိုက်သည်၊၊
“အနီရောင်ကမ္ဘာနဲ့ အာရုဏ်ဦးမြို့က အဆင့်မြင့်အရာရှိတွေ ပူးပေါင်းနေကြတယ်၊၊ သူတို့က တွင်းနက် အမှတ် ၅ ကို ချဲ့ထွင်မယ့်အရာတစ်ခုကို ဖန်တီးထားကြတယ်”
စကားအဆုံးတွင် လင်းရှန်၏ အမူအရာ ပြောင်းလဲခြင်းမရှိသည်ကို မြင်သောအခါ သူသည် ချွေးစေးများ ထွက်လာပြီး ဆက်ပြောလိုက်သည်၊၊
“သူတို့က ဒီမှာ စွမ်းအားရှင်တွေကို ဆင့်ကဲပြောင်းလဲစေတာနဲ့ ပုံတူကူးတာတွေကို သုတေသနလုပ်နေကြတယ်၊၊ ဒါပေမဲ့ ဒီနည်းလမ်းက မှားနေတယ်၊၊ စွမ်းအားရှင်တွေကို ပုံတူကူးလို့ မရဘူး၊၊ ဒါပေမဲ့ သူတို့က ဖုတ်ကောင်တွေနဲ့ လူသားသဏ္ဌာန်သတ္တဝါတွေကို ထိန်းချုပ်နိုင်တဲ့အရာတစ်ခုကို ဖန်တီးထားကြတယ်၊၊ သူတို့က အဲဒါကို သန္ဓေပြောင်း သတ္တဝါတွေ၊ B-Class A-Class နဲ့ ဧရာမ သတ္တဝါတွေပေါ်မှာပါ သုံးဖို့ ကြိုးစားနေကြတာ...”
ထိုစကားကို ကြားသောအခါ လင်းရှန်သည် ချက်ချင်း လက်ညှိုးမြှောက်လိုက်ပြီး ယန္တရားစွမ်းအင်အမြောက်ကို ကျိုးလီ၏ နဖူးတည့်တည့်သို့ ချိန်ကာ အားဖြည့်လိုက်သည်၊၊
ဖျစ် ဖျစ်
အေးစက်သော လျှပ်စစ်စီးသံတစ်ခု ထွက်ပေါ်လာသည်၊၊
လင်းရှန်၏ လှုပ်ရှားမှုကြောင့် ကျိုးလီ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်၊၊
“နေ..နေပါဦး၊၊ ကျန်သေးတယ်...”
သူသည် ကီကီ၏ စိတ်စွမ်းအားမှ လွတ်မြောက်ရန် ရုန်းကန်သော်လည်း မလှုပ်ရှားနိုင်မှန်း သိသွားသောအခါ မလှမ်းမကမ်းရှိ ပင်မထိန်းချုပ်ခန်း အလယ်ဗဟိုမှ အပြာရောင်တောက်နေသောကိရိယာတစ်ခုကို မျက်လုံးဖြင့် ညွှန်ပြကာ ခြောက်သွေ့နေသော နှုတ်ခမ်းများဖြင့် အော်ပြောလိုက်သည်၊၊
“အဲဒီမှာ ဒီသုတေသနဌာနက နောက်ဆုံးပေါ် အချက်အလက်တွေ ရှိတယ်၊၊ ဒီမှာရှိတဲ့ ဓာတ်ခွဲခန်း ၉၃၀ လုံးရဲ့ နောက်ဆုံး တိုးတက်မှု အရန်အချက်အလက်တွေ အကုန်ရှိတယ်”
“အိုး”
ရွှန်းက အထင်သေးသလို ပြောလိုက်သည်၊၊
“အနီရောင်ကမ္ဘာက သုတေသနရလဒ်အားလုံးကို မင်းရဲ့ ကာကွယ်မှုအောက်မှာ ဒီအတိုင်း ထားခဲ့တယ်လို့ ပြောချင်တာလား”
“မဟုတ်ဘူး၊၊ မဟုတ်ဘူး”
ကျိုးလီက အလျင်အမြန် ရှင်းပြသည်၊၊
“ဒီအချက်အလက်တွေကို ၁၂ နာရီခြား တစ်ခါ အပြင်ကမ္ဘာနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မှတ်တမ်းတင်ရတာပါ၊၊ မဟုတ်ရင် အလိုအလျောက် ပျက်စီးသွားလိမ့်မယ်... ဘာ... ဘာလို့လဲဆိုတော့ သူတို့ ဒီကို ခေါ်လာတဲ့ သုတေသီတွေက နောက်ဆုံး သုတေသနတိုးတက်မှုကို မသိကြဘူး၊၊ သူတို့က ဒီကနေပဲ အချက်အလက် ရယူရတယ်၊၊ ပထမအချက်က သတင်းမပေါက်ကြားအောင်လို့ ပြီးတော့ လူတချို့ပဲ အပြင်ထွက်ခွင့်ရတယ်၊၊ သူတို့က အတွင်းနဲ့ အပြင် သတင်းအချက်အလက် စစ်ဆေးမှုတွေ လုပ်ရတယ်၊၊၊ ငါကတော့ ကိုယ်ပွားတွေနဲ့ အပြင်ဘက်တိုက်ဆိုင်စစ်ဆေးမှုတွေကို စောင့်ကြည့်ဖို့ ဒီမှာ ရှိနေတာ...”
လင်းရှန်က သူ၏စကားကြောင့် မျက်မှောင်ကြုတ်လိုက်သည်၊၊
“ဒါကို မင်းဘယ်လိုသိတာလဲ၊၊ ပြီးတော့ မင်းက ဘာလို့ ဒီမှာ ရှိနေတာလဲ”
“ဟုတ်တယ်… ဒီကို ခေါ်လာတဲ့ လူအများစုက အသက်မရှင်ကြဘူး၊၊ ဒီနေရာက အလိုအလျောက် လည်ပတ်နေတာပဲ၊၊ နင်က ဒီမှာ ဘယ်လိုလုပ် ဒီလောက်ကြာအောင် နေနိုင်တာလဲ”
ကီကီက တိုက်ရိုက်မေးခွန်းထုတ်လိုက်သည်၊၊
“င... ငါ ခုနက ပြောသလိုပဲ၊၊ သူတို့ ခေါ်လာတဲ့ လူတွေက သုတေသနတိုးတက်မှုကို မသိကြဘူး... တည်နေရာ၊ စမ်းသပ်မှုအကြောင်းအရာအပါအဝင် အတွင်းပိုင်းအခြေအနေအားလုံးကို သူတို့ မသိရဘူး၊၊ ဒီရောက်လာပြီးရင် သူတို့က အသက်ရှင်ရမယ်၊၊ စိတ်ပိုင်းဆိုင်ရာအကဲဖြတ်မှု ခံယူရမယ်၊၊ ပြီးမှ နောက်ဆုံးသုတေသနတိုးတက်မှုနဲ့ ချိတ်ဆက်ပြီး အလုပ်စရတယ်၊၊ ငါကတော့ ကိုယ်ပွားတွေကို စောင့်ကြည့်ဖို့နဲ့ သီးခြားခွဲထားဖို့… ပြီးတော့... စနစ်ကို ဟက်ကာတွေ မဝင်နိုင်အောင် သေချာအောင် လုပ်ဖို့ ဒီမှာ ရှိနေရတာပါ”
ကျိုးလီက မောဟိုက်စွာ ပြောလိုက်သည်၊၊ လင်းရှန်တို့ အဖွဲ့သည် ကျိုးလီသည် ဤနေရာတွင် အနီရောင်ကမ္ဘာ၏ နှစ်ထပ်အာမခံအဖြစ် ရှိနေခြင်းဖြစ်ကြောင်း၊ အခြေစိုက်စခန်း၏ AI စနစ်အတွက် အလှည့်ကျ သင်ယူမှုပစ်မှတ်အဖြစ်လည်း အသုံးတော်ခံနေရကြောင်း သဘောပေါက်သွားကြသည်၊၊ စနစ်သည် အပြင်ဘက်မှ ဟက်ခံရလျှင် သို့မဟုတ် စွမ်းအားတစ်ခုခုကြောင့် အနှောင့်အယှက်ဖြစ်လျှင် အချက်အလက်များ လုံခြုံစေရန် ဤအရေးကြီးသော ပင်မထိန်းချုပ်ခန်းကို ဖြတ်တောက်ရန် သက်ရှိလူသားတစ်ဦးလိုအပ်သည်၊၊ သူ သေသွားလျှင်ပင် ၁၂ နာရီအကြာတွင် မှတ်တမ်းတင်ထားသော အချက်အလက်များ အလိုအလျောက်ပျက်စီးသွားမည်ဖြစ်ရာ အနီရောင်ကမ္ဘာအတွက် စိုးရိမ်စရာ မရှိတော့ပေ၊၊