← Chapters

အခန်း (၆၉၀-၆၉၁)

Vol. 41 Ch. 690-691

အခန်း (၆၉၀-၆၉၁)

Vol. 41 Ch. 690-691

Chapter 690

အစီအစဉ်သစ် ၁

ထို့အပြင် သူ့တွင် ကိုယ်ပွားများကို စောင့်ကြည့်ရန် အရေးကြီးသောတာဝန်လည်း ရှိသေးသည်၊၊ သူတို့၏ ဦးနှောက်များကို မှတ်ဉာဏ်မော်ဂျူးများဖြင့် ထိန်းချုပ်ထားသော်လည်း အနီရောင်ကမ္ဘာ၏ နည်းပညာမှာ အပြည့်အဝ မအောင်မြင်သေးပေ၊၊ မူလအသိစိတ်က ဝင်ရောက်နှောင့်ယှက်တတ်သည်၊၊ သို့မဟုတ် သုတေသီများ၏ အသိစိတ်က အလိုအလျောက် ခုခံမှု၊ ပုန်ကန်မှု၊ ကြောက်ရွံ့မှု၊ လှည့်စားမှုစသည်တို့ကို ပြသတတ်သည်၊၊ သို့သော် ဤအသိစိတ်နိုးကြားလာသော ကိုယ်ပွားများသည် သူတို့ကို စောင့်ကြည့်နေသည့် သက်ရှိလူသားတစ်ဦးရှိနေမှန်းမသိကြပေ၊၊

ကျိုးလီသည် စကားအဆုံးတွင် လင်းရှန်တို့ အဖွဲ့ကို ရုန်းကန်ရင်း ပြောလိုက်သည်၊၊

“မင်းတို့ ယုံမှာမဟုတ်ဘူးဆိုတာ ငါသိပါတယ်၊၊ မင်းတို့တင် မဟုတ်ဘူး၊၊ အနီရောင်ကမ္ဘာကလည်း ငါ့လို လူမျိုးကို မယုံကြည်နိုင်ပါဘူး၊၊ ဒါပေမဲ့ သူတို့ ငါ့ကို ရွေးချယ်ရတဲ့ အကြောင်းရင်းက... ငါက မြင့်မြတ်သောအလင်းဗျာဒိတ်တော်ဂိုဏ်းသားဖြစ်နေလို့ပဲ”

“မင်းက ဗျာဒိတ်တော်ဂိုဏ်းထဲ ဝင်သွားတာလား”

လင်းရှန်က မေးလိုက်သည်၊၊

“ငါက ရည်ရွယ်ချက်ရှိရှိ ဝင်ခဲ့တာ မဟုတ်ပါဘူး”

ကျိုးလီက သနားစဖွယ် ပြောလိုက်သည်၊၊

“ယူပေမြို့မှာ မင်းတို့နဲ့ တွေ့ပြီး ငါနောက်ပြန်လှည့်ပြေးတော့ ဧရာမ မိုးပျံဂျယ်ဖစ်ကြီးတစ်ကောင်နဲ့ တိုးပြီး အသက်ပျောက်လုနီးပါးဖြစ်ခဲ့ရတယ်၊၊ နောက်တော့ အဲဒီဂျယ်လီဖစ်ကြီးက မီးလောင်သေသွားလို့ ငါ အသက်ဘေးက လွတ်ခဲ့တယ်၊ မြို့ပြင်ကို ကားမောင်းထွက်ပြီး ဆင်ခြေဖုံးကုန်စုံဆိုင်ဂိုဒေါင်တစ်ခုထဲမှာ ပုန်းနေခဲ့တာ… နောက်တော့ ယူပေမြို့မှာ တစ်ညလုံး တိုက်ပွဲတွေက၊ ပေါက်ကွဲမှုတွေကြောင့် ဂိုဒေါင်က ပြိုကျသွားတယ်၊၊ အဲဒီအချိန်မှာ... အဲဒီအချိန်မှာ ငါက ဖယောင်းတိုင်တစ်တိုင် တွေ့ခဲ့တယ်...”

“ပြီးတော့ မယုံနိုင်စရာပဲ၊၊ မြင့်မြတ်သောဗျာဒိတ်တော်ဂိုဏ်းက လူတစ်စု ငါ့ကို ရှာတွေ့သွားတယ်၊၊ ဒီလူတွေက နည်းနည်းတော့ ကြောက်စရာကောင်းတယ်၊၊ သူတို့က အဲဒီဖယောင်းတိုင်ဟာ တားမြစ်ပစ္စည်းဖြစ်နေတာကို တွေ့သွားကြတယ်၊၊ အဲဒါကို ထွန်းထားသရွေ့ ငါက မှောင်ရိပ်ထဲမှာ ပုန်းနေနိုင်ပြီး ဘယ်သူမှ ရှာမတွေ့နိုင်ဘူး၊၊ အမှောင်သတ္တဝါတွေတောင် ငါ့ကို မမြင်နိုင်ဘူး၊၊ ဒါပေမဲ့ ဖယောင်းတိုင်ကုန်သွားတာနဲ့ ငါသေရလိမ့်မယ်... နောက်တော့ သူတို့က ငါ့ကို အသက်ရှင်ချင်လားလို့ မေးတယ်၊၊ ငါလည်း ရှင်ချင်တယ်လို့ ပြောလိုက်မိတာနဲ့... ဒီနေရာကို ပို့ခံလိုက်ရတာပဲ...”

လင်းရှန်သည် ထိုစကားကို ကြားသောအခါ အံ့အားသင့်သလို စိတ်လည်းဝင်စားသွားသည်၊၊

“ဒါဆို အဲဒီဖယောင်းတိုင်က တစ်လလောက် လင်းနေရင် မင်း ဒီမှာ ၁၂ လလောက် နေလို့ရတာပေါ့”

ကျိုးလီက ခေါင်းညိတ်ပြသည်၊၊

“ဘယ်လို ဖယောင်းတိုင်မျိုးက တစ်လလုံး ခံနေမှာလဲ”

ကျိုးလီ “…”

“အဓိပ္ပာယ်မရှိတာတွေ… အစ်ကိုလင်း… ငါ့ကို သူ့ဖယောင်းတိုင်ကို အရင်ကြိုမီးရှို့ခွင့်ပေး”

လုရှင်းချန်က တိုက်ရိုက်ပြောလိုက်သည်၊၊

“ငါ…. ငါ တကယ် မလိမ်ပါဘူး”

ကျိုးလီက ထိုစကားကို ကြားသောအခါ အသည်းအသန်တောင်းပန်လိုက်သည်၊၊

“ဗျာဒိတ်တော်ဂိုဏ်းက လူတွေ ပြောတာကတော့ ငါ တွင်းနက်ထဲက ထွက်သွားရင် သေလိမ့်မယ်တဲ့၊၊ ဘာလို့လဲဆိုတော့ ငါ့အသက်က သူတို့လက်ထဲမှာ ရှိနေလို့ပဲ၊၊ သူတို့က ဒီတားမြစ်ပစ္စည်းက ငါ့အပေါ်သက်ရောက်မှုရှိတာကိုလည်း လိုချင်ကြတယ်၊၊ အဲဒါကြောင့် အနီရောင်ကမ္ဘာက ငါ့ကို ဒီမှာ ထားခဲ့တာပါ၊၊ တကယ်တော့ ငါက အနီရောင်ကမ္ဘာနဲ့ မြင့်မြတ်သောဗျာဒိတ်တော်ဂိုဏ်းတွေရဲ့ နယ်ရုပ်တစ်ရုပ်ပဲဆိုတာ သိပါတယ်၊၊ မဟုတ်ရင် ငါက ဒီမှာ ဒီလောက်ကြာအောင် ဘယ်လိုရှင်သန်နိုင်ပါ့မလဲ... ကပ္ပတိန်လင်း…. မင်းလည်း သဘောတူတယ် မဟုတ်လား”

ရွှန်းက မျက်မှောင်ကြုံ့လိုက်သည်၊၊

“ပြောပုံအရဆို ရေဒါက သူ့ကို ဘာလို့ မတွေ့တာလဲ၊ ပြီးတော့ သူ ဒီတွင်းနက်ထဲမှာ ဒီလောက်ကြာအောင် ဘယ်လိုရှင်သန်နေလဲဆိုတာကို ရှင်းပြနိုင်ပါတယ်၊၊ နောက်ထပ် တားမြစ်ပစ္စည်းတစ်ခုပေါ့”

ကျိုးလီ၏ စကားများမှာ ထူးဆန်းနေသော်လည်း ယုတ္တိတော့ ရှိသည်၊၊ ထို့အပြင် ကျိုးလီသည် ဤကိစ္စကို လိမ်ပြောနေရန် အကြောင်းမရှိဟု လင်းရှန် မြင်ပေသည်၊၊ အကြောင်းမှာ လင်းရှန်သည် အနီရောင်ကမ္ဘာနှင့် အာရုဏ်ဦးမြို့တို့၏ ပူးပေါင်းကြံစည်မှု၊ သုတေသနအချက်အလက်များ သို့မဟုတ် ကျိုးလီက ဘာကြောင့် ဒီမှာရှိနေသလဲဆိုသည်ကို ဂရုမစိုက်သောကြောင့်ဖြစ်သည်၊၊ သူ၏ တစ်ခုတည်းသော စိုးရိမ်မှုမှာ မကြာမီ ရောက်လာတော့မည့် သန့်စင်ရေးအစီအစဉ်ပင်ဖြစ်သည်၊၊ ထိုသို့မဟုတ်လျှင် သတင်းအချက်အလက်နှင့် သုတေသနဒေတာအားလုံးမှာ အဓိပ္ပာယ်မရှိတော့ပေ၊၊

ထို့ကြောင့် လင်းရှန်က ချက်ချင်း ပြောလိုက်သည်၊၊

“မင်းရဲ့ အလုပ်က ဒီလောက် အရေးပါနေမှတော့ အနီရောင်ကမ္ဘာရဲ့ သန့်စင်ခြင်းစက်က ဘယ်မှာလဲဆိုတာ မင်း သိရမှာပေါ့”

“သန့်စင်ခြင်းစက် ဟုတ်လား… ဘာသန့်စင်စက်လဲ” ကျိုးလီက ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားသည်၊၊

“သန္ဓေပြောင်းအမှောင်သတ္တဝါတွေကို အုံကြွအောင်လုပ်ပြီး မြို့တစ်ခုလုံးကို သန့်စင်မယ့် အစီအစဉ်လေ”

လင်းရှန်က အလျင်အမြန် ပြောလိုက်သည်၊၊

“မင်းမသိဘူးလို့တော့ မပြောနဲ့နော်”

ကျိုးလီ ချက်ချင်း တုံ့ပြန်လိုက်ပြီး လင်းရှန်ဘေးက ရွှန်းနှင့် ရှီဇီကို ကြည့်ကာ အလျင်အမြန် ပြောလိုက်သည်၊၊

“သူတို့က တိတ်ဆိတ်မြို့တော်က လူတွေ မဟုတ်လား၊၊ မင်းတို့က သုတေသနဒေတာတွေကို ခိုးဖို့ လာတာ မဟုတ်ဘူးလား”

“စကားလမ်းကြောင်းမလွှဲနဲ့”

ကျိုးလီ ပျာယာခတ်သွားသည်၊၊

“ငါ စကားလမ်းကြောင်း လွှဲနေတာ မဟုတ်ပါဘူး၊၊ ဒီမှာ သန့်စင်စက်ဆိုတာ လုံးဝ မရှိလို့ပဲ၊၊ ဘာလို့လဲဆိုတော့ သန္ဓေပြောင်းသတ္တဝါတွေ အုံကြွရတဲ့ ရည်ရွယ်ချက်က မင်းတို့ကြောင့် မဟုတ်လို့ပဲ၊၊ ငါတို့... အား... တောက်၊ အနီရောင်ကမ္ဘာက တိတ်ဆိတ်မြို့တော်က လူတွေကို ပစ်မှတ်ထားနေတာ ကြာပါပြီ၊၊ ဒါပေမဲ့ အဲဒါက အနီရောင်ကမ္ဘာရဲ့ အဓိကပန်းတိုင်မဟုတ်ဘူး”

ကျိုးလီ၏ စကားကြောင့် အနောက်ဘက်တောင်ကုန်းထဲမှ ဘန်ကာ၏ ပင်မထိန်းချုပ်ခန်းတွင် ရှိနေသော ရှင်းဂျီအပါအဝင် လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားကြသည်၊၊

ကျိုးလီက ထိန်းချုပ်ခန်းရှိ နာရီကို မော့ကြည့်လိုက်ပြီး အလျင်အမြန် ပြောလိုက်သည်၊၊

“တကယ်တော့ ငါလည်း အများကြီးမသိပါဘူး၊၊ ဒါပေမဲ့ ဒီမှာ အကြိမ်ကြိမ်ဖြစ်ပွားခဲ့တဲ့ ဟင်းလင်းပြင်အနှောင့်အယှက်တွေရဲ့ ရည်ရွယ်ချက်က မင်းတို့ကို ပစ်မှတ်ထားတာ မဟုတ်ဘူး၊၊ အနီရောင်ကမ္ဘာက တွင်းနက်ကို ချဲ့ထွင်ဖို့အတွက် ကိရိယာတစ်စုခု ဒါမှမဟုတ် တားမြစ်ပစ္စည်းကို သုံးနေတာပဲ၊၊ အဲဒါက အသက်ပေါင်းများစွာကို ဝါးမျိုပြီး လူတွေ အများကြီး သေခဲ့ရတယ်၊၊ အဲဒီကိရိယာ အသက်ဝင်တိုင်း တွင်းနက် အမှတ် ၅ ထဲက သန္ဓေပြောင်း သတ္တဝါတွေ အကုန်လုံး အုံကြွလာကြတယ်၊၊ လွန်ခဲ့တဲ့ တစ်ရက်ကပဲ ဖြစ်ခဲ့သေးတယ် မဟုတ်လား၊၊ ဒီကနေ အနောက်ဘက်က ဘူတော့ရေကန်အစပ်အထိ တစ်ညလုံး တိုက်ပွဲတွေဖြစ်နေတာကို မင်းတို့ မခံစားမိဘူးလား”

လင်းရှန်က အသက်ကို ပြင်းပြင်းရှူလိုက်သည်၊၊

“မင်းဘာပြောလိုက်တာလဲ”

ဘူတော့ရေကန် (ရေကန်နက်) ဆိုသည်မှာ ပေါင်းစည်းယာဉ်တန်း၏ လက်ရှိ ရှေ့တန်းစစ်မျက်နှာ တည်ရှိရာနေရာပင်ဖြစ်သည်၊၊ သူသည် ရွှန်း၊ ကီကီတို့နှင့် ချက်ချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး လူတိုင်းတစ်စုံတစ်ခုကို နားလည်သွားကြသည်၊၊

သန့်စင်ရေးအစီအစဉ်ဟု ခေါ်ဆိုနေကြသောအရာမှာ အနီရောင်ကမ္ဘာ ခြင်္သေ့ငါးရုပ်တုကို အသုံးပြု၍ တွင်းနက်၏ ပုံမှန်မဟုတ်သော ချဲ့ထွင်မှုကို လှုံ့ဆော်ပြီး တွင်းနက်အတွင်းပိုင်း အုံကြွမှုကို ဖြစ်ပေါ်စေခြင်းပင်ဖြစ်သည်၊၊

ရွှန်းက မျက်မှောင်ကြုံ့လိုက်ပြီး ဆက်သွယ်ရေးစက်မှတစ်ဆင့် ပြောလိုက်သည်၊၊

“ရှင်းဂျီ၊၊ အခြေအနေက ကျနော်တို့ ထင်ထားတာထက် ပိုရှုပ်ထွေးနေပြီ”

“အော်၊၊ မင်းတို့ ဘာလိုချင်လဲဆိုတာ ငါသိပြီ”

ကျိုးလီသည် လင်းရှန်တို့၏ အမူအရာကို မြင်ပြီး ချက်ချင်း သဘောပေါက်သွားကာ အလျင်အမြန် ပြောလိုက်သည်၊၊

“သူတို့ ဒီလို ချဲ့ထွင်မှုမျိုးကို စီစဉ်တိုင်း… ငါက ဒီမှာ တိတ်ဆိတ်စနစ်ကို ပြောင်းရမယ်ဆိုတဲ့ အမိန့်ကို ရတယ်၊၊ ပင်မထိန်းချုပ်ခန်းနဲ့ အပေါ်ထပ် ဓာတ်ခွဲခန်းကြား ချိတ်ဆက်မှုကို ဖြတ်တောက်ရတယ်၊၊ ဒါကြောင့် ငါက အမိန့်ရရင်… အမှောင်အမှတ်အသားတွေ မရှိသရွေ့ မင်းတို့ ဒီမှာ လုံလုံခြုံခြုံပုန်းနေလို့ ရတယ်”

လင်းရှန် အသက်ကို ပြင်းပြင်းရှူလိုက်သည်၊၊ သူ၏ မျက်နှာလုံးဝမှောင်ကျသွားသည်၊၊ အခြေအနေအရဆိုလျှင် သူတို့သည် တွင်းနက်၏ အုံကြွမှုကို လုံးဝမတားဆီးနိုင်တော့ပေ၊၊

အနီရောင်ကမ္ဘာ၏ သုတေသနပြုချက်သည် တွင်းနက်သားရဲကြီးကို နိုးကြားစေခဲ့သည်ကိုလည်းကောင်း၊ ယခုတစ်ကြိမ် သူရရှိသော အမိန့်သည် နောက်ဆုံးအမိန့် ဖြစ်နိုင်သည်ကိုလည်းကောင်း ကျိုးလီ သိပုံမရပေ၊၊

လင်းရှန် နာရီကို ကြည့်လိုက်သည်၊၊ မိနစ် ၄၀ ကုန်သွားပြီဖြစ်သည်၊၊ သူတို့တွင် မိနစ် ၂၀ သာ ကျန်တော့သည်၊၊

Chapter 691

အစီအစဉ်သစ် ၂

“ရွှန်း.. လင်း”

ရှင်းဂျီ၏ အသံက ထွက်ပေါ်လာသည်၊၊

“အရန်အချက်အလက်တွေအားလုံးကို အမြန်စစ်ဆေးလိုက်ပါ၊၊ အဲဒီမှာ ပြည့်စုံတဲ့ အကြောင်းအရာတွေ ရှိရမယ်”

လင်းရှန်နှင့် ရွှန်းတို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး ချက်ချင်းပင် စတင်လှုပ်ရှားလိုက်ကြသည်၊၊

“ကုဒ်”

လင်းရှန်က အပြာရောင် အချက်အလက်ဗီရိုကို ညွှန်ပြကာ ကျိုးလီကို ပြောလိုက်သည်၊၊

ကျိုးလီ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားသည်၊၊

“ကပ္ပတိန်လင်း… ငါပြောပြရင်… မသတ်ဘူး မဟုတ်လား”

“မင်းရဲ့ အသက်က ဖယောင်းတိုင်တစ်တိုင်အပေါ်မှာ မူတည်နေတာပဲ၊၊ နေ့တိုင်း ဒီမှာနေနေရတာကို မင်း သေမှာ မကြောက်ဘူးလား”

လင်းရှန်က ပြန်ပြောလိုက်သည်၊၊

လင်းရှန်၏ စကားထဲမှ အဓိပ္ပာယ်ကို ကြားလိုက်ရသောအခါ ကျိုးလီ၏ မျက်လုံးများ မှေးမှိန်သွားသည်၊၊ သူသည် အားလျှော့သွားပုံရပြီး လေသံပျော့ဖြင့် ရေရွတ်လိုက်သည်၊၊

“အတည်ပြုကုဒ်က 5A6H0 ပါ၊၊ ကပ္ပတိန်လင်း အချက်အလက်တွေရပြီးရင်… ငါ့ကို ဒီငရဲလိုနေရာမှာ နောက်ထပ်ရက်အနည်းငယ်လောက် ပိုနေခွင့်ပေးပါဦးနော်” သူက ပြောရင်းနှင့် မျက်ရည်များ စီးကျလာကာ ထိန်းမနိုင်သိမ်းမရ ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်၊၊

“ဒီသောက်ကျိုးနည်း ကမ္ဘာပျက်ကပ်က ငါ့ကို လူလည်းမကျ၊ သရဲလည်းမကျဖြစ်အောင် နှိပ်စက်နေတာပဲ၊၊ ဒါပေမဲ့ ငါတကယ်ပဲ နောက်ထပ် ရက်အနည်းငယ်လောက် ပိုနေချင်သေးတယ်… ဟီး... ဟီး...”

ထိုအချိန်တွင် လင်းရှန်နှင့် ရွှန်းတို့သည် ကျိူးလီ၏ ငိုကြွေးသံကို လျစ်လျူရှုကာ အတွင်းပိုင်းမှ အရန်အချက်အလက် အားလုံးကို အောင်မြင်စွာရယူနိုင်ခဲ့သည်၊၊ ACS စက်ရုပ်နှင့် ဂရေ့စ်တို့က ပြန်လည် ချိတ်ဆက်ကာ အသုံးဝင်သော သတင်းအချက်အလက်များကို စတင် ထုတ်ယူလိုက်ကြသည်၊၊

[တားမြစ်ပစ္စည်း SIID-04: ခြင်္သေ့ငါးရုပ်တု]

[တွေ့ရှိသည့်နေရာ: လိုင်းယွန်းမြို့တော်]

[ရုပ်ပိုင်းဆိုင်ရာ လက္ခဏာရပ်များ: ၁၆ မီတာ မြင့်သော ဧရာမ ပန်းပုရုပ်တုသုံးခု၊ ခြင်္သေ့မျက်နှာနှင့် ငါးမြီးရှိသည်၊ ရုပ်တု၏ မျက်လုံးများမှ ကြောက်ရွံ့ဖွယ်ရာ အနီရောင်အလင်းများ ထွက်ပေါ်နေသည်]

[အကဲဖြတ်ချက် လက္ခဏာ ၁: တိုက်ရိုက် ကြည့်ရှုမိပါက ကြောက်ရွံ့ခြင်းစွမ်းအားအမြောက်အမြား ကျူးကျော်ဝင်ရောက်လာပြီး ကြည့်ရှုသူ၏ တည်နေရာသို့ ချက်ချင်း တည်နေရာပြောင်းလဲစေသည်]

[အကဲဖြတ်ချက် လက္ခဏာ ၂: ၎င်းကို တွင်းနက်နှင့် ဝင်စွန်းညဧရိယာမှ ဖယ်ရှားလိုက်ပါက တွင်းနက်၏ အစွန်းတွင် အနက်ရောင်အနားသတ်ဖြစ်စဉ်ကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး တွင်းနက်ကို ပုံမှန်မဟုတ်သော ချဲ့ထွင်မှုဖြစ်စေကာ ထိုဧရိယာအတွင်းရှိ သတ္တဝါများ၏ တည်နေရာကို လွှဲပြောင်းပေးမည်ဖြစ်သည်၊၊ ဤဖြစ်စဉ်သည် တွင်းနက်တည်ငြိမ်သွားပြီးနောက်မှသာ ဖြစ်ပေါ်လိမ့်မည်]

[ထိန်းသိမ်းမှု အခြေအနေ: ကြည့်ရှုသူ သေဆုံးခြင်း၊၊ အခြားထိန်းသိမ်းမှုအခြေအနေကို မတွေ့ရှိရသေးပါ]

မကြာမီ ဂရေ့စ်သည် ဗျာဒိတ်တော်ဂိုဏ်း၏ ကတ်တလောက်မှ တားမြစ်ပစ္စည်းများအကြောင်း သတင်းအချက်အလက်များကို ထုတ်ယူနိုင်ခဲ့သည်၊၊

တစ်ချိန်တည်းမှာပင် ရှင်းဂျီကလည်း အရေးကြီးသော သတင်းအချက်အလက်တစ်ခုကို ရရှိခဲ့သည်၊၊

“လင်း၊၊ ဒီချဲ့ထွင်မှုက ပထမဆုံးအကြိမ် မဟုတ်ဘူး၊၊ သတင်းဆိုးကတော့ အနီရောင်ကမ္ဘာရဲ့ နောက်ထပ် ချဲ့ထွင်မယ့် နေရာက လုလင်ပဲ”

“လုလင် ဟုတ်လား”

ကီကီက လင်းရှန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်၊၊

“အရှေ့ဘက်လား”

အကယ်၍ ချဲ့ထွင်မှုက လုလင်ဘက်ကနေ ပေါက်ထွက်လာမည်ဆိုရင် ရထားလမ်းအတိုင်း အရှေ့ဘက်ကို ထွက်ပြေးတာက ထောင်ချောက်ထဲ တည့်တည့်တိုးဝင်သလို ဖြစ်မနေဘူးလား၊၊

ထိုစကားကို ကြားသောအခါ လင်းရှန်၏ ရုတ်တရက် ထဆဲချင်စိတ်ပင် ပေါက်သွားသည်၊၊

ထိုအချိန်တွင် လင်းရှန်သာမက နန်ကျင်း၊ ချီလီ၊ ချန်ဆီရွှမ်နှင့် မိလ္လာသန့်စင်စက်ရုံ အပြင်ဘက်တွင် အပြင်းထန်တိုက်ခိုက်နေကြသော အခြားသူများအားလုံးသည် အသက်ကို ပြင်းပြင်းရှူလိုက်ကြပြီး မျှော်လင့်ချက်မဲ့သော အော်ရာများ ပြည့်နှက်လာသည်၊၊

“ငါ နားမလည်ဘူး...”

မီးတောက်က ကျိုးလီကို ဒေါသတကြီး ကြည့်ကာ ပြောလိုက်သည်၊၊

“မင်းက ဗီလိန်ကောင်ပဲ၊၊ အနီရောင်ကမ္ဘာနဲ့ အာရုဏ်ဦးမြို့က ပူးပေါင်းနေကြတယ်လို့လည်း ပြောသေးတယ်၊၊ တွင်းနက်ရဲ့ ချဲ့ထွင်မှုကို အရှိန်မြှင့်တာက အာရုဏ်ဦးမြို့အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ မတူဘူးလား”

“အဲ့... အဲ့တာတော့... ငါလည်း မသိဘူး”

ကျိုးလီက အားကိုးရာမဲ့စွာ ပြောလိုက်သည်၊၊

“အနီရောင်ကမ္ဘာနဲ့ ဗျာဒိတ်တော်ဂိုဏ်းထဲမှာ ပုံမှန်လူဆိုတာ မရှိဘူး၊၊ မင်းတို့လည်း သူတို့နဲ့ ပတ်သက်ဖူးလို့ သိမှာပါ၊၊ သူတို့က ယုတ်မာတဲ့ အကောင်တွေပဲ”

“လင်း”

ထိုအချိန်တွင် ရွှန်းလည်း သူတို့ကြားမှ ရှုပ်ထွေးမှုကို သတိထားမိသွားသည်၊၊ သူသည် လင်းရှန်ကို ကြည့်ကာ ပြောလိုက်သည်၊၊

“အချိန်မရှိတော့ဘူး၊၊ သန္ဓေပြောင်းအမှောင်သတ္တဝါတွေကို ရှောင်ဖို့ အပြင်ကလူတွေကို အောက်ထပ်မှာ ပုန်းခိုင်းလိုက်ပါ၊ ဒီရေတက်လာတဲ့အချိန်ကျရင် သူတို့ အမှောင်အမှတ်အသားကို ဖယ်ရှားဖို့ အခွင့်အရေးရှိမှာ မဟုတ်တော့ဘူး”

လင်းရှန်က ခေါင်းညိတ်လိုက်ပြီး အပြင်ဘက်ရှိ အဖွဲ့များကို ချက်ချင်း လှမ်းအော်လိုက်သည်၊၊

“ငါ ဂရေ့စ်ကို အပြင်ထွက်ပြီး မင်းတို့ကို ကာကွယ်ခိုင်းလိုက်မယ်၊၊ အောက်ထပ်ကို အရင်ဆုတ်ခဲ့ကြတော့”

လက်ရှိ အခြေအနေမှာ အမိန့်တွေကို အကောင်အထည်ဖော်ဖို့ မဟုတ်တော့ဘဲ တွင်းနက်ရဲ့ အုံကြွလာမှုရောက်လာတာကို စောင့်ကြည့်ဖို့ပဲ ရှိတော့သည်၊၊

မကြာမီ ဂရေ့စ်နှင့် ကချေသည် ၀၁ တို့၏ အကူအညီဖြင့် ချန်ဆီရွှမ်နှင့် အခြားသူများ ဘေးကင်းစွာ လွတ်မြောက်လာပြီး အနီရောင်ကမ္ဘာ၏ မြေအောက်ထိန်းချုပ်ခန်းတွင် စုရုံးလိုက်ကြသည်၊၊

“ဒီလိုအခြေအနေမျိုးမှာ သံလိုက်စက်ကွင်းသုံးပြီး အဖြူရောင်မြို့ကို ပျံသွားနိုင်ရင်တောင် အပိုပဲ မဟုတ်လား၊၊ ရှေ့မှာလည်း ဝံပုလွေ၊ နောက်မှာလည်း ကျား၊ ကောင်းကင်မှာလည်း တွင်းနက်အုပ်စိုးသူ ရှိနေတယ်”

စွမ်းအားဝတ်စုံ ဝတ်မထားသော ချီလီသည် ဖုန်မှုန့်များနှင့် အမည်မသိသတ္တဝါများ၏ သွေးများဖြင့် ပေကျံနေသည်၊၊

မိုနီကာသည်လည်း စွမ်းအားအတော်လေးကုန်ခမ်းနေပြီး ရှီဇီ၏ အကူအညီဖြင့်သာ အနည်းငယ် တည်ငြိမ်သွားကာ သူမ၏ အမြင်ကို ပြောလိုက်သည်၊၊

“ကျွန်မတို့ ဒီအုံကြွမှုကို ရှောင်ပြီး ထွက်သွားဖို့ နောက်ထပ် အခွင့်အရေးကို စောင့်ကြည့်ရင်ရော”

“ဟုတ်တယ်၊၊ တိတ်ဆိတ်မြို့တော်က လူတွေက ဘန်ကာထဲမှာ ဒီလောက်ကြာအောင် ဘေးကင်းပြီး ပုန်းနေနိုင်ခဲ့တာပဲ မဟုတ်လား”

ချန်ဆီရွှမ်ကလည်း ပြောသည်၊၊

“ကျွန်မတို့မှာ အမှတ်အသားမရှိသရွေ့ ပစ်မှတ်ထားခံရမှာကို မကြောက်ရပါဘူး”

နန်ကျင်းက ခေါင်းညိတ်သည်၊၊

“ငါလည်း သဘောတူတယ်”

လင်းရှန်က ရွှန်းကို ကြည့်လိုက်သည်၊၊

“အခု ပြဿနာက ငါတို့ ပေါင်းစည်းယာဉ်တန်းနဲ့ ဘန်ကာတင် မဟုတ်တော့ဘူး၊၊ ဟုတ်တယ်မလား”

“ဘာကိုဆိုလိုတာလဲ”

ထိုအချိန်တွင် ချန်ဆီရွှမ်နှင့် အခြားသူများကလည်း ရွှန်းကို လှည့်ကြည့်လိုက်ကြသည်၊၊ ရွှန်း၊ တိုင်ရီလန်နှင့် အခြားသူများ၏ မျက်နှာများမှာ လေးလံနေသည်ကို တွေ့လိုက်ရသည်၊၊

ထိုအချိန်တွင် ရှင်းဂျီ၏ အသံက ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်၊၊

“မင်းပြောတာမှန်တယ် လင်း၊၊ မူလအစီအစဉ်က ဆက်ပြီး မဖြစ်နိုင်တော့ဘူး”

ရှင်းဂျီသည် ထိန်းချုပ်ခန်းတွင် ရပ်နေရင်း ဂရေ့စ်ပေးပို့နေသော ဒေတာများကို ကြည့်ကာ ယခင်ကထက် ပို၍လေးလံသော လေသံဖြင့် ပြောလိုက်သည်၊၊

ဘာကြောင့်လဲဆိုတာ ခန့်မှန်းရ မခက်ပေ၊၊ အကြောင်းမှာ သူသည် လင်းရှန်ကို ယခင်ကတည်းက ပြောပြထားဖူးသောကြောင့်ဖြစ်သည်၊၊

တိတ်ဆိတ်မြို့တော် အမှတ် ၂ သည် လက်ရှိတွင် လုလင်တောအုပ်ထဲတွင် ရှိနေသည်၊၊

လင်းရှန် စိတ်ရှုပ်ထွေးသွားပြီး ထောင့်တွင် ချည်နှောင်ခံထားရသော ကျိုးလီကို တစ်ချက်ကြည့်လိုက်ကာ ရှင်းဂျီကို ပြောလိုက်သည်၊၊

“ခဗျားရဲ့ အစီအစဉ်ကို ပြောပါ”

“ငါ့မှာ အစီအစဉ်သစ်တစ်ခုရှိတယ်”

ရှင်းဂျီ၏ အသံထွက်ပေါ်လာသည်၊၊

“လင်း… မင်းရဲ့ သံလိုက်စက်ကွင်းလမ်းကြောင်းသုံးပြီး ခုန်ကူးမယ့် အစီအစဉ်ကတော့ မပြောင်းလဲပါဘူး၊၊ မင်းတို့ တောင်ကြားကို ရောက်တဲ့အချိန်ကျရင် ဆွဲဆောင်တဲ့ အစီအစဉ်အပြင် ငါ မင်းတို့ဆီကို လွင့်မျောမြို့တော်တစ်ခု လွှတ်ပေးမယ်၊၊ အချိန်မီမယ်ဆိုရင် မင်းတို့ရဲ့ ထောင်နဲ့ချီတဲ့ လူတွေ လွတ်မြောက်ဖို့ လုံလောက်ပါတယ်”

ထိုစကားကို ကြားသောအခါ လင်းရှန်၏ ရင်ထဲတွင် အေးစက်သွားသည်၊၊ သူသည် ရွှန်းကို မော့ကြည့်ကာ မေးလိုက်သည်၊၊

“မင်းတို့ကတော့ ဆုတ်ခွာဖို့ မစဉ်းစားထားဘူး မဟုတ်လား”

“ဒါပေါ့၊၊ မစဉ်းစားထားဘူး”

ရွှန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်၊၊ သူသည် သေခြင်းရှင်ခြင်းကို ဂရုမစိုက်တော့ပုံရသည်၊၊ ရှင်းဂျီ၏ အစီအစဉ်ကို ကြားလိုက်သည်နှင့် သူနှင့် အခြားသူများ ချက်ချင်း သဘောပေါက်သွားကြသည်၊၊

“တကယ်လို့ မြို့တော်အမှတ် ၂ သာ ထိခိုက်မယ်ဆိုရင် ငါတို့ရဲ့ လူတွေကို ကယ်တင်ဖို့ ငါတို့ သွားကိုသွားရမယ်”

တိုင်ရီလန်က လက်သီးကို တင်းတင်းဆုပ်ကာ လေးနက်စွာ ပြောလိုက်သည်၊၊

“တကယ်တော့ ဒီလို အခြေအနေမျိုးမှာ ဆုတ်ခွာနေတာက အဓိပ္ပာယ်မရှိဘူး၊၊ တွင်းနက်ရဲ့ အနက်ရှိုင်းဆုံးနေရာအထိပဲ ငါတို့ တိုးဝင်သွားကြတာပေါ့၊၊ ငါတို့ရဲ့ အင်အားနဲ့ဆိုရင် လူတွေ အများကြီးကို ကယ်တင်နိုင်ဦးမှာပါ”

All Chapters