အခန်း (၆၉၄-၆၉၅)
Vol. 41 Ch. 694-695
Chapter 694
ပေါင်းစည်းခြင်း ၂
လင်းရှန်၏ အကြည့်က ရုတ်တရက် စူးရှသွားသည်။
“ကျုပ်တို့သာ လုလင်တောအုပ်နားကို ကူးပြောင်းသွားနိုင်ရင် အဲဒီကောင်တွေကို ဖမ်းမိနိုင်လောက်တယ်။ သူတို့ရဲ့ နည်းလမ်းတွေလိုပဲ သူတို့ခန္ဓာကိုယ်တွေကရော မာကျောရဲ့လားဆိုတာ ကြည့်ရသေးတာပေါ့’’
ထိုစကားကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။
ဖြောင်း... ဖြောင်း... ဖြောင်း...
ဆက်သွယ်ရေးစက်မှ ရှင်းဂျီ၏ လက်ခုပ်တီးသံ ပေါ်လာသည်။ သူ၏ လေသံမှာလည်း ပို၍ စိတ်လှုပ်ရှားနေသည်။
“မင်းက ရထားဆီ ပြန်သွားဖို့ ငွေကျည်ဆန်ကို သုံးမယ်၊၊ ပြီးတော့ သံလိုက်ဆွဲငင်အားလမ်းကြောင်းကို သုံးပြီး ပေါင်းစည်းယာဥ်တန်းကို အဖြူရောင်မြို့တော်ဆီ ခုန်ကူးမယ်။ အဲဒီနောက် အဖွဲ့သုံးဖွဲ့လုံးက တောင်ကြားလွင်ပြင် အလယ်မှာ ဆုံမယ်။ မင်းက မိလ္လာသန့်စင်စက်ရုံမှာရှိတဲ့ ခြင်္သေ့ငါးရုပ်တုကို ငွေကျည်ဆန် သုံးပြီး ကြည့်မယ်၊၊ အဲဒီကနေတစ်ဆင့် ဆုံရပ်ကို ကူးပြောင်းမယ်။ နောက်ဆုံးမှာ ကပ်ဘေးအပင်ကို သုံးပြီး ဟင်းလင်းပြင်အလွှာတွေ ဖန်တီးမယ်၊၊ ရုပ်တုကို ထပ်ကြည့်ပြီး တွင်းနက်ဒီရေကိုပေါ်လာခိုင်းပြီး အားလုံးကို တည်နေရာကူးပြောင်းမှု လုပ်ပြီး တခြားရုပ်တုရှိတဲ့ နေရာကို ပို့မယ်။ ဒါဟာ တကယ့်ကို ခမ်းနားတဲ့ လွတ်မြောက်မှုကြီးပဲ...’’
“ပြီးပြည့်စုံတယ်’’
ရှင်းဂျီက ချီးကျူးလိုက်သည်။
“လင်းရှန်၊၊ မင်းက တကယ့်ကို အံ့သြဖို့ကောင်းတဲ့လူပဲ။ ငါ ဘယ်သူ့ကိုမှ သိပ်ပြီး အထင်ကြီးလေ့မရှိဘူး၊၊ ဒါပေမဲ့ မင်းကတော့ ငါအထင်ကြီးတဲ့အထဲမှာ ပါတယ်’’
ရွှန်းနှင့် အခြားလူများသည် ရှင်းဂျီ၏ ချီးကျူးစကားကို နားထောင်ရင်း လင်းရှန်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။
အံ့သြမှု၊ မယုံကြည်နိုင်မှုနှင့် ရှုပ်ထွေးသော ခံစားချက်များစွာဖြင့်…
ရှောင်ချင်း၊ မီးတောက်နှင့် အခြားလူအနည်းငယ်ပင်လျှင် သူ့ကို ငေးကြည့်နေမိသည်။ ဤကဲ့သို့သော အစီအစဥ်မျိုးကို လူတစ်ယောက်တည်းက စဥ်းစားနိုင်သည်ဆိုသည်မှာ စိတ်ကူးရန်ပင် ခက်ခဲလှသည်။
လင်းရှန်က အချိန်ကို ကြည့်လိုက်သည်။
“ဒီရေပြန်ကျဖို့ ၁၀ မိနစ်ပဲ လိုတော့တယ်၊၊ ဒီအစီအစဥ်ကို ခဗျားတို့...’’
“ဆုံးဖြတ်လိုက်ပြီ’’
လင်းရှန်၏ စကားကို ရှင်းဂျီ၏ အသံက ဖြတ်ပြောလိုက်သည်။
မေးခွန်းထုတ်စရာမလို… ဝေခွဲနေစရာမလိုတော့ပေ၊၊
ပင်မထိန်းချုပ်ခန်းထဲတွင် ရှင်းဂျီ၏ နာနိုမျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားပြီး ပြုံးလိုက်သည်။ သူက ရွှန်းကို ပြောလိုက်သည်။
“ရွှန်း… လွင်ပြင်ဆုံရပ်မှာ လုပ်မယ့် ဒုတိယအကြိမ်ကြည့်ရှုမှုကို ငါတို့ တိတ်ဆိတ်မြို့တော်က လူတွေပဲ တာဝန်ယူမယ်။ ထပ်ပြီးတော့ ရှီဇီက ကြည့်ရှုသူတွေကို ကူညီဖို့ တာဝန်ယူရမယ်။ ဘန်ကာထဲက ကပ်ဘေးပန်းက ဒီကျူးကျော်စွမ်းအားကို လျှော့ချပေးလိမ့်မယ်၊၊ ငါ အားလုံးကို စီစဥ်လိုက်မယ်’’
ရှင်းဂျီ၏ စကားကြောင့် လူတိုင်း၏ စိတ်လှုပ်ရှားမှုများ မြင့်တက်လာသည်။ လင်းရှန်ဘက်တွင်ရှိသော နန်ကျင်း၊ မိုနီကာ၊ ချီလီနှင့် အခြားလူများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဤရူးသွပ်သော အစီအစဥ်က သူတို့ကို စိတ်လှုပ်ရှားစေသည်။
“လင်းရှန်၊၊ ရှင်က ရထားရှိတဲ့နေရာကို တစ်ယောက်တည်း ပြန်သွားဖို့ စဥ်းစားနေတာလား’’
ချန်ဆီရွှမ်က အံ့သြတကြီးမေးသည်။
“ဂရေ့စ်လည်းပါမယ်’’
သံလိုက်လမ်းကြောင်းအတွက် ဂရေ့စ်၏ တိကျသောထိန်းချုပ်မှု လိုအပ်သည်အတွက် ဂရေ့စ်က နေရာကို ပြန်သွားရမယ်။ လင်းရှန်က ပြောပြီးတာနဲ့ ဂရေ့စ်ကို ချက်ချင်း ထွက်ခွာခိုင်းလိုက်ပြီး သူကတော့ ဒီရေကျပြီးမှ ထွက်သွားမှာ ဖြစ်သည်။ အဲဒီအချိန်အတွင်းမှာ ငွေကျည်ဆန်ရဲ့ စွမ်းရည်တွေကို စမ်းသပ်ကြည့်ရမယ်…
စကားအဆုံးတွင် သူက ချန်ဆီရွှမ်၊ ကီကီ၊ နန်ကျင်းနှင့် အခြားလူများကို ကြည့်ကာ ပြောလိုက်သည်။
“ရထားပျံသန်းနေချိန်မှာ အမှောင်တောအုပ်နဲ့ အဖြူရောင်မြို့တော်က သတ္တဝါတွေရဲ့ အာရုံစိုက်မှုကို ခံရမှာ သေချာတယ်။ အမှောင်အမှတ်အသားတွေကလည်း ရှောင်လွှဲလို့ မရနိုင်ဘူး။ အဲဒါကြောင့် ပေါင်းစည်းယာဥ်တန်းက အဖြူရောင်မြို့တော်ရထားဘူတာကို လုံခြုံစွာ ဆင်းသက်နိုင်ဖို့ မင်းတို့က ကာကွယ်ပေးရမယ်။ ပြီးတော့ ကီကီ… မင်းက ဆင်းသက်တဲ့အခါ ဒဏ်ခံစနစ်နဲ့ ချိတ်ဆက်စနစ်တွေကို ကာကွယ်ပေး”
“ဒါပေမဲ့ ရှင်က အဲဒီကြောက်စရာကောင်းတဲ့ ဧရာမရုပ်တုကြီးကို ကြည့်ရမှာလေ၊ အဲဒါက သိပ်အန္တရာယ်များတယ်။ မရဘူး… ကျွန်မလည်း လိုက်ခဲ့မယ်။ တစ်ခုခုဖြစ်ရင် ကျွန်မက ရှင့်ကို ပျံသန်းပြီး ခေါ်သွားပေးလို့ ရတယ်’’
ကီကီက စိုးရိမ်တကြီး ပြောသည်။
လင်းရှန်က ခေါင်းယမ်းလိုက်သည်။
“စိတ်မပူပါနဲ့၊၊ တိတ်ဆိတ်မြို့တော်က လူတွေလည်း စမ်းကြည့်ပြီးပြီပဲ… အောင်မြင်နိုင်ပါတယ်။ အဓိကက အကြာကြီး ကြည့်မနေဖို့ပဲ၊၊ အဲဒါကြောင့် ငွေကျည်ဆန်ကိုပဲ သုံးရမှာလေ။ တခြားလူတွေ လိုက်လာလည်း မထူးဘူး၊၊ ဒီအရာက ဘယ်လိုမှ တားဆီးလို့ မရသလို ကြောက်ရွံ့မှုကလည်း အကန့်အသတ်မရှိဘူး။ လူဘယ်နှစ်ယောက် ပါတယ်ဆိုတာနဲ့ မဆိုင်ဘူး’’
ထိုစကားကို ကြားသောအခါ ကီကီက တုံ့ဆိုင်းသွားပြီး နှုတ်ခမ်းကို ကိုက်လိုက်မိသည်။
“ကောင်းပြီ၊၊ ဒါဆိုရင် ကျွန်မက ရထားဘူတာမှာ ကူညီပေးမယ်...’’
ချန်ဆီရွှမ်ကလည်း စိုးရိမ်တကြီး ကြည့်နေသည်။ “ဂရုစိုက်နော်၊၊ ကျွန်မတို့ တောင်ကြားလမ်းမှာ စောင့်နေမယ်’’
“ကပ္ပတိန်လင်း… စိတ်ချပါ…. ကျွန်မတို့ ရထားဘူတာကို စောင့်ရှောက်ထားမယ်’’
နန်ကျင်းကလည်း ပြောလိုက်သည်။
ရွှန်းက အနားသို့ လာပြီး ဟိုလိုဂရမ်မျက်နှာပြင်ကိုကြည့်ရင် လင်းရှန်ကို ပြောသည်။
“လင်း… ကျနော်တို့က တွင်းနက်ထဲမှာ ရောက်နေတာဆိုတော့ အချိန်နှေးကွေးတဲ့ ကိစ္စကိုလည်း သတိထားဦး’’
သူပြောပြီးနောက် မျက်နှာပြင်တစ်ခုကို ပြသလိုက်ရာ ရှင်းဂျီ၏ အသံလည်း ထွက်လာသည်။
“ဒီရေကျပြီးတာနဲ့ တိတ်ဆိတ်မြို့တော်က ချက်ချင်းပဲ သံလိုက်ချိတ်ဆက်ကိရိယာ ၄၂၅ ခုကို လမ်းကြောင်းတစ်လျှောက် ချထားမယ်။ တစ်ချိန်တည်းမှာပဲ တိတ်ဆိတ်မြို့တော်ရဲ့ နျူကလီးယားစွမ်းအားသုံး စက်အားလုံးကို နှိုးလိုက်မယ်။ မိနစ် ၂၀ အတွင်းမှာ စနစ်စစ်ဆေးမှုတွေ ပြီးစီးမယ်၊၊ မိနစ် ၃၀ အတွင်းမှာ ပျံတက်မယ်။ အဲဒီအခါမှာ သံလိုက်လမ်းကြောင်းခုန်ကူးမှုလုပ်နေတဲ့ ပေါင်းစည်းယာဥ်တန်းတင် မဟုတ်ဘဲ တိတ်ဆိတ်မြို့တော်ရဲ့ စက်သံတွေကလည်း အဆင့်မြင့် အမှောင်သတ္တဝါတွေ ဒါမှမဟုတ် တွင်းနက်အုပ်စိုးသူကို ဆွဲဆောင်မိလိမ့်မယ်။ စက်နှိုးပြီး ဒီရေပြန်မတက်ခင် နောက်ဆုံး မိနစ် ၃၀ ပဲ အချိန်ရမယ်။ အဲဒီအချိန်အတွင်းမှာ ဆုံရပ်ကိုရောက်ဖို့၊ ဧရာမရုပ်တုကို ရွှေ့ဖို့၊ ဟင်းလင်းပြင်ဖြတ်ကျော်ဖို့နဲ့ ကူးပြောင်းပြီးသွားရင် ကြုံလာနိုင်တဲ့ သတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့ ပြင်ဆင်ရမယ်။ အစီအစဥ်တစ်ခုလုံးကို သက်ဆိုင်ရာ အဖွဲ့တွေဆီ ပို့ထားပြီးပြီ၊၊ လင်းရှန်… မင်းအပေါ်မှာပဲ မူတည်တော့တယ်’’
“ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးပဲ’’
ရှင်းဂျီ၏ စကားကို ကြားရသောအခါ လင်းရှန်သည် ခိုင်မာသော ထောက်ခံမှုတစ်ခုကို ခံစားလိုက်ရသည်။ သူသည် ဤအစီအစဥ်၏ အဓိကသော့ချက်ဖြစ်သော်လည်း ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပြီး စတင်လိုက်သည်နှင့် ရပ်တန့်ရန် အခွင့်အရေးမရှိတော့ပေ။
တစ်ချိန်တည်းမှာပင် လင်းရှန်သည် ရှီတိယွမ်၏ အဖွဲ့ကိုလည်း အစီအစဥ်ပြောင်းလဲမှုများအကြောင်း အသိပေးလိုက်သည်။ ယခုအခါ ပေါင်းစည်းယာဥ်တန်းမှာ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး သံလိုက်လမ်းကြောင်းများချထားပြီးသည်နှင့် လင်းရှန်က ပျံတက်မည့် လမ်းကြောင်းကို စတင်ဖွင့်လှစ်မည် ဖြစ်သည်။
အားလုံး အဆင်သင့်ဖြစ်သွားသောအခါ ထိန်းချုပ်ခန်းတစ်ခုလုံးရှိ လေထုမှာ တင်းမာပူလောင်လာသည်။ ရွှန်းသည် လျှို့ဝှက်သုတေသနစခန်း၏ ပင်မထိန်းချုပ်စနစ်ကို ချိတ်ဆက်ကာ သယ်ယူပို့ဆောင်ရေးယာဥ်ကို ကြိုတင်ပြင်ဆင်ထားပြီး ရသမျှအချက်အလက်အားလုံးကိုလည်း သိမ်းဆည်းလိုက်သည်။ ထိုအချက်အလက်များထဲတွင် အမှောင်ဆဲလ်များ၊ မှိုကွန်ရက်သုတေသနများ၊ သွေးနှင့် အသားပေါင်းစပ်မှုများနှင့် အနီရောင်ကမ္ဘာ၏ အမှောင်ကျူးကျော်မှုဆိုင်ရာ အချက်အလက်များ ပါဝင်သည်။ ဤအချက်အလက်များဖြင့် ရှင်းဂျီသည် လင်းရှန်၊ ဖီးနစ်အဖွဲ့တို့နှင့်အတူ အမှောင်ထုကျူးကျော်မှုကို ကာကွယ်နိုင်မည့် ပစ္စည်းများ ထုတ်လုပ်မှုကို အရှိန်မြှင့်နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် လင်းရှန်သည် ငွေကျည်ဆန် ထည့်ထားသော သတ္တုသေတ္တာကို ထုတ်လိုက်ပြီး ဤတားမြစ်ပစ္စည်းကို စမ်းသပ်ရန် ပြင်ဆင်လိုက်သည်။
ဝူး...
သေတ္တာကို ဖွင့်လိုက်သည်နှင့် ထိန်းချုပ်ခန်းအတွင်းရှိ မီးများအားလုံး တုန်ခါသွားသည်။ သတ္တုပစ္စည်းအချို့နှင့် ကုလားထိုင်များသည် အားကောင်းသော သံလိုက်စွမ်းအားတစ်ခုဖြင့် ဆွဲငင်ခံရသကဲ့သို့ တုန်ခါလာသည်။
ထိုမြင်ကွင်းကို မြင်သောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။ ရှီဇီက အနားသို့ လာပြီး လင်းရှန်ကို ပြောလိုက်သည်။
“လင်း… ရှင်အဲဒါကို ကိုင်လိုက်ရင် ဆိုးရွားတာတစ်ခုခုဖြစ်နိုင်တယ်… ကျွန်မ ကူညီမယ်’’
“ယဲ့ရိဆိုတဲ့လူလည်း အဲဒါကို ကြုံခဲ့ရတာပဲ မဟုတ်လား’’ လင်းရှန်က မေးလိုက်သည်။
လင်းရှန်က ထိုအမည်ကို ပြောလိုက်သောအခါ ရှီဇီက လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်ပြသည်။
လင်းရှန်သည် ထပ်မစဥ်းစားတော့ဘဲ သူ၏ တိုက်ပွဲဝင်စွမ်းအားဝတ်စုံမှ လက်အကာကို ဖွင့်ကာ ငွေရောင်နှင့် အနက်ရောင် ရောယှက်နေသော ကျည်ဆန်ကို ဖြည်းဖြည်းချင်း ထိလိုက်သည်။
Chapter 695
ပေါင်းစည်းခြင်း ၃
ချန်ဆီရွှမ်နှင့် ကီကီ အပါအဝင် အခြားလူများမှာလည်း တင်းမာစွာဖြင့် ကြည့်နေကြသည်။ ထိုအချိန်တွင် ရှီဇီက သူ၏ စွမ်းအားကို သုံးကာ လင်းရှန်ကို အစိမ်းရောင်စွမ်းအင်များဖြင့် ဝန်းရံပေးလိုက်သည်။
လင်းရှန်၏ လက်ချောင်းထိပ်မှာ ကျည်ဆန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
၎င်းသည် ခဲသေတ္တာထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။ ငွေရောင်သတ္တုမျက်နှာပြင်မှာ အေးစက်သော အလင်းတန်းများ ဖြာထွက်နေပြီး အေးခဲနေသော ညတစ်ညကဲ့သို့ပင်။ ကျည်ခွံပေါ်တွင်လည်း ခြောက်သွေ့နေသော အနီရောင်သွေးကွက်များ ရှိနေသေးရာ ဤအရာသည် တားမြစ်ပစ္စည်းမဖြစ်လာခင်က အသက်တစ်ခုခုကို နုတ်ယူခဲ့ပုံရသည်။
သူ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး လက်ချောင်းကို ချလိုက်သည်—
သူ ထိလိုက်သည့် ခဏချင်းမှာပင် ကမ္ဘာကြီးသည် အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။
အမှောင်ထုသည် ဒီရေလှိုင်းကဲ့သို့ တိုးဝင်လာပြီး မြင်ကွင်းများကို တစ်စစီဆွဲဖြဲပစ်လိုက်သည်။
လင်းရှန်သည် ဦးခေါင်းခွံတစ်ခုကို ဖောက်ထွက်ပြီး လည်ပတ်နေသော ကျည်ဆန်တစ်ခုကို မြင်လိုက်ရသည်။
သူသည် ကြည့်နေရုံတင်မကဘဲ ထိုကျည်ဆန်ကိုယ်တိုင် ဖြစ်သွားခဲ့သည်။ သတ္တုကျည်ခွံက အသားများနှင့် ပွတ်တိုက်မိနေပုံ၊ အရိုးများကို ကြေမွသွားစေပုံ၊ အပူရှိန်ကြောင့် ဦးနှောက်များ ဆူပွက်လာသည့် ခံစားချက်တို့သည် သူ၏ အာရုံကြောအဖျားများဆီသို့ တိကျစွာ ရောက်ရှိလာသည်။ ကျည်ဆန်က ဖောက်ထွက်သွားသည့်အချိန်တွင် သူကိုယ်တိုင် သေခြင်းတရား၏ အရသာကို မြည်းစမ်းလိုက်ရသလိုပင်။
“ဒိုင်း’’
သေနတ်သံသည် သူ၏ အသိစိတ်ထဲတွင် ပေါက်ကွဲသွားပြီး အဝေးမှ အနီးသို့ တရစပ် ပဲ့တင်ထပ်နေသည်။
အမှောင်ထုသည် စတင်ပြိုလဲလာပြီး အာကာသဟင်းလင်းပြင်သည်လည်း မမြင်ရသော စွမ်းအားတစ်ခု၏ လက်ထဲရှိ ချေမွခံထားရသော စက္ကူတစ်ခုကဲ့သို့ တွန့်ခေါက်သွားသည်။ လင်းရှန်သည် သူကိုယ်တိုင် အမျှင်တန်းပေါင်းများစွာအဖြစ် ဆွဲဆန့်ခံလိုက်ရသလို ခံစားရပြီး အာရုံကြောတိုင်းသည် အေးစက်လှသော နတ္တိထဲတွင် နစ်မြုပ်နေသည်။
ထိုအချိန်တွင် ရှီဇိီ မြင်နေရသည်မှာ လင်းရှန်၏ မျက်စိသူငယ်အိမ်များ ပြင်းထန်စွာ ကျဥ်းမြောင်းသွားခြင်း၊ ကျည်ဆန်ကို လက်ချောင်းများဖြင့် အတင်းဆုပ်ကိုင်ထားသဖြင့် လက်ဆစ်များ ဖြူဖျော့ကုန်ခြင်းတို့ပင် ဖြစ်သည်။ အသားနှင့် သတ္တုထိတွေ့သည့်နေရာမှာ ထူးဆန်းသော မီးခိုးပြာရောင် ပြောင်းသွားပြီး တစ်စုံတစ်ခု၏ တိုက်စားမှုကို ဖြည်းဖြည်းချင်း ခံနေရသကဲ့သို့ ရှိသည်။
ထို့ကြောင့် သူမသည် အံတင်းတင်းကြိတ်ကာ သူမ၏ စွမ်းအားကို အရှိန်မြှင့်လိုက်သည်။
စိတ်အာရုံချောက်ခြားမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။
လင်းရှန်သည် ပုံစံအမျိုးမျိုးကို မြင်နေရသည်။ အချို့မှာ ဦးခေါင်းပေါက်ထွက်နေပြီး… အချို့မှာ ရင်ဘတ်ကို ဖောက်ထွင်းခံထားရသည်။ အချို့မှာမူ ပြိုလဲနေသော အာကာသထဲတွင် ခန္ဓာကိုယ်တစ်ခုလုံး သွေးနှင့်အသားများအဖြစ် လိမ်တွန့်နေကြသည်။ သေဆုံးသည့် အခိုက်အတန့်တိုင်းသည် မှတ်ဉာဏ်အပိုင်းအစများအဖြစ် ပြောင်းလဲကာ သူ၏ အသိစိတ်ထဲသို့ အတင်းရိုက်သွင်းခံနေရသည်။
ဒါဟာ စိတ်ကူးယဥ်သက်သက် မဟုတ်ဘူး။
ဒီကျည်ဆန်က လူပေါင်းများစွာရဲ့ အသက်ကို တကယ်ယူခဲ့တာပဲ။
သူ၏ နားထင်မှ ချွေးအေးများ စီးကျလာပြီး အသက်ရှူရခက်ခဲလာသည်။ အဆုတ်ကို မမြင်ရသော လက်များဖြင့် ညှစ်ထားခြင်း ခံရသကဲ့သို့ ဖြစ်နေသော်လည်း သူ၏ လက်ချောင်းများကမူ လွှတ်မပေးခဲ့ပေ။
“ဟူး...’’
နောက်တစ်ခဏတွင် ကြောက်မက်ဖွယ် မြင်ကွင်းများမှာ ဒီရေကဲ့သို့ ပြန်လည်ဆုတ်ခွာသွားသည်။ လင်းရှန်သည် နောက်သို့ ခြေတစ်လှမ်းမျှ ယိုင်သွားပြီး လည်ချောင်းထဲတွင် သတ္တုအရသာတစ်ခုတက်လာသည်။ သူ၏ လက်ထဲရှိ ကျည်ဆန်ကို ငုံ့ကြည့်လိုက်ရာ လက်အရေပြားနှင့် ထိတွေ့နေသောနေရာမှာ ပြာနှမ်းနေသည်။ သူ၏ မျက်နှာအမူယာချက်ချင်းပြောင်းသွားပြီး နောက်ကျောမှ လျှပ်စစ်သံလိုက်သေနတ်ကို ထုတ်ကာ ကျည်ဆန်ကို အထူးပြုလုပ်ထားသော ကျည်အိမ်ထဲသို့ ထည့်လိုက်သည်။
ထိုအခါမှသာ လက်ချောင်းပေါ်ရှိ အေးစက်မှုမှာ ပျောက်ကွယ်သွားပြီး ပြာနှမ်းနေသော အရောင်မှာလည်း တဖြည်းဖြည်း မှေးမှိန်သွားသည်။ သို့သော် လင်းရှန်သည် သူ၏ နဖူးကို ကျည်ဆန်တစ်ခုက အမြဲတမ်း ချိန်ရွယ်ထားသကဲ့သို့ ခံစားချက်ကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ ထိုခံစားချက် တုန်ခါလာသည်နှင့်အမျှ သူသည် ဤကျည်ဆန်နှင့် ဟင်းလင်းပြင်ဆိုင်ရာ ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်သွားပြီကို သိလိုက်ရသည်။
“ဘယ်လိုလဲ’’
ချန်ဆီရွှမ်နှင့် ကီကီတို့က အနားသို့ လာကာ စိုးရိမ်တကြီး မေးကြသည်။
လင်းရှန်က အသက်ကို ပြင်းပြင်းရှူထုတ်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“အဆင်ပြေပါတယ်’’
ထောင့်တစ်နေရာရှိ ကျိုးလီသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။ နောက်ထပ် တားမြစ်ပစ္စည်းတစ်ခုပါလား။ ထိုအရာတွေကို မြင်ရုံနဲ့တင် သူ တုန်လှုပ်နေပြီ ဖြစ်သည်။ သို့သော် သူ၏ ပါးစပ်မှာ အပိတ်ခံထားရသဖြင့် အားကိုးရာမဲ့စွာဖြင့် ညည်းညူနေရုံသာ တတ်နိုင်သည်။
လင်းရှန်က ကီကီကို အချက်ပြကာ ထိုသူ့ကို လွှတ်ပေးခိုင်းလိုက်သည်။ ပါးစပ်ပွင့်သွားသည်နှင့် ကျိုးလီသည် အခွင့်အရေးကို ချက်ချင်းအရယူကာ အသနားခံလိုက်သည်။
“ကပ္ပတိန်လင်း... တောင်းပန်ပါတယ်၊၊ ငါ့ကိုပါ ခေါ်သွားပေးပါ၊ ငါ့ကို ချုပ်ထားရင်တောင် ရပါတယ်။ ငါက လျှို့ဝှက်ချက်တွေ အများကြီးသိထားတယ်၊၊ ငါ့ကို ဒီငရဲလိုနေရာကနေ ထွက်ခွင့်ပေးမယ်ဆိုရင်... မင်းခိုင်းတာ အကုန်လုပ်ပါ့မယ်’’
လင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်။
“မင်းပဲ ခုနက ဒီမှာနောက်ထပ် ရက်အနည်းငယ်လောက် နေချင်သေးတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား’’
ကျိုးလီက ပတ်ဝန်းကျင်ကိုကြည့်ကာ ပြောသည်။
“အနီရောင်ကမ္ဘာက ငါ့ကို လွှတ်ပေးမှာ မဟုတ်ဘူး၊၊ ဒီမှာသေသေ… တခြားမှာသေသေ မထူးခြားပေမဲ့ အပြင်မှာဆိုရင်တော့...’’
ကျိုးလီက မတုံးအပေ၊၊ ဖယောင်းတိုင်ငြိမ်းသွားသည်နှင့် သူ သေရမည်ဖြစ်သဖြင့် ထွက်ပြေးရန်မှာ မဖြစ်နိုင်ပေ။ မြေအောက်ထဲတွင် တစ်ယောက်ယောက်က လာသတ်မည့်အချိန်ကို စောင့်နေရခြင်းထက် လောင်းကြေးထပ်ကြည့်ခြင်းက ပို၍ ကောင်းမည်ဟု သူတွက်ဆလိုက်သည်။ လင်းရှန်နှင့် တိတ်ဆိတ်မြို့တော်အဖွဲ့သည် အစွမ်းထက်မှန်းသိသဖြင့် သူ အသနားခံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူသည် အနီရောင်ကမ္ဘာတွင် အချိန်အတော်ကြာ နေခဲ့ရပြီး ဗျာဒိတ်တော်ဂိုဏ်းထဲတွင်ပင် နယ်ရုပ်တစ်ရုပ်အဖြစ် ပါဝင်ခဲ့ဖူးသည်။ သူသည် ကောက်ကျစ်စဉ်းလဲသူဖြစ်သဖြင့် ရရှိထားသော အချက်အလက်အချို့မှာ သူ၏ အသက်ကို ကယ်တင်နိုင်မည်ဟု သူ ယူဆထားသည်။
တစ်ဖက်တွင် သေဖို့ သေချာနေပြီး အခြားတစ်ဖက်တွင်မူ အသုံးဝင်နိုင်သည့် တန်ဖိုးအချို့ ရှိနေသည်။ ကျိုးလီက ထိုအချက်ကို ရှင်းလင်းစွာမြင်နေခြင်း ဖြစ်သည်။
လင်းရှန်သည် ဤလူကို ချက်ချင်း သတ်ပစ်ရန် အစီအစဥ် မရှိပေ။ သူ့ကို အသက်ရှင်လျက် ထားခြင်းက အသုံးဝင်နိုင်မည်ဟုလည်း ခံစားမိသည်။ သို့သော် သူ့ကို ဘယ်လိုကိုင်တွယ်ရမည်ဆိုသည်ကို စဥ်းစားနေဆဲပင်။ ဤလူကိုသာ မချုပ်နှောင်ထားပါက ထိုသူသည် လှစ်ခနဲ ပျောက်ကွယ်သွားနိုင်သူ ဖြစ်သည်။
ထိုအချိန်တွင် မိုနီကာက ရှေ့သို့ တက်လာပြီး လင်းရှန်ကို ကြည့်ကာ ပြောလိုက်သည်။
“သူ့ကို စောင့်ကြည့်ဖို့ ကျွန်မကူညီမယ်၊၊ သူ့ရဲ့ လှည့်ကွက်တွေက ကျွန်မကို လှည့်စားနိုင်မှာ မဟုတ်ဘူး’’
လင်းရှန်သည် မိုနီကာကို ကြည့်လိုက်ရာ သူမ၏ အသံကို သူ၏ သီးသန့်လှိုင်းမှတစ်ဆင့် ကြားလိုက်ရသည်။
“သူ ဘယ်လောက်ပဲ ပုန်းနေပါစေ၊၊ သူ့ရဲ့ နှလုံးခုန်သံကို ကျွန်မကြားနိုင်တယ်’’
လင်းရှန်၏ မျက်နှာအမူယာပြောင်းသွားပြီး သဘောပေါက်ကာ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ သူသည် လက်ထိပ်များကို ထုတ်ကာ ကျိုးလီကို ခတ်လိုက်ပြီး မိုနီကာကို ပြောလိုက်သည်။
“ကောင်းပြီ၊၊ ဒါဆို သူ့ကို မင်းလက်ထဲပဲ အပ်ထားလိုက်မယ်’’
“အား... ကျေးဇူး…ကျေးဇူးတင်ပါတယ် ငါ့အသက်ကို ချမ်းသာပေးလို့ ကျေးဇူးတင်ပါတယ်’’
လက်ထိပ်ခတ်ခံလိုက်ရသည်ကို မြင်သောအခါ သူ၏ အသက်သည် ယာယီအားဖြင့် ဘေးကင်းသွားပြီမှန်း သိသွားသဖြင့် ဝမ်းသာအားရဖြင့် ဒူးထောက်လိုက်သည်။
လင်းရှန်က သူ့ကို တစ်ချက်ကြည့်ကာ ဘာမှ ထပ်မပြောတော့ပေ။
ဤအချိန်တွင် အဖွဲ့သည် ထိန်းချုပ်ခန်းမှတစ်ဆင့် လျှို့ဝှက်သုတေသနခန်း၏ လေယာဥ်ရုံအောက်သို့ ပြန်ရောက်လာကြသည်။ ခြင်္သေ့ငါးရုပ်တု၏ လွှမ်းမိုးမှုကြောင့် ရွှန်းက သယ်ယူပို့ဆောင်ရေးသင်္ဘောကို မောင်းနှင်ကာ လူတိုင်းကို ခေါ်ဆောင်သွားသည်။ ပေါင်းစည်းယာဥ်တန်းအဖွဲ့သည် အဖြူရောင်မြို့တော် ရထားဘူတာတွင် ခွဲထွက်မည် ဖြစ်သည်၊၊ ထို့နောက် ရွှန်းသည် သယ်ယူပို့ဆောင်ရေးသင်္ဘောကို အနောက်ဘက် ဘန်ကာသို့ တိုက်ရိုက်မောင်းနှင်ကာ မြေအောက်နျူကလီးယားအခြေစိုက်စခန်းမှ ဝန်ထမ်းများနှင့် နောက်ထပ်အဆင့်များအတွက် ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ဒီရေများပြန်လည်ဆုတ်ခွာသွားသောအခါ လေယာဥ်ရုံအပေါ်ရှိ မြေပြင်မှာ ပွင့်လာပြီး သယ်ယူပို့ဆောင်ရေးသင်္ဘောသည် မိလ္လာစက်ရုံထဲမှ အသံနိမ့်နိမ့်ဖြင့် ပျံသန်းထွက်ခွာလာသည်။ ၎င်းသည် အဖြူရောင်မြို့တော်၏ လျှို့ဝှက်လမ်းများပေါ်မှ ဖြတ်၍ ရုပ်တု၏ မြင်ကွင်းနှင့် လွတ်ရာ အချင်းဝက်ပြင်ပသို့ လျင်မြန်စွာ ပျံသန်းသွားသည်။
ည ၂၂:၃၅ နာရီ။
လင်းရှန်သည် အချိန်ကို စောင့်ကြည့်နေသည်။ တစ်မိနစ်ပင် မပြည့်မီမှာပင် သယ်ယူပို့ဆောင်ရေးသင်္ဘောသည် အဖြူရောင်မြို့တော် ရထားဘူတာသို့ ရောက်ရှိလာပြီး လင်းရှန်နှင့် အဖွဲ့ဝင်များ စတင်ခွဲထွက်လိုက်ကြသည်။
မထွက်ခွာမီ ရွှန်းသည် တိုင်ရီလန်၊ ရူဂျိ၊ ရှီဇီတို့နှင့်အတူ သူ့ကို နှုတ်ဆက်လိုက်သည်။
“လင်း… ကံကောင်းပါစေ’’