← Chapters

အခန်း (၅၀၁၆-၅၀၂၀)

Vol. 254 Ch. 5016-5020

အခန်း (၅၀၁၆-၅၀၂၀)

Vol. 254 Ch. 5016-5020

Chapter 5016

လုယွီသည် ကျောင်းတော်၏ပြင်ရှိ ကွင်းပြင်တွင် သုံးရက်ကြာ ဟောပြောခဲ့သည်။

နောက်ဆုံးနှစ်ရက်တွင် တောင်တန်းနှင့်ပင်လယ်ကျမ်းစာနှင့် အရာရှိတစ်ယောက်ဖြစ်လာရန် နည်းလမ်းများအကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လူတစ်သောင်းကျော်သည် အင်မော်တယ်အဆင့်သို့ တက်လှမ်းသွားသည့်မြင်ကွင်း ထွက်ပေါ်လာသည့်အချိန်မှစ၍ တော်ဝင်မြို့တော်တစ်မြို့လုံး၏အာရုံစိုက်မှုအားလုံးသည် ဤနေရာသို့ စုစည်း၍ ရောက်ရှိလာခဲ့ပေ၏။

လုယွီ၏ဟောပြောပွဲကို နားထောင်ရန် ယခင်က သူ့အား မထီမဲ့မြင်ပြုခဲ့သော ထိပ်သီးကျင့်ကြံသူတချို့ပင်လျှင် အလျင်အမြန် ရောက်ရှိလာခဲ့ကြသည်။ အဆုံးသတ်တွင် ကွင်းပြင်အတွင်းရှိ လူဦးရေမှာ တိုးပွားလာခဲ့သည်။ နံဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် ဟောပြောမှုကိုနာယူနေကြသော လူများဖြင့် ပြည့်ကျပ်နေသည်ကို တွေ့နိုင်ပေ၏။

ထိုလူများအနက် အတွင်းဝန်အမတ်ကြီး ဖန်းမင်ကျီးလည်း ပါဝင်သည်။

သူသည် အမတ်ကြီးများနှင့်မဟာကွန်ဖြူးရှပ်ပညာရှင်များကို စုဝေးကာ လုယွီအကြောင်း ဆွေးနွေးခဲ့သော်လည်း ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ ကျရောက်လာချိန်၌ စူးစမ်းလိုစိတ်၏ တိုက်တွန်းမှုအောက်တွင် သူတို့သည် ကြည့်ရှုရန်အတွက် ဤနေရာသို့ အပြေးအလွှား ရောက်လာခဲ့ကြသည်။

သို့ရာတွင် လုယွီ၏အသံကို ကြားလိုက်ရချိန်၌ သူတို့သည် ချက်ချင်းပင် နစ်မြောသွားပြီး သူတို့ကိုယ်သူတို့ ရုန်းမထွက်နိုင်တော့ချေ။

သူတို့သည် တောင်တန်းနှင့်ပင်လယ်ကျမ်းစာ၏ ကမ္ဘာအတွင်းတွင် နစ်မြုပ်နေခဲ့ကြသည်။

လူအမြောက်အများသည် အာရုံစူးစိုက်၍ နားထောင်နေကြ၏။ လုယွီသည် သူတို့အား လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာတစ်ခုအကြောင်းကို ဖော်ပြနေခဲ့သည်။

သူ၏လျှို့ဝှက်ဆန်းကြယ်သောအသံသည် လူများအားလုံး၏နားများအတွင်းတွင် ပဲ့တင်ထပ်သွားသည်။ အချိန်တခဏအတွင်းတွင် လူများအားလုံးသည် ထူးဆန်းပြီး အရောင်အသွေးစုံလင်သော တောင်တန်းနှင့်ပင်လယ်နယ်မြေအတွင်းသို့ နက်ရှိုင်းစွာ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ ရှေးကျပြီး အရိုင်းဆန်သောနယ်မြေအမြောက်အများသည် သူတို့၏ရှေ့တွင် ထွက်ပေါ်လာပြီး ထူးဆန်းသော သားရဲများနှင့် နတ်ဘုရားများကို သူတို့၏မျက်လုံးများဖြင့် မြင်တွေ့နိုင်ခဲ့လေ၏။

လူအများသည် မျက်လုံးစုံမှိတ်ကာ တစ်နေ့တာလုံး နားထောင်ခဲ့ကြသည်။ နေဝင်သွားပြီး လုယွီ၏ဟောပြောမှု ရပ်တန့်သွားမှသာ သူတို့ အသိပြန်ဝင်လာကြသည်။ ထိုအချိန်ကျမှသာ သူတို့သည် ထိုလျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲလှသော အကြောင်းအရာမှ သတိပြန်ဝင်လာခဲ့ကြ၏။

ဖန်းမင်ကျီးသည် လုယွီ ပြောခဲ့သည့်အရာများကို သေသေချာချာ ပြန်လည်စဉ်းစားမိသည်။ ရုတ်ချည်းဆိုသလိုပင် သူ၏စိတ်အတွင်းတွင် မြင်ကွင်းများစွာ ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။ အသိပညာအကြွယ်ဝဆုံးသော လူများပင်လျှင် ထိုမြင်ကွင်းများသည် မည်သည့်အရာများဖြစ်သည်ကို အကုန်အစင်မမှတ်မိနိုင်ခဲ့ကြချေ။

"သင်ယူခြင်းက အဆုံးမရှိဘူး....ငါတို့လိုလူစားမျိုးတွေက အရာရာကို သိတယ်လို့ အမြဲတမ်းခံစားနေရပေမဲ့ လောကနှစ်ခုတောင်တန်းအပြင်ဘက်က နတ်ဆိုးနယ်မြေအကြောင်း ဘာမှမသိကြဘူး...."

"အစပိုင်းမှာတော့ ငါတို့က ရှေးဟောင်းနတ်ဆိုးတွေအပြင် နတ်ဆိုးနယ်မြေမှာ ဆိုးဝါးတဲ့အရာတချို့ ရှိတယ်လို့ အမြဲတမ်းတွေးခဲ့ကြတယ်.... ဒါပေမဲ့ အဲ့ဒီမှာ နတ်ဆိုးတွေရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ဘာသာစကားတွေ ရှိတယ်ဆိုတာ ငါတို့ မျှော်လင့်မထားခဲ့ဘူး...အဲ့ဒီနေရာမှာ နတ်ဘုရားတွေနဲ့ နတ်ဆိုးသားရဲတွေ ရှိနေတယ်....သူတို့မှာလည်း ငါတို့လိုပဲ ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ခုနဲ့ ဘာသာစကားတွေရှိတယ်..."

"ဒီကျမ်းစာတစ်ခုတည်းနဲ့ ငါတို့မသိခဲ့တဲ့ နတ်ဆိုးနယ်မြေရဲ့ ကွက်လပ်ကို ဖြည့်ဆည်းဖို့ လုံလောက်တယ်လို့ ပြောနိုင်တယ်..."

"လုယွီပြောတဲ့ အရာရှိတွေအကြောင်း နည်းလမ်းကလည်း တော်တော်လေး ဆန်းသစ်တယ်.... အရာရှိတွေက အရည်အချင်းကို အာရုံစိုက်ပြီး အရည်အချင်းရှိတဲ့ အရာရှိတွေက အရည်အချင်းမဲ့တဲ့အရာရှိတွေကို အနိုင်ယူတယ်... ဒါက ရှုထောင့်အသစ်တစ်ခုပဲ..."

"တည်ဆောက်ရေး...အစားအစာ...ယဉ်ကျေးမှု... စီးပွားရေး... အုပ်ချုပ်ရေးစီမံခန့်ခွဲမှုဆိုတာ ဘာလဲ... ဒါက ဘယ်လိုသင်ကြားမှုမျိုးလဲ... ငါတို့က ဒီလိုအရာတွေကို အရင်က တစ်ခါမှ မသင်ပေးခဲ့ဖူးဘူး..."

မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ဦးက ခါးသီးသောအပြုံးနှင့် ပြောဆိုသည်။

"ငါတို့က တာယွီရဲ့ နံပါတ်တစ်ကျောင်းတော်ဖြစ်ပေမဲ့ ဒီနေ့ လုယွီကိုတွေ့ပြီးမှ ငါတို့က ရေတွင်းထဲကနေ ကောင်းကင်ကို ကြည့်နေမှန်း သိလိုက်ရတာ ဝမ်းနည်းစရာပဲ"

ဖန်းမင်ကျီးသည် ကွင်းပြင်အတွင်းတွင် ရပ်နေသော ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ဆရာများနှင့်ကျောင်းတော်သားများကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် သူ၏အမြင်အာရုံဝေဝါးသွားသကဲ့သို့ ခံစားလိုက်ရသည်။

"အဲ့ဒီလူတွေရဲ့ အကြည့်တွေကို မင်းမြင်လား..."

ဖန်မင်ကျီးက သက်ပြင်းရှည်ကြီးရှိုက်လိုက်သည်။

"ဒီလူတွေက အရှင်ဧကရာဇ်ကို နတ်ဘုရားတစ်ပါးလို သတ်မှတ်ထားမှာကို ငါ စိုးရိမ်တယ်.... အရှင်ဧကရာဇ်အပေါ် သူတို့ရဲ့သစ္စာစောင့်သိမှုက တော်ဝင်နန်းတွင်းထက်တောင် ပိုပြီးမြင့်မားနိုင်တယ်...."

မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က နားမလည်စွာဖြင့် မေးမြန်းလိုက်သည်။

"ဒီလူတွေက လက်အောက်ခံတွေဖြစ်မှတော့ အရှင်ဧကရာဇ်အပေါ် သစ္စာစောင့်သိတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား"

"အရာရှိတွေက တားမြစ်နိုင်တယ်....အကြံပေးနိုင်တယ်... လိုအပ်လာရင် ဧကရာဇ်ရဲ့အမှားတွေကိုလည်း ပြုပြင်ပေးနိုင်တယ်...."

ဖန်းမင်ကျီးက ခေါင်းခါပြီး ပြောဆိုလိုက်၏။

"ဒါပေမဲ့ ဒီလူတွေက မတူဘူး... အမှားအမှန်ကို ထည့်မတွက်ဘဲ အရှင်ဧကရာဇ်ရဲ့ဆန္ဒအတိုင်းပဲ အလုပ်လုပ်ကြတယ်...ဧကရာဇ်မှားနေရင်တောင် သူတို့က တုံ့ဆိုင်းခြင်းမရှိဘဲ ဆက်ပြီးလုပ်ဆောင်သွားမှာပဲ"

"ဒါ့ပြင် ဒီလူတွေက ထုတ်လွှတ်နေတဲ့ အရှိန်အဝါက ငါ့ကိုတောင် ထိတ်လန့်တုန်လှုပ်စေတယ်.... ခုဏက ရုတ်တရက်ထွက်ပေါ်လာတဲ့ မိုးကြိုးပင်လယ်ကလည်း သူတို့နဲ့ ဆက်စပ်နေလောက်တယ်"

"ငါတို့က ဒီဧကရာဇ်ရဲ့ခြေလှမ်းတွေကို လိုက်မမီနိုင်တော့ဘူး...."

...

လုယွီက သူ၏ဟောပြောပွဲကို အဆုံးသတ်လိုက်သည်။

ရက်အနည်းငယ် ထပ်မံ၍ ကုန်ဆုံးသွားပြီးနောက်...

တပည့်သုံးသောင်းသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ထွက်ခွာသွားကြပြီး "အရာရှိရွေးချယ်ခံခြင်း" ဟူသော ခေါင်းစဥ်အောက်တွင် တာယွီ၏အခြေခံရုံးတော်များသို့ ဝင်ရောက်ကာ သူတို့၏ကြမ်းတမ်းသော လေ့ကျင့်မှုကို စတင်ခဲ့ကြသည်။

Chapter 5017

ဝန်ထမ်းရေးရာဌာနသည် ဤ "အရာရှိ" အသုတ်အတွက် သတ်မှတ်ချက်များကို အထူးတလည် ပြင်ဆင်ထားခဲ့သည်။

ဤလူများသည် အမည်ခံအားဖြင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ကျောင်းတော်သားများဖြစ်ကြသော်လည်း သူတို့၏ တရားဝင်ဘွဲ့ထူးများသည် ဝန်ထမ်းရေးရာဌာနတွင် ရှိနေပြီး အောက်ခြေအဆင့်ရှိ ရုံးတော်အသီးသီးမှ သူတို့အား အကဲဖြတ်ကြသည်။

ဤကျောင်းတော်သားများအနက် ထူးချွန်သည်ဟု စစ်ဆေးတွေ့ရှိရသူများကို ရာထူးတိုးပေးပြီး တခြားသူများကိုမူ လေ့ကျင့်မှုများ ဆက်လက်၍ပြုလုပ်ရန် နေရာပြောင်းရွှေ့ပေးသည်။

ဤလူများသည် အလွန်နိမ့်သောအဆင့်မှ စတင်ခဲ့ကြပြီး သူတို့အနက်မှအများစုသည် ခရိုင်စီရင်စုအရှင်များအဖြစ် စတင်ခဲ့ကြသည်။

တာယွီတော်ဝင်နန်းတော်၏ နယ်မြေစီမံကိန်းတွင် ပြည်နယ်မြို့တော်အောက်၌ ခရိုင်ပေါင်းများစွာရှိပြီး ခရိုင်အောက်တွင် မြို့နယ်ရာပေါင်းများစွာ ရှိသည်။ မြို့နယ်အောက်တွင်မူ ကျယ်ပြန့်သောဒေသကြီးများရှိပေ၏။

ခရိုင်စီရင်စုအရှင်များသည် သတ္တမအဆင့်အရာရှိများဖြစ်ပြီး တချို့သော အင်အားနည်းသည့် ခရိုင်များ၏ အဓိကအရာရှိများသည် အဋ္ဌမအဆင့်ဖြစ်သည်။

ယေဘုယျအားဖြင့် ခရိုင်စီရင်စုအရှင်နေရာတွင် စစ်တပ်မှလာသော အရည်အချင်းရှိသူများကို မလိုအပ်ပေ။ သူတို့ထံတွင် အရည်အချင်းရှိသရွေ့ အထက်အာဏာပိုင်များမှ တိုက်ရိုက်ခန့်အပ်ခြင်း သို့မဟုတ် ဒေသခံလူချမ်းသာသူကြွယ်များမှ ရွေးချယ်တင်မြှောက်ခြင်းတို့ ခံရပါက သူတို့ကို ခရိုင်စီရင်စုအရှင်အဖြစ် ခန့်အပ်ခံရပေမည်။

လုယွီသည် ခရိုင်စီရင်စုအရှင်ခန့်အပ်မှုတွင် တိုက်ရိုက်ဝင်ရောက်စွက်ဖက်လိမ့်မည်ဟု မည်သူမျှ တွေးထင်မထားခဲ့ချေ။

"ဒီလိုစနစ်မျိုးကို အတိတ်မှာတုန်းက တစ်ခါမှ မကြားဖူးဘူး...."

"အရင်လေ့ကျင့်ပြီးမှ ရာထူးကို တခြားအရာရှိတစ်ယောက်ကို လွှဲပေးတယ်...ဒီလိုစနစ်က တော်တော်ကောင်းတယ်... အခုဆိုရင် တော်ဝင်စာမေးပွဲကို ဖြေဆိုပြီးတဲ့ ကျောင်းတော်သားတွေ အများကြီးရှိတယ်.... ဒါပေမဲ့ ရာထူးနေရာတွေကို ဝင်ရောက်ပြီးတဲ့နောက်မှာတော့ သူတို့က လုံးလုံးလျားလျားရှုပ်ထွေးအောင် လုပ်ပစ်ကြတယ်....ဒီလိုရွေးချယ်မှုက အရည်အချင်းရှိတဲ့သူတွေကို ရာထူးတိုးပေးပြီး သာမန်လူတွေက အတွေ့အကြုံကို ဆက်ပြီးရယူနိုင်မှာပဲ...သူတို့ရင်ဆိုင်ရမယ့် လှိုင်းလုံးတွေက ကြီးမားတယ်ဆိုပေမယ့် အဆုံးမှာတော့ သူတို့က သင့်တော်တဲ့နေရာကို ရွေးချယ်နိုင်လိမ့်မယ်"

"ဒီလူတွေအားလုံးက ရက်အနည်းငယ်အကြာက ဟောပြောပွဲမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေလို့ ငါ ကြားတယ်...."

"တကယ့်ကို နှမြောစရာပဲ...နှမြောစရာ ကောင်းလိုက်တာ....တကယ်လို့ ငါ ဒါကို အစောကြီးကတည်းက ကြိုသိခဲ့ရင် ဟောပြောပွဲကိုသွားပြီး နားထောင်ခဲ့မိမှာပဲ"

လူအများအသည် ဤသတင်းကို ကြားသိရချိန်၌ သူတို့ထံတွင် နောင်တနှင့် နှမြောတသဖြစ်ခြင်းများဖြင့် ပြည့်နှက်နေခဲ့ကြသည်။

ဤလူများသည် လုယွီ တာအိုဟောကြားမည်ကို ကြားချိန်၌ အလေးမထားခဲ့ကြပေ။ သူတို့က လုယွီသည် လူငယ်တစ်ယောက်ဖြစ်သဖြင့် ဟောကြားရန် အရည်အချင်းမလုံလောက်ဟု တွေးထင်ခဲ့ကြသည်။ သူသည် အချို့အရာများကို ဟောကြားခဲ့လျှင်ပင် အများစုသည် အသုံးဝင်နိုင်မည်မဟုတ်ဟု တွေးထင်ခဲ့ကြလေ၏။

သို့ရာတွင် သူတို့ လွဲချော်သွားခဲ့သည်မှာ တရားဝင် အရာရှိရာထူးသာမက ကြီးမားသော အခွင့်အရေးတစ်ခုလည်း ဖြစ်နေသည်ကို သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိမည်မဟုတ်ချေ။

တော်ဝင်နန်းတွင်းနှင့် အရာရှိအသိုင်းအဝိုင်းတစ်ခုလုံး လုယွီ၏လုပ်ရပ်များကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေချိန်တွင် ဖန်းမင်ကျီးနှင့် တခြားရှေးရိုးစွဲပညာရှင်တချို့ကမူ အငြိမ်းစားယူရန် ရွေးချယ်ခဲ့ကြသည်။

လုယွီ၏ဟောပြောပွဲကို နားထောင်ခဲ့ချိန်တွင် သူတို့၏စိတ်အတွင်းတွင် အံ့အားသင့်ဖွယ်ရာ အတွေးအခေါ်များ ထွက်ပေါ်လာသည်ဟု သူတို့ ခံစားခဲ့ရပြီး ထိုအရာများကို ချေဖျက်ရန် အချိန်အတော်ကြာ လိုအပ်ပေလိမ့်မည်။

လုယွီ၏ နောက်ဆုံးနှစ်ရက်တာ ဟောပြောမှုသည် ကျောင်းတော်သားများအတွက်သာမက ရှေးရိုးစွဲကွန်ဖြူးရှပ်များကိုလည်း အုတ်အော်သောင်းတင်းဖြစ်စေခဲ့သည်။

"အရှင်ဧကရာဇ် လုပ်ခဲ့တာတွေက အရမ်းပြင်းထန်လွန်းတယ်.. သူ လုပ်ခဲ့တာတွေကို ဖြည်းဖြည်းချင်း စီစဉ်သင့်တယ်... အောင်မြင်မှုအတွက် အလျင်စလိုမလုပ်ရဘူး.... ဒီအရာရှိက အရှင်ဧကရာဇ်ကို အလျင်မလိုဘဲ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ သတိပေးချင်ပါတယ်...."

ဖန်းမင်ကျီးက လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့သည်။

မကြာမီမှာပင် လုအဖွဲ့အစည်းဝင် အရာရှိတစ်ဦးက ချေပပြောဆိုသည်။

"ဖန်းကျောင်းအုပ်ရဲ့ စကားက မမှန်ဘူး... ပြင်းထန်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... အလျင်မလိုရဘူးဆိုတာ ဘာကိုဆိုလိုတာလဲ...တာယွီကို ထန်အင်ပါယာက မျက်စောင်းထိုးနေပြီးတော့ လောကနှစ်ခုတောင်တန်းရဲ့အပြင်ဘက်မှာ နတ်ဆိုးတွေ ရှိနေတယ်....ဒါက ငါတို့လူသားတွေ တက်တက်ကြွကြွ ရှေ့ကိုတိုးတက်အောင်လုပ်ရမယ့်အချိန်ပဲ... ဘယ်လိုလုပ်ပြီးတော့ အချိန်ယူပြီး စီစဉ်နိုင်မှာလဲ...."

ဖန်းမင်ကျီးသည် ဒေါသထွက်သွားခြင်းမရှိဘဲ တည်ငြိမ်စွာ တုံ့ပြန်လေ၏။

"ကောင်းကင်ဘုံနယ်မြေမှာ စည်းမျဉ်းတွေရှိတယ်....အရာအားလုံးမှာ ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်....ဒါက ရှေးဟောင်းခေတ်ကတည်းက မပြောင်းလဲတဲ့ မူဝါဒတစ်ခုပဲ.... အရှင်ဧကရာဇ်ရဲ့စွမ်းအားက ပြိုင်ဘက်ကင်းပေမဲ့ စည်းမျဉ်းတွေအများကြီးက ကျင့်ကြံခြင်းစွမ်းအားနဲ့ ဖြေရှင်းလို့ရတဲ့အရာတွေ မဟုတ်ဘူး"

လုအဖွဲ့အစည်းဝင်အရာရှိက လှောင်ပြောင်ရယ်မောလိုက်သည်။

"စည်းမျဉ်းတွေဆိုတာ ချိုးဖောက်ဖို့ပဲ....အခုမပြောင်းလဲရင် တော်ဝင်နန်းတွင်းက အရင်ကလို ရပ်တန့်နေဦးမှာပဲ....ခေတ်နဲ့အညီ ရှေ့ဆက်တိုးတက်မှသာ အလျင်အမြန် ကြီးထွားနိုင်လိမ့်မယ်...ဒီစည်းမျဉ်းတွေကို လိုက်နာနေရင် တာယွီက ပိုးအိမ်ထဲမှာ ပိတ်မိနေသလို ဖြစ်နေမှာပဲ...."

နှစ်ဖက်စလုံး အပြန်အလှန် တိုက်ခိုက်စကားများပြောဆိုကာ ငြင်းခုံခဲ့ကြသော်လည်း လုအဖွဲ့အစည်းဘက်မှ အကြွင်းမဲ့ အသာစီးရနေပြီဖြစ်ကြောင်း လူတိုင်းမြင်တွေ့နိုင်ခဲ့သည်။

သူတို့အနက်မှတချို့သည် သတ္တမအဆင့် ခရိုင်စီရင်စုအရှင်များဖြစ်ကာ ရာထူးအဆင့်နိမ့်ပါးသော်လည်း ဖန်းမင်ကျီးကဲ့သို့သော မဟာကွန်ဖြူးရှပ်ပညာရှင်ကြီးတစ်ဦးကို ပေါ်ပေါ်တင်တင် စိန်ခေါ်ဝံ့ကြသည်။

ဤသည်မှာ လုအဖွဲ့အစည်းမှ သူတို့အား ပေးခဲ့သော ယုံကြည်မှုပင်။

လုယွီသည် တော်ဝင်နန်းတွင်းရှိငြင်းခုံမှုများကို မြင်တွေ့သော်လည်း သူ ဂရုမစိုက်ခဲ့ချေ။

သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် ရက်အနည်းငယ်နေထိုင်ခဲ့ပြီးနောက် သာမန်အဝတ်အစားများလဲကာ စာပေသူတော်စင်၏ အိမ်တော်သို့ ဦးတည်၍ ထွက်ခွာသွားခဲ့သည်။

Chapter 5018

စာပေသူတော်စင်၏အိမ်တော်သည် သန့်ရှင်းသပ်ရပ်နေဆဲပင်။ ရိုးရှင်းသောအိမ်သည် လယ်တောခြံငယ်လေးတစ်ခုနှင့်တူသည်။ ဤနေရာ၏နောက်ခံကို မသိလျှင် စာပေသူတော်စင်၏အိမ်တော်ဖြစ်ကြောင်း မည်သူမျှ ခန့်မှန်းမိမည် မဟုတ်ချေ။

ရေညှိတက်နေသော ကျောက်လှေကားတစ်ခုသည် အောက်မှနေ၍ ခြံဝန်းအတွင်းသို့ မြင့်တက်သွားသည်။ လမ်းသွယ်များသည် လယ်ကွင်းများကို ဖြတ်သန်းသွားပြီး မြက်နှင့်မြေကြီး၏ရနံ့သည် လေထုအတွင်းတွင် ပျံ့လွင့်နေပေ၏။ ပြင်ပလောကကဲ့သို့ ရှုပ်ထွေးသော ဆူညံသံများမရှိဘဲ ဤနေရာရှိ အရာအားလုံး အလွန်တိတ်ဆိတ်ငြိမ်သက်နေသည်။

လုယွီသည် ကျောက်လှေကားများအတိုင်း တက်သွားသည်။ အဝေးမှကြည့်လိုက်လျှင် ဤနေရာသည် အနည်းငယ် ပြောင်းလဲသွားပြီဖြစ်ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားသည်။

လုယွီ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့စဉ်က သူ့ကို ဖူကျစ်ရွှယ်က ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ သူနှင့် နတ်ဘုရားဓားအမတ်ကြီးတို့သည် စာပေသူတော်စင်အား လာရောက်တွေ့ဆုံကာ ဂါရဝပြုခဲ့ကြသည်။ သူ တော်ဝင်မြို့တော်သို့ ပထမဆုံးရောက်ရှိခဲ့စဉ်က သူသည် စိတ်အားတက်ကြွနေခဲ့သည်။

လုယွီ ဤနေရာသို့ ဒုတိယအကြိမ် ရောက်ရှိခဲ့သည်မှာ သူ၏နာမည်သည် ရွှေစာလိပ်တွင် ပါဝင်ခဲ့ပြီး တော်ဝင်စာမေးပွဲ၌ ထိပ်သီးကျောင်းတော်သားဘွဲ့ထူးကို ရရှိခဲ့စဉ်ကပင်။ ထိုအချိန်တုန်းကဤနေရာတွင် အမည်ခံတပည့်များစွာ ထိုင်နေခဲ့ကြသည်။ လုယွီသည် ဤနေရာ၏ နွေးထွေးမှုနှင့်သက်ဝင်လှုပ်ရှားမှုတို့ကို ခံစားနိုင်ခဲ့လေ၏။

သို့ရာတွင် ဤတစ်ကြိမ်တွင်မူ လုယွီသည် ခြောက်သွေ့သောအငွေ့အသက်ကို ခံစားလိုက်ရသည်။

ဤသည်မှာ အရာရာသည် ယခင်ကဲ့သို့ မဟုတ်တော့သော ခံစားချက်မျိုးပင်။ ဤသည်မှာ သူသည် မျက်နှာချင်းဆိုင်တွေ့ဆုံနေရသည့် လူတစ်ယောက်အား ဖမ်းဆုပ်လိုသော်လည်း သူ၏လက်ဖြင့် ထိတွေ့မိသည်နှင့် ပျောက်ကွယ်သွားသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။

လယ်ကွင်းအတွင်းတွင် ပေါင်းပင်များ ပေါက်ရောက်နေသည်။

ခြံဝင်းအတွင်းရှိ ကျောက်ကြိတ်ဆုံပေါ်တွင် အဝါရောင်သစ်ရွက်လွှာတစ်ခု ဖုံးလွှမ်းနေပေ၏။ ဤနေရာရှိ ပစ္စည်းများကို အချိန်အတော်ကြာ အသုံးမပြုခဲ့သည်မှာ သိသာထင်ရှားသည်။

ရေတွင်းနံဘေးရှိ သစ်သားရေပုံးသည် ဘေးတွင် အထီးကျန်စွာ တည်ရှိနေသည်။ ရက်အနည်းငယ်အကြာက ရွာသွန်းခဲ့သော မိုးရေများမှ ရေဗွက်လည်း ရှိနေပေ၏။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး အလွန်တိတ်ဆိတ်နေသည်။ လုယွီသည် မူလက ဤနေရာတွင် လူမရှိဟု တွေးထင်ခဲ့သည်။ သူ တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် သူ့ကို စောင့်နေသူနှစ်ဦးကို တွေ့မြင်ရလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။

ထို့ထက်ပို၍တိတိကျကျပြောရလျှင် သူတို့သည် "နတ်ဆိုးသားရဲ" နှစ်ကောင်ပင်။

ခွေးဝါကြီးတစ်ကောင်သည် မြေပြင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေပြီး သူ၏မျက်ခွံများတွဲကျနေသည်။ လုယွီ ဝင်လာသည်ကို မြင်တွေ့ချိန်မှသာ ခွေးဝါကြီးက ခေါင်းခါယမ်းလိုက်သည်။

ခွေးဝါကြီး၏နံဘေးတွင် ခန့်ညားထည်ဝါသော ကြက်ဖတစ်ကောင် မတ်တတ်ရပ်နေသည်။

ထိုကြက်ဖသည် လူတစ်ရပ်၏တစ်ဝက်ခန့်မြင့်ပြီး အမွှေးအတောင်များသည် မည်းနက်ကာလှပသည်။ သူ၏ခေါင်းပေါ်ရှိ အမောက်သည် မျက်စိစူးရှဖွယ်ကောင်းပြီး သူ၏မျက်လုံးတစ်စုံအတွင်းတွင် တက်ကြွမှုများဖြင့် ပြည့်နှက်နေသည်။ သူ့ထံမှနေ၍ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ရပ်ပင် ထွက်ပေါ်နေပေ၏။

မည်သူမဆို ဤကြက်ဖ၏ရှေ့တွင် မတ်တတ်ရပ်နေလျှင် အလွန်ကြီးမားသောဖိအားကို ခံစားရပေလိမ့်မည်။

"လုယွီ....မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ..." ခွေးဝါကြီးက ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ထရပ်လိုက်သည်။

လူတစ်ယောက် တာအိုကိုရရှိလျှင် သူ၏ကြက်နှင့်ခွေးတို့ပင်လျှင် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်ကြသည်။

ဤနတ်ဆိုးသားရဲနှစ်ကောင်သည် စာပေသူတော်စင်ရီ လက်ခံခဲ့သော တပည့်နှစ်ဦးပင်။

သူတို့သည် အောက်ဘုံမှစ၍ စာပေသူတော်စင်၏နောက်သို့ လိုက်ခဲ့ကြသည်။ စာပေသူတော်စင် အထက်ဘုံသို့ တက်လှမ်းလာချိန်တွင် သူတို့ထံတွင်လည်း စိတ်ဝိညာဉ်စွမ်းအား အနည်းငယ်စွန်းထင်းသွားခဲ့ကြသည်။ သူတို့သည် ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်လာပြီး အသိဥာဏ်ပညာကို ရရှိခဲ့ကြပေ၏။

"စီနီယာအစ်ကိုကြီးကို အရိုအသေပြုပါတယ်"

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်သည်။

ခွေးဝါကြီးက လုယွီကို အပြုံးနှင့်ကြည့်ပြီး ပြောဆိုသည်။

"ဆရာက ဂျူနီယာညီလေးက ငါတို့ထဲမှာ အအောင်မြင်ဆုံးပဲလို့ ပြောခဲ့တယ်...အစကတော့ ငါ မယုံဘူး.... ဒါပေမဲ့ မင်းက ကောင်းကင်ဘုံနယ်မြေမှာ နာမည်ကြီးအောင် လုပ်နိုင်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး....ဆရာ က မင်းကို ဒီလောက်ထိ အထင်ကြီးခဲ့တာ အချည်းနှီးမဖြစ်ခဲ့ဘူး"

စာပေသူတော်စင်...

ရီဟန်အကြောင်းကို စဉ်းစားမိလျှင် လုယွီ၏စိတ်နှလုံးသားအတွင်းတွင် နွေးထွေးမှုကို မခံစားဘဲ မနေနိုင်တော့ချေ။

ကျိုးကောမှ အကြောင်းအရင်းနှင့် အကျိုးဆက်တို့ကို ရှင်းပြသည်အား သူ ကြားခဲ့သည့်အချိန်မှစ၍ လုယွီသည် သူ၏ယခင်ဘဝတွင် ကျိုးထျန်းယင်ကို စိန်ခေါ်ခဲ့စဉ်က စာပေသူတော်စင်သုံးပါး မည်သည်ကြောင့် မပေါ်လာခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

သူ၏ ယခင်ဘဝတွင်ဖြစ်စေ လက်ရှိဘဝတွင်ဖြစ်စေ စာပေသူတော်စင်ရီသည် သူ၏ဆရာသခင်ဖြစ်နေဆဲပင်။

ဤလောကကြီးသည် အလွန်ရှုပ်ထွေးပေ၏။ အရာအားလုံးသည် အကျိုးအမြတ်ကြောင့်ဖြစ်သော်လည်း စာပေသူတော်စင်ရီတစ်ဦးတည်းကသာ သူ့ကို ကူညီချင်ခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုကိုမျှ မလိုချင်ခဲ့ချေ။

"ဒါက ကြက်ပေါက် တာအိုသခင်... မင်းရဲ့ စီနီယာအစ်ကိုပဲ"

ခွေးဝါကြီးက နံဘေးရှိကြက်ဖကို ရှေ့သို့တွန်းပို့လိုက်သည်။

"စီနီယာအစ်ကိုကို အရိုအသေပြုပါတယ်"

လုယွီက ဦးညွှတ်လိုက်သည်။

ကြက်ပေါက်က တက်ကြွဖျတ်လတ်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် လုယွီကို စူးစိုက်၍ကြည့်နေသည်။

"ဂျူနီယာညီလေး....တစ်နေ့နေ့ကျရင် လောကနှစ်ခုတောင်တန်းကို လာခဲ့အုံး... ငါတို့ ယှဉ်ပြိုင်ကြမယ်"

လုယွီက ဤကြက်နှင့်ခွေးနှစ်ကောင်လုံးသည် ပုံရိပ်ယောင်များဖြစ်ကြောင်း မြင်တွေ့နိုင်ပေ၏။

သူတို့၏အစစ်အမှန်ခန္ဓာကိုယ်များသည် စာပေသူတော်စင်ရီကဲ့သို့ပင် လောကနှစ်ခုတောင်တန်းကို စောင့်ရှောက်နေပေမည်။

"ကောင်းပါပြီ...အဲ့ဒီအချိန်ကျရင် စီနီယာအစ်ကိုကို သင်ကြားပေးဖို့ တောင်းဆိုပါ့မယ်..."

လုယွီက သဘောတူလိုက်သည်။

ခွေးဝါကြီး၏နှုတ်ခမ်း မဲ့ရွဲ့သွားပြီး ပြောဆိုသည်။

"ဂျူနီယာညီလေး... ဒီကောင်ကို ဂရုစိုက်စရာမလိုပါဘူး.... သူက တိုက်ခိုက်ရေးသမားတစ်ယောက်ပဲ....ဘယ်သူ့ကိုမဆို သူ မြင်လိုက်တာနဲ့ တိုက်ခိုက်ဖို့ကို စပြီးစဉ်းစားတော့တာပဲ...လွန်ခဲ့တဲ့ ရက်အနည်းငယ်အကြာက သူက သူ့ရဲ့အရည်အချင်းကို အထင်ကြီးပြီးတော့ စွန်းနီနတ်ဆိုးဘိုးဘေးနဲ့ ယှဉ်ပြိုင်ဖို့ နတ်ဆိုးနယ်မြေထဲကို ပြေးသွားခဲ့တယ်....သူရဲ့ကြက်အမောက် ကျိုးလုနီးပါးအထိ အရိုက်ခံခဲ့ရတယ်... ကံကောင်းပြီးတော့ ငါ ကယ်နိုင်ခဲ့လို့ပဲ...မဟုတ်ရင် အဲ့ဒီည နတ်ဆိုးနယ်မြေမှာ ကြက်သားနဲ့ ပွဲတော် ကျင်းပကြလိမ့်မယ်"

ကြက်ပေါက်သည် ချက်ချင်းဒေါသထွက်သွားပေ၏။

"ခွေးစုတ်.... ငါကို ကောင်းတာလေးတစ်ခုလောက် မင်း မပြောနိုင်ဘူးလား...."

Chapter 5019

ကြက်ပေါက်သည် စိတ်ဓာတ်တက်ကြွနေပြီး သူ၏မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

"ငါ့ရဲကျင့်ကြံဆင့်က တိုးတက်သွားပြီ...နောက်တစ်ခါတွေ့ရင် သူ ငါ့ရဲ့လက်ထဲမှာ သေချာပေါက် သေလိမ့်မယ်"

ကြက်ပေါက်၏အသံသည် အလွန်မောက်မာထောင်လွှားပေ၏။

ခွေးဝါကြီးသည် နှုတ်ခမ်းမဲ့ပြီး ခံစားချက်ကင်းမဲ့သောလေသံဖြင့် တုံ့ပြန်သည်။

"နောက်တစ်ခါကျရင် မင်း အသက်ရှင်နိုင်အောင် အကောင်းဆုံးကြိုးစားပါ.....မင်းထပ်ပြီး အရိုက်ခံရပြီး သွေးအန်ရင်တော့ ငါ့ကို အကူအညီလာမတောင်းနဲ့"

ကြက်ပေါက်နှင့် ငြင်းခုံပြီးနောက် ခွေးဝါကြီးက လုယွီကို လှည့်ကြည့်လိုက်သည်။

"ဂျူနီယာညီလေး....ငါတို့က ဆရာရဲ့အမိန့်အရ မင်းကိုစောင့်ဖို့ ဒီနေရာကို ရောက်နေတာပဲ"

ခွေးဝါကြီး၏မျက်နှာအမူအယာ ရုတ်တရက် တည်ကြည်လေးနက်သွားပြီး အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

လုယွီ၏မျက်နှာအမူအယာသည် ရုတ်တရက် တည်ကြည်လေးနက်သွားပြီး မေးမြန်းလိုက်၏။

"ဆရာက ဘာအမိန့်တွေ ပေးလိုက်လဲ"

ခွေးဝါကြီးက တုံ့ပြန်အဖြေပေးသည်။

"ဆရာက ဒီအချိန် မင်းမှာ မေးခွန်းတွေအများကြီး ရှိနေမှာကို သိတယ်.... ဒါပေမဲ့ ဆရာက ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ထားပြီးပြီ.... လျှို့ဝှက်ချက်တွေအားလုံးက နောက်ဖေးခြံဝန်းထဲက အိမ်ထဲမှာ ဝှက်ထားတယ်....မင်း ဝင်သွားပြီးရင် အကြောင်းအရင်းနဲ့အကျိုးဆက်ကို အလိုလိုသိသွားလိမ့်မယ်"

လုယွီက အသက်ပြင်းပြင်းရှိုက်ပြီး ထပ်မံ၍ မေးမြန်းသည်။

"လောကနှစ်ခုတောင်တန်းမှာ ဆရာရဲ့အခြေအနေက ဘယ်လိုရှိလဲ"

အမှန်အားဖြင့် လုယွီနှင့်ရီဟန်တို့သည် တွေ့ဆုံရန်အတွက် အခွင့်အရေးများစွာ မရှိခဲ့ချေ။

သို့ရာတွင် ကျိုးထျန်းယင်၏မှတ်ဥာဏ်များအတွင်းတွင် ရီဟန်သည် ကြင်နာပြီး ဖော်ရွေသော လူအိုကြီးတစ်ဦးပင်။ ကျိုးထျန်းယင် မင်းသားဘဝ၌ ရှိနေစဥ်တွင် သူသည် ရီဟန်နှင့် အချိန်အတော်ကြာ အတူနေခဲ့ဖူးသည်။

ကျိုးထျန်းယင်သည် မင်းသားဘဝတွင် ရုတ်တရက် အောင်မြင်ကျော်ကြားလာခဲ့သည့် အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ ရီဟန်၏ ဂရုတစိုက်လမ်းညွှန်မှုကြောင့်ဟု ဆိုနိုင်ပေ၏။

ယခင်ဘဝတွင် သူသည် လုယွီကို လေနှင့်မိုးဒဏ်မှ ကာကွယ်ပေးခဲ့သည်။ ဤဘဝတွင်လည်း သူသည် လုယွီအတွက် စိတ်ရောကိုယ်ပါ စီစဉ်ပေးခဲ့သည်။

ရီဟန်၏အကူအညီမရှိခဲ့လျှင် လုယွီသည် ကောင်းကင်ဘုံနယ်မြေ၌ ယခုကဲ့သို့ လွတ်လပ်စွာ နေထိုင်နိုင်မည် မဟုတ်ချေ။

ခွေးဝါကြီးက သက်ပြင်းရှည်ကြီးရှိုက်ပြီး ပြောဆိုသည်။

"ရှေးဟောင်းနတ်ဆိုးတွေက ရက်စက်ကြမ်းတမ်းတယ်...အချိန်အတော်ကြာ မျိုးပွားပြီးတဲ့နောက်မှာ နတ်ဆိုးမျိုးနွယ်စုတစ်စုစီရဲ့ အရေအတွက်က အဆမတန် တိုးပွားလာပြီးတော့ ထိပ်သီးကျင့်ကြံသူတွေက တိမ်စိုင်တွေလိုပေါများတယ်"

"အဲ့ဒီက တိုက်ပွဲက အရမ်းအန္တရာယ်များတယ်.... ဆရာနဲ့ စာပေသူတော်စင်ကျန်းတို့ အဲ့ဒီနေရာကနေ ထွက်လို့မရဘူး.... ငါတို့တောင်မှ ငါတို့ရဲ့ ပုံရိပ်ယောင်တွေကိုပဲ သုံးနိုင်ပြီးတော့ အစစ်အမှန်ခန္ဓာကိုယ်တွေက ထွက်ခွာလို့ မရတော့ဘူး"

လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။ လောကနှစ်ခုတောင်တန်းတွင် မည်မျှထိ အန္တရာယ်များကြောင်း သူ သိရှိထားသည်။

လျှို့ဝှက်ကျမ်းစာမိုးကောင်းကင်ကျမ်းစာမှ ဖန်တီးထားသော ပုံရိပ်ယောင်ကမ္ဘာတွင်ဖြစ်စေ ယင်ယန်ကျမ်းစာမှတစ်ဆင့် အချိန်နှင့်လေဟာနယ်ကူးပြောင်းခြင်းတွင်ဖြစ်စေ လောကနှစ်ခုတောင်တန်းသည် လူသားနှင့်နတ်ဆိုးမျိုးနွယ်စုတို့၏ အဓိကစစ်မြေပြင်ပင်။ ဤစစ်မြေပြင်တွင် လူ့အသက်များသည် မြက်ပင်များနှင့် တူညီပေ၏။ သူတို့သည် ရက်ရက်စက်စက်သတ်ဖြတ်ခံရပြီး သွေးချောင်းစီးခဲ့သည်။

စာပေသူတော်စင်သောက်ရီပင်လျှင် ထိုနေရာ၌ သေဆုံးခဲ့ရသည်။ ထို့ကြောင့် ထိုနေရာ၌ရှိနေသူများ၏ လက်ရှိအခြေအနေကို တွေးတောကြည့်နိုင်သည်။

"တကယ်လို့ လိုအပ်ရင် ငါက လောကနှစ်ခုတောင်တန်းကို ချက်ချင်းတပ်တွေစေလွှတ်နိုင်တယ်"

လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။

ဤတစ်ကြိမ်တွင် သူသည် ထန်အင်ပါယာနှင့် တိုက်ခိုက်ရန် စစ်ရင်းနှစ်ဆယ့်ကိုးရင်းကိုသာ စေလွှတ်ခဲ့သည်။

ပုန်းကွယ်နဂါးစစ်တပ်၏ အဓိကတပ်ဖွဲ့အများစုကို လောကနှစ်ခုတောင်တန်း၏ နံဘေးပတ်ဝန်းကျင်တွင် ဖြန့်ကျက်ထားပြီး ရှေးဟောင်းနတ်ဆိုး၏လှုပ်ရှားမှုများကို အချိန်တိုင်း စောင့်ကြည့်နေခဲ့သည်။

ခွေးဝါကြီးက ခေါင်းခါလိုက်၏။

"စစ်သည်တော်တွေကို စေလွှတ်ရင် စစ်တပ်တစ်တပ်လုံးကို ထိခိုက်လိမ့်မယ်...ငါတို့ဘက်က ဘဏ္ဍာငွေတွေအများကြီး ဆုံးရှုံးလိမ့်မယ်....အခုက အဆုံးအဖြတ်တိုက်ပွဲအတွက် အချိန်မကျသေးဘူး သူတော်စင်သောက်ရီက သူ့ကိုယ်သူ နွေဦးနဲ့ဆောင်းဦးအဖြစ် ပြောင်းလဲခဲ့တယ်...အဲ့ဒီအတားအဆီးကျန်နေတာကြောင့် နတ်ဆိုးတွေက လောကနှစ်ခုတောင်တန်းကို ဖြတ်ကျော်မလာနိုင်သေးဘူး"

ခွေးဝါကြီးက ရုတ်တရက် လုယွီကို ကြည့်ကာ အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ဒါပေမဲ့ အချိန်သိပ်မကျန်တော့ဘူး... ရှေးဟောင်းနတ်ဆိုးတွေက လောကနှစ်ခုတောင်တန်းအပြင်ဘက်ကနေ သွေးတိုးစမ်းနေတယ်... သူတို့ကို တောင်တန်းကိုဖြတ်ကျော်ခွင့် ပေးလို့ မရဘူး... လူသားတွေက အင်ပါယာတွေရဲ့ပဋိပက္ခကြားမှာ ရှိနေတုန်းပဲ...ငါ စိုးရိမ်မိတာက အကျိုးဆက်တွေ စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်သွားမှာကိုပဲ"

ဤသည်မှာ လူသားများ၏ဦးခေါင်းထက်တွင် ရစ်ဝဲနေသော ဓားတစ်လက်အလားပင်။

လုယွီ ထိတ်လန့်တုန်လှုပ်သွားသည်။ ခွေးဝါကြီးသည် ဤသို့ပြောဆိုခဲ့သောကြောင့် အချိန်သိပ်မကျန်တော့ကြောင်း သက်သေပြနေပေ၏။

လုယွီထံတွင် အမှန်အားဖြင့် အင်အားများစွာ မရှိပေ။ ပုန်းကွယ်နဂါးစစ်တပ်သည် ထန်စစ်တပ်နှင့် တိုက်ခိုက်ခဲ့စဥ်၌ သေကြေပျက်စီးမှု အလွန်အမင်း များပြားခဲ့သည်။ တပ်ရင်းတချို့သည် လုံးလုံးလျားလျား ပျက်စီးသွားခဲ့လေ၏။

ရှေးဟောင်းနတ်ဆိုးများသည် လောကနှစ်ခုတောင်တန်းအား ဖြတ်ကျော်လာမည်ကို အမှန်တကယ် စောင့်ဆိုင်းနေပါက ရှေးဟောင်းနတ်ဆိုး၏ တဟုန်ထိုးတိုက်ခိုက်မှုကို မည်သူမျှ ခုခံနိုင်မည်မဟုတ်ချေ။

Chapter 5020

"ဂျူနီယာညီလေး....ဒီအကြောင်းကို လောလောဆယ် မပြောနဲ့အုံး...မင်းရဲ့ကျင့်ကြံဆင့်က မနိမ့်ပေမဲ့ လောကနှစ်ခုတောင်တန်းမှာ နာမည်ကြီးအောင် တကယ်လုပ်ချင်ရင်... နည်းနည်းခက်တယ်... ဒီအခွင့်အရေးကိုယူပြီး မင်းရဲ့ခွန်အားကို အမြန်ဆုံး တိုးတက်အောင်လုပ်ပါ..."

ကြက်ပေါက်၏မျက်လုံးများ အနည်းငယ်မှေးစင်းသွားသည်။ သူ၏မျက်နှာပေါ်ရှိ အမူအယာသည် လူတစ်ယောက်နှင့် အတော်လေးဆင်တူပြီး အလွန်လေးစားခံရသော အကြီးအကဲတစ်ဦးအလားပင်။

ခွေးဝါကြီးကလည်း ပြောဆိုသည်။

"ဆရာရဲ့သဘောက မင်းက လောကနှစ်ခုတောင်တန်းကို အရင်ဆုံး မလာသင့်ဘူး... ကောင်းကင်ဘုံနယ်မြေမှာ ရှုပ်ထွေးတဲ့ကိစ္စတွေ အများကြီးရှိပြီးတော့ မင်း ဖြေရှင်းရမယ့် အရာတွေလည်း အများကြီးရှိတယ်...နောက်ပြီး ဆရာက မင်းအတွက် စကားတချို့ မှာကြားလိုက်တယ်"

"စီနီယာအစ်ကိုကြီး...ကျေးဇူးပြုပြီး ပြောပါ..."

လုယွီက တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် တုံ့ပြန်လိုက်၏။

ခွေးဝါကြီးက လုယွီကို စူးစိုက်ကြည့်ပြီး ဖြည်းညှင်းစွာ ပြောဆိုသည်။

"ကျိုးဧကရာဇ်က အကျင့်ပျက်ခြစားပြီးတော့ လောဘကြီးပြီး ခေါင်းပုံဖြတ်တယ်...ဒါကြောင့် အင်ပါယာ ပြိုလဲပြီး မင်းဆက် ပျက်စီးခဲ့တယ်...."

"မန်ဧကရာဇ်အသစ်က လောဘကြီးပြီး မဆင်မခြင်လုပ်တယ်....သူက စည်းမျဉ်းတွေကို လျစ်လျူရှုခဲ့တာကြောင့် ပြည်သူတွေကို ဒုက္ခရောက်စေခဲ့တယ်"

"ဒီလောကကြီးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးလာတဲ့သူတွေ အရမ်းများပေမဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်တဲ့လူတွေတော့ သိပ်မများဘူး...ဆရာက မင်းကို လောကကြီးက လူတွေအားလုံးရဲ့ အကျိုးစီးပွားကို ရှာဖွေစေချင်တယ်...အာဏာနဲ့ အကျိုးအမြတ်တွေကြောင့် မင်း မဆင်မခြင်မလုပ်နဲ့.... အရာအားလုံးကို ကြည်လင်တဲ့ စိတ်နှလုံးသားနဲ့ လုပ်ဆောင်ရမယ်..."

ဤစကားများကိုပြောဆိုပြီးနောက် ခွေးဝါနှင့် ကြက်ပေါက်တို့၏ မျက်နှာအမူအယာများသည် ပုံမှန်ထက်ပို၍ တည်ကြည်လေးနက်သွားသည်။

သူတို့၏မျက်လုံးနှစ်စုံဖြင့် လုယွီကို စူးစိုက်၍ကြည့်နေကြပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ထွင်းဖောက်မြင်လိုသည့်အလားပင်။

လုယွီက ဦးညွှတ်ကာ ရိုသေလေးစားစွာ ပြောဆိုသည်။

"ငါက ဆရာ့ရဲ့ညွှန်ကြားချက်တွေကို လိုက်နာပါ့မယ်"

လုယွီ၏အပြုအမူကို မြင်တွေ့ချိန်၌ ခွေးဝါကြီးနှင့်ကြက်ပေါက်တို့သည် ချက်ချင်း စိတ်အေးသွားပေ၏။

"မင်း ကောင်းကင်ဘုံနယ်မြေမှာ လုပ်ခဲ့တာတွေကို ဆရာလည်း သိတယ်....မင်း ရှေ့ဆက်ရမယ့်လမ်းက ကြမ်းတမ်းပြီး ပြောင်းလဲမှုတွေနဲ့ ပြည့်နေတယ်...နှောင်းပိုင်းခေတ်ကာလတွေမှာ ဧကရာဇ်တစ်ပါးဖြစ်ရတာက သန်မာအားကောင်းတဲ့သူတောင် ရှေ့ဆက်တိုးဖို့ ခက်ခဲလိမ့်မယ်... မင်း သတိထားရမယ်... မင်း လုပ်ခဲ့ပြီးမှတော့ ရှေ့ကို ရဲရဲဝံ့ဝံ့ လျှောက်လှမ်းသင့်တယ်....ငါတို့နဲ့ ဆရာက မင်းရဲ့နောက်ခံအင်အားပဲ....အောင်မြင်တာ မအောင်မြင်တာကတော့... အနာဂတ်မျိုးဆက်တွေက ဆုံးဖြတ်ပါစေ...."

ခွေးဝါကြီးက လေသံပြတ်ပြတ်ဖြင့် ပြောဆိုလိုက်သည်။

လုယွီသည် ရုတ်တရက် သူ၏စိတ်နှလုံးသားအတွင်းတွင် နွေးထွေးသော ခံစားချက်ကို ခံစားလိုက်ရသည်။

သူသည် သူ၏ရှေ့မှ နတ်ဆိုးသားရဲနှစ်ကောင်ကို ကြည့်လိုက်ပြီး ထူးဆန်းသော နွေးထွေးမှုတစ်ခုက သူ၏စိတ်နှလုံးသားအတွင်းသို့ စီးဝင်လာသည်ကို ခံစားမိလေ၏။

အတိတ်ဘဝတွင် သူသည် တစ်ယောက်တည်းပင်။

ယခုဘဝတွင်လည်း သူသည် အောက်ဘုံရှိ သာမန်သခင်လေးတစ်ယောက်အဖြစ်မှ သူသည် ဤရာထူးနေရာသို့ တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းလာခဲ့ပြီး ကောင်းကင်ဘုံနယ်မြေ၏ အမြင့်ဆုံးအာဏာကို ကိုင်စွဲနိုင်ခဲ့သည်။

သို့ရာတွင် သူ့ကို နားလည်နိုင်သူ အလွန်နည်းပါးသည်။

ဤသည်မှာ လူတစ်ယောက်သည် အမှောင်ထုအတွင်းတွင် တစ်ယောက်တည်း စမ်းတဝါးဝါး လျှောက်သွားနေသည့်အလားပင်။

သူ သတိမထားမိလျှင် အောက်ခြေမရှိသော ချောက်နက်ကြီးအတွင်းသို့ ပြုတ်ကျသွားနိုင်သည်။

လက်ရှိအချိန်တွင် လုယွီသည် သူ ယခင်က တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသော နွေးထွေးမှုကို နောက်ဆုံး၌ ရှာဖွေတွေ့ရှိခဲ့လေ၏။

"စီနီယာအစ်ကိုတို့ကို ကျေးဇူးတင်ပါတယ်"

လုယွီက သူ၏ခန္ဓာကိုယ်ကို ကွေးညွှတ်ပြီး နတ်ဆိုးသားရဲနှစ်ကောင်အား ဦးညွှတ်အရိုအသေပြုလိုက်သည်။

လေပြေတစ်ချက် တိုက်ခတ်သွားပြီး ရှေးဟောင်းခေတ်၏ နက်ရှိုင်းသောနေရာမှ လာသော သက်ပြင်းရှိုက်သံတစ်သံအလား လုယွီ၏မျက်နှာကို တိုက်ခတ်သွားသည်။

ခွေးဝါကြီးနှင့်ကြက်ပေါက်တို့၏ ပုံရိပ်ယောင်များ ပို၍ပို၍ဝေဝါးလာသည်။ သူတို့နှစ်ဦးစလုံးသည် လုယွီကို အပြုံးနှင့်ကြည့်နေကြ၏။

"လင်းယုန်က ကောင်းကင်ယံကို ပျံတက်ပြီး ငါးက နဂါးတံခါးကို ဖြတ်ကျော်တယ်...ဒီလောကကြီးက ကြီးမားကျယ်ပြန့်ပြီးတော့ စကြာဝဠာကြီးက ပိုပြီးကြီးမားကျယ်ပြန့်မယ်... မင်းရဲ့နာမည်က ဘယ်လောက်ထိ အောင်မြင်ကျော်ကြားလာမယ်ဆိုတာ ငါ စောင့်ကြည့်နေမယ်"

ကြက်ပေါက်က ပြောဆိုသည်။

"ဂျူနီယာညီလေး...တောင်နှင့်မြစ်တွေခြားပြီး ဝေးကွာနေပေမယ့် ငါက မင်းနဲ့ပြန်တွေ့ချင်ပါတယ်....မင်းက ကောင်းကင်ဘုံရဲ့အောက်မှာ ပြိုင်ဘက်ကင်းပဲ..."

ခွေးဝါကြီး၏အသံသည် ကြည်လင်သော ကောင်းကင်အောက်တွင် ပဲ့တင်ထပ်သွားပြီး အချိန်အတော်ကြာသည်အထိ ပျက်ပြယ်မသွားခဲ့ချေ။

နတ်ဆိုးသားရဲနှစ်ကောင်၏ ပုံရိပ်ယောင်များသည် တံလျှပ်တစ်ခုကဲ့သို့ ပျောက်ကွယ်သွားသော်လည်း သူတို့၏အသံများသည် အချိန်အတော်ကြာသည်အထိ ရစ်ဝဲနေကာ ငြိမ်သက်သွားခြင်းမရှိသေးပေ။

လုယွီသည် ထွက်ခွာသွားသော ပုံရိပ်ယောင်နှစ်ခုအား အရိုအသေပြုပြီးနောက် ရိုးရှင်းသောအိမ်ထံသို့ လျှောက်လှမ်းသွားခဲ့သည်။

အိမ်တံခါးကို မပိတ်ထားချေ။ သူ ညင်သာစွာ တွန်းလိုက်သည်နှင့် သစ်သားတံခါးသည် ဖြည်းညင်းစွာ ပွင့်သွားလေ၏။။

အိမ်အတွင်းရှိ အရာရာသည် ယခင်အတိုင်း ထပ်တူထပ်မျှပင်။ အိမ်အတွင်း၌ သစ်သားစားပွဲများ ကုလားထိုင်များ စာအုပ်စင်များနှင့် အခြားအရာများသာ ရှိသည်။ ဤအိမ်သည် ကျေးလက်လယ်တောအိမ်တစ်ခုကဲ့သို့ ရိုးရှင်းပြီး သာမာန်ဆန်သည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေသည်။

လုယွီ အခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် အပြင်ဘက်ရှိ ပိုးကောင်များ၏အော်မြည်သံများနှင့် ငှက်များ၏တေးသီသံများ ချက်ချင်း ပျောက်ကွယ်သွားသည့်အလားပင်။

ဤသည်မှာ ပတ်ဝန်းကျင်ကို သီးခြားခွဲထုတ်ထားသော လေဟာနယ်နယ်မြေတစ်ခုပင်။ လုယွီ အခန်းအတွင်းသို့ ဝင်ရောက်လိုက်သည့် အချိန်အခိုက်အတန့်တွင် သူသည် ပြင်ပလောကနှင့် ပိုင်းခြားခံလိုက်ရသည်။

All Chapters