အခန်း (၅၀၂၆-၅၀၃၀)
Vol. 255 Ch. 5026-5030
Chapter 5026
အရပ်မျက်နှာအဘက်ဘက်မှ လေဟာနယ်မြင်ကွင်းသည် ရုတ်တရက် အနည်းငယ်တုန်ခါသွားပေ၏။
နောက်ထပ်အချိန်တခဏတွင် ကောင်းကင်ဘုံအလွန်မှ ကမ္ဘာလောကကြီး ပျောက်ကွယ်သွားသည်။ အတိတ်ကာလက ကောင်းကင်ဘုံနယ်မြေ၏ မြင်ကွင်းသည် လုယွီ၏မျက်လုံးရှေ့တွင် ထွက်ပေါ်လာသည်။
"ငါ နောက်ဆုံးတော့ ဒီဘဝမှာ ငါ့ရဲ့အတိတ်မှတ်ဉာဏ်တွေအားလုံးကို နိုးထလာနိုင်ခဲ့ပြီ... ငါ အချိန်အတော်ကြာ မတွေ့ခဲ့ရတဲ့ စိတ်ဝိညာဉ်စွမ်းအားကိုတောင် ခံစားလို့ရနေပြီ...ငါက မွေးရာပါ အသိပညာနဲ့ မွေးဖွားလာခဲ့တာ...ငါ ငယ်ငယ်ကတည်းက ဘယ်နေရာကို ရောက်နေလဲဆိုတာ ငါ သိခဲ့တယ်"
"ကောင်းကင်ဘုံကံကြမ္မာကျမ်းစာက တားမြစ်ထားတဲ့ကျမ်းစာတစ်ခုသက်သက် မဟုတ်ဘူး... ဒီအရာရဲ့စွမ်းအားက အတိတ်က အင်မော်တယ်တွေအားလုံးရဲ့ စိတ်ကူးစိတ်သန်းတွေကို ကျော်လွန်သွားခဲ့ပြီ....ဒီကျမ်းစာက နယ်ပယ်နှစ်ခုမှာရှိတဲ့ ကောင်းကင်ဘုံတာအိုဥပဒေသတွေရဲ့ ကန့်သတ်ချက်တွေကို တကယ်ကြီး လျစ်လျူရှုနိုင်တယ်...ဒါက ငါ့ရဲ့မှတ်ဉာဏ်တွေကို ထိန်းသိမ်းထားရင်းနဲ့ ဒီနေရာမှာ ငါ့ကို အတင်းအကြပ် ပြန်ဝင်စားစေခဲ့တယ်"
"ငါက ဒါကို ကံကြမ္မာရဲ့စီမံမှုအဖြစ် သဘောထားခဲ့တယ်....ကောင်းကင်ဘုံအလွန်ရဲ့ အသက်ရှင်ကျန်ရစ်တဲ့ အင်မော်တယ်တစ်ယောက်အနေနဲ့ ငါက ကောင်းကင်ဘုံအလွန်လောကကို ပြန်ပြီးထူထောင်ရမယ့် ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ရလိမ့်မယ်... အဲ့ဒီနေ့ကစပြီးတော့ ငါ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ငါ ချမှတ်ခဲ့တယ်...တစ်နေ့နေ့မှာ ငါက တိုက်ခိုက်ပြီးတော့ အဲ့ဒီအရေခြုံနတ်ဘုရားကျောင်းတွေကို ဖြိုချမယ်....ငါက ရှေးဦးသက်ရှိတွေအားလုံးကို သတ်ပစ်မယ်"
ဓားတစ်လက်ကဲ့သို့ ထက်ရှသော သတ်ဖြတ်လိုခြင်းအငွေ့အသက်သည် စာပေသူတော်စင်ရီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပေ၏။
သူသည် အသက်ကြီးနေပြီဖြစ်သော်လည်း ဤစကားများကို ပြောဆိုသည့်အချိန်တွင် ဓားအိမ်မှထုတ်ထားသော ထက်ရှသည့်ဓားတစ်လက်အလား ပြင်းထန်သော သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ထွက်ပေါ်လာသည်။
သူသည် ရည်မှန်းချက်ကြီးမားသော စိတ်ဓာတ်တက်ကြွသည့် လူငယ်တစ်ဦးနှင့် တူညီနေသည်။
အမှန်တရား ထွက်ပေါ်လာချိန်တွင် နာမည်ကျော်ကြားသော စာပေပညာရှိရီဟန်ထံ၌ အမှန်တကယ်ကို ဤကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ပြီး အကန့်အသတ်မရှိသော အတွေ့အကြုံမျိုး ရှိခဲ့ပေ၏။
သူသည် စာပေသူတော်စင်ဖြစ်ပြီး ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သော ပါရမီရှင်တစ်ဦးဖြစ်ခဲ့သည်။ သူသည် ငယ်ရွယ်စဉ်ကတည်းက ကျော်ကြားလာပြီး နောက်ဆုံးတွင် ကွန်ဖြူးရှပ်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်လာခဲ့ပေ၏။ သူသည် မရေမတွက်နိုင်သော ပါရမီရှင်များကို ဖိနှိပ်ပြီး တော်ဝင်ဆရာသခင် ဖြစ်လာခဲ့သည်။
သို့ရာတွင် သူသည် အထီးကျန်ဆန်နေသော လက်စားချေရန် ကြိုးစားနေသူတစ်ဦးလည်း ဖြစ်သည်။ ကောင်းကင်ဘုံတွင် သန်းရာထောင်ချီသော သက်ရှိများရှိသော်လည်း သူ တစ်ယောက်တည်းသာ အထီးကျန်နေခဲ့သည်။
စာပေသူတော်စင်ရီသည် ကျန်းဟုန်နှင့်မတူချေ။ သူသည် သူ့ဘဝတွင် လက်မထပ်ခဲ့သည့်အပြင် သားသမီးလည်း မရှိခဲ့ချေ။ သူသည် ပန်းချီကားချပ်အတွင်းမှ ထွက်လာသော သူတော်စင်တစ်ပါးနှင့် တူညီသည်။ သူသည် အစွမ်းထက်ပြီး တည်ကြည်မြင့်မြတ်ကာ ခန့်ညားထည်ဝါပေ၏။ မည်သူမျှ သူ့ကို စေ့စေ့မကြည့်ဝံ့ကြပေ။ လူအများသည် ခေါင်းငုံ့ကာ သူ့ကို ဦးညွှတ်အရိုအသေပြုကြသည်။
သို့ရာတွင် စာပေသူတော်စင်ရီသည် လက်တွေ့တွင်မူ သာမန်လူတစ်ဦးနှင့် ကွဲပြားခြားနားခြင်းမရှိချေ။ သူ့ထံတွင်လည်း အထီးကျန်မှု ဒေါသ စိတ်တိုမှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုများ ရှိနေသည်။
"အစစ်အမှန်ဂိုဏ်းရဲ့ နှစ်တွေအတွင်းမှာ ငါက အစစ်အမှန်ဂိုဏ်းဧကရာဇ်နဲ့အတူ အမဲလိုက်ခရီးထွက်ခဲ့တယ်....မင်းသားတွေအားလုံး ငါနဲ့အတူလိုက်ပါခဲ့ကြတယ်....မင်းသားတွေရဲ့စွမ်းအားတွေကို စမ်းသပ်ဖို့အတွက် အစစ်အမှန်ဂိုဏ်းဧကရာဇ်က သားကောင်အများဆုံးသတ်နိုင်တဲ့သူကို ဆုကြီးကြီးချီးမြှင့်မယ်လို့ အမိန့်ပေးခဲ့တယ်"
စာပေသူတော်စင်ရီ၏အသံသည် ညကောင်းကင်ယံတွင် ထွက်ပေါ်လာသည်။
လုယွီသည် တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေပေ၏။
"အဲ့ဒီနေ့မှာ မင်းသားတွေက အစစ်အမှန်ဂိုဏ်းဧကရာဇ်ရှေ့မှာ သူတို့ရဲ့အကောင်းဆုံးစွမ်းအားကို ပြသခဲ့ကြပြီး... သူတို့ထဲမှာ မင်းသားကျိုးထုံက သားကောင်အများဆုံးသတ်နိုင်ခဲ့တယ်...ဒါကြောင့် ဧကရာဇ်က ကျိုးထုံကို သူဆောင်ထားတဲ့ ကျောက်စိမ်းဆွဲသီးကို ဆုချီးမြှင့်ခဲ့တယ်"
လုယွီ၏နှလုံးခုန်သံ တစ်ချက်မှားသွားသည်။
မင်းသားကျိုးထုံသည် အနာဂတ်တွင် ချီဘုရင်ဖြစ်လာခဲ့သူပင်။
အတိတ်တွင် သူသည် ထိုက်ချမ်ဧကရာဇ်ကျိုးထျန်းယင်နှင့် ထီးနန်းလုခဲ့သည်။ ကံမကောင်းစွာဖြင့် သူသည် ရှုံးနိမ့်ခဲ့ပြီး သူ့၏ပိုင်နက်နယ်မြေသို့ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားခဲ့ရသည်။
သို့ရာတွင် ထိုစဉ်က ကျိုးထုံသည် ထီးနန်းဆက်ခံရန် မျှော်လင့်ချက်အကြီးမားဆုံးရှိသော မင်းသားပင်။ အစစ်အမှန်ဂိုဏ်း၏ခေတ်ကာလတွင် နောက်ဆုံးအနိုင်ရသူသည် ကျိုးထျန်းယင်ဖြစ်မည်ဟု တွေးထင်သော အရာရှိအနည်းငယ်သာ ရှိသည်။
"မင်းသားအားလုံး သားကောင်အများကြီးရခဲ့ကြတယ်.... ဒါပေမယ့် ငယ်ရွယ်တဲ့ ဆယ့်ကိုးယောက်မြောက်မင်းသား ထျန်းယင်ရဲ့ သားကောင်အိတ်ကတော့ တကယ်ကို ဗလာဖြစ်နေတယ်."
"အစစ်အမှန်ဂိုဏ်းဧကရာဇ်က သူ့ကို ဘာလို့ သားကောင်တစ်ကောင်မှ မလိုက်ခဲ့တာလဲလို့ မေးခဲ့တယ်..."
ဤအချက်ကို ပြောဆိုသည့်အချိန်တွင် စာပေသူတော်စင်ရီ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထင်ဟပ်လာသည်။
"မင်းသားထျန်းယင်က ပြန်ဖြေခဲ့တယ်.... သူက နတ်ဆိုးသားရဲငယ်လေးတွေအားလုံးကို သူတို့ရဲ့အမေက ကာကွယ်ပေးနေတာကို တွေ့ခဲ့တယ်.... နတ်ဆိုးသားရဲအမေကြီးက သူ့ရဲ့သားသမီးတွေကို သတ်မှာကို မခံစားနိုင်ဘူး.... ဒါကြောင့် ကျိုးထျန်းယင်က နတ်ဆိုးသားရဲလေးတွေကို ကာကွယ်ပေးနေတဲ့ သူတို့ရဲ့မိခင်ကို သတ်ဖြတ်ချင်စိတ် မရှိတော့ဘူး... သူက အဲ့ဒီနတ်ဆိုးသားရဲအသိုက်ကို ကာကွယ်ပေးခဲ့တယ်"
လုယွီသည် အနည်းငယ် ကြက်သေသေသွားပေ၏။
"အစစ်အမှန်ဂိုဏ်းဧကရာဇ်က ထပ်မေးတယ် တော်ဝင်မိသားစုမှာ သင်ယူခဲ့ရတာက ဧကရာဇ်လမ်းစဉ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုပဲ....သနားကြင်နာမှုက ဘယ်မှာလဲတဲ့...."
"မင်းသားထျန်းယင်က ပြန်ဖြေတယ်..... ရှေးခေတ် သူတော်စင်ဧကရာဇ်က အတွင်းနဲ့အပြင် မတူညီတဲ့နည်းလမ်းကို အသုံးပြုတဲ့ ဧကရာဇ်တစ်ပါးပဲ....ပြင်ပရန်သူကို ရင်ဆိုင်တဲ့အခါမှာ သူတို့ကို ဖျက်ဆီးဖို့ ပြင်းထန်တဲ့ဒေါသကို အသုံးပြုရမယ်....အင်ပါယာအတွင်းက ပြည်သူတွေကို ဆက်ဆံတဲ့အချိန်မှာ သူတို့ကို တတ်နိုင်သလောက် ချစ်ခင်ဖို့ နည်းလမ်းတွေအားလုံးကို အသုံးပြုရမယ်....ဒီနတ်ဆိုးသားရဲတွေက တောထဲမှာ မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ပြီးတော့ ဘယ်သူ့ကိုမှ မထိခိုက်စေခဲ့ဘူး.... သူတို့က ဘယ်သူ့ကိုမှ ထိခိုက်နာကျင်အောင် မလုပ်ခဲ့ဘူးဆိုရင် သူတို့က တာယွီရဲ့ ပြည်သူတွေပဲ.... ဒါကြောင့် သူက အဲ့ဒီနတ်ဆိုးသားရဲတွေကို မတိုက်ခိုက်ခဲ့ဘူး"
စာပေသူတော်စင်ရီ၏ အသံသည် တဖြည်းဖြည်း ကျယ်လောင်လာပေ၏။
"အစစ်အမှန်ဂိုဏ်းဧကရာဇ်ရဲ့ နောက်ဆုံးနှစ်တွေက ထီးနန်းလုပွဲရဲ့ အပြင်းထန်ဆုံးနှစ်တွေပဲ"
"မင်းသားထျန်းယင်ရဲ့မိခင်က ခန္ဓာကိုယ်အားနည်းတာကြောင့် တစ်နှစ်ပတ်လုံး အိပ်ရာထဲလဲနေခဲ့တယ်.... ဒါကြောင့် သူက သူ့အမေကို အမြဲတမ်းပြုစုခဲ့ပြီးတော့ ဘယ်တော့မှ မခွဲခွာခဲ့ဘူး"
Chapter 5027
လုယွီ၏နှလုံးခုန်သံ တစ်ချက်မှားသွားသည်။
သူ ရရှိခဲ့သည်မှာ ထိုက်ချမ်ဧကရာဇ်၏ အကြွင်းအကျန်စိတ်ဝိညာဉ်သာဖြစ်သည်။ ထိုအရာတွင် တိုတောင်းသော မှတ်ဉာဏ်အနည်းငယ်သာ ရှိပေ၏။
ထို့ကြောင့် သူ့ထံတွင် ဤကိစ္စများကို သိနားလည်ရန် နည်းလမ်းမရှိခဲ့ပေ။
အကယ်၍ သူသာ ကျိုးကောပေးခဲ့သော စိတ်ဝိညာဉ်ကို လက်ခံခဲ့ပါက သူ၏စိတ်ဝိညာဉ်နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီး ထိုက်ချမ်ဧကရာဇ်၏ပြန်လည်ဝင်စားခြင်း ဖြစ်လာနိုင်ပေမည်။
သို့ရာတွင် လုယွီသည် တခြားလူများ၏ ထိန်းချုပ်မှုကို မခံလိုခဲ့ချေ။ သူသည် ကျိုးထျန်းယင်၏ အကြွင်းအကျန်စိတ်ဝိညာဉ်ကို ခြေမွှဖျက်ဆီးခဲ့ပြီး သူ၏အတိတ်မှတ်ဉာဏ်များကို မြှုပ်နှံခဲ့သည်။
အစစ်အမှန်ဂိုဏ်းဧကရာဇ်၏ ခေတ်ကာလအတွင်းတွင် မင်းသားများအကြားမှ ပြိုင်ဆိုင်မှုသည် အလွန်ပြင်းထန်သည်ဟု ဆိုနိုင်သည်။ ဤသည်မှာ သမိုင်းမှတ်တမ်းများအတွင်းတွင် မှတ်တမ်းတင်ထားသည့်အရာပင်။
ထီးနန်းလုပွဲသည် အလွန်အန္တရာယ်များပေ၏။ မင်းသားတစ်ဆယ့်ကိုးပါးအနက် နောက်ဆုံးတွင် ခုနစ်ပါးသာ အသက်ရှင်သန်ခဲ့သည်။
ကျိုးထျန်းယင်သည် ဤသို့သော အရေးကြီးသည့်အချိန်တွင် သူ၏မိခင်နံဘေးတွင်နေကာ ပြုစုစောင့်ရှောက်ရန် အမှန်တကယ် ရွေးချယ်ခဲ့သည်။ သူသည် ကြီးမားသောအခွင့်အရေးတစ်ခုကို လွဲချော်ခဲ့ရသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
စာပေသူတော်စင်ရီက ဆက်လက်၍ ပြောဆိုသည်။
"မင်းသားထျန်းယင်က နေ့တိုင်း ဆေးကို သူကိုယ်တိုင် ဖျော်စပ်ပေးတယ်.... သူက ခါးသက်မှုကို အရင်မြည်းစမ်းပြီးမှ နွေးထွေးအောင် မှုတ်ပေးတယ်.... ပြီးတော့ သူက သူ့ရဲ့အမေသောက်ဖို့ ဂရုတစိုက် လက်ကမ်းပေးတယ်...သူက သူ့ရဲ့အမေ အိပ်ပျော်မသွားသေးတဲ့အချိန်ထိ နေ့ရောညပါ ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်...သူ့ရဲ့အမေ အိပ်ပျော်သွားမှ သူအိပ်တယ်...နန်းတော်ထဲမှာ သူ့ရဲ့အမေ ပစ်မှတ်ထားခံရမှာကို စိုးရိမ်တာကြောင့် သူက သူရဲ့ငွေကြေးတွေအားလုံးကို သုံးခဲ့တယ်...သူက သူရဲ့အမေအတွက် အကောင်းဆုံးလုပ်ပေးကြဖို့ပဲ မျှော်လင့်ပြီးတော့ ပတ်ဝန်းကျင်က နန်းတွင်းအပျိုတော်တွေနဲ့ မိန်းမစိုးတွေကို လာဘ်ထိုးခဲ့တယ်"
လုယွီက အသက်ပြင်းပြင်းရှူပြီး ဖြည်းညှင်းစွာ သက်ပြင်းရှိုက်လိုက်သည်။
"ကွယ်လွန်သူဧကရာဇ်ရဲ့ မိဘအပေါ်သိတတ်မှုက အရမ်းကြီးမားတာပဲ"
စာပေသူတော်စင်ရီက ပြောဆိုသည်။
"ဒါကြောင့် ငါက အစစ်အမှန်ဂိုဏ်းဧကရာဇ်ကိုတွေ့ပြီး ဆယ့်ကိုးယောက်မြောက်မင်းသားကို အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်စေချင်ခဲ့တယ်"
အကယ်၍ တခြားအရာရှိများသာဖြစ်ပါက မင်းသားတစ်ယောက်ကို အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်စေခြင်းသည် ကြီးလေးသောပြစ်မှု ဖြစ်ပေလိမ့်မည်။ သူသည် ဧကရာဇ်၏ သံသယဝင်ခြင်းကိုပင် ခံရပြီး သူ၏မိသားစုဝင်အားလုံး သတ်ဖြတ်ခံရပေမည်။
သို့ရာတွင် စာပေသူတော်စင်ရီသည် ဧကရာဇ်၏ ဆရာသခင်ပင်။ ဧကရာဇ်ဝူကျုံး၏ခေတ်ကာလကတည်းက သူသည် တော်ဝင်ဆရာသခင်ဖြစ်ခဲ့ပေ၏။
သူ ပြောသည့်စကားများသည် ဖီဆန်၍မရသော စည်းမျဥ်းဥပဒေအလားပင်။ ဧကရာဇ်ပင်လျှင်ဤကိစ္စကို လေးလေးနက်နက် စဉ်းစားတွေးတောရသည်။
"အစစ်အမှန်ဂိုဏ်းဧကရာဇ်က မလိုလားတဲ့ပုံစံနဲ့ ပြောခဲ့တယ်.... သူက မင်းသားထျန်းယင်ရဲ့ စရိုက်က အရမ်းနူးညံတာကြောင့် အခြေအနေအရပ်ရပ်ကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့ စိုးရိမ်ပူပန်ခဲ့တယ်"
"ငါက အစစ်အမှန်ဂိုဏ်းဧကရာဇ်ကို မင်းသားထျန်းယင်ရဲ့ ဆရာသခင်ဖြစ်ချင်တယ်လို့ပြောခဲ့တယ်"
လုယွီသည် စာပေသူတော်စင်ရီကို ကြည့်လိုက်သည်။ သူ ဤကိစ္စကို နားလည်သဘောပေါက်သွားလေပြီ။ ဆယ့်ကိုးယောက်မြောက် မင်းသားကျိုးထျန်းယင်သည် လူငယ်တစ်ဦးသာဖြစ်လေရာ လောကကြီးတွင် ပြိုင်ဘက်ကင်းဖြစ်သည်အထိ မည်သည်ကြောင့် ကျော်ကြားလာနိုင်မည်နည်း။
ဤသည်မှာ အမွေအနှစ်တစ်ခုကြောင့်ပင်။ စာပေသူတော်စင်ရီသည် ကျိုးထျန်းယင်ကို လမ်းညွှန်ပေးကာ သူကို အမြင့်သို့တွန်းတင်ပြီး ထောက်ပံ့ပေးခဲ့သည်။
စာပေသူတော်စင်ရီ၏အာမခံချက်ဖြင့် အစစ်အမှန်ဂိုဏ်းဧကရာဇ်သည် ကျိုးထျန်းယင်ကို အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်လိုက်သည်မှာ သဘာဝကျပေ၏။
ကျိုးထျန်းယင်သည် အာဏာရခဲ့သည်မှာ ဆယ်နှစ်သာရှိသေးသော်လည်း သူသည် သူ့ကိုယ်ကိုသတ်သေပြီး သေဆုံးကာ ပြန်လည်ဝင်စားခဲ့ပြီးဖြစ်သည်။
ဆယ်နှစ်အတွင်း သူသည် သူ့၏အမိန့်အား မနာခံသူများကို အပြစ်ပေးခဲ့ပြီး ဒေသအသီးသီးကို သိမ်းပိုက်ခဲ့သည်။ သူသည် ဥပဒေကို အလေးပေးခဲ့ပြီး စာပေနှင့်ယဉ်ကျေးမှုကို လေးစားခဲ့ကာ တာယွီအင်ပါယာကို ကောင်းကင်ဘုံနယ်မြေတွင် တောက်ပစေခဲ့သည်။ တာယွီအင်ပါယာရှိ လူ့အဖွဲ့အစည်းသည် တည်ငြိမ်ပြီး ကျန်းမာသန်စွမ်းကာ စီးပွားရေးသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပေ၏။ ပြည်သူများ၏လူနေမှုအဆင့်အတန်းသည် များစွာ ဖွံဖြိုးတိုးတက်ခဲ့ပြီး ဤသည်ကို "ထိုက်ချမ်ရွှေခေတ်" ဟု ခေါ်တွင်ခဲ့သည်။
"မြေအောက်လောကတာအိုသခင်ကို အပြင်လူတွေက နတ်ဆိုးလို့ခေါ်ခဲ့ကြပြီးတော့ သူက မကောင်းမှုအမျိုးမျိုးကို လုပ်ခဲ့တယ်....ဒါပေမယ့် ငါ မင်းကိုတွေ့တဲ့အချိန်မှာ မင်းရဲ့ရည်ရွယ်ချက်က မဆိုးဘူးဆိုတာ ငါ ပြောနိုင်ခဲ့တယ်...မင်းရဲ့နည်းလမ်းတွေက ရက်စက်နိုင်ပေမယ့် မင်းရဲ့နှလုံးသားက ကြင်နာတတ်တယ်"
"မင်းရဲ့အရင်ဘဝမှာ မင်းက ပြန်စရာအိမ်မရှိတဲ့ မိဘမဲ့တစ်ယောက်ဖြစ်ပြီးတော့ တခြားလူတွေရဲ့ အနိုင်ကျင့်တာကို ခံခဲ့ရတယ်... အပြင်လူတွေက မင်းအတွက် အခက်အခဲတွေ ဖန်တီးခဲ့ကြတယ်....ဒီလိုပတ်ဝန်းကျင်မှာ မင်းမှာ လိမ်လည်ကောက်ကျစ်တဲ့စရိုက် မဖြစ်ပေါ်ခဲ့တာကို ငါ အရမ်းပျော်တယ်..... ဆန့်ကျင်ဘက်အနေနဲ့ မင်းရဲ့နှလုံးသားက ခိုင်မာတယ်.... ပြီးတော့ မင်းရဲ့စိတ်နှလုံးသား နက်ရှိုင်းတဲ့နေရာက ကြင်နာမှုကို မင်း ထိန်းသိမ်းထားတုန်းပဲ"
စာပေသူတော်စင်ရီက လုယွီကို အပြုံးဖြင့် ကြည့်လိုက်သည်။
ထိုအပြုံးသည် နွေဦးရာသီတွင် နေသာနေသည့်အလား လူအများ၏နှလုံးသားကို နွေးထွေးစေသည်။ စာပေသူတော်စင်ရီသည် နွေဦးခန်းမဆောင်သို့ ဝင်ရောက်ပြီး သူ၏အထွတ်အထိပ် သူတော်စင်စွမ်းအားကို အသုံးပြု၍ ကျိုးထျန်းယင်မိခင်၏ဝေဒနာကို ကုသပေးခဲ့သည်။
"မင်းသားထျန်းယင်....မင်း ငါ့ကို မင်းရဲ့ဆရာသခင်အဖြစ် လက်ခံဖို့ ဆန္ဒရှိလား"
စာပေသူတော်စင်ရီက မေးမြန်းခဲ့သည်။
ထိုနေ့တွင် ငယ်ရွယ်သော ဆယ့်ကိုးယောက်မြောက်မင်းသားကျိုးထျန်းယင်သည် မျက်ရည်များဖြင့် မြေပေါ်တွင်ဒူးထောက်ကာ အဆက်မပြတ် ဦးညွှတ်အရိုအသေပြုခဲ့သည်။ သူသည် သူ၏မိခင် ပြန်လည်ကောင်းမွန်လာသောကြောင့် စိတ်လှုပ်ရှားမှုဖြင့် မျက်ရည်များကျခဲ့လေ၏။
လုယွီ၏စိတ်နှလုံးသား တုန်ရီသွားသည်။ အချိန်အတော်ကြာ ဖုံးကွယ်ထားခဲ့သော မှတ်ဉာဏ်တစ်ခုသည် သူ၏စိတ်နှလုံးသားနက်ရှိုင်းသောနေရာတွင် ပြန်လည်အသက်ဝင်လာသည့်အလားပင်။
ထိုနေ့တွင် နွေဦးလေပြေသည် သူ၏မျက်နှာကို ဖြတ်သန်းတိုက်ခတ်သွားသည်။ ဤသည်မှာ နေမင်းကြီးကဲ့သို့ နွေးထွေးပြီး သူ၏စိတ်နှလုံးသားအတွင်း၌ ပန်းမျိုးတစ်ရာ ပွင့်လန်းလာခဲ့သည့်အလားပင်။
"ဆရာ... တပည့်က ကျေးဇူးတင်ပါတယ်"
လုယွီက တပည့်တစ်ဦးအဖြစ် ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်သည်။
စာပေသူတော်စင်ရီ၏ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွားပေ၏။
သာယာနာပျော်ဖွယ်ကောင်းသော ကျမ်းစာရွတ်ဆိုသံသည် ရှေးဟောင်းခေတ်ကာလ၏ကောင်းကင်ယံမှ ပဲ့တင်ထပ်လာပြီး လုယွီ၏စိတ်နှလုံးသားအတွင်းသို့ ကျရောက်လာသည်။
ဤသည်မှာ နေမင်းကြီးအလား နွေးထွေးကာ...
ကောင်းကင်ဘုံသည် ထာဝရတည်မြဲမည်ဖြစ်ပြီး ယောက်ျားကောင်းတစ်ယောက်သည် သူ့ကိုယ်ကို တိုးတက်အောင်လုပ်ခြင်းကို မည်သို့မျှ ရပ်တန့်မည် မဟုတ်ချေ။
Chapter 5028
" နဂါးသည် လှုပ်ရှားရန် အချိန်မကျသေးသောကြောင့် ပုန်းကွယ်ဝပ်တွားနေပေ၏ အကြောင်းအရင်းမှာ သူ၏စွမ်းအားများ ဖွံ့ဖြိုးစဖြစ်ပြီး နက်ရှိုင်းစွာ ငုပ်လျှိုးနေသောကြောင့်ပင်
နဂါးသည် လွင်ပြင်သို့ ထွက်ပေါ်လာပြီး သူ၏ကြီးမြတ်မှုသည် လောကကြီးကို စတင်၍ လွှမ်းခြုံလာတော့သည်
မြင့်မြတ်သူတစ်ယောက်သည် တစ်နေကုန် ကြိုးစားအားထုတ်ပြီး အစဥ်အမြဲ သတိဝီရီယထားသည် အကြောင်းအရင်းမှာ ဤသည်က အဆုံးမရှိသော စမ်းသပ်မှုများ၏ အစခရီးလမ်းကြောင်း ဖြစ်သောကြောင့်ပင်
နဂါးသည် ချောက်နက်ကြီး၏အစွန်းတွင် တည်ငြိမ်စွာ မတ်တတ်ရပ်နေသည် သို့ရာတွင် သူ ချောက်နက်ကြီးကို ခုန်လွှားသွားခြင်းသည် အမှားအယွင်းမရှိဘဲ တစ်ဖက်ကမ်းသို့ ရောက်ရှိသွားသည်။
နဂါးသည် ကောင်းကင်ဘုံ၌ ပျံဝဲနေပြီး ထူးချွန်သောပုဂ္ဂိုလ်သည် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ
သို့ရာတွင် အလွန်မြင့်မားစွာ ပျံသန်းနေသော နဂါးသည် နောင်တရရန်အတွက် ကံကြမ္မာပါပေ၏ အကြောင်းအရင်းမှာ မည်သည့်အရာမျှ ပြီးပြည့်စုံခြင်းအဆင့်တွင် ကြာရှည်မတည်တံ့နိုင်သောကြောင့်ပင်
ဤအကြောင်းအရင်းကြောင့် အရာအားလုံး၏ အဆုံးစွန်သော သဟဇာတဖြစ်မှု ပေါ်လွင်ထင်ရှားလာသည် ကောင်းကင်ဘုံ၏သူတော်ကောင်းတရားသည် လွှမ်းမိုးချုပ်ကိုင်ရန်မဟုတ်ဘဲ သဘာဝအတိုင်း ဖြစ်တည်လာစေရန်ပင်...."
လုယွီသည် ဤကျမ်းစာရွတ်ဆိုသံအတွင်းတွင် တဖြည်းဖြည်း နစ်မြုပ်သွားသည်။ သူ၏စိတ်သည် လောကကြီးအတွင်း၌ လှည့်လည်သွားလာနေသကဲ့သို့ ခံစားနေရပြီး သူ ရုန်းထွက်နိုင်ခြင်းမရှိချေ။
ဤသည်မှာ ဖူးရှီဖန်တီးခဲ့သော အပြောင်းအလဲကျမ်းစာပင်။ ဤကျမ်းစာသည် အလွန်ရှေးကျပြီး နက်နဲသိမ်မွေ့ပေ၏။ လုယွီသည် ကျမ်းစာ၏တစ်စိတ်တစ်ပိုင်းကို နားထောင်ပြီးနောက် ထိုအရာအတွင်းတွင် နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွားသည်။
မရေမတွက်နိုင်သော ကံကြမ္မာလမ်းကြောင်းများသည် ပိုက်ကွန်တစ်ခုအလား တစ်ခုနှင့်တစ်ခု ယှက်နွယ်နေသည်။
ဧကရာဇ်တစ်ပါးဖြစ်စေ လက်အောက်ခံအမတ်များဖြစ်စေ သူတို့သည် အလွန်မြင့်မားသောအဆင့်ထိ ရောက်ရှိသည့်တိုင်အောင် ကျင့်ကြံခဲ့လျှင်ပင် ဤကံကြမ္မာပိုက်ကွန်၏ ကန့်သတ်ချက်များမှ မလွတ်မြောက်နိုင်ပေ။
"ဒါက ပြောင်းလဲခြင်းကျမ်းစာရဲ့ တစ်စိတ်တစ်ပိုင်းပဲ....ပြီးတော့ ငါအရင်က ကျင့်ကြံခဲ့တဲ့ ကျမ်းစာတွေရဲ့ မူလအစနဲ့အတူတူပဲ...အဆုံးမှာတော့ ကမ္ဘာပေါ်က ကောင်းကင်ဘုံတာအိုဥပဒေသအားလုံးက ကံကြမ္မာရဲ့သံခြေကျင်းတွေကနေ မလွတ်မြောက်နိုင်ဘူး.... အသက်စွမ်းအားကို အဓိကကန့်သတ်ထားပြီးတော့ လေဟာနယ်နဲ့အချိန်ဥပဒေသ သံသရာဥပဒေသတွေလို မဟာတာအိုတွေတောင်... ကံကြမ္မာရဲ့အောက်မှာ လက်အောက်ခံရတယ်"
လုယွီသည် ကံကြမ္မာ၏စွမ်းအားကို ဂရုတစိုက်လေ့လာပြီးနောက် အမှန်တရားတချို့ကို နားလည်လာခဲ့သည်။
သူ၏ကံကြမ္မာကို အစပိုင်းတွင် စာပေသူတော်စင်ရီက ပြင်ပအင်အားများဖြင့် ပြုပြင်ခဲ့သည်။ ယခုချိန်၌ သူသည် ပြောင်းလဲခြင်းကျမ်းစာကို သင်ယူနိုင်သဖြင့် သူ၏ကိုယ်ပိုင်ကံကြမ္မာကို သူ ထိန်းချုပ်နိုင်လေပြီ။
ဤသည်မှာ စာပေသူတော်စင်ရီက သူ့ကိုပေးခဲ့သော ကြီးမြတ်သည့် ကံကြမ္မာကောင်းကြီးတစ်ခုပင်။
ယခုချိန်၌ သူသည် အပြောင်းအလဲကျမ်းစာနှင့် ထိုက်ကျိကို လေ့လာသင်ယူပြီးချိန်၌ သူသည် လောကကြီးအတွင်းရှိ အပြောင်းအလဲများအားလုံးကို ကျွမ်းကျင်ပိုင်နိုင်သွားသည့်အလားပင်။ ဤတစ်ကြိမ်တွင် လုယွီသည် ရှေးဦးသက်ရှိများ မည်သည်ကြောင့် ဤမျှထိ အစွမ်းထက်သည်ကို အမှန်တကယ် နားလည်သွားခဲ့ပေ၏။
"ဒီစွမ်းအားကို ငါ အသုံးပြုရင် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို တိုက်ခိုက်ပြီး ထွက်သွားနိုင်တယ်...လောကနှစ်ခုတောင်တန်းရဲ့ အပြင်ဘက်မှာတောင်မှ ငါ ရှင်သန်နိုင်လိမ့်မယ်...."
လုယွီသည် ထိုကိစ္စကို စဉ်းစားကြည့်လေလေ သူ၏နှလုံးခုန်နှုန်းများ ပို၍မြန်လာလေလေပင်။ သူ၏စိတ်ကူးများသည် အမှန်တကယ်ဖြစ်နိုင်ခြေများကြောင်း သူ ခံစားမိသည်။
"ဒီအပြောင်းအလဲကျမ်းစာကို အရင်ဆုံး လေ့လာဆင်ခြင်ရမယ်"
လုယွီသည် သူ၏စိတ်ကို တည်ငြိမ်စေပြီး အာရုံထွေပြားစေသော အတွေးအားလုံးကို ဖယ်ရှားလိုက်သည်။ သူ၏မျက်လုံးများသည် သူ၏ရှေ့မှ အပြောင်းအလဲကျမ်းစာဖြင့် ပြည့်နှက်နေပြီး သူ၏အသက်ရှူသံသည် ပုံမှန်ထက်ပို၍ တည်ငြိမ်လာပေ၏။
အေးမြသောလေပြေတစ်ရပ်က လုယွီ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းတိုက်ခတ်သွားသည်။ ပတ်ဝန်းကျင်မှ ဆူညံသံများသည် လုယွီကို အနည်းငယ်မျှ မသက်ရောက်စေခဲ့ချေ။
အကယ်၍ ဤနေရာတွင် အပြင်လူများရှိပါက လုယွီသည် နက်ရှိုင်းသော ဉာဏ်အလင်းပွင့်ခြင်းအခြေအနေတွင် ရှိနေသည်ကို တွေ့ရှိပြီး သူတို့အားလုံး သေချာပေါက် ထိတ်လန့်တုန်လှုပ်သွားပေမည်။
လုယွီ၏မျက်လုံးအတွင်းတွင် ကြယ်တာရာမြေပုံတစ်ခု ထင်ဟပ်လာသည်။
ကြယ်တာရာကောင်းကင်ယံသည် ကျယ်ပြန့်ပြီး နယ်နိမိတ်မရှိချေ။ သက်ရှိအားလုံး၏ကံကြမ္မာများသည် ဤအရာအတွင်းတွင် ပါဝင်နေသည့်အလား မဟာတာအိုလမ်းစဉ်၏ အဆုံးမရှိသော အမှန်တရားများ ရောယှက်နေသည်။
ဤသည်မှာ တာအိုဥပဒေသအားလုံးအနက် အဆင့်မြင့်သောနေရာတွင်ရှိသော ကံကြမ္မာဥပဒေသပင်။
ထိပ်ဆုံးနေရာတွင် အသက်တာအိုရှိကာ ဒုတိယ ကံကြမ္မာ တတိယ ဖုန်းရွှေ စတုတ္ထ ယင်ကုသိုလ်စွမ်းအားစုဆောင်းခြင်းနှင့် ပဉ္စမနေရာတွင် ကွန်ဖြူးရှပ်စာပေတာအိုရှိသည်။
လုယွီသည် သူ၏ယခင်ဘဝတွင် ထိပ်သီးတာအိုသခင်အဆင့်သို့ ကျင့်ကြံခဲ့သော်လည်း သူသည် ကံကြမ္မာတာအိုအကြောင်း အနည်းငယ်သာ သိရှိပေ၏။
ယခုချိန်တွင်မူ အပြောင်းအလဲကျမ်းစာကို ကျင့်ကြံပြီးနောက် လုယွီသည် ယခင်က မသိခဲ့သောတံခါးတစ်ချပ်ကို ဖွင့်လိုက်သည့်အလားပင်။
ဤလျှို့ဝှက်ဆန်းကြယ်သော ခံစားမှုသည် ပို၍အားကောင်းလာပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ ထိုက်ကျိအမှတ်အသားကို ခေါ်ထုတ်လိုက်သည်။ ဤတည်ရှိမှုကြီးနှစ်ခု ပေါင်းစပ်သွားချိန်တွင် လုယွီ၏မျက်လုံးရှေ့၌ မရေမတွက်နိုင်သော ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။
ဤပုံရိပ်ယောင်များအတွင်းတွင် သူသည် မရေမတွက်နိုင်သော ကမ္ဘာလောကများကို တွေ့ခဲ့သည်။ ဤကမ္ဘာလောကများမှအနက်မှ တချို့သည်အင်အားကြီးပြီး တချို့တွင် အင်အားနည်းကာ တချို့ကမ္ဘာလောကများ၌ သန်းရာထောင်ချီသော သက်ရှိများရှိသည်။ ထိုအရာများအားလုံးသည် လုယွီ၏စိတ်အတွင်းတွင် ဖြတ်သန်းသွားပေ၏။
"ကံကြမ္မာကို ကြိုတင်မခန့်မှန်းနိုင်ဘူး... မဟုတ်ရင် ဖူးရှီက အပြောင်းအလဲကျမ်းကို ကျွမ်းကျင်ခဲ့မှတော့ သူ သေရမယ်ဆိုတာကို ကြိုတင်မခန့်မှန်းနိုင်ခဲ့ဘဲ နေမှာမဟုတ်ဘူး"
ဤအချက်ကို နားလည်ပြီးနောက် လုယွီ၏ စိတ်နှလုံးသားအတွင်းမှ ကံကြမ္မာတာအိုအပေါ် နားလည်သဘောပေါက်မှု လျင်မြန်စွာမြင့်တက်လာသည်။
မဟာတာအိုဂိတ်တံခါးရှေ့တွင် ကံကြမ္မာဥပဒေသကို ကိုယ်စားပြုသော အလင်းတိုင်တစ်တိုင် ရုတ်တရက် ထွက်ပေါ်လာပြီး မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။ ထိုအရာ၏အရှိန်အဝါသည် ထူထပ်သိပ်သည်းပြီး လွှမ်းမိုးချုပ်ကိုင်နိုင်ကာ လုယွီကျွမ်းကျင်ခဲ့သော တခြားမဟာတာအိုဥပဒေသအားလုံးကို ကျော်လွန်သွားသည်။
လုယွီသည် ပလ္လင်ခွေထိုင်နေသည်မှာ အချိန်မည်မျှထိ ကြာမြင့်သွားပြီဖြစ်ကြောင်း မသိသော်လည်း သူ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
သူ၏မျက်လုံးများသည် တောက်ပပြီး ကြည်လင်နေကာ အရာအားလုံးကို ထိုးထွင်းသိမြင်နိုင်သော အရိပ်အယောင်ကို ဖော်ပြနေသည်။ သူသည် အသိပညာဗဟုသုတကြွယ်ဝပြီး နက်နဲသိမ်မွေ့ကာ မြင့်မြတ်ပေ၏။
ယနေ့တွင် လုယွီသည် ကံကြမ္မာတာအိုဥပဒေသကို ကျင့်ကြံခဲ့လေ၏။
Chapter 5029
ကံကြမ္မာဥပဒေသကို ထိန်းချုပ်ခြင်းသည် လုယွီ၏ခွန်အားကို မြှင့်တင်ပေးနိုင်ခြင်း မရှိသော်လည်း အနာဂတ်တွင် ဖြစ်ပျက်မည့် အရာများစွာကို ပြုပြင်နိုင်သည်။
အနာဂတ်တွင် လုယွီသည် ဘေးဒုက္ခများကို ကြိုတင်ခန့်မှန်းနိုင်ပြီး ကံကြမ္မာဆိုးကို ကံကြမ္မာကောင်းအဖြစ် ရှုံးနိမ့်ခြင်းကို အောင်မြင်ခြင်းအဖြစ် ပြောင်းလဲနိုင်ပေမည်။
ဤသည်မှာ ကြီးမြတ်သောလက်ဆောင်တစ်ခုဖြစ်ပြီး ကောင်းကင်ဘုံကို တုန်လှုပ်စေနိုင်သော ကံကောင်းမှုကြီးတစ်ခုဟု ဆိုနိုင်သည်။
စာပေသူတော်စင်ရီ ဤနေရာသို့ လာခဲ့သည့်အကြောင်းအရင်းမှာ အတိတ်ကအမှန်တရားကို ဖော်ထုတ်ရန်သာမက သူ့ကို ပြိုင်ဘက်ကင်းကျမ်းစာတစ်စောင်ဖြစ်သည့် အပြောင်းအလဲကျမ်းစာကို ပေးရန်လည်းဖြစ်သည်။
အတိတ်က ထိုက်ချန်ဧကရာဇ်နှင့် စာပေသူတော်စင်သုံးပါးတို့သည် ဖူးရှီကိုသတ်ရန် အတူတကွလုပ်ဆောင်ခဲ့ပြီး ဤရတနာနှစ်ခုကို သူ့ထံမှ ရရှိခဲ့သည်။ ယခုချိန်တွင်မူ ထိုအရာနှစ်ခုလုံးသည် လုယွီ၏လက်အတွင်းသို့ ကျရောက်လာခဲ့ပေ၏။
လုယွီသည် ဖူးရှီ၏မှတ်ဉာဏ်များမှ တစိတ်တပိုင်းကို မြင်တွေ့ခဲ့ရသော်လည်း သူ မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မသိခဲ့ရချေ။ သူအတည်ပြုနိုင်သည့် တစ်ခုတည်းသောအရာမှာ ဤရှေးဟောင်းသက်ရှိများ၏ နည်းလမ်းများသည် ကမ္ဘာလောကများအားလုံး၌ လုံးလုံးလျားလျား တူညီနေခြင်းပင်။
သူတို့သည် ကမ္ဘာလောကတစ်ခုရှိ ကြယ်နယ်မြေများပေါ်မှ သက်ရှိများကို အရင်သတ်ဖြတ်ခဲ့ပြီးနောက် စိတ်ဝိညာဉ်စွမ်းအားများကို သူတို့၏ခန္ဓာကိုယ်များအတွင်းသို့ စုပ်ယူခဲ့သည်။ အဆုံးသတ်တွင် ပျက်စီးသွားသော ကမ္ဘာလောကတိုင်းသည် ဆိတ်သုဉ်းသွားပေ၏။
စကြာဝဠာသည် ကြီးမားကျယ်ပြန့်ပြီး ကမ္ဘာလောကသုံးထောင်ရှိသည်။ ကောင်းကင်ဘုံနယ်မြေသည် ထိုကမ္ဘာများစွာအနက် သေးငယ်သောတစ်စိတ်တစ်ပိုင်းသာဖြစ်သည်။
"ဒါဆို ရေတွင်းထဲကနေ ကောင်းကင်ကိုကြည့်တဲ့ဖားသူငယ်တွေက ငါတို့ပဲကိုး..."
လုယွီက စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။ သူသည် ဤစကြာဝဠာကြီးအပေါ်အမြင်သစ်အမြောက်အများကို ရရှိခဲ့လေ၏။
အထူးသဖြင့် ဤမှတ်ဉာဏ်များ သူ၏စိတ်အတွင်းသို့ စီးဝင်လာသည်နှင့်အတူ သူတော်စင်မှတ်ဉာဏ်များလည်း ပါဝင်ခဲ့သည်။
ရီဟန် သူတော်စင်မဖြစ်မီတွင် သူသည် ငယ်ရွယ်စဉ်ကတည်းက အံ့အားသင့်ဖွယ်ကောင်းသော ပါရမီအရည်အချင်းကို ပြသခဲ့သည်။ အောက်ဘုံတွင် စိတ်ဝိညာဉ်စွမ်းအား ရှားပါးသော်လည်း သူသည် သူ၏အတိတ်ဘဝမှတ်ဉာဏ်များကို အားကိုး၍ အလွန်ငယ်ရွယ်စဉ်မှာပင် အောက်ဘုံတစ်ခု၏အရှင်သခင် ဖြစ်လာခဲ့သည်။
ကောင်းကင်ဘုံအလွန်ရှိ လူသားနယ်မြေသို့ ပြန်သွားနိုင်ရန် ရီဟန်သည် သူ၏ခွန်အားရှိသမျှဖြင့် ကျင့်ကြံခဲ့ပြီး အကန့်အသတ်မရှိ သတ်ဖြတ်ခဲ့သည်။ သူ့ကိုတားဆီးရန် ကြိုးစားသူအားလုံးသည် သူ၏ခြေထောက်အောက်တွင် နင်းခြေခြင်းခံခဲ့ရလေ၏။
လုယွီ၏မှတ်ဉာဏ်အတွင်းတွင် လူငယ်တစ်ဦး၏ပုံရိပ် ထွက်ပေါ်လာသည်။ သူ၏ပုံပန်းသဏ္ဌာန်သည် စာပေသူတော်စင်ရီနှင့် အလွန်တူသည်။ ဤသည်မှာ စာပေသူတော်စင်ရီ ငယ်ရွယ်စဉ်အချိန်က ဖြစ်ပေမည်။ ထိုလူငယ်၏မျက်လုံးများအတွင်းတွင် လောကကြီးကို အထင်သေးစွာကြည့်နေသော အေးစက်သည့်အလင်းရောင်ဖြင့် ပြည့်နှက်နေသည်။ သူသည် ထောင်သောင်းချီသော သွေးစွန်းသည့်အလောင်းများပေါ်တွင် မတ်တတ်ရပ်နေသည်။ သူသည် ငရဲနယ်မြေမှထွက်လာသော သရဲတစ္ဆေတစ်ယောက်နှင့် တူညီနေပေ၏။
အကယ်၍ အရာအားလုံးသည် ဤအတိုင်းဆက်ဖြစ်နေပါက ရီဟန်သည် ကောင်းကင်ဘုံနယ်မြေကို တဖန်ပြန်၍ကြီးစိုးပေလိမ့်မည်။ သူ ကောင်းကင်ဘုံအလွန်လောကသို့ ပြန်မသွားနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် ကောင်းကင်ဘုံနယ်မြေတွင် အရှင်သခင်တစ်ပါး ဖြစ်လာနိုင်ပေမည်။
သို့ရာတွင် ရီဟန်သည် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းလာချိန်၌ သူ၏ဘဝတစ်ခုလုံးကို ပြောင်းလဲစေခဲ့သော တစ်စုံတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။
ထိုအချိန်တုန်းက ဆောင်းရာသီညတစ်ညဖြစ်ပြီး ရီဟန်သည် ရန်သူများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရသည်။ သူသည် သူ၏အတိတ်ဘဝတွင် အစစ်အမှန်အင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း ဤဘဝ၌ သူ နာမည်ကျော်ကြားလာချိန်တွင် သူ၏အသက်အလွန်ငယ်ရွယ်ပေ၏။ ရန်သူများ၏ လိုက်လံသတ်ဖြတ်မှုကြောင့် သူသည် သူ၏အသက်ကို ဆုံးရှုံးခဲ့လုနီးပါးပင်။
အရေးကြီးသည့် အချိန်အခိုက်အတန့်တွင် ရီဟန်သည် နဂါးနယ်မြေ၏ တားမြစ်နယ်မြေအတွင်းသို့ ပြေးဝင်ခဲ့သည်။ သူသည် သူ၏မှော်စွမ်းအားများအားလုံးကို အသုံးပြုခဲ့ပြီး မိုးကောင်းကင်ယံမှနေ၍ ချောက်အတွင်းသို့ ပြုတ်ကျသွားသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏အသက်အရင်းအမြစ်သည် နက်ရှိုင်းပေ၏။ သူသည် ဒဏ်ရာအပြင်းအထန် ရခဲ့သော်လည်း သေဆုံးသွားခြင်းမရှိချေ။ တိုက်တိုက်ဆိုင်ဆိုင်ဖြင့် သူသည် နဂါးနယ်မြေတွင် တံခါးပိတ်ကျင့်ကြံနေသော စာပေသူတော်စင်တစ်ဦး၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် ရီဟန်သည် ကွန်ဖြူးရှပ်ဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး သတ်ဖြတ်ခြင်းနှင့် မုန်းတီးခြင်းများအားလုံးကို စွန့်လွှတ်ခဲ့သည်။ သူသည် ကျင့်ကြံခြင်းကို စိတ်နှစ်မြှုပ်ခဲ့ပြီး နောက်ဆုံးတွင် ကွန်ဖြူးရှပ်ဂိုဏ်း၏ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပေ၏။
ထိုစာပေသူတော်စင်ကို ဝမ်ပိုအန်းဟုခေါ်သည်။
ဝမ်ပိုအန်းသည် တပည့်သုံးဦးသာ လက်ခံခဲ့သည်။ သူတို့သည် ရီဟန် ကျန်းဟုန်နှင့် သောက်ရီတို့ပင်။
သူတို့သုံးဦးသည် အနာဂတ်တွင် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် အဓိကပုဂ္ဂိုလ်များ ဖြစ်လာကြသည်။
"ဆရာက မသေခင်မှာ ပြောခဲ့တယ်... သူ့ရဲ့နှလုံးသားက ဖြူစင်တောက်ပတယ်.... ဒါကြောင့် သူမှာ ဘာမှထပ်ပြောစရာ မရှိတော့ဘူးတဲ့...သူ လုပ်ခဲ့တဲ့အရာတွေအတွက် သူ မရှက်ခဲ့ဘူး... သူ အသိအမှတ်ပြုတဲ့လူတွေက ရိုးသားဖြောင့်မတ်ကြတယ်...မင်းလည်း ဒီသဘောထားကို ထိန်းသိမ်းထားနိုင်ဖို့ ငါ မျှော်လင့်တယ်..."
စာပေသူတော်စင်ရီသည် မှတ်ဥာဏ်၏ ဤအပိုင်းတွင် လုယွီအတွက် နောက်ဆုံးစကားများကို ချန်ထားခဲ့ပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားသည်။
ဉာဏ်အလင်းပွင့်ခြင်းမှတဆင့် လုယွီသည် သူ အလွန်များပြားသောအရာများကို တွေ့ကြုံခဲ့ရသကဲ့သို့ ခံစားခဲ့ရသည်။
သူသည် မတ်တတ်ထရပ်ပြီး ကျမ်းစာလိပ်ကို စားပွဲပေါ်သို့ ပြန်တင်လိုက်သည်။ သူသည် စားပွဲကို ထပ်ခါတလဲလဲ ဦးညွှတ်အရိုအသေပြုပြီးနောက် စာပေသူတော်စင်၏နေအိမ်မှ ထွက်ခွာသွားတော့သည်။
Chapter 5030
လုယွီသည် စာပေသူတော်စင်၏နေအိမ်မှ ထွက်ခွာခဲ့ပြီးနောက် သူသည် ပုန်းကွယ်နဂါးစစ်တပ်၏ စစ်စခန်းထံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
ဤသည်မှာ အလွန်ထူးခြားသော ဖြစ်စဉ်တစ်ခုပင်။ လုယွီသည် ကြီးမားသောအခွင့်အာဏာကို ရရှိခဲ့ပြီး တော်ဝင်မြို့တော်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့သော်လည်း သူသည် ထီးနန်းမတက်ခဲ့သည့်အပြင် နန်းတော်တွင်လည်း နေထိုင်ခဲ့ခြင်းမရှိချေ။
သူနှင့်အဆင်ပြေခဲ့သော လူတချို့သည် သူ့ကို တိတ်တဆိတ် ထောက်ခံအားပေးခဲ့ကြပြီး လုယွီထံသို့ ထီးနန်းဆက်ခံရန် တောင်းဆိုလွှာများကို ရေးသားခဲ့ကြသည်။
ဤသည်မှာ ရှေးဟောင်းအလယ်ခေတ်ကတည်းက ရှိခဲ့သော ဓလေ့ထုံးတမ်းတစ်ခုပင်။ အကယ်၍ ဧကရာဇ်တစ်ပါးကို အင်အားကြီးပုဂ္ဂိုလ်တစ်ဦးမှ ဖြုတ်ချခဲ့ပါက သူသည် ထီးနန်းမဆက်ခံမီ အနည်းဆုံး သုံးကြိမ်ငြင်းပယ်ရပေမည်။
သို့ရာတွင် လုယွီသည် တုံ့ပြန်အဖြေမပေးခဲ့ချေ။
သူသည် သဘောတူခြင်းလည်းမရှိ ငြင်းဆန်ခြင်းလည်းမရှိပေ။
ဧကရာဇ်အဖြစ်ဆက်ခံရန် တောင်းဆိုသော သဝဏ်လွှာများ အားလုံးသည် အထွေထွေရေးရာဌာနတွင်သာ ကျန်နေခဲ့သည်။ လုယွီသည် အမတ်များကို ထိုအရာများအား မှတ်တမ်းတင်ထားရန် တိတ်တဆိတ်အမိန့်ပေးခဲ့သော်လည်း သူသည် တခြားမည်သည့်အရာကိုမျှ မလုပ်ခဲ့ချေ။
အချိန်သည် ဤအတိုင်း ကုန်လွန်သွားပြီး တော်ဝင်နန်းတွင်းတစ်ခုလုံးသည် ပုံမှန်အတိုင်းလည်ပတ်နေဆဲပင်။
သို့ရာတွင် ထူးခြားသောအချက်မှာ ယခင်က အမတ်များသည် ဧကရာဇ်နှင့်တွေ့ဆုံရန် စကြာဝဠာခန်းမဆောင်သို့ သွားရောက်ရသည်။
ယခုချိန်တွင်မူ အမတ်များသည် လုယွီနှင့်တွေ့ဆုံပြီး အုပ်ချုပ်ရေးကိစ္စများကို ဆွေးနွေးလိုပါက သူနှင့်တွေ့ဆုံရန် ပုန်းကွယ်နဂါးစစ်တပ်၏ တပ်မှူးတဲသို့ သွားရောက်ခဲ့ရသည်။
ဤသည်မှာ အလွန်စည်းမျဥ်းဥပဒေမဲ့သော အပြုအမူတစ်ခုပင်။
အကယ်၍ တခြားဧကရာဇ်တစ်ပါးသာဖြစ်ပါက သူသည် ကွန်ဖြူးရှပ်ပညာရှင်များ၏ ပြစ်တင်စွပ်စွဲမှုများဖြင့် နစ်မြုပ်သွားဖွယ်ရှိသည်။
သို့ရာတွင် လုယွီသည် စာပေသူတော်စင်၏ တပည့်တစ်ဦးပင်။
စာပေသူတော်စင်၏ တိုက်ရိုက်တပည့်သည် ကွန်ဖြူးရှပ်ဂိုဏ်းတွင် အလွန်မြင့်မားသောအဆင့်၌ ရှိသည်။ သူသည် နက်ရှိုင်းသောအတွေ့အကြုံရှိသည့် မဟာကွန်ဖြူးရှပ်ပညာရှင်ကြီးတချို့နှင့် ရင်ဆိုင်ရလျှင်ပင် သူတို့ကို ဂိုဏ်းတူတပည့်များဟု ခေါ်ဆိုနိုင်သည်။
တော်ဝင်နန်းတွင်း၏ အမတ်ကြီးတစ်ယောက်ဖြစ်ကာ ရှေးရိုးစွဲအုပ်စုဝင်ဖြစ်သော ဖန်းမင်ကျီးပင်လျှင် ဓလေ့ထုံးတမ်းယဉ်ကျေးမှုမှတဆင့် လုယွီနှင့်ပတ်သက်ပြီး ပြဿနာမရှာနိုင်ခဲ့ချေ။
"အရှင်ဧကရာဇ်က ကမောက်ကမလုပ်နေတာပဲ... ငါက သမိုင်းစာအုပ်တွေထဲမှာ အရှင်ဧကရာဇ်အတွက် မကောင်းတဲ့မှတ်တမ်းတစ်ခု ကျန်ခဲ့မှာကိုပဲ စိုးရိမ်တာပါ"
ဖန်းမင်ကျီးက သူ၏စိုးရိမ်မှုကို ဖော်ပြရင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဤသည်မှာ သူ လုပ်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းပင်။ သူသည် လုယွီ လုပ်ခဲ့သမျှ အရာအားလုံးကို မှတ်တမ်းတင်ရန် သမိုင်းအရာရှိများကို အမိန့်ပေးခဲ့သည်။
ရှေးခေတ်ကတည်းက မည်သူမျှ သမိုင်း၏အကဲဖြတ်မှုကို ဂရုမစိုက်ဘဲ မနေခဲ့ချေ။
လုယွီသည်လည်း ထိုအတိုင်းပင်ဖြစ်မည်ဟု သူ ယုံကြည်ခဲ့သည်။
သို့ရာတွင် သူ၏မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်လာခဲ့ကာ လုယွီသည် ထိုကိစ္စနှင့်ပတ်သက်သော အစီရင်ခံစာများကို နားထောင်ပြီးနောက် သမိုင်းအရာရှိများကို မငြင်းဆန်ခဲ့ချေ။ သူသည် ထိုသမိုင်းအရာရှိများကို ဆက်လက်မှတ်တမ်းတင်ရန်နှင့် ထိုအရာများသည် မှန်ကန်ပြီး အချက်အလက်ကျအောင် သေချာပြုလုပ်ရန်ပင် တောင်းဆိုခဲ့လေ၏။
ဤမြင်ကွင်းသည် ရှေးရိုးစွဲအုပ်စု၏အရာရှိများအားလုံးကို စိတ်မသက်မသာဖြစ်စေခဲ့သည်။
သူတို့၏ရှေ့မှ ဧကရာဇ်အသစ်သည် သူ၏ဂုဏ်သတင်းပျက်စီးမည်ကို လုံးလုံးလျားလျားကြောက်ရွံ့ပုံမရချေ။
လုယွီ လုပ်ခဲ့သောအရာသည် သူ၏ဆန္ဒအတိုင်းလုပ်ဆောင်ခဲ့ရပုံရသည်။ သူသည် တခြားအမတ်များ၏လွှမ်းမိုးခြင်းကို ခံယူမည် မဟုတ်ပေ။
"အရာရှိတွေရဲ့ ကန့်သတ်ချက်မရှိတဲ့ ဧကရာဇ်တစ်ပါး....သူ လုပ်ချင်တာကို ဘယ်သူမှ မတားနိုင်ဘူး"
ဖန်းမင်ကျီးက သက်ပြင်းရှိုက်ပြီး သူ၏ရာထူးမှနုတ်ထွက်ကာ သူ၏ဇာတိမြေသို့ ပြန်ခွင့်ပြုရန် တောင်းဆိုခဲ့သည်။
ဖန်းမင်ကျီး ထွက်ခွာသွားသည်နှင့် လူများအားလုံးက ဤသည်မှာ ခေတ်တစ်ခေတ်၏ အဆုံးသတ်ဖြစ်သည်ဟု ခံစားခဲ့ရလေ၏။
ရှေးရိုးစွဲအုပ်စု၏အင်အား လုံးလုံးလျားလျား ကျဆုံးသွားခဲ့သည်။ လုအဖွဲ့အစည်းသည် အဆင့်မြင့်အမတ်နေရာများသို့ မဝင်ရောက်နိုင်ခဲ့သော်လည်း လူငယ်ပါရမီရှင်အမြောက်အများသည် တော်ဝင်နန်းတွင်းသို့ ရောက်ရှိလာခဲ့သည်။
ရက်အနည်းငယ်အကြာတွင် နန်းတွင်းမှနေ၍ ရာထူးခန့်အပ်မှုတစ်ခုကို ထုတ်ပြန်ကြေညာခဲ့သည်။ လီစစ်ကို ဥပဒေရေးရာဝန်ကြီးနှင့် စစ်ရေးအောင်မြင်မှုခန်းမဆောင်၏ အဓိကအတွင်းဝန်အဖြစ် ခန့်အပ်ခဲ့သည်။
ဤခန့်အပ်မှုသည် လူငယ်လေးလီစစ်ကို မုန်တိုင်း၏ထိပ်သို့ တွန်းပို့ခဲ့လေ၏။
တော်ဝင်နန်းတွင်းတစ်ခုလုံး ဆူညံပွက်လောရိုက်နေသည်။ လူအမြောက်အများသည် ဤကိစ္စကို တက်ကြွစွာ ဆွေးနွေးနေကြသည်။ လုယွီသည် လီစစ်ကို တစ်လှမ်းတည်းဖြင့် ကောင်းကင်သို့ရောက်ရှိစေပြီး အလွန်လေးစားခံရသော အရာရှိတစ်ဦးဖြစ်လာစေမည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြချေ။
ယခုအချိန်တွင် အတွင်းဝန်အဖွဲ့တွင် လူနှစ်ဦးသာရှိပြီး အမတ်ကြီးယန်ရှိုး၏နေရာတွင် အစားထိုးခဲ့ခြင်း မရှိပေ။ သူသည် အသက်ကြီးပြီး အတွေ့အကြုံရှိကာ တော်ဝင်နန်းတွင်းကို တည်ငြိမ်အောင်လုပ်နိုင်စွမ်းရှိသည်။ သို့ရာတွင် လူတိုင်းက ယန်ရှိုး၏အခွင့်အာဏာသည် လွှဲပြောင်းယူခံလိုက်ရပြီဖြစ်ကြောင်း တွေ့မြင်နိုင်ခဲ့သည်။ အစစ်အမှန်အခွင့်အာဏာသည် လီစစ်၏လက်အတွင်းတွင် ရှိနေပေ၏။
လူအများကို အမှန်တကယ် ဆွေးနွေးစေခဲ့သောကိစ္စမှာ လီစစ်၏အသက်မဟုတ်ဘဲ သူ၏နောက်ခံပင်။
သူသည် ရှေးဟောင်းမိသားစု၏ အမွေဆက်ခံသူဖြစ်သည်။
တာယွီကို တည်ထောင်ခဲ့စဥ်ကတည်းက အုပ်ချုပ်ရေးအဖွဲ့ရှိ အဓိကအတွင်းဝန်အားလုံးသည် ကွန်ဖြူးရှပ်ကျောင်းတော်သားများဖြစ်ကြသည်။ ရံဖန်ရံခါ၌ အတွင်းဝန်ရာထူးနေရာများတွင် စစ်ဘက်ဆိုင်ရာကျောင်းတော်များမှ ကျင့်ကြံသူများ ရှိခဲ့သော်လည်း အမြောက်အများမဟုတ်ချေ။