အခန်း (၅၀၃၁-၅၀၃၅)
Vol. 255 Ch. 5031-5035
Chapter 5031
သို့ရာတွင် လီစစ်ကဲ့သို့ အလွန်ကြီးမားသေ အခွင့်အာဏာကို ဆုပ်ကိုင်ထားနိုင်သော ကျင့်ကြံသူမျိုးကို တွေ့ရသည်မှာ အလွန်ရှားပါးသည်။
"အရှင်ဧကရာဇ်က ဘာလုပ်ချင်နေတာလဲ...."
"လီစစ်က ယုံကြည်ရတဲ့ အကြံပေးတစ်ယောက်ဆိုရင်တောင်... ဒီရာထူးတိုးတာက အရမ်းမြန်လွန်းတယ်.... တောင်ပိုင်းဧကရာဇ်က ရှထန်ကန်းကို ရာထူးတိုးပေးတုန်းကတောင် ဒီလောက်ထိ မမြန်ခဲ့ဘူး"
လူအများသည် လုယွီကို ပြောင်ပြောင်တင်းတင်း ဝေဖန်ဝံ့ခြင်းမရှိသော်လည်း တိတ်တဆိတ် ဆွေးနွေးနေကြသည်။
ဤသတင်းများသည်လည်း လမ်းကြောင်းအမျိုးမျိုးမှတဆင့် လုယွီ၏နားအတွင်းသို့ ပျံ့နှံ့ဝင်ရောက်လာသော်လည်း သူသည် ဤကိစ္စကို လုံးလုံးလျားလျား ဂရုမစိုက်ခဲ့ချေ။
သူ၏အာရုံစိုက်မှုသည် လောကကြီးကို တည်ထောင်သည့်လုပ်ငန်းစဉ်အပေါ်တွင် လုံးလုံးလျားလျား ကျရောက်နေသည်။ ခွေးဝါကြီးပြောခဲ့သည်မှာ အမှန်ပင်။ အနာဂတ်သည် အတားအဆီးများဖြင့် ပြည့်နှက်နေသော်လည်း သူ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ မယိမ်းမယိုင်သော စိတ်ဓာတ်ဖြင့် ရှေ့သို့တိုးရန်ပင်။ ထိုသို့ပြုလုပ်မှသာ သူသည် အရာအားလုံးကို အထက်စီးမှ ကြည့်ရှုနိုင်ပေမည်။ ထို့ပြင် စာပေသူတော်စင်နှင့် နတ်ဆိုးသားရဲတာအိုသခင်နှစ်ယောက်သည် သူ၏ကျောထောက်နောက်ခံအဖြစ် ရှိနေပေ၏။ လုယွီသည် သူ တစ်ယောက်တည်းဟု တွေးထင်ထားခြင်း မရှိတော့ချေ။
လုယွီ၏ညွှန်ကြားချက်များအောက်တွင် လီစစ်သည် ရှမိသားစုနှင့် စာရင်းရှင်းခြင်းကို စတင်ခဲ့သည်။
ပထမဦးစွာ ရှမိသားစုသည် သူတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် အပြစ်ဒဏ်ချမှတ်ခံရပေမည်။
ဒုတိယအနေဖြင့် တော်ဝင်မြို့တော်ရှိ ရှမိသားစု၏ မြေယာနှင့်ပိုင်ဆိုင်မှုများအားလုံးကို သိမ်းဆည်းခဲ့သည်။
လီစစ်၏တောင်းဆိုချက်အရ တရားရေးခုံရုံး၏ တရားစီရင်ပွဲကို ခန်းမကြီးတစ်ခုတွင် ကျင်းပခဲ့သည်။ ဤမြင်ကွင်းကိုကြည့်ရှုရန် လူတစ်ထောင်ကျော်ကို ဖိတ်ကြားခဲ့ပြီး တရားစီရင်ပွဲအတွက် တရားရေးခုံရုံးမှ ရွေးချယ်ထားသော အရာရှိများလည်း ပါဝင်သည်။
အတိတ်တွင် တရားစီရင်ပွဲကို ရုံးတော်အတွင်းတွင်သာ ကျင်းပလေ့ရှိသည်။ အပြင်လူများသည် အဝေးမှသာ ကြည့်ရှုနိုင်ပြီး အတွင်းမှအခြေအနေကို ရှင်းလင်းစွာ မမြင်နိုင်ခဲ့ချေ။
သို့ရာတွင် ယခုချိန်၌မူ တရားရေးခုံရုံးသည် ခန်းမအတွင်းတွင် ကြားနာသူများအတွက် ထိုင်ခုံများကို အထူးတလည် စီစဉ်ပေးခဲ့ပြီး လူတိုင်းအား တရားစီရင်ပွဲတစ်ခုလုံးကို အနီးကပ်ကြည့်ရှုခွင့် ပေးခဲ့သည်။ ဤသည်မှာ အမှန်တကယ်ကို မျက်စိဖွင့်ပေးသည့်အရာပင်။
တရားစီရင်ပွဲကျင်းပသည့်နေ့တွင် လူတစ်သန်းကျော် စာရင်းပေးသွင်းခဲ့ကြသည်။ နောက်ဆုံးတွင် အုပ်ချုပ်ရေးအဖွဲ့၏ စစ်ဆေးမှုအောက်၌ လူတစ်ထောင်ကျော်ကို တရားစီရင်ပွဲတွင် ကြားနာသူများအဖြစ် ပါဝင်ရန် ရွေးချယ်ခဲ့လေ၏။
တော်ဝင်နန်းတွင်းသည် ထိုနေ့က တရားစီရင်ပွဲ၏ မှတ်တမ်းကို မှတ်တမ်းတင်သလင်းကျောက်ဖြင့် မှတ်တမ်းတင်ပြီး ပြသရန် အရပ်ဒေသအသီးသီးသို့ ပေးပို့မည်ဖြစ်ကြောင်း အာမခံခဲ့သည်။
ရှမိသားစုတွင် အဖွဲ့ဝင်များစွာရှိပြီး တရားစီရင်ပွဲကို အကျဉ်းချခံထားရသော ရှမိသားစုဝင်များအတွက်သာ ကျင်းပခဲ့သည်။
ရှစ်နာရီကြာမြင့်သော တရားစီရင်ပွဲတွင် လူတိုင်း၏မျက်လုံးများသည် ထိုကိစ္စအပေါ်တွင် စူးစိုက်၍ကျရောက်နေသည်။
ဤအမှုများအနက် အလွန်အငြင်းပွားဖွယ်ရာ အမှုနှစ်ခုရှိသည်။
ထူးချွန်သောအောင်မြင်မှုများရှိသည့် ရှမိသားစု၏ စစ်သူကြီးတစ်ဦးသည် တစ်ချိန်က သူ၏လက်အောက်ငယ်သားများကို ချစ်ခင်ပြီး သာမန်ပြည်သူများကို ဂရုစိုက်ခဲ့သည်။ သူသည် စစ်သားများကြားတွင် အလွန်လူကြိုက်များခဲ့လေ၏။ သို့ရာတွင် ဤလူသည် အရာရှိရာထူးနေရာများကို ရောင်းချမှုကြောင့် ပြည်နှင်ဒဏ်ချမှတ်ခံခဲ့ရသည်။
တခြားရှမိသားစုဝင်တစ်ဦးမှာမူ သူသည် ရှထန်ကန်း၏ ဝမ်းကွဲဖြစ်သော်လည်း မည်သည့်ပြစ်မှုမှ မကျူးလွန်ခဲ့သောကြောင့် အပြစ်ဒဏ်မခံရဘဲ လွတ်မြောက်ခဲ့သည်။
ဤအဖြစ်အပျက်နှစ်ခု ပျံ့နှံ့သွားချိန်တွင် တော်ဝင်မြို့တော်နှင့် ကောင်းကင်ဘုံနယ်မြေတခွင်လုံးတွင် ချက်ချင်းဆူညံပွက်လောရိုက်သွားသည်။
"ရှေးခေတ်ကတည်းက ဧကရာဇ်တွေက ပြစ်မှုကြီးကျူးလွန်တဲ့ မိသားစုရဲ့ ဆွေစဥ်မျိုးဆက်ကိုးဆက်ကို သတ်ဖြတ်တာက ပုံမှန်ပဲ....ဒါပေမယ့် သူတို့က ရှမိသားစုဝင်တချို့ကို ဘာလို့ လွှတ်ပေးခဲ့တာလဲ"
"ဒီတရားစီရင်ပွဲအားလုံး စည်းမျဥ်းဥပဒေအတိုင်းဆောင်ရွက်တာပဲ....ဒီဧကရာဇ်က စည်းမျဥ်းဥပဒေပညာရှင်တွေကို အမြင့်ကိုတွန်းပို့ဖို့ ရည်မှန်းထားပုံပဲ"
မှတ်တမ်းတင်သလင်းကျောက်မှ ထုတ်ပြန်ကြေညာချက်နှင့်အတူ ဤတရားစီရင်မှုနည်းလမ်းကိုလည်း လောကကြီးမှ အားပေးခဲ့သည်။
လူသိရှင်ကြားတရားစီရင်ပွဲကိစ္စနှင့် နှိုင်းယှဉ်လျှင် တခြားကိစ္စတစ်ခုက ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို အမှန်တကယ် ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့သည်။
လူများအားလုံးသည် မရေမတွက်နိုင်သော အရာရှိများ ရှမိသားစုဝင်၏အိမ်တော်များအတွင်းသို့ ပြေးဝင်ပြီး သူတို့၏အိမ်များကို စတင်စီးနင်းရှာဖွေသည်ကို တွေ့ရှိခဲ့ကြလေ၏။
သူတို့သည် ရှမိသားစု၏ပိုင်ဆိုင်မှုများကို တွက်ချက်နိုင်ရန် ငါးရက်တိုင်တိုင် ဆက်တိုက်လုပ်ဆောင်ခဲ့ရသည်။ တော်ဝင်မြို့တော်ရှိ ရှမိသားစု၏ပိုင်ဆိုင်မှုသည် အမှန်တကယ်ကို တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ပမာဏပင်။
ဤပမာဏသည် တာယွီအင်ပါယာ၏အထွတ်အထိပ်ကာလတွင် နှစ်နှစ်ကြာရရှိခဲ့သော စုစုပေါင်းအခွန်အခနှင့် ညီမျှပေ၏။
ထို့ပြင် ဤသည်မှာ ရှမိသားစုက တော်ဝင်မြို့တော်တွင် ချန်ထားခဲ့သော ဓနဥစ္စာသာဖြစ်သည်။ ဤကိစ္စမတိုင်မီက ရှမိသားစုသည် သူတို့၏ပိုင်ဆိုင်မှုအများစုကို လွှဲပြောင်းခဲ့ပြီးဖြစ်သည်။
လူများအားလုံးသည် တိတ်တဆိတ် ထိတ်လန့်တုန်လှုပ်သွားကြသည်။ မျှော်လင့်ထားသည့်အတိုင်း ရှမိသားစုသည် ဧရာမအဖွဲ့အစည်းတစ်ခု အင်ပါယာတစ်ခုကဲ့သို့ ချမ်းသာကြွယ်ဝသော တည်ရှိမှုတစ်ခုဖြစ်သည်။
လုယွီသည် ရှမိသားစုဝင်များအားလုံးကို သူတို့၏ဓနဥစ္စာအားလုံးအား တော်ဝင်ဘဏ္ဍာတိုက်သို့ အပ်နှံရန် အမိန့်ပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် ရှမိသားစုကို တော်ဝင်နန်းတွင်းအား သစ္စာစောင့်သိကြောင်း ကြေညာရန် မိသားစုခေါင်းဆောင်အသစ်တစ်ဦးကို ရွေးချယ်ခိုင်းခဲ့သည်။
Chapter 5032
လုယွီနှင့်လီစစ်တို့သည် တော်ဝင်မြို့တော်အတွင်းရှိ လမ်းများတလျှောက် လမ်းလျှောက်နေကြသည်။
သူတို့နှစ်ယောက်လုံးသည် သာမန်ကျောင်းတော်သားဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့၏နုပျိုသောအသွင်အပြင်များနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့သည် တော်ဝင်မြို့တော်သို့ ပညာသင်ရန်လာရောက်ကြသော ကျောင်းတော်သားများနှင့် တစ်ထပ်တည်းတူညီနေသည်။ သူတို့ကြားတွင် ကြီးကြီးမားမားကွာခြားမှုမရှိချေ။
ဧကရာဇ်နှင့်လက်ထောက်အတွင်းဝန်တို့သည် ကျောင်းတော်သားဝတ်ရုံများဖြင့် ဤနေရာတွင် ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမျှ တွေးထင်ထားမိမည်မဟုတ်ချေ။
လုယွီနှင့်လီစစ်တို့သည် နာမည်ကျော်ကြားသော်လည်း သူတို့၏အစစ်အမှန်ပုံပန်းသွင်ပြင်ကို မြင်တွေ့ဖူးသူ အလွန်နည်းပါးသည်။ ထို့ပြင် သူတို့နှစ်ဦးသည် သန်မာအားကောင်းပြီး သူတို့နောက်လိုက်များ၏ အကာအကွယ်ကို မလိုအပ်ချေ။ ထို့ကြောင့် သူတို့နှစ်ယောက် လူအုပ်အကြားတွင် လမ်းလျှောက်ခြင်းသည် အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည်မဟုတ်ပေ။
ညသန်းခေါင်ယံဖြစ်သော်လည်း လမ်း၏တစ်ဖက်တစ်ချက်တွင် ဆိုင်တန်းများရှိနေသည်။ မီးပုံးများမှ ထင်ဟပ်နေသော ဖယောင်းတိုင်မီးများသည် အမှောင်ထုကို ပျောက်ကွယ်စေပေ၏။ လမ်းဘေးဈေးသည်များ၏အသံများနှင့် ရယ်မောသံများသည် လမ်းတလျှောက်လုံးတွင် ပျံ့နှံ့နေပြီး အလွန်အမင်းသက်ဝင်လှုပ်ရှားနေပုံရသည်။
"အရှင်ဧကရာဇ်က ညမထွက်ရအမိန့်ကို ဖျက်သိမ်းပြီးတော့ ကုန်သည်တွေကို လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်ပြုလိုက်ကတည်းက...တော်ဝင်မြို့တော်တစ်ခုလုံးရဲ့ စီးပွားရေးက အများကြီးတိုးတက်လာပြီးတော့ ညဘက်မှာ စည်ကားသိုက်မြိုက်မှုတွေ ပိုများလာတယ်"
လီစစ်သည် ညဘက်ရောက်နေသည့်တိုင် လင်းထိန်နေသည့် မီးရောင်များကို
ကြည့်ပြီး သူ၏ရောထွေးသောစိတ်ခံစားမှုများကို မထိန်းချုပ်နိုင်တော့ချေ။
အကယ်၍ အတိတ်ကဆိုလျှင် ညမထွက်ရအမိန့်ကို အချိန်ကြာမြင့်စွာကတည်းက ထုတ်ပြန်ပြီးသား ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့ သက်ဝင်လှုပ်ရှားနေသည့်မြင်ကွင်းမျိုး မည်သည့်နေရာ၌ ရှိနိုင်မည်နည်း။
လီစစ်သည် လုယွီ ဤမျှထိ အသေးစိတ်ကျလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ သူသည် ညမထွက်ရအမိန့်ကို ဖျက်သိမ်းပြီးနောက် ညဈေးကို တစ်ချိန်တည်းတွင် ဖွင့်လှစ်ခဲ့သည်။
သက်ဝင်လှုပ်ရှားနေသော ညဈေးကြောင့် လမ်းများကြားတွင် လူများဖြတ်သန်းသွားလာနေပြီး ညကောင်းကင်ယံကို အနည်းငယ်နွေးထွေးသွားစေသည်။
လုယွီသည် ရှေ့နောက်ဘေးဘီဝဲယာကို ဂရုတစိုက်ကြည့်နေသည်။
သူတို့နှစ်ဦးစကားပြောနေစဉ်မှာပင် လုယွီသည် ဆိုင်တစ်ဆိုင်၏ရှေ့သို့ရောက်သွားပြီး ရပ်တန့်လိုက်သည်။
ထိုဆိုင်တွင် လူတစ်ယောက်သည် အငွေ့တထောင်းထောင်းထနေသော ဆန်မုန့်များကို ပြုလုပ်နေသည်။ သူသည် ကောက်ညှင်းဆန်ကို အမှုန့်ကြိတ်ပြီး ပုံးတစ်လုံးအတွင်းသို့ ထည့်ထားသည်။ ထိုအရာကို မီးအေးအေးနှင့် ဖြည်းညှင်းစွာပေါင်းပြီးနောက် ပဲအနှစ်ရည်အတွင်းတွင် နှစ်လိုက်၏။ ဆန်မုန့်၏မွှေးရနံ့သည် လူအများ၏နှာခေါင်းသို့ တိုးဝင်လာပြီး သူတို့၏အစာစားချင်စိတ်ကို လှုပ်ရှားစေသည်။
"အဘိုး...ဆန်မုန့်က ဘယ်လောက်လဲ"
လုယွီက အပြုံးဖြင့် ပြောဆိုသည်။
ဆန်မုန့်ရောင်းသူမှာ အဘိုးအိုတစ်ဦးပင်။ သူသည် အလွန်အသက်အိုမင်းပုံရသည်။ သူ၏အသားအရေသည် ညိုမည်းပြီး သူ၏မျက်နှာပေါ်တွင် ဘဝအတွေ့အကြုံများဖြင့် ပြည့်နှက်နေသည်။ သို့ရာတွင် သူ၏လက်များသည် အလွန်သန့်ရှင်းပေ၏။ လုယွီ၏မေးခွန်းကို ကြားသောအချိန်တွင် သူသည် အလေ့အကျင့်အတိုင်း သူ၏လက်များကို တဘက်ဖြင့် သုတ်လိုက်သည်။
"စိတ်ဝိညာဉ်ကျောက်တုံးနှစ်ဆယ်ပါ..."
အဘိုးအိုသည် တစ်စုံတစ်ယောက်လာသည်ကို မြင်တွေ့ချိန်၌ ရိုးသားသောအပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် ချက်ချင်းထင်ဟပ်လာသည်။
လီစစ်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက နည်းနည်းဈေးကြီးတယ် ထင်တယ်... လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဒီဆန်မုန့်တစ်ခုကို စိတ်ဝိညာဉ်ကျောက်တုံးငါးတုံးပဲရှိတာ ကျွန်တော် မှတ်မိတယ်"
အဘိုးအိုသည် အလျင်အမြန် ခေါင်းညိတ်ပြီး ခါးသည်းသောအပြုံးဖြင့် ပြောလိုက်သည်။
"ညီငယ်လေးတို့....မင်းတို့မသိတဲ့ ကိစ္စတစ်ခုရှိတယ်... မကြာသေးခင်က ကုန်ပစ္စည်းဈေးနှုန်းတွေ တဟုန်ထိုးတက်သွားတယ်...ငါ့လို ဆန်မုန့်လုပ်တဲ့လူတွေအတွက် ကုန်ကြမ်းဝယ်ဖို့တောင် ခက်ခဲတယ်.... ပေါက်စီတစ်လုံးတောင် စိတ်ဝိညာဉ်ကျောက်တုံးသုံးဆယ်အထိ စျေးတက်သွားတယ်... မကြာသေးခင်ကမှ တော်ဝင်နန်းတွင်းက ကောက်ပဲသီးနှံကုန်သည်ကြီးတချို့ကို ဖိနှိပ်လိုက်လို့ အစားအသောက်ဈေးနှုန်းတွေ ပြန်ကျသွားခဲ့တယ်...ဒါပေမယ့် ကုန်ကြမ်းတွေကတော့ တော်တော်လေး ဈေးကြီးနေတုန်းပဲ... ဒါက စျေးကျပြီးတဲ့နောက်က ဈေးနှုန်းပဲ..."
လုယွီ အချိန်တခဏကြာခန့် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"အဘိုးကို ဆန်မုန့်နှစ်ခုပေးဖို့ ဒုက္ခပေးရတော့မယ်"
"ကောင်းပြီလေ.. ကြည့်ရတာတော့ မင်းတို့နှစ်ယောက်က အနီးအနားမှာရှိတဲ့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က ကျောင်းသားတွေလား"
အဘိုးအို၏လက်များသည် အလွန်လျှင်မြန်ပြီး သူသည် ပုံးထဲမှ ဆန်မုန့်များကို လျင်မြန်စွာထုတ်ယူကာ ပဲအနှစ်အတွင်းသို့ နှစ်လိုက်သည်။
လုယွီက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
"ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်လား..."
သူ၏နံဘေးမှ လီစစ်က ပြောဆိုသည်။
"အခုချိန်မှာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို ဝင်ချင်တဲ့လူတွေ အရမ်းများတယ်... ကျောင်းတော်ကို ချဲ့ထွင်ပြီးတော့ တော်ဝင်မြို့တော်မှာ ဌာနခွဲတစ်ခု ဖွင့်ထားတယ်... ဒါက ဒီအနီးအနားမှာပဲ"
လုယွီ ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ သူ၏မျှော်လင့်ချက်များအတွင်းတွင် ပါဝင်ပေ၏။
ဧကရာဇ်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ နာမည်ကျော်ကြားလာခဲ့သည်။ ထိုနေ့က လုယွီသည် ကျောင်းတော်တွင် ဟောပြောပွဲတစ်ခု ကျင်းပပေးခဲ့ပြီး ကျောင်းသားသုံးသောင်းကို ရွေးချယ်ခံများအဖြစ် ခန့်အပ်ခဲ့သည်။ ဤသည်မှာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ကြီးပွားတိုးတက်မှုကို သေချာစေခဲ့ပြီးဖြစ်သည်။
လက်ရှိချိန်၌ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် တော်ဝင်ကျောင်းတော်ကို ကျော်လွန်မည့် လက္ခဏာများအား ပြသနေပြီးဖြစ်သည်။
လုယွီသည် အဘိုးအို၏မေးခွန်းကို ခပ်ဖျော့ဖျော့အပြုံးနှင့် တုံ့ပြန်အဖြေပေးလိုက်သည်။
"ကျွန်တော်တို့က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က ကျောင်းသားတွေပါပဲ"
"ငါ သိသားပဲ...မင်းတို့ရဲ့ငယ်ရွယ်တဲ့အသက်အရွယ်ကို ကြည့်ပြီး မင်းတို့က အလားအလာရှိတဲ့ ပါရမီအရည်အချင်းရှိသူတွေဖြစ်ရမယ်"
အဘိုးအိုသည် သူ၏လက်နှစ်ဖက်ဖြင့် ကြာရွက်အတွင်းသို့ ဆန်မုန့်ကို အလျင်အမြန်ထည့်ရင်း ပြုံးလိုက်သည်။ ထို့နောက် သူသည် ထိုအရာကို လုယွီထံသို့ လက်ကမ်းပေးလိုက်၏။
Chapter 5033
လုယွီက ကျသင့်ငွေကို စားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး တင်လိုက်သည်။
ထို့နောက် လုယွီသည် ဆန်မုန့်တစ်ခုကို လီစစ်၏လက်အတွင်းသို့ ထည့်ပေးလိုက်သည်။
လီစစ်သည် ရယ်ရမလော ငိုရမလော မသိတော့ချေ။
လုယွီသည် ဧကရာဇ်တစ်ပါးဖြစ်နေပြီဖြစ်သော်လည်း သူ၏လက်ရှိအပြုအမူသည် သူ့ကို ဈေးဝယ်ထွက်ပြီး စားသောက်နေသော လူငယ်တစ်ဦးကဲ့သို့ ဖြစ်နေစေသည်။
ဤအသွင်အပြင်ကို အမတ်များသာ မြင်ပါက သေချာပေါက် ထိတ်လန့်တုန်လှုပ်သွားပေမည်။
သို့ရာတွင် လီစစ်သည် မငြင်းဆန်ခဲ့ပေ။
တာယွီအင်ပါယာကို ထိန်းချုပ်ထားသော ဧကရာဇ်နှင့်အတွင်းဝန်သည် ဆန်မုန့်များကို ဝါးစားရင်း တည်ငြိမ်အေးဆေးစွာ လျှောက်လှမ်းနေကြသည်။
"အုပ်ချုပ်ရေးအဖွဲ့က ကုန်ပစ္စည်းဈေးနှုန်းကိစ္စကို ကြိုတင်ဝင်ရောက်စွက်ဖက်ရမယ်...သူတို့က အဲ့ဒီအစားအသောက်ကုန်သည်တွေကို အစားအသောက်ဈေးနှုန်းတွေ လျှော့ချခိုင်းဖို့ တင်းမာခက်ထန်တဲ့နည်းလမ်းတွေကို သုံးရမယ်....တခြားအရာတွေကို ငါ သည်းခံနိုင်တယ်.... ဒါပေမယ့် ဒီကိစ္စက ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ သက်ဆိုင်တယ်... ဒါကြောင့် ငါ ဒါကို အချိန်ဆွဲမထားနိုင်ဘူး"
လုယွီက ပြောဆိုသည်။
"ဒီအရာရှိက အရှင်ရဲ့အမိန့်အတိုင်း လုပ်ဆောင်ပါ့မယ်"
"ပြီးတော့ ရှမိသားစုက တစ်ချိန်က အစားအသောက်လုပ်ငန်းကို ထိန်းချုပ်ခဲ့တာ ငါသိတယ်....ဒီနယ်ပယ်ကို တစ်ဦးတည်းလက်ဝါးကြီးအုပ်ခွင့် မပြုနိုင်ဘူး...ရုံးတော်က သင့်တော်သလို ဝင်ရောက်စွက်ဖက်ပြီးတော့ လိုအပ်ရင် ကောက်ပဲသီးနှံဆိုင်တချို့ကို ဝယ်ယူရမယ်....ဒါက ကောက်ပဲသီးနှံဈေးနှုန်းရဲ့ အခြေခံအုတ်မြစ်ပဲ"
လုယွီက ဆက်လက်၍ ပြောဆိုသည်။
လီစစ်သည် အချိန်တခဏတာကြာခန့် တွေဝေတုံ့ဆိုင်းသွားသော်လည်း ပြောဆိုလိုက်သည်။
"ရှမိသားစုရဲ့ စီးပွားရေးလုပ်ငန်းအများစုကို တခြားမိသားစုတွေက သိမ်းပိုက်ခဲ့ကြတယ်...သူတို့ထဲမှာ ဩဇာအာဏာအရှိဆုံးက... လုမိသားစုပဲ"
လုယွီ၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။
"လုချန်ဆောင်ကို ဒီအရာတွေကို မထိဖို့ ပြောလိုက်စမ်း....တခြားမိသားစုတွေအတွက်တော့ သူတို့စားထားသမျှကို ပြန်ထွေးထုတ်ခိုင်းလိုက်...."
လီစစ်၏စိတ်နှလုံးသား တုန်ခါသွားပြီး သူ အလျင်အမြန် သဘောတူလိုက်သည်။
လုယွီ၏တုံ့ပြန်မှုသည် အလွန်လျင်မြန်ပေ၏။ သူသည် ထိပ်သီးမိသားစုများကို အရေးယူတော့ပေမည်။
"လမ်းဘေးဆိုင်တန်းတွေကို ငါ ကြည့်ပြီးပြီ... စားသောက်ဆိုင်တစ်ဆိုင်ကို သွားပြီးတော့ အစားအသောက်အမျိုးမျိုးရဲ့ ဈေးနှုန်းတွေ ဘယ်လိုရှိလဲ ကြည့်ကြရအောင်"
လုယွီက ရုတ်တရက် ပြောဆိုသည်။
လီစစ်က ရယ်ပြုံးပြီး အလျင်အမြန် ပြောဆိုလိုက်၏။
"ကျွန်တော် အနီးအနားမှာ ကောင်းမွန်တဲ့ စားသောက်ဆိုင်တစ်ဆိုင် သိပါတယ်.... ရတနာမျှော်စင်လို့ ခေါ်တယ်...အဲ့ဒီဆိုင်က အစားအသောက်နဲ့ အဖျော်ယမကာတွေက မြို့တော်မှာအကောင်းဆုံးလို့ ဆိုနိုင်တယ်"
လုယွီက လီစစ်ကို စူးစမ်းလိုဟန်ဖြင့် ကြည့်လိုက်သည်။
"မင်းက ဒါကို ဘယ်လိုလုပ်ပြီး သိတာလဲ"
လီစစ်၏မျက်နှာသည် ချက်ချင်းဆိုသလိုပင် အနည်းငယ်နီမြန်းသွားသည်။
"ဒီအရာရှိက အရှင်ဧကရာဇ်ကို ဖုံးကွယ်မထားဝံ့ပါဘူး...ဒီအရာရှိက... အခုလက်ရှိမှာ ကျင်းယန်အမတ်ကြီရဲ့ မြေးမလေးကို လိုက်နေပါတယ်.... ကျွန်တော်က လွန်ခဲ့တဲ့ရက်အနည်းငယ်က သူနဲ့ အတူ အဲ့ဒီဆိုင်ကို လိုက်သွားခဲ့တယ်"
"..."
သူတို့နှစ်ဦးသည် ရတနာမျှော်စင်သို့ ရောက်ရှိသွားကြသည်။
ဤစားသောက်ဆိုင်ကို အလွန်ခမ်းနားထည်ဝါစွာ အလှဆင်ထားလိမ့်မည်ဟု လုယွီ အနည်းငယ်မျှ မျှော်လင့်မထားမိချေ။ ဤသည်မှာ ခမ်းနားသောအသွင်အပြင်ရှိပြီး ခုနစ်ထပ်ရှိသော အဆောက်အအုံမြင့်တစ်ခုဖြစ်သည်။ ရတနာမျှော်စင်သည် လင်းထိန်နေပြီး ကြီးကျယ်ခမ်းနားကာ ခန့်ညားထည်ဝါသောအရှိန်အဝါကို ဆောင်ထားသည်။ ဤသည်မှာ ညကောင်းကင်ယံအောက်တွင် နတ်ဘုရားနန်းတော်တစ်ခုအလားပင်။
မရေမတွက်နိုင်သော ကြီးကျယ်ခမ်းနားသည့် မြင်းရထားလုံးများသည် ရတနာမျှော်စင်၏အပြင်ဘက်တွင် ရပ်နားထားပြီး ထူးဆန်းသော နတ်ဆိုးသားရဲများဆွဲသည့် ရထားလုံးတချို့ပင် ရှိသည်။ ဤမြင်းရထားလုံးများ၏ပိုင်ရှင်များသည် ချမ်းသာကြွယ်ဝသူများ သို့မဟုတ် မြင့်မြတ်သူများဖြစ်သည်ကို မြင်တွေ့နိုင်ပေ၏။
လုယွီက ခေါင်းခါလိုက်သည်။
"ငါက အစားအသောက်ဈေးနှုန်းကို စုံစမ်းဖို့ ဒီကိုလာတာ....မင်းငါ့ကို ဒီကိုလာခိုင်းရင် အစားအသောက်ဈေးနှုန်းက အရမ်းမြင့်နေမှာမဟုတ်လား"
လီစစ်က အပြုံးနှင့်ပြောဆိုသည်။
"အရှင်ဧကရာဇ်က လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း စစ်စခန်းထဲမှာ စစ်သားတွေနဲ့အတူ နေထိုင်စားသောက်ခဲ့ရတယ်...အဲ့ဒီရက်တွေက အရမ်းခက်ခဲလွန်းတယ်...အရှင်က အခု ဧကရာဇ်ပဲ...ဈေးနှုန်းကိစ္စတွေကို အရှင့်ရဲ့လက်အောက်ငယ်သားတွေအတွက် ချန်ထားခဲ့လိုက်ပါ"
လီစစ်သည် စကားဆုံးသည်နှင့် သူ၏ခါးကြားမှ ရွှေဖြင့်သွန်းလုပ်ထားသော တံဆိပ်ပြားတစ်ခုကို ထုတ်ယူပြီး ပြောဆိုလိုက်၏။
"ဒီစားသောက်ဆိုင်ရဲ့ ပိုင်ရှင်က ကျွန်တော့်နေအိမ်ကို သူကိုယ်တိုင် ပို့ပေးခဲ့တာပါ....ဒါက ရတနာမျှော်စင်ရဲ့ ထိပ်တန်းအထူးဧည့်သည်တံဆိပ်ပြားပဲ... ကျွန်တော် ဒီနေ့ အားနေတာနဲ့ ကြုံမှတော့ အရှင်က ကျေးဇူးပြုပြီး ပျော်ပျော်ရွှင်ရွှင် သုံးဆောင်ပါ"
တခြားအရာရှိများထံသို့ လူအများမှ လက်ဆောင်ပေးပို့ခြင်းကို လုံလုံးလျားလျားတားမြစ်ထားသည်။
သို့ရာတွင် လီစစ်သည် ရိုးသားပြီး ဖြောင့်မတ်ကာ ဖုံးကွယ်လိုသည့်ရည်ရွယ်ချက် မရှိချေ။
လုယွီက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။ သူသည် လီစစ်၏စေတနာကောင်းကို မငြင်းဆန်ခဲ့ချေ။
အကယ်၍ ဧကရာဇ်နှင့် သူ၏လက်အောက်ငယ်သားများ စည်းလုံးညီညွတ်လိုပါက သူတို့ လိုက်နာရမည့် လိုအပ်သောအကြောင်းအရင်းတချို့ရှိသည်။
ထို့ပြင် လီစစ်သည် တစ်ချိန်က လုယွီ၏ စီနီယာအစ်ကိုပင်။ လုယွီသည် သူ၏ရှေ့တွင် ဧကရာဇ်တစ်ပါး၏ဟန်ပန်ကို အမှန်တကယ် မပြလိုခဲ့ပေ။
သူတို့နှစ်ယောက်သည် စားသောက်ဆိုင်ထံသို့ ခြေချလိုက်သည်နှင့် ရုတ်တရက် စားသောက်ဆိုင်တံခါးရှေ့တွင် ရပ်နေသော လူရိုင်းစစ်သားနှစ်ဦးကို တွေ့လိုက်ရသည်။ သူတို့ကို စားသောက်ဆိုင်၏အစောင့်များက တားဆီးထားသည်။
လူရိုင်းစစ်သားတစ်ဦးသည် ယောက်ျားဖြစ်ပြီး တခြားတစ်ဦးသည် မိန်းမပင်။
သူတို့နှစ်ဦးသည် လူရိုင်းစစ်တပ်အတွက် အထူးပြုလုပ်ထားသော သားရဲဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ သူတို့၏ခန္ဓာကိုယ်များသည် သန်မာထွားကျိုင်းပေ၏။ သူတို့သည် ပတ်ဝန်းကျင်ရှိ ပိုးထည်ဝတ်စုံဝတ်ထားသောလူများ စားသောက်ဆိုင်မှအစေခံများနှင့် သိသိသာသာကွဲပြားခြားနားနေသည်။
လူရိုင်းအမျိုးသားသည် အလွန်စိုးရိမ်ပုံရသည်။ သူသည် သူ၏လက်ဖြင့် အမူအယာပြကာ လူရိုင်းဘာသာစကားဖြင့် ပြောဆိုနေသည်။ လူရိုင်းအမျိုးသမီးသည် နောက်မှနေ၍ ထိုအမျိုးသား၏ လက်မောင်းကို ဆွဲထားသည်။ သူမသည် သူ့ကို ထွက်သွားရန် တိုက်တွန်းနေပုံပင်။
စားသောက်ဆိုင်အစောင့်များ၏ တာဝန်ခံသည် လူရိုင်းအမျိုးသားရှေ့တွင် မတ်တတ်ရပ်နေသည်။ သူ၏မျက်နှာပေါ်တွင် မောက်မာထောင်လွှားသော အမူအယာရှိကာ သူသည် သူတို့နှစ်ဦးကို အထင်သေးစွာ ကြည့်နေလေ၏။
"ငါ မင်းတို့ကို ဘယ်နှစ်ခါပြောရမလဲ...မင်းတို့အဝတ်အစားတွေက ညစ်ပတ်နေတာကြောင့် ငါ မင်းတို့ကို ဝင်ခွင့်မပြုဘူး"
"နံစော်နေတဲ့ စစ်သားနှစ်ယောက်... ဒါက မင်းတို့လာလို့ရတဲ့ နေရာလား...မြန်မြန် ထွက်သွားကြစမ်း"
Chapter 5034
ရတနာမျှော်စင်၏အစောင့်တာဝန်ခံတွင် အလွန်တင်းမာခက်ထန်သော သဘောထားရှိသည်။ သူသည် လူရိုင်းစစ်သားနှစ်ဦးကို ဝင်ခွင့်ပြုရန် ရည်ရွယ်ချက်မရှိချေ။
လူရိုင်းအမျိုးသားသည် အနည်းငယ် စိုးရိမ်ပူပန်နေသည်။ သူသည် သူ၏လက်များဖြင့် အမူအယာများ ဆက်လက်၍ပြသနေသည်။ ကံမကောင်းစွာဖြင့် သူ ပြောသော လူရိုင်းဘာသာစကားကို တခြားမည်သူမျှ နားမလည်နိုင်ခဲ့ချေ။
"မင်းက ငါ မင်းကိုပြောနေတဲ့ လူစကားကို နားမလည်ဘူးလား...ထွက်သွားစမ်း..."
အစောင့်တာဝန်ခံသည် အနည်းငယ် ဒေါသထွက်လာပေ၏။ သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏နောက်မှ အစောင့်တစ်အုပ် ပြေးထွက်လာသည်။ သူတို့သည် လူရိုင်းစစ်သားများကို နှင်ထုတ်လိုကြသည်။
သို့ရာတွင် လူရိုင်းအမျိုးသားသည် အရပ်ရှည်ပြီး သန်မာထွားကျိုင်းသည်။အစောင့်များသည် အကောင်းဆုံးကြိုးစားခဲ့သော်လည်း သူတို့သည် သူ့ကို လှုပ်ရှားအောင် အနည်းငယ်မျှပင် မပြုလုပ်နိုင်ခဲ့ချေ။
ဤနေရာတွင် ဖြစ်ပျက်နေသောကိစ္စများသည် လမ်းသွားလမ်းလာများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပြီးဖြစ်သည်။
ရတနာမျှော်စင်ကို ဖွင့်လှစ်ခဲ့သည်မှာ မကြာသေးချေ။ သို့သော် သူတို့သည် ဤအချိန်တွင် ဤသို့သောကိစ္စနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့ပြင် ဤလူများသည် လူရိုင်းစစ်သားများကို နှင်မထုတ်နိုင်ခဲ့ကြချေ။ ထို့ကြောင့် အစောင့်တာဝန်ခံသည် အလွန်ရှက်ရွံ့နေပေ၏။
"မင်းတို့က ရတနာမျှော်စင်ကိုလာပြီး ဒုက္ခပေးရဲတယ်....ဟုတ်လား...မင်းတို့က ဝက်ဝံနှလုံးနဲ့ ကျားသစ်သည်းခြေကို စားထားလို့ သတ္တိကောင်းနေတယ်လို့ ငါ ထင်တယ်.... ရိုက်ကြစမ်း..."
အစောင့်တာဝန်ခံက အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် အစောင့်များသည် သံတုတ်များကိုကိုင်၍ လူရိုင်းအမျိုးသားကို စတင်၍ရိုက်နှက်ခဲ့သည်။
"ဘန်း...ဘန်း...ဘန်း..."
ကျယ်လောင်သောရိုက်နှက်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ထို့နောက် လူရိုင်းအမျိုးသား၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု ရသွားပေ၏။
လူရိုင်းအမျိုးသမီးသည် အမျိုးသား၏နောက်မှနေ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူမသည် ရှေ့သို့သွားပြီး သူ့ကို ကူညီလိုသည်။ သို့ရာတွင် သူမသည် လူရိုင်းအမျိုးသားမှ နောက်သို့ပို့ကာ အခိုင်အမာကာကွယ်ခြင်းကို ခံထားရသည်။
သူတို့နှစ်ယောက်သည် သည်းခံနေကြလေ၏။ သူတို့ကို အစောင့်များမှသံတုတ်များဖြင့် ရိုက်နှက်နေသည့်တိုင် တုံ့ပြန်တိုက်ခိုက်ခြင်း မပြုချေ။
ပတ်ဝန်းကျင်မှလူများသည် သူတို့အချင်းချင်း စတင်၍တိုင်ပင်ဆွေးနွေးခဲ့ကြသည်။ သို့ရာတွင် ဤမြင်ကွင်းကို မြင်တွေ့သော်လည်း မည်သူမျှ ရှေ့သို့ထွက်လာပြီး သူတို့ကို မတားဆီးခဲ့ကြချေ။
အကယ်၍ တခြားအခြေအနေမျိုးသာဖြစ်ပါက တော်ဝင်မြို့တော်တွင် ဤသို့ အရိုက်ခံရသောလူတချို့ရှိလျှင် တရားမျှတမှုအတွက် လူတချို့က စကားပြောကောင်းပြောကြပေလိမ့်မည်။ သို့ရာတွင် အရိုက်ခံရသူသည် လူရိုင်းတစ်ယောက်ဖြစ်နေပါက အဖြစ်အပျက်သည် မတူညီတော့ချေ။
တော်ဝင်မြို့တော်ရှိ လူအများစု၏ မျက်လုံးများအတွင်းတွင် လူရိုင်းနယ်စပ်မှ လူများသည် ယဉ်ကျေးမှုမရှိသော လူရိုင်းတစ်စုသာဖြစ်သည်။ ဤလူများသည် နတ်ဆိုးသားရဲများနှင့် ကွဲပြားခြားနားခြင်းမရှိပေ။ မည်သူတစ်ဦးတစ်ယောက်မျှ လူရိုင်းများအတွက် တခြားသူများနှင့် အငြင်းပွားလိုခြင်း မရှိချေ။
ဘန်း...
သံတုတ်သည် လူရိုင်းအမျိုးသား၏နဖူးပေါ်သို့ လွှဲရိုက်ခံလိုက်ရသည်။ ရုတ်ချည်းဆိုသလိုပင် သူ၏နဖူးမှ သွေးစီးကြောင်းတစ်ကြောင်း စီးကျလာသည်။ ၎င်းသည် ကြည့်ရှုရန် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။
လုယွီသည် ဤမြင်ကွင်းကိုမြင်တွေ့ပြီးနောက် လီစစ်ထံသို့ တိတ်တဆိတ် လက်ဟန်ပြလိုက်သည်။ လီစစ်သည် လုယွီ၏ ဆိုလိုရင်းကို ချက်ချင်းနားလည်သွားပေ၏။
"မင်းတို့အားလုံး ရပ်လိုက်စမ်း"
လီစစ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဤအော်ဟစ်သံသည် အမှန်တကယ်ကိုပင် လက်ရှိနေရာတွင်ရှိနေသော အစောင့်များအားလုံးကို မှင်တက်သွားစေခဲ့သည်။
ထိုအစောင့်များသည် သံတုတ်များကို ကိုင်ဆောင်ထားကြ၏။ သူတို့သည် လီစစ် လျှောက်လှမ်းလာသည်ကို မြင်တွေ့ချိန်တွင် မည်ကဲ့သို့ လုပ်ရမည်ကို မသိတော့ချေ။
"မင်းက ဘယ်သူလဲ... ကိုယ့်အလုပ် ကိုယ်လုပ်စမ်း"
အစောင့်တာဝန်ခံက စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။
လီစစ်က အေးစက်စက်အသံဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။
"လူရိုင်းတွေရဲ့အဝတ်အစားတွေ သပ်သပ်ရပ်ရပ်ဖြစ်ဖို့ ဘာလို့လိုအပ်တာလဲ... ရတနာမျှော်စင်မှာ ဒီလိုစည်းကမ်းမျိုး ဘယ်တုန်းက ရှိခဲ့တာလဲ... ဖက်တီးလျှူ ဘယ်မှာလဲ...သူ့ကို သွားခေါ်စမ်း"
"မင်းက ငါတို့ရဲ့ဆိုင်ရှင်ကို ဒီလိုမျိုး ခေါ်ရဲတာလား...."
အစောင့်တာဝန်ခံ၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး သူက ရုတ်တရက် လေချွန်လိုက်သည်။
အချိန်တခဏအတွင်းမှာပင် ရတနာမျှော်စင်မှ သန်မာထွားကျိုင်းသော လူဆယ်ဦးကျော် ပြေးထွက်လာပြီး သူတို့၏လက်များအတွင်းတွင် သံတုတ်များကို ကိုင်ဆောင်ထားကြသည်။
ဤလူများ၏နားထင်များသည် ဖောင်းကားနေပြီး သူတို့၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် သွေးချီစွမ်းအားများ လည်ပတ်နေပေ၏။ သူတို့လမ်းလျှောက်သည့်အချိန်တိုင်း ပြင်းထန်သောအရှိန်အဝါတစ်ရပ် ထွက်ပေါ်နေပြီး သူတို့အားလုံးသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများပင်။
"ဘယ်သူက ဒုက္ခပေးနေတာလဲ... မင်းတို့က သေလမ်းရှာနေတာလား"
ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများသည် ဤနေရာသို့ သူတို့ ရောက်မလာမီမှာပင် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
ဤသည်ကိုမြင်တွေ့ချိန်တွင် ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများအားလုံး လူစုကွဲသွားကြသည်။ သူတို့သည် ထိုရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများထံမှ အန္တရာယ်အငွေ့အသက်ကို ခံစားမိပြီး သူတို့လည်း ထိခိုက်မည်ကို ကြောက်ရွံသောကြောင့် အလျင်အမြန် နောက်ဆုတ်သွားကြ၏။
လီစစ်သည် ဤသို့သောမြင်ကွင်းကြောင့် ကြောက်ရွံသွားခြင်းမရှိချေ။
ရုတ်ချည်းဆိုသလိုပင် သူသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ အထူးဧည့်သည်တံဆိပ်ပြားကို တိုက်ရိုက်ထုတ်ယူလိုက်သည်။
"မင်းတို့ ကိုယ့်ဘာသာကိုယ် ကြည့်ကြစမ်း... ဒါက ဘာလဲ"
လီစစ်က အေးစက်တင်းမာစွာ ပြောဆိုသည်။
အစောင့်များသည် ရက်စက်ကြမ်းတမ်းစွာ ပြေးလာကြသည်။ သူတို့သည် ဤမသိနားမလည်သော ကောင်လေးကို သင်ခန်းစာပေးတော့မည်အပြုတွင် ရုတ်တရက် လီစစ်၏လက်အတွင်းမှ အထူးဧည့်သည်တံဆိပ်ပြားကို မြင်တွေ့လိုက်ပြီး သူတို့၏မျက်နှာအမူအယာများ ချက်ချင်းပြောင်းလဲသွားသည်။
"မင်းက အထူးဧည့်သည်တစ်ယောက်လား... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
Chapter 5035
ရတနာမျှော်စင်သည် အသစ်တည်ထောင်ခဲ့ခြင်းဖြစ်သော်လည်း အဆင့်မြင့်စားသောက်ဆိုင်တစ်ခု၏ပုံစံကို ယူဆောင်ထားသည်။
တံလျှပ်ပင်လယ်စားသောက်ဆိုင်ကဲ့သို့ပင် ဤစားသောက်ဆိုင်၏အတွင်းပိုင်းကို ကြီးကျယ်ခမ်းနားစွာ အလှဆင်ထားသည်။ ရတနာမျှော်စင်၏အုပ်ချုပ်ရေးမှူးသည် စားသောက်ဆိုင်၏အနောက်ဘက်ခြံဝန်းတွင် နေရာလွတ်တစ်ခုကိုပင် ကြိုတင်ပြင်ဆင်ထားပြီး ဧည့်သည်များပျော်ရွှင်စေရန် ကျယ်ပြန့်သော ရေကူးကန်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။
အနယ်နယ်အရပ်ရပ်မှ ဖိတ်ကြားထားသော ကျော်ကြားသည့် စားဖိုမှူးများသည် ဤနေရာတွင် စုဝေးနေကြပြီး အစေခံအဖြစ် အလုပ်လုပ်နေသော လှပသည့်မိန်းမပျိုတချို့ပင် ရှိသည်။ သူမတို့တစ်ဦးချင်းစီသည် အလွန်ရုပ်ရည်ချောမောသော အလှပိုင်ရှင်များ ဖြစ်ပေ၏။
ဤနေရာသည် ရှုခင်းကြည့်ရှုရန် ကောင်းမွန်သော နေရာတစ်ခုဖြစ်ရုံသာမက အဆင့်အတန်း၏သင်္ကေတတစ်ခုလည်းဖြစ်သည်။ လူအများသည် ဧည့်သည်များကို ဖိတ်ကြားခြင်း သို့မဟုတ် သူတို့၏တာအိုလက်တွဲဖော်များနှင့် စိတ်ကူးယဥ်ဆန်သော ချိန်းတွေ့ခြင်းတို့ကို ဤနေရာတွင်ပြုလုပ်ရန် ရွေးချယ်လေ့ရှိသည်။
တောက်ပသောလမင်းကြီးသည် မိုးကောင်းကင်ယံ၏ မြင့်မားသောနေရာ၌ ထွန်းလင်းနေသည်။
အေးမြသောလရောင်သည် ကြီးကျယ်ခမ်းနားသော ရတနာမျှော်စင်ကို လွှမ်းခြုံထားပြီး ခမ်းနားထည်ဝါသောအရှိန်အဝါကို ပေါ်လွင်စေသည်။
လီစစ်သည် အလွန်ရိုသေလေးစားခံရသော အရာရှိတစ်ဦးဖြစ်လာခဲ့သောကြောင့် လူတချို့၏ဦးစားပေးခြင်းကို မရှောင်နိုင်ခဲ့ချေ။
ရတနာမျှော်စင်တွင် အထူးဧည့်သည်တံဆိပ်ပြားသုံးမျိုးရှိပြီး အနိမ့်ဆုံးအဆင့်မှာ ငွေတံဆိပ်ပြားဖြစ်သည်။ ထိုအရာကိုရရှိရန် လူအများသည် အနည်းဆုံး စိတ်ဝိညာဥ်ကျောက်တုံးငါးသန်းကို အသင်းဝင်ကြေးအဖြစ် ပေးဆောင်ရန်လိုအပ်သည်။ လီစစ်၏လက်အတွင်းမှ အထူးဧည့်သည်ရွှေတံဆိပ်ပြားကမူ တန်ဖိုးဖြတ်၍မရလုနီးပါးဖြစ်ပြီး ယခုအချိန်အထိ အနည်းငယ်သာရှိသည်။
လီစစ်က အထူးဧည့်သည်တံဆိပ်ပြားကို ထုတ်ယူလိုက်ချိန်တွင် ပတ်ဝန်းကျင်မှလူများသည် အံ့အားတသင့်အော်ဟစ်လိုက်ကြ၏။
သူတို့အားလုံးသည် ဤတံဆိပ်ပြား၏အဓိပ္ပာယ်ကို ချက်ချင်းသိရှိသွားကြသည်။
"မင်း... မင်းက အထူးဧည့်သည်တစ်ယောက်လား"
အစောင့်တာဝန်ခံ၏နှုတ်ခမ်း တုန်ရီသွားပြီး သူ မည်သည့်စကားကို ပြောရမည်အား မသိတော့ချေ။
သူသည် စားသောက်ဆိုင်၏အပြင်ဘက်ကို စောင့်ကြပ်ရန်သာ တာဝန်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် အစေခံတစ်ဦးပင်။
သူသည် လူရိုင်းများကဲ့သို့ အပြင်လူများကို အနိုင်ကျင့်နိုင်သော်လည်း အကယ်၍ သူသည် အထူးဧည့်သည်တစ်ဦးကို စိတ်ဆိုးအောင်လုပ်ခဲ့ပါက သူ ဒုက္ခရောက်ပေလိမ့်မည်။
"ခဏစောင့်ပါအုံး"
အစောင့်တာဝန်ခံသည် လျင်မြန်စွာ နောက်သို့လှည့်ထွက်သွားပြီး တစ်စုံတစ်ယောက်ကို ခေါ်ရန်သွားသည့်ပုံပင်။
လီစစ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
အတွင်းဝန်ရုံး၏ အဓိကအတွင်းဝန်တစ်ဦးအနေဖြင့် သူသည် ဤကဲ့သို့ သေးငယ်သည့်လူငယ်မျိုးနှင့် အငြင်းပွားမည်မဟုတ်ချေ။ သူသည် ဤကိစ္စကို လျင်မြန်စွာဖြေရှင်းပြီး လုယွီ၏အလည်အပတ်ထွက်လာမှုကို မနှောင့်နှေးစေလိုရုံသက်သက်ပင်။
လုယွီသည် ဤအချိန်တစ်လျှောက်လုံး ဆိုင်အတွင်းမှပြေးထွက်လာသော အစောင့်များကို အာရုံမစိုက်ခဲ့ချေ။ ထိုအစား သူသည် လူရိုင်းနှစ်ဦးကိုသာ ကြည့်နေခဲ့လေ၏။
လုယွီသည် လူရိုင်းဘာသာစကားကို နားလည်သည်။ ဤအချိန်တွင် သူသည် မည်သည့်ကိစ္စများဖြစ်ပျက်သွားခဲ့သည်ကို နားလည်သွားခဲ့သည်။
ဤလူရိုင်းနှစ်ဦးသည် ရတနာမျှော်စင်သို့ဝင်ရောက်ပြီး သူတို့ ပျောက်ဆုံးသွားခဲ့သော နတ်ဆိုးသားရဲကို ရှာဖွေရန် ကြံရွယ်နေကြခြင်းပင်။
လူရိုင်းနယ်စပ်မှလူများသည် နတ်ဆိုးသားရဲများနှင့် ဆက်စပ်နေသည်။ ပုံမှန်အားဖြင့် သူတို့သည် အလွန်ငယ်ရွယ်စဉ်မှာပင် နတ်ဆိုးသားရဲတစ်ကောင်ကို သူတို့၏မိတ်ဖက်သားရဲအဖြစ် ရှာဖွေကြမည်ဖြစ်သည်။
မိတ်ဖက်သားရဲတစ်ကောင်သည် လူရိုင်းများအတွက် အလွန်အရေးကြီးသည်။ ဤသည်မှာ သူတို့၏မိသားစုဝင်တစ်ယောက်နှင့် တူညီလုနီးပါးပင်။ လူရိုင်းနှစ်ဦးသည် ထိုသားရဲပျောက်ဆုံးသွားပြီးနောက် စတင်၍ရှာဖွေခဲ့ကြသည်။ ထို့နောက် သူတို့ ပျောက်ဆုံးနေသော နတ်ဆိုးသားရဲကို ရတနာမျှော်စင်က ယူသွားခဲ့ကြောင်း သိရှိခဲ့ရလေ၏။
အကယ်၍ နတ်ဆိုးသားရဲတစ်ကောင်ကို ရတနာမျှော်စင်က ယူသွားပါက မည်သို့ ဖြစ်သွားမည်ကို သူတို့၏စိတ်နှလုံးသားများအတွင်းတွင် ကောင်းစွာသိထားကြသည်။ ထိုနတ်ဆိုးသားရဲ သတ်ဖြတ်ခံရကာ စားပွဲပေါ်မှ ဟင်းပွဲများဖြစ်လာနိုင်သည်။ ထိုကြောင့် သူတို့ စိတ်လှုပ်ရှားလာပြီး ရတနာမျှော်စင်အတွင်းသို့ ကျူးကျော်ဝင်ရောက်လိုကြသည်။
အဖြစ်အပျက်၏ အကြောင်းရင်းနှင့် အကျိုးဆက်ကို နားလည်ပြီးနောက် လုယွီသည် ပါးစပ်ဖွင့်ဟပြီး ပြောဆိုရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် အစောင့်တာဝန်ခံသည် အရပ်ရှည်သောအမျိုးသမီးတစ်ဦးနှင့်အတူ လျှောက်လှမ်းလာသည်။
ထိုအမျိုးသမီးသည် မျက်နှာချေများ ထူထပ်စွာလိမ်းခြယ်ထားပြီး သူမ အနီးသို့ကပ်မလာမီမှာပင် စူးရှသောရနံ့တစ်ခုက သူ၏နှာခေါင်းအတွင်းသို့ တိုးဝင်လာသည်။ သူမ၏ဖြူဖွေးသောပေါင်တံများသည် ပေါ်လွင်နေပြီး အလွန်ဆွဲဆောင်မှုရှိပေ၏။
သို့သော် ဤအချိန်တွင် အမျိုးသမီး၏မျက်နှာပေါ်တွင် လျစ်လျူရှုမှုများဖြင့် ပြည့်နှက်နေပြီး လူစိမ်းများကို ဝင်ခွင့်မပြုဟူသော ခံစားမှုကို ပေးစွမ်းနေသည်။
"အစ်မလီ...ဒီကောင်လေးနှစ်ယောက်ပဲ..."
အစောင့်တာဝန်ခံသည် ရှေ့မှလမ်းပြကာ လုယွီနှင့်လီစစ်ကို ညွှန်ပြရင်း ပြောဆိုလိုက်သည်။
အစ်မလီ၏လက်အတွင်းတွင် အထူးဧည့်သည်ရွှေတံဆိပ်ပြားတစ်ခုကို ကိုင်ဆောင်ထားသည်။ သူမသည် လီစစ်ကို တစ်ချက်ကြည့်ပြီး ပြောဆိုလေ၏။
"ဒါက မင်းရဲ့တံဆိပ်ပြားလား"
လီစစ်က ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
"အမှန်ပဲ... ငါက အထူးဧည့်သည်တစ်ယောက်ဆိုတာ မင်း သိကတည်းက ငါတို့ကို ဝင်ခွင့်ပေးလိုက်တော့...ပြီးတော့..."
သို့ရာတွင် လီစစ်၏စကားမဆုံးမီမှာပင် အစ်မလီသည် သူ့ကို ရုတ်တရက် စကားဖြတ်ပြောလိုက်သည်။
"မင်းတို့က ဒီမှာ အထူးဧည့်သည်တစ်ယောက်လို ဟန်ဆောင်ရဲတာလား... ရိုးရိုးသားသားပြောစမ်း...မင်းတို့ ဒီတံဆိပ်ပြားကို ဘယ်ကနေ ခိုးယူခဲ့တာလဲ"
အစ်မလီက အေးစက်သောအသံဖြင့် အော်ငေါက်လိုက်သည်။