← Chapters

အခန်း (၅၀၄၆-၅၀၅၀)

Vol. 256 Ch. 5046-5050

အခန်း (၅၀၄၆-၅၀၅၀)

Vol. 256 Ch. 5046-5050

Chapter 5046

"မင်းက ဆေးပညာအကြောင်း နားလည်တယ်ဟုတ်လား..."

ကျန်းစစ်မင်က လုယွီကို ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်ရင်း အေးစက်စက် လှောင်ရယ်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် သူသည် ဟန်ဆောင်မနေတော့ဘဲ သရော်တော်တော် ပြောဆိုသည်။

"ဆေးပညာဆိုတာ အရမ်းသတိထားရတဲ့ ကိစ္စတစ်ခုပဲ....တချို့လူတွေက ဆေးလုံးဖော်စပ်တတ်တယ်လို့ ပြောကြပေမယ့် တရားဝင်အထောက်အထားတောင် မရှိဘူး... စီနီယာလု မင်းမှာ ဆေးပညာမဟာမိတ်အဖွဲ့ကနေ အသိအမှတ်ပြုထားတဲ့ သက်သေခံတံဆိပ်ပြားရော ရှိရဲ့လား..."

လုယွီက ခေါင်းခါလိုက်သည်။

ဤသည်မှာ သာမန်ဆေးပညာမဟာမိတ်အဖွဲ့တစ်ခုသာ ဖြစ်သည်။ လုယွီသည် မည်သည်ကြောင့် သူတို့၏အသိအမှတ်ပြုမှုကို လိုအပ်မည်နည်း။

ယခင်က ဆေးပညာမဟာမိတ်အဖွဲ့မှ မဟာဆေးပညာရှင်အမြောက်အများပင်လျှင် သူ့ထံမှ လမ်းညွှန်မှုရရှိရန် တောင်းပန်ခဲ့ကြဖူးသည်။

လုယွီသည် ဆေးနတ်ဘုရားအဆင့်တွင် ရှိနေပေ၏။ ဆေးပညာမဟာမိတ်အဖွဲ့တစ်ခုလုံးတွင် သူ၏အဆင့်ကို အသိအမှတ်ပြုပေးနိုင်သည့် အရည်အချင်းမျိုး မည်သူတစ်ဦးတစ်ယောက်ထံတွင်မျှ မရှိချေ။

လုယွီ ခေါင်းခါလိုက်သည်ကို မြင်တွေ့ချိန်၌ ကျန်းစစ်မင်သည် သူ၏လှောင်ပြောင်သရော်သော အမူအယာကို ဖုံးကွယ်မထားနိုင်တော့ချေ။

"စီနီယာလု...မင်း ဘေးကနေပဲ ကြည့်နေတာ ပိုကောင်းလိမ့်မယ်...ဂျူနီယာညီမလေးလုကောင်းကျီးက ဆေးအကူတစ်ယောက်ဖြစ်ပြီးတော့ ဆေးပညာရှင်လောင်းတစ်ယောက်လည်း ဖြစ်နေပြီ... သူက ဆေးပညာရှင်တော်တော်များများထက်တောင် အဆင့်အတန်းမြင့်တယ်"

ကျန်းစစ်မင်က အေးစက်တင်းမာစွာ ပြောဆိုသည်။

ဤသည်ကိုမြင်လျှင် တခြားသူများကလည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

"ဟုတ်တယ်.. ဂျူနီယာညီမလေးလုကောင်းကျီး...မင်းရဲ့အစီအစဉ်အတိုင်းပဲ လုပ်လိုက်ကြစို့..."

"ဒီနတ်ဆိုးသားရဲငယ်လေးက ဒီလောက်ထိ ပြင်းထန်တဲ့ဒဏ်ရာကို ရထားတာ...သွေးတိတ်ဆေးလုံးနဲ့ ကုသဖို့လိုတာပေါ့....ဆေးပညာကိုမတတ်တဲ့ ငါတောင် ဒီကိစ္စကိုသိတယ်"

အမျိုးသမီးတစ်ဦးက မျက်လုံးအပြူးသားနှင့် ပြောဆိုပြီး လုယွီကို မျက်စောင်းထိုးလိုက်သည်။

"ဂျူနီယာညီမလေးလုက တချို့လူတွေနဲ့ မတူဘူး....တချို့က အရည်အချင်းမရှိတာကို သိသိကြီးနဲ့ တတ်ကျွမ်းချင်ယောင်ဆောင်နေကြတယ်"

"ဒါက အမှန်ပဲ.... ခုဏကတင် သူတို့က ရတနာမျှော်စင်ရဲ့ အထူးဧည့်သည်တော်တွေအဖြစ် ဟန်ဆောင်တယ်...အခု ငါတို့လို တပည့်ချင်းတွေရှေ့မှာတောင် လိမ်ညာလှည့်စားဖို့ ကြံစည်နေတယ်....တော်တော်လေး တရားလွန်တာပဲ"

လူအများက လုယွီကို လှောင်ပြောင်သရော်ကြသည်။ သို့ရာတွင် သူတို့သည် သူ့ကို သရော်သည့်လေသံဖြင့်သာ ပြောဆိုကြပြီး ဆူပူကြိမ်းမောင်းခြင်း မပြုကြချေ။

လီစစ်က မျက်မှောင်ကြုတ်ပြီး လုယွီကို လှမ်းကြည့်လိုက်သည်။ လုယွီ တုံ့ပြန်ခြင်းမရှိသည်ကို မြင်တွေ့ချိန်၌ သူ တင်းတင်းကြပ်ကြပ်ဆုပ်ထားသောလက်သီးကို တဖြည်းဖြည်း ဖြေလျော့လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့ရှေ့မှ ဤလူငယ်များသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ယခုမှဝင်လာသော ကျောင်းသားသစ်တစ်စုမျှသာ ဖြစ်သည်။

အမှန်အားဖြင့် လုယွီနှင့်လီစစ်တို့၏ အသက်သည် ဤလူများနှင့် များစွာမကွာခြားချေ။ သို့သော် သူတို့၏အဆင့်အတန်းကြားတွင် ကြီးမားသောကွာဟချက်တစ်ခု ရှိနေလေပြီ။

ဤသည်မှာ ကောင်းကင်ဘုံမှ အစစ်အမှန်အင်မော်တယ်များနှင့် မြေပြင်ပေါ်မှ သာမန်သေမျိုးလူသားများ ရင်ဆိုင်တွေ့ကြသည့်အလားပင်။ ဤသာမန်သေမျိုးလူသားများက မည်မျှပင် ကျိန်ဆဲနေပါစေ အစစ်အမှန်အင်မော်တယ်များအတွက်မူ ဤသည်မှာ ပုရွက်ဆိတ်များ၏ အော်ဟစ်သံမျှသာ ဖြစ်သည်။

လူများအားလုံး၏ အားပေးမှုအောက်တွင် လုကောင်းကျီးသည် နောက်ဆုံးတွင် စိတ်ပိုင်းဖြတ်လိုက်၏။

သူမသည် သေးငယ်သော အစိမ်းရောင်ဆေးလုံးကို နတ်ဆိုးသားရဲငယ်လေး၏ ပါးစပ်အတွင်းသို့ ဂရုတစိုက်ထည့်ပေးပြီး သူမ၏မှော်စွမ်းအားများ ထည့်သွင်းပေးလိုက်သည်။

ဆေးလုံးသည် နတ်ဆိုးသားရဲငယ်လေး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် မူလက ပွင့်နေသော ဝမ်းဗိုက်ဒဏ်ရာသည် မျက်စိဖြင့်မြင်နိုင်သောအရှိန်ဖြင့် အံ့အားသင့်ဖွယ်ကောင်းစွာ ပြန်လည်ကောင်းမွန်လာသည်။

ရှဲ...ရှဲ

နတ်ဆိုးသားရဲငယ်လေး၏ အမွှေးများကြားမှ တရှဲရှဲအသံများထွက်ပေါ်လာသည်။ နက်ရှိုင်းသောဒဏ်ရာသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပေ၏။ ဆယ်မိနစ်မပြည့်မီမှာပင် ထိုနတ်ဆိုးသားရဲငယ်လေးသည် လုံးလုံးလျားလျား ပြန်လည်ကောင်းမွန်သွားလေပြီ။

ဝူကျောက်တို့မောင်နှမသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး လုကောင်းကျီးကို ကျေးဇူးတင်မဆုံး ဖြစ်နေကြသည်။

နံဘေးမှစောင့်ကြည့်နေသော ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များသည် နေရာမှာပင် ကြက်သေသေသွားကြသည်။ သူတို့သည် အံ့အားသင့်ဖွယ်ရာတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား သူတို့ရှေ့တွင် ဖြစ်ပျက်နေသမျှကို ကြောင်ကြည့်နေမိကြသည်။

ဆေးတစ်လုံးတည်းဖြင့် သေလုနီးပါးဖြစ်နေသော နတ်ဆိုးသားရဲကို ကယ်တင်နိုင်ခဲ့လေ၏။

အကယ်၍ ဤဆေးကို တခြားလူတစ်ဦးက အသုံးပြုခဲ့လျှင် မည်သည့်အကျိုးအာနိသင်မျိုး ထွက်ပေါ်မည်နည်း။

တစ်စုံတစ်ယောက်သည် တခြားလူတစ်ဦးနှင့် တိုက်ခိုက်သည့်အချိန်၌ ထိုသို့သော ဆေးတစ်လုံးရှိလျှင် အသက်တစ်ချောင်း အပိုရထားသည့်အလားပင်။

'သူက တကယ့်ကို ဆေးပညာရှင်တစ်ယောက်ပဲ' ကျန်းစစ်မင်၏မျက်လုံးများ တောက်ပလာကာ သူ လုကောင်းကျီးကိုကြည့်သည့်အကြည့်သည် ပို၍ပို၍ပူပြင်းတောက်လောင်လာသည်။

မူလက သူသည် လုကောင်းကျီး၏ ခန္ဓာကိုယ်ကို လိုချင်သောကြောင့် သူမ စိတ်ကျေနပ်စေရန် ကြိုးစားခဲ့သည်။ သို့ရာတွင် အကယ်၍ လုကောင်းကျီးသည် ဆေးပညာရှင်တစ်ယောက်ဖြစ်နေပါက သူသည် သူမကို ရယူနိုင်ခဲ့လျှင် အနာဂတ်တွင် ဆေးဝါးအတွက် စိတ်ပူရန်မလိုတော့ချေ။

'မိန်းမပျက်လေး...မင်းကို ငါ အနှေးနဲ့အမြန် ငါ့ရဲ့လက်ထဲရောက်အောင် လုပ်မယ်'

ကျန်းစစ်မင်၏မျက်လုံးအတွင်းမှ အလင်းရောင်သည် ပို၍ပို၍ထိန်းမနိုင်သိမ်းမရ ဖြစ်လာပေ၏။

Chapter 5047

လုကောင်းကျီး၏နံဘေးပတ်လည်တွင် ချီးကျူးသံများ ထွက်ပေါ်လာပြီးနောက် သူမ၏မျက်နှာ အနည်းငယ်နီမြန်းနေသည်။

"ဒါက သာမန်သွေးတိတ်ဆေးလုံးတစ်ခုပါပဲ...ပြီးတော့ သူ့ရဲ့ပြင်ပဒဏ်ရာကိုပဲ ကုသပေးနိုင်တာပါ...သူ့ကို နိုးထလာအောင် လုပ်နိုင်မလားဆိုတာတော့ ငါ မသေချာသေးဘူး"

လုကောင်းကျီးက လေသံတိုးတိုးဖြင့် ပြောဆိုသည်။

ထိတ်လန့်ဖွယ်ဒဏ်ရာမှ သက်သာသွားသော်လည်း နတ်ဆိုးသားရဲငယ်လေးသည် သတိလစ်မေ့မြောနေဆဲဖြစ်ပြီး နိုးထလာမည့်လက္ခဏာ တစ်စုံတစ်ရာမျှ မပြချေ။

ကျန်းစစ်မင်က အပြုံးနှင့် ပြောဆိုသည်။

"ဂျူနီယာညီမလေး လုကောင်းကျီး.... ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဖို့မလိုပါဘူး.... ဒီဆေးကို မင်းဖော်စပ်ခဲ့တာလေ....ဆေးစွမ်းအာနိသင်ကို ငါတို့အားလုံး မျက်မြင်ကိုယ်တွေ့ပဲ.... ထိပ်တန်းသမားတော်တချို့တောင် ဒီအဆင့်အထိ မလုပ်နိုင်ဘူး"

လက်ရှိနေရာတွင်ရှိနေသော တခြားလူများကလည်း တစ်ယောက်ပြီးတစ်ယောက် ထောက်ခံလိုက်ကြ၏။

နတ်ဆိုးသားရဲ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများ လုံးလုံးလျားလျား ပျောက်ကင်းသွားသည်ကို သူတို့အားလုံး မြင်တွေ့ခဲ့ရသည်။ ဤသည်မှာ အံ့အားသင့်ဖွယ်ကောင်းပြီး အလွန်ဆေးစွမ်းထက်သည်ဟု ဆိုနိုင်သည်။

အကြိမ်တစ်ရာကြားရသည်ထက် တစ်ကြိမ်မြင်တွေ့ရသည်က ပိုကောင်းသည်ဟု ဆိုရိုးစကားရှိပေ၏။ ယနေ့တွင် သူတို့သည် ဤကိစ္စကို မြင်တွေ့ပြီးနောက် ဆေးပညာရှင်တစ်ယောက် မည်မျှထိ စွမ်းအားကြီးကြောင်း လူတိုင်း သိရှိသွားကြသည်။

လုယွီသည် လူအုပ်အကြားတွင်ရပ်နေပြီး လှောင်အိမ်အတွင်းမှ မိုးပြာနက်နဲသိမ်မွေ့သားရဲကို ကြည့်နေသည်။ ရုတ်တရက် သူသည် ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။

"စီနီယာလု...မင်း ဘာလုပ်မလို့လဲ"

ကျန်းစစ်မင်က ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ရှေ့ထွက်ကာ သူ့ကိုတားဆီးလိုက်သည်။

ပတ်ဝန်းကျင်နေရာဝိုက်လုံး ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားသည်။

လုယွီသည် ကျန်းစစ်မင်ကိုမကြည့်ဘဲ သူ၏အကြည့်သည် မိုးပြာနက်နဲသိမ်မွေ့သားရဲအပေါ်တွင်သာ စူးစိုက်၍ကျရောက်နေဆဲပင်။

"ငါ အရင်ကတည်းက ပြောပြီးပြီ.... သူက ဒီသွေးတိတ်ဆေးလုံးကို သောက်လို့မရဘူး....မင်း ဘေးမဖယ်ရင် ဒီနတ်ဆိုးသားရဲ အသက်အန္တရာယ် ရှိလာလိမ့်မယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

ကျန်းစစ်မင်က သူ၏မျက်နှာပေါ်မှ အပြုံးကို ဖယ်ရှားလိုက်ပြီး တင်းမာခက်ထန်စွာ ပြောဆိုလေ၏။

"ဒါပေမဲ့ ဂျူနီယာညီမလေးလုကောင်းကျီးက သူ့ရဲ့ဒဏ်ရာတွေကို ကုသပေးပြီးသွားပြီ...မင်းက ဘာတွေကို ထပ်ပြီးလှည့်စားချင်သေးတာလဲ"

ထိုစကားကို ပြောဆိုပြီးနောက် ကျန်းစစ်မင်သည် လုယွီနှင့်လီစစ်တို့ကို သရော်တော်တော်အမူအယာဖြင့် ကြည့်လိုက်သည်။

"ငါ ရှင်းရှင်းပဲပြောလိုက်မယ်....ကျောင်းတော်မှာ ကျန်နေခဲ့တဲ့ မင်းတို့လိုလူတွေမှာ ဘယ်လိုအရည်အချင်းမျိုးရှိလဲဆိုတာ ငါတို့ ကောင်းကောင်းသိတယ်....ငါတို့ကို ရန်လာမစ တာ ပိုကောင်းလိမ့်မယ်....ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ နှစ်နည်းနည်းလောက် ပိုနေခဲ့ရုံနဲ့ မင်းတို့က ဘာကောင်တွေမှ မဟုတ်ဘူးဆိုတာ မှတ်ထားစမ်း"

"စီနီယာအစ်ကိုကျန်း....ထားလိုက်ပါတော့..."

လုကောင်းကျီးက လုယွီကိုလှည့်ကြည့်ပြီး ပြောဆိုလိုက်သည်။

"စီနီယာအစ်ကိုလု....နင့်မှာ ဘာအကြံအစည်ရှိလဲ...ကျေးဇူးပြုပြီး ပြောပြပါ"

လုယွီသည် သူမ၏ဆေးပညာကို အစဥ်အမြဲမေးခွန်းထုတ်နေခဲ့သည်။ လုကောင်းကျီးသည် နူးညံ့သောစိတ်ထားရှိသော်လည်း ဤအချိန်တွင် အနည်းငယ်ဒေါသထွက်နေသည်။

ပါရမီရှင်တိုင်းတွင် ကိုယ်ပိုင်မာန်မာနရှိပေ၏။

လုကောင်းကျီးသည် နှိမ့်ကျသောမိသားစုမှ ဆင်းသက်လာသော်လည်း သူမ၏ဆေးပညာသည် မျိုးဆက်တူလူငယ်များထက် သာလွန်သည်။

ယခုအချိန်အခိုက်အတန့်တွင် သူမထက် အသက်သိပ်မကြီးသော လုယွီကဲ့သို့ လူငယ်တစ်ဦး၏ဝေဖန်ခြင်းကို ခံနေရသဖြင့် သူမ၏စိတ်နှလုံးသားအတွင်းတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။

လုယွီက လက်ရှိနေရာတွင် ရှိနေသူများကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် သူ၏ခေါင်းကိုခါယမ်းလိုက်၏။

"မင်း ဒီသွေးတိတ်ဆေးလုံးကို ဖော်စပ်တဲ့နေရာမှာ ပြဿနာမရှိဘူး.... ဒါပေမဲ့ ဒီနတ်ဆိုးသားရဲကို မကျွေးသင့်ဘူး...."

လုကောင်းကျီး၏မျက်ခုံး အနည်းငယ်တွန့်ကွေ့သွားပြီး အေးစက်တင်းမာစွာ ပြောဆိုသည်မှာ။

"ဒီနတ်ဆိုးသားရဲက ပြင်ပဒဏ်ရာတွေရထားမှတော့ သွေးတိတ်ဆေးလုံးကို တိုက်ကျွေးသင့်တာပဲ....ဒါက ဘာမှားလို့လဲ..."

"မင်းရဲ့ဒီသွေးတိတ်ဆေးလုံးကို ဆေးမီးတောက်နဲ့ ဖော်စပ်ထားတာ...ဒါပြင် ဒီဆေးလုံးမှာ မီးစွမ်းအားပါတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ အများကြီးပါဝင်တယ်"

လုယွီ၏အသံကိုကြားချိန်တွင် လုကောင်းကျီးသည် ချက်ချင်းဆိုသလိုပင် ကြက်သေသေသွားလေ၏။

ဤသွေးတိတ်ဆေးလုံးသည် ရိုးရှင်းသော်လည်း ဆေးဖက်ဝင်ပစ္စည်းများ၏ ပါဝင်ပစ္စည်းများကို ခန့်မှန်းရန်အတွက်အနည်းဆုံးအနေဖြင့် ကျွမ်းကျင်သော ဆေးပညာရှင်တစ်ယောက်ဖြစ်ရန် လိုအပ်သည်။

လုယွီသည် စကားတစ်ခွန်းတည်းဖြင့် လုကောင်းကျီး၏ဆေးလုံးရှိ ပါဝင်ပစ္စည်းများကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ဤသည်မှာ သူမ မမျှော်လင့်ထားသောအရာပင်။

"မင်း နားမလည်ရင် အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့..."

ကျန်းစစ်မင်က လှောင်ပြောင်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် သရော်တော်တော်အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

သို့ရာတွင် သူ စကားပြောဆိုနေစဉ်မှာပင် လှောင်အိမ်အတွင်းမှ နတ်ဆိုးသားရဲငယ်လေးသည် ရုတ်တရက် ပြင်းထန်စွာ တဆတ်ဆတ်တုန်သွားပေ၏။

"ဘုန်း....ဘုန်း....ဘုန်း..."

နတ်ဆိုးသားရဲငယ်လေး၏ တုန်ရီနေသော ခန္ဓာကိုယ်သည် သံလှောင်အိမ်၏ အပြင်ဘက်နံရံကို ရူးသွပ်စွာ ရိုက်ခတ်မိနေသည်။

ထို့နောက် နတ်ဆိုးသားရဲငယ်လေးသည် သံလှောင်အိမ်ထဲအတွင်း၌ ပြိုလဲကျသွားသည်။ သူ၏အသက်ရှုသံသည် အလွန်အားနည်းနေပေ၏။ သူ မတ်တတ်မရပ်နိုင်တော့သည်မှာ သိသာထင်ရှားသည်။

လုယွီ၏အသံသည် လူအုပ်ကြီး၏နောက်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

"ဒါပေမဲ့ မင်းတို့မသိတာက ဒီနတ်ဆိုးသားရဲဟာ အအေးစွမ်းအားအထူးပြု စိတ်ဝိညာဉ်သားရဲတစ်ကောင်ပဲ...."

"သာမန်အချိန်မှာ ဒီလိုမီးအာနိသင်ပါတဲ့ ဆေးလုံးမျိုးကို ဝါးမြိုရင် ဘာမှမဖြစ်နိုင်ဘူး... ဒါပေမဲ့ အခုချိန်မှာ သူ တော်တော်အားနည်းနေတယ်....ခုလိုအချိန်မှာ သူက မီးဆေးလုံးတစ်လုံးကို သောက်လိုက်ရင် အဆိပ်ဆေးလုံးတစ်လုံးကို ဝါးမြိုလိုက်သလိုပဲ"

Chapter 5048

လုယွီ၏အသံ အဆုံးသတ်သွားသည်နှင့် လုကောင်းကျီး၏လှပသောမျက်နှာလေး ချက်ချင်းနီမြန်းသွားသည်။

သူမသည် ဤနတ်ဆိုးသားရဲကို လုံးလုံးလျားလျား မမှတ်မိခဲ့ချေ။ မိုးပြာနက်နဲသိမ်မွေ့သားရဲသည် ရှေးဟောင်းအစစ်အမှန်အင်မော်တယ်သားရဲတစ်ကောင်၏ မျိုးဆက်ပင်။ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ယခုမှဝင်လာသော ကျောင်းသားသစ်များကို မဆိုထားနှင့် အသိပညာကြွယ်ဝသော ဆေးပညာရှင်တချို့ပင် ရံဖန်ရံခါ၌ အမှားလုပ်မိနိုင်သည်။

အအေးစွမ်းအားအထူးပြု နတ်ဆိုးသားရဲတစ်ကောင် ဒဏ်ရာရနေစဥ်တွင် မီးအာနိသင်ဆေးလုံးတစ်လုံးစားခိုင်းခြင်းသည် သံသယဖြစ်ဖွယ်မရှိဘဲ သူ၏အသက်ကို တောင်းဆိုနေခြင်းပင်။

"ငါ ဒါကို မသိဘူး...ဒါဆိုရင် ငါတို့ ဘာလုပ်သင့်လဲ...."

လုကောင်းကျီးသည် ထိတ်လန့်သွားပြီး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားသည်။

တခြားသူများလည်း ဤအချိန်အခိုက်အတန့်တွင် နားလည်သဘောပေါက်သွားကြသည်။ လုယွီကိုကြည့်သော သူတို့၏အကြည့်များ အနည်းငယ်ပြောင်းလဲသွားသည်။

အမျိုးသမီးတပည့်တစ်ဦးက ပြောဆိုလိုက်၏။

"စီနီယာအစ်ကိုလု.... ဒါဆို နင်က တကယ်ပဲ ဆေးပညာအကြောင်း သိတာကိုး....ငါ အရင်က နင် အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်လို့ ထင်နေတာ..."

တစ်စုံတစ်ယောက်က နတ်ဆိုးသားရဲငယ်လေး၏ခန္ဓာကိုယ်ကို ထိတွေ့လိုက်ပြီး ရုတ်တရက် ထိတ်လန့်တကြား ပြောဆိုသည်။

"ဘာလုပ်ကြမလဲ....သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး တုန်နေတယ်...သူ သေတော့မှာတော့ မဟုတ်ပါဘူးနော်..."

နတ်ဆိုးသားရဲငယ်လေး၏ခန္ဓာကိုယ် အလွန်အမင်းတုန်ရီနေသည်ကို မြင်တွေ့ချိန်တွင် ဝူကျောက်တို့မောင်နှမသည်လည်း စိုးရိမ်ပူပန်လာကြသည်။ သူတို့သည် လူရိုင်းဘာသာစကားဖြင့် လူတိုင်း၏အကူအညီကို စတင်၍တောင်းခံလိုက်ကြ၏။

သို့ရာတွင် လက်ရှိနေရာတွင်ရှိနေသူများအနက် လူရိုင်းဘာသာစကားကို နားလည်သူ များများစားစားမရှိပေ။ သူတို့နားလည်လျှင်တောင်မှ မည်သို့မျှ တတ်စွမ်းနိုင်မည် မဟုတ်ချေ။

"ဒုက္ခပါပဲ...."

ကျန်းစစ်မင်၏မျက်လုံးများအတွင်းတွင် စိတ်မရှည်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူ၏အာရုံစိုက်မှုအားလုံးသည် လုကောင်းကျီးအပေါ်တွင်သာ ရှိသည်။ သူ၏ရှေ့တွင် ဖြစ်ပျက်နေသောအရာမှာမူ သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်ပေ၏။

"ဂျူနီယာညီမလေး လုကောင်းကျီး....စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး....ငါက ဆေးပညာရှင်ဆရာကြီးတွေနဲ့ သိကျွမ်းတယ်... မနက်ဖြန်ကျရင် ငါက ဒီနတ်ဆိုးသားရဲကို ခေါ်သွားပြီးတော့ ဆေးပညာရှင်တွေဆီ အကူအညီတောင်းမယ်...ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ကုသနိုင်မှာပါ"

ကျန်းစစ်မင်က ပေါ့ပေါ့ပါးပါးပြောဆိုလိုက်ပြီး သူ၏မျက်နှာပေါ်တွင် လွတ်လပ်ပေါ့ပါးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

"ဒီတစ်လမ်းပဲ ရှိတော့တယ်...."

လုကောင်းကျီး၏မျက်လုံးများ အနည်းငယ် မှုန်မှိုင်းနေသည်။

"ငါ သင်ယူမှုမကောင်းလို့ ဒီလိုအခြေအနေမျိုး ဖြစ်လာခဲ့တာ...ဒါတွေအားလုံးက ငါ့ရဲ့အမှားပါ"

တခြားလူများက လုကောင်းကျီးကို နှစ်သိမ့်ရန် ရှေ့တိုးလာကြသည်။

မည်သို့ပင်ဆိုစေကာမူ သူမ၏အသက်အရွယ်တွင် ကိုယ်တိုင်ဆေးဖော်စပ်နိုင်ခြင်းသည် အလွန်အထင်ကြီးဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။

ထိုအချိန်မှာပင် လုယွီက ရုတ်တရက် ပြောဆိုလိုက်၏။

"အပူနဲ့အအေး တစ်ခုနဲ့တစ်ခု တိုက်ခိုက်တဲ့အခါ နှင်းပေါ် ဆားဖြူးသလိုပဲ...နောက်ထပ် နှစ်နာရီလောက် နှောင့်နှေးနေရင် သူ့ရဲ့အသက်ကို ကယ်နိုင်မှာ မဟုတ်ဘူး..."

ကျန်းစစ်မင်က မျက်မှောင်ကြုတ်လိုက်သည်။

"မင်း ဒီမှာ အဓိပ္ပာယ်မရှိတာတွေ လာပြောနေပြန်ပြီ....နတ်ဆိုးသားရဲရဲ့ ခန္ဓာကိုယ်က သန်မာအားကောင်းတယ်...ဆေးမှားသောက်မိရင်တောင် ဘာဖြစ်လဲ..."

သူသည် ကိစ္စများကို ရှုပ်ထွေးအောင်မလုပ်ချင်သဖြင့် ဤသို့သောကိစ္စငယ်လေးတစ်ခုအတွက် အချိန်မဖြုန်းလိုချေ။

လုကောင်းကျီးက အလွန်စိတ်လှုပ်ရှားနေသည်။

"စီနီယာအစ်ကိုလု....မင်းမှာ နည်းလမ်းတစ်ခုခုတော့ ရှိရမယ်"

"ဂျူနီယာညီမလေး လုကောင်းကျီး...သူ့မှာ တရားဝင်ဆေးပညာမဟာမိတ်အဖွဲ့ရဲ့ သက်သေခံတံဆိပ်ပြားတောင် မရှိဘူး..ငါတို့ ဒီလိုလူမျိုးကို ယုံလို့မဖြစ်ဘူး"

ကျန်းစစ်မင်က အလျင်အမြန် ပြောဆိုလိုက်၏။

သို့ရာတွင် လုကောင်းကျီးသည် သူ့ကိုလျစ်လျူရှုပြီး သူမ၏မျက်လုံးဝိုင်းကြီးများဖြင့် လုယွီကို စူးစိုက်ကြည့်နေသည်။

လုယွီသည် သူမကို တုံ့ပြန်အဖြေမပေးချေ။ သူသည် လုကောင်းကျီးကို ဖြတ်ကျော်ကာ ဝူကျောက်တို့မောင်မှမ၏ရှေ့သို့ ရောက်ရှိလာသည်။

"မင်းတို့ သူ့ကိုကယ်စေချင်ရင် ငါရဲ့ တောင်းဆိုချက်တစ်ခုကို လိုက်နာရမယ်...သူ့ကိုကယ်ပြီးရင် ဒီသားရဲက ငါ့ရဲ့နောက်ကို အချိန်အတိုင်းအတာတစ်ခုအထိ လိုက်နေရလိမ့်မယ်.."

လုယွီက လူရိုင်းဘာသာစကားဖြင့် ပြောဆိုခဲ့သည်။

သူ ဤသို့ပြောဆိုလိုက်ချိန်တွင် လူအမြောက်အများ ကြက်သေသေသွားကြ၏။

အသံထွက်တွင် ကြီးမားသောကွာဟချက်ရှိသောကြောင့် လူရိုင်းဘာသာစကားကို သင်ယူရန် အလွန်ခက်ခဲသည်။ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင်ပင် ဤဘာသာစကားကို လေ့ကျင့်သော ကျောင်းသားအနည်းငယ်သာ ရှိသည်။

သူတို့ အထင်သေးခဲ့သော သူတို့၏ကျောင်းတော်မှ ဤစီနီယာအစ်ကိုသည် လူရိုင်းဘာသာစကားကို အမှန်တကယ်တတ်မြောက်နေမည်ဟု မည်သူမျှ တွေးထင်မထားခဲ့ချေ။

ဝူကျောက်တို့မောင်နှမသည် အစပထမတွင် ကြောင်အသွားပြီး အချိန်အနည်းငယ်ကြာသည်အထိ တုံ့ပြန်နိုင်ခြင်းမရှိပေ။

"စိတ်မပူပါနဲ့....လူရိုင်းစစ်တပ် မထွက်ခွာခင် ငါက ဒီနတ်ဆိုးသားရဲကို မင်းတို့ဆီ ပြန်ပေးပါ့မယ်....သူ ဘာထိခိုက်မှုမှ မရှိစေရဘူးလို့ ငါကတိပေးတယ်"

လုယွီက ပြောဆိုသည်။

ဝူကျောက်သည် ချက်ချင်းဒူးထောက်ကာ မိုးပြာနက်နဲသိမ်မွေ့သားရဲကို ကယ်တင်ပေးရန် လုယွီကို တောင်းပန်လေ၏။

ဝူယာသည်လည်း ခေါင်းငုံ့၍ အသနားခံတောင်းပန်သည်။

သူတို့အတွက်မူ ဤသားရဲသည် မိသားစုဝင်တစ်ဦးအလားပင်။ ဤသားရဲကို ကယ်တင်နိုင်သရွေ့ သူတို့သည် မည်သည့်တောင်းဆိုချက်ကိုမဆို သဘောတူပေမည်။

Chapter 5049

"ကောင်းပြီလေ..."

လုယွီ၏မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ထင်ဟပ်လာသည်။

ထိုသားရဲသည် သူ့အတွက် ကြီးမားသောအသုံးဝင်မှုရှိသည်။ ဤသည်မှာ လုယွီ ဝင်ရောင်စွက်ဖက်ရန် ရွေးချယ်ခဲ့သည့် အကြောင်းအရင်းလည်း ဖြစ်ပေ၏။

ထို့နောက် လုယွီသည် ရှေ့သို့တက်ကာ သားရဲကို ချုပ်နှောင်ထားသော လှောင်အိမ်ကို ဖွင့်လိုက်သည်။

ကျန်းစစ်မင်က ဤအခြေအနေကိုကြည့်ပြီး အေးစက်စက်အပြုံးနှင့် ပြောဆိုသည်။

"စီနီယာအစ်ကိုလု....မင်းက ဒီနေရာမှာ ဆေးလုံးဖော်စပ်ဖို့ ကြံရွယ်နေတာလား...ကံမကောင်းစွာနဲ့ပဲ ရတနာမျှော်စင်မှာ အရာအားလုံးရှိပေမယ့် ဆေးမီးဖိုတော့ မရှိဘူး...မင်းအတွက် မီးဖိုချောင်ကနေ အိုးတစ်လုံး ငှားပေးရမလား"

ကျန်းစစ်မင်က လုယွီသည် ဟန်ဆောင်နေခြင်းသာဖြစ်သည်ဟု တွေးထင်ထားပေ၏။

သူ၏ရှေ့မှ လူနှစ်ယောက်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ သာမန်ကျောင်းတော်သားများသာ ဖြစ်နိုင်သည်။ သူတို့ထံတွင် ဆေးလုံးဖော်စပ်နိုင်သည့် အရည်အချင်း မည်သည်ကြောင့် ရှိနိုင်မည်နည်း။

"ငါက ဆေးလုံးဖော်စပ်ဖို့ မလိုဘူး..."

လုယွီက ရုတ်တရက် သူ၏လက်ကိုမြှောက်ပြီး လက်ညှိုးညွှန်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် အဖြူရောင်ဆေးလုံးတစ်လုံးသည် သူ၏သိုလှောင်အိတ်အတွင်းမှ ပျံဝဲထွက်လာသည်။

ထိုအဖြူရောင်ဆေးလုံးသည် လေထုအတွင်းတွင် ပျံဝဲနေပေ၏။ ထိုအရာ၏မျက်နှာပြင်ပေါ်တွင် ကြည်လင်သောမြူခိုးလွှာတစ်ခုဖြင့် ဖုံးအုပ်ထားပုံရသည်။ ဆေးလုံး၏ပတ်လည်တွင် အေးစက်သောအငွေ့အသင်တစ်ခု ပျံ့လွင့်နေပြီး လူအများကို ချမ်းစိမ့်တုန်ရီသွားစေနိုငါသည်။

"ဒါက ဘာဆေးလုံးလဲ"

"ပတ်ဝန်းကျင်ရဲ့အပူချိန် တော်တော်လေးကျဆင်းသွားတာကို မင်းတို့ ခံစားမိလား...."

လူများအားလုံး ချမ်းစိမ့်တုန်ရီသွားကြသည်။ သူတို့၏ရှေ့မှ ဤဆေးလုံးသည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားမိလေ၏။

လုကောင်းကျီး၏လှပသောမျက်လုံးများ တောက်ပလာပြီး သူမက အံ့အားတသင့် ပြောဆိုသည်။

"ထိပ်တန်းအဆင့် ဆေးလုံးပဲ..."

ဆေးအကူတစ်ယောက်အနေဖြင့် သူမသည် ဆေးလုံးတစ်လုံး၏ အရည်အသွေးကို ခွဲခြားတတ်ရန် သင်ယူခဲ့ရသည်။

သူမ၏ရှေ့မှ ဆေးလုံးသည် အသွင်အပြင်ဖြစ်စေ ဆေးရနံ့ဖြစ်စေ ထိပ်တန်းဆေးလုံးအမျိုးအစားတွင် ပါဝင်သည်။ ဤသည်မှာ အလွန်တန်ဖိုးရှိသော အရာတစ်ခုပင်။

ဤသို့သောဆေးလုံးမျိုးကို များသောအားဖြင့် ကျွမ်းကျင်သော ဆေးပညာရှင်များကသာ ဖော်စပ်နိုင်သည်။

လက်ရှိ လုကောင်းကျီးအတွက်မူ ဤသည်မှာ မော့ကြည့်နေရသော အရာတစ်ခုသာ ဖြစ်ပေ၏။

"မိုးပြာနက်နဲသိမ်မွေ့သားရဲက အခုချိန်မှာ အရမ်းအားနည်းနေတယ်...အရည်အသွေးမြင့်တဲ့ဆေးလုံးတွေ မလိုအပ်ဘူး... ထိပ်တန်းအရည်အသွေးရှိတဲ့ဆေးလုံးက အံကိုက်ပဲ"

လုယွီက တည်ငြိမ်အေးဆေးစွာ ပြောဆိုသည်။

"... "

လူအများသည် လုယွီကို ပြန်လည်၍အကဲဖြတ်စပြုလာကြသည်။

ဤသည်မှာ ထိပ်တန်းအဆင့် ဆေးလုံးတစ်လုံးပင်။

ဤလူများအနက်မှ အများစုသည် ချမ်းသာကြွယ်ဝသောမိသားစုများမှ လာကြသော်လည်း ထိပ်တန်းအဆင့် ဆေးလုံးတစ်လုံးကိုရရှိရန် မလွယ်ကူချေ။

ထိပ်တန်းအဆင့် ဆေးလုံးဆိုသည်မှာ ဆေးတစ်လုံး၏ ချွတ်ယွင်းသောအရည်အသွေးသည် သုံးဆယ်ရာခိုင်နှုန်းထက်နည်းသည်ကို ရည်ညွှန်းသည်။ ဤဆေးလုံးမျိုးကို ဖော်စပ်နိုင်ရန် အလွန်ခက်ခဲသဖြင့် ထိပ်တန်းအဆင့် ဆေးလုံးတစ်လုံးသည် အလွန်အဖိုးတန်ရှားပါးပေ၏။

သို့ရာတွင် လုယွီက ထိပ်တန်းအဆင့် ဆေးလုံးတစ်လုံး၏အရည်အသွေးကို နိမ့်ပါးသည်ဟု ပြောဆိုလိုက်သည်။

အကယ်၍ ထိပ်တန်းအဆင့် ဆေးလုံးတစ်လုံး၏ အရည်အသွေးသည် နိမ့်ပါးပါက မည်သို့သော အရည်အသွေးမြင့် ဆေးလုံးကို ထည့်သွင်းစဉ်းစားနိုင်မည်နည်း။

"မင်းက တကယ့်ကို ဟန်ဆောင်တတ်တာပဲ... မင်းမှာ ဘယ်လိုဆေးလုံးမျိုးတွေ ရှိလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

ကျန်းစစ်မင်က အလွန်စိတ်မကျေမနပ်ဖြစ်နေသည်။

လုယွီက ပတ်ဝန်းကျင်မှလူများ၏ အကြည့်များကို လျစ်လျူရှုလိုက်သည်။ သူသည် သူ၏လက်ကိုမြှောက်ကာ ထိပ်တန်းဆေးလုံးကို အရည်ဖျော်လိုက်သည်။ ထို့နောက် သူသည် ဆေးရည်ကို မှော်စွမ်းအားဖြင့် ထိန်းချုပ်ကာ မိုးပြာနက်နဲသိမ်မွေ့သားရဲ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားစေသည်။

ဤအချိန်အခိုက်အတန့်တွင် မိုးပြာနက်နဲသိမ်မွှေ့သားရဲ၏အမွှေးများအားလုံး ချက်ချင်းထောင်ထလာသည်။ သူ၏အမွေးတစ်မျှင်စီတိုင်းမှ အပူလှိုင်းတစ်လှိုင်းကို ထုတ်လွှတ်နေပေ၏။

"ဒါက ရေခဲဝိညာဉ်ဆေးလုံးပဲ....ဒီဆေးလုံးက မိုးပြာနက်နဲသိမ်မွေ့သားရဲရဲ့ စိတ်ဝိညာဉ်ကို အားကောင်းစေနိုင်တယ်... ဒီလိုဒဏ်ရာမျိုးက ပြင်ပအားလှိုင်းကို မှီခိုပြီးတော့ ကုသရင် နောက်ဆုံးမှာ သူ့ရဲ့အဆင့် နိမ့်ကျသွားလိမ့်မယ်...သူ့ရဲ့စိတ်ဝိညာဥ် အားကောင်းလာတာနဲ့ သူ့အလိုလို ပြန်ကောင်းလာလိမ့်မယ်..သေရာကနေ ပြန်ရှင်လာတဲ့ အတွေ့အကြုံနဲ့ဆိုရင် အနာဂတ်မှာ မိုးပြာနက်နဲသိမ်မွေ့သားရဲက ကျင့်ကြံတဲ့နေရာမှာ အကျိုးကျေးဇူးတွေ အများကြီးရလိမ့်မယ်"

"အရင်ဆုံး မင်း တိုက်ထားတဲ့ မီးအာနိသင်ဆေးလုံးရဲ့ ဆေးစွမ်းအားတွေကို ဖြန့်ကျက်ပြီးမှ သူ့ကို ကုသနိုင်လိမ့်မယ်"

လုယွီ၏ရှင်းပြချက်ကို ကြားချိန်တွင် လုကောင်းကျီး၏မျက်နှာ နီမြန်းသွားပြီး တိတ်တဆိတ်ခေါင်းငုံ့လိုက်သည်။

သူမသည် မိုးပြားနက်နဲသိမ်မွေ့သားရဲကို ဆေးမှားပေးမိသောကြောင့်သာ ဤအခြေအနေဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ သူမသည် အလွန်အပြစ်ရှိသကဲ့သို့ ခံစားနေရလေ၏။

မကြာမီမှာပင် သူတို့သည် "ယိယ ယိယ" ဟူသောအသံကို ရုတ်တရက်ကြားလိုက်ရသည်။

သူတို့ မြင်လိုက်ရသည်မှာ မိုးပြာနက်နဲသိမ်မွေ့သားရဲသည် အမှန်တကယ်ကို မတ်တတ်ထရပ်ကာ ကြည်လင်ပြတ်သားပြီး နူးညံ့ညင်သာသည့်အော်သံအား ထုတ်လွှတ်နေသည်ကိုပင်။

"ယိယ...ယိယ... ယိယ..."

သူ၏ခန္ဓာကိုယ်ပေါ်မှ အမွေးများသည် ချောမွေ့တောက်ပြောင်နေပြီး မြင့်မြတ်သော ခံစားချက်ကို ဝိုးတဝါးပေးစွမ်စနေသည်။

"သူ... သူ တကယ့်ကို ကုသလိုက်နိုင်တာပဲ..."

လူများအားလုံး၏မျက်နှာများပေါ်တွင် မယုံကြည်နိုင်သော အမူအယာများ ထင်ဟပ်နေသည်။

Chapter 5050

အချိန် မည်မျှ ကြာမြင့်သေးသနည်း...

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာ မပြည့်မီမှာပင် နတ်ဆိုးသားရဲသည် အမှန်တကယ်ကို ပျောက်ကင်းသွားခဲ့သည်။

ယခုမှ ကုသပေးလိုက်သော သားရဲငယ်လေးသည် ညင်သာစွာအော်မြည်နေပေ၏။ သူသည် အလွန်တက်ကြွနေပုံရပြီး ယခင်က အသက်မဲ့နေသော အသွင်အပြင်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။

လုကောင်းကျီးသည်လည်း နေရာမှာပင် ကြက်သေသေကာ မတ်တတ်ရပ်နေပြီး မည်ကဲ့သို့ လုပ်ရမှန်းမသိ ဖြစ်နေလေ၏။

သူမသည် နတ်ဆိုးသားရဲငယ်လေး၏ ဒဏ်ရာကို မည်ကဲ့သို့ လုပ်ရမည်အား မသိခဲ့ချေ။

သို့ရာတွင် လုယွီသည် လှုပ်ရှားလိုက်လိုက်သည်နှင့် အရာအားလုံးကို ပြီးပြည့်စုံစွာ ဖြေရှင်းသွားမည်ဟု မည်သူက တွေးထင်ထားမည်နည်း. ...

ထို့ပြင် သူသည် ဖုန်မှုန့်ကို မှုတ်ထုတ်လိုက်သည့်အလား အနည်းငယ်မျှ အားစိုက်ရန်မလိုခဲ့ချေ။

"ဒါဆို ထိပ်တန်းအဆင့် ဆေးလုံးကြောင့်ကိုး.... မင်းကို ငါက ဆေးပညာရှင်တစ်ယောက်လို့ တကယ်ကြီး ထင်နေခဲ့တာ..."

ကျန်းစစ်မင်၏မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။ ရုတ်တရက် သူသည် ထိုင်ခုံပေါ်သို့ ပြန်ထိုင်လိုက်ပြီး သူ၏လက်ဖြင့် ဝိုင်အရက်ခွက်ကိုကိုင်ကာ ကျယ်လောင်စွာအော်ဟစ်၍ ပြောဆိုလိုက်သည်။

"အားလုံးပဲ....သူရဲကောင်းနှစ်ယောက်ရဲ့ နတ်ဆိုးသားရဲ ပျောက်ကင်းသွားပြီဆိုတော့ အောင်ပွဲခံကြရအောင်..."

လူငယ်များ၏မျက်နှာများပေါ်တွင် အပြုံးများ တစ်ဖန်ပြန်၍ပွင့်လန်းလာကြသည်။ သူတို့သည် ခွက်ချင်းတိုက်ကာ အောင်ပွဲခံလိုက်ကြ၏။ အချိန်တခဏအတွင်းမှာပင် သီးသန့်ခန်းတစ်ခုလုံးရှိ အခြေအနေ တဖန်ပြန်၍သက်ဝင်နိုးကြားလာသည်။

"ချစ်စရာကောင်းတဲ့ ကောင်လေး...အစ်မကြီးကို မြန်မြန်ဖက်ခွင့်ပေးပါဦး..."

အမျိုးသမီးတပည့်အများစုသည် ဤချစ်စရာကောင်းသောသားရဲကို အလွန်သဘောကျနှစ်ခြိုက်နေကြသည်။ သူမတို့သည် တောက်ပသောမျက်လုံးများဖြင့် ထိုသားရဲကို စူးစိုက်၍ကြည့်နေကြ၏။

မိုးပြာနက်နဲသိမ်မွေ့သားရဲသည် ကြောက်လန့်သွားသည်။ သူသည် လုယွီ၏ရင်ခွင်အတွင်းသို့ အလျင်အမြန်ပြေးဝင်သွားပြီး အမျိုးသမီးတပည့်များကို ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်နေသည်။

လုကောင်းကျီးက အံ့အားတသင့် ပြောဆိုသည်။

"စီနီယာအစ်ကိုလု...သူက နင်နဲ့ အရမ်းရင်းနှီးနေပုံပဲ"

"တိုက်ဆိုင်မှုတစ်ခု ဖြစ်မှာပါ.."

လုယွီက ဤမိုးပြာနက်နဲသိမ်မွေ့သားရဲသည် ရှေးဟောင်းအစစ်အမှန် အင်မော်တယ်သားရဲတစ်ကောင်ဖြစ်ပြီး သူသည် အစစ်အမှန်အင်မော်တယ်တစ်ယောက်ဖြစ်ကြောင်း ကောင်းကောင်းသိသည်။ ထို့ကြောင့် ဤသားရဲသည် သူနှင့်အလွန်ရင်းနှီးသည်ဟု ခံစားနေရပေမည်။

"မကြာခင်မှာ မင်း ငါ့ကို အများကြီးကူညီရလိမ့်မယ်"

လုယွီက သားရဲ၏နဖူးကို ပွတ်သပ်ရင်း ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

ဝူကျောက်တို့မောင်နှမ၏ မျက်နှာများပေါ်တွင်လည်း ပျော်ရွှင်သောအမူအယာများ ထင်ဟပ်လာသည်။ ဝူကျောက်သည် လုယွီ၏ရှေ့သို့လာကာ ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်သည်။

"သခင်လေးရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်...ငါတို့က သခင်လေးကို အရမ်းကျေးဇူးတင်ပါတယ်"

လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောဆိုလိုက်၏။

"ရပါတယ်...ငါကလည်း မင်းတို့ကို ကျေးဇူးတင်သင့်တယ်...မင်းတို့သာ မရှိရင် ငါက ဒီလောက်ထိသင့်တော်တဲ့ နတ်ဆိုးသားရဲတစ်ကောင်ကို ရှာတွေ့မှာမဟုတ်ဘူးလို့ စိုးရိမ်မိတယ်"

ဝူကျောက်နှင့်ဝူယာတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး သူတို့နှစ်ဦးလုံး၏မျက်လုံးများအတွင်းတွင် အားနာသည့်အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

သူတို့သည် လုယွီကို အမှန်တကယ် ကျေးဇူးဆပ်ချင်သော်လည်း ပြန်စဉ်းစားကြည့်ချိန်တွင် သူတို့ထံ၌ ထွေထွေထူးထူး မည်သည့်အရာမျှမရှိကြောင်း သိလိုက်ရသည်။

"သခင်လေး... ဒီသားရဲငယ်လေးက နည်းနည်းညစ်ပတ်နေတယ်....ငါတို့က သူ့ကို သန့်ရှင်းအောင် ဆေးကြောပေးဖို့ ခေါ်သွားလိုက်ပါ့မယ်" ဝူကျောက်က မတ်တတ်ထရပ်ပြီး လေသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။

လုယွီ ငြင်းဆန်ခြင်းမပြုဘဲ ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ဒါဆိုရင် ငါက သူ့ကို မင်းတို့ရဲ့လက်ထဲ အပ်လိုက်မယ်..."

...

"စီနီယာအစ်ကိုလု... နင် ဆေးလုံးဖော်စပ်တတ်လား"

လုကောင်းကျီးက မျက်လုံးအပြူးသားနှင့် လုယွီကိုကြည့်ပြီး သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

လုယွီက ရှင်းပြခြင်းမပြုချေ။

"ငါ့မှာ သင့်တော်တဲ့ဆေးတစ်လုံး အဆင်သင့်ရှိနေလို့ပါ...မဟုတ်ရင် သူ့ကို ဒီလောက်လွယ်လွယ်နဲ့ ကယ်နိုင်မှာမဟုတ်ဘူး.."

"မဟုတ်ဘူး....နင်က ဆေးပညာအကြောင်း သိတယ်...မဟုတ်ရင် ငါ့ရဲ့သွေးတိတ်ဆေးလုံးထဲက ပါဝင်ပစ္စည်းတွေကို နင် ခွဲခြမ်းစိတ်ဖြာနိုင်မှာ မဟုတ်ဘူး"

လုကောင်းကျီးက လုယွီကို တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် ကြည့်လိုက်၏။ "ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ ဆေးပညာကျောင်းဆောင်တစ်ခုရှိတယ်....ဆေးပညာရှင်တွေက အဲ့ဒီကို သင်ကြားပေးဖို့ မကြာခဏ သွားကြတယ်....အရင်က စီနီယာအစ်ကိုလုရဲ့ နာမည်ဂုဏ်သတင်းကို ငါ ဘာလို့မကြားဖူးတာလဲ...."

လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ငါက တစ်ယောက်တည်းသီးသန့်ကျင့်ကြံရတာကို ကြိုက်တယ်...အရမ်းစည်ကားတဲ့နေရာတွေကို မကြိုက်ဘူး...ဒါကြောင့် ငါက အဲ့ဒီနေရာတွေကို မသွားဖြစ်ဘူး"

"တစ်ကိုယ်တည်း သီးသန့်ကျင့်ကြံတာလား.... ငါက နင်ကို ငါတို့ရဲ့ ဆေပညာကျောင်းဆောင်ဆီကို ဖိတ်ခေါ်ချင်တယ်..."

လုကောင်းကျီးသည် အံ့ကြိတ်လိုက်ပြီး သူမ၏ရှေ့မှ ဤလူငယ်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်ဟု အစဥ်အမြဲခံစားနေရပေ၏။

သူမသည် အလွန်ထက်မြက်သောကြောင့် ကျန်းစစ်မင်က သူမအပေါ် မည်ကဲ့သို့ အတွေးမျိုးရှိနေသည်ကို သူမ ပြောနိုင်သည်။

ကျန်းစစ်မင်တစ်ယောက်တည်းသာ မဟုတ်ပေ။ သူမ၏အသွင်အပြင်ကြောင့် သူမနှင့်ပြောဆိုဆက်ဆံခဲ့ဖူးသော ယောက်ျားလေးအများစုသည် သူမကို လိုချင်တပ်မက်ကြပေ၏။

သို့ရာတွင် လုကောင်းကျီးသည် လုယွီထံမှ ထိုသို့သောခံစားချက်ကို ရှာမတွေ့နိုင်ခဲ့ချေ။

လုယွီသည် သူမတို့နှင့် အသက်အရွယ်တူ လူငယ်တစ်ဦးဖြစ်သော်လည်း လုကောင်းကျီးသည် သူ့ကို ကြည့်မိတိုင်း နက်နဲသိမ်မွေ့သောစရိုက်ရှိသည့် မွန်းစတားအိုကြီးတစ်ကောင်ဟု ခံစားနေရသည်။

သူသည် အဆုံးမရှိသော ချောက်နက်ကြီးတစ်ခုနှင့် တူညီပြီး တိုင်းတာ၍မရနိုင်ချေ။

All Chapters