အခန်း (၅၀၆၆-၅၀၇၀)
Vol. 257 Ch. 5066-5070
Chapter 5066
ဝူကျောက်က ချက်ချင်းဆိုသလိုပင် ပြောဆိုသည်။
"အရှင်ဧကရာဇ်...တကယ်လို့ အရှင်လိုချင်တယ်ဆိုရင် ဒီနတ်ဆိုးသားရဲကို ဆက်သဖို့ ကျွန်တော်က ဆန္ဒရှိပါတယ်"
ဝူယာ၏မျက်လုံးများသည်လည်း တောက်ပလာသည်။ လူရိုင်းမျိုးနွယ်စု၏စရိုက်သဘာဝသည် အင်အားကြီးသူကို ကိုးကွယ်ကြပေ၏။ ဤအချိန်၌ လုယွီက ဤနတ်ဆိုးသားရဲကို လိုချင်လျှင်ပင် သူတို့နှစ်ဦးလုံး ကန့်ကွက်မည်မဟုတ်ချေ။
"မလိုပါဘူး.....ငါက တခြားလူ ပိုင်ဆိုင်တဲ့အရာကို မယူဘူး....ဒီကိစ္စပြီးရင် မင်းဆီကို တစ်ယောက်ယောက်လွှတ်ပြီး ပြန်ပို့ခိုင်းလိုက်မယ်... ငါ့ကို ခဏလောက် ကူညီပေးဖို့ပဲ ဒီကောင်လေးကို လိုတာပါ"
လုယွီသည် မိုးပြားနက်နဲသိမ်မွေ့သားရဲ၏ ချောမွေ့သောသားမွှေးကို ပွတ်သပ်လိုက်ရင်း သူ့၏မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဤသည်မှာ အဖော်သားရဲတစ်ကောင်ဖြစ်ပြီး လူရိုင်းများအတွက် အလွန်အရေးကြီးသည်။ လုယွီက ထိုသားရဲကို လုယူရန် ရည်ရွယ်ချက်မရှိချေ။
မိုးပြာနက်နဲသိမ်မွေ့သားရဲသည် တိုးညှင်းစွာအသံပြုရင်း လုယွီ၏ရင်ခွင်အတွင်းတွင် ခွေခေါက်နေခဲ့သည်။ သူသည် လုံးလုံးလျားလျား စိမ်းသက်သည်ဟု မခံစားရပေ။
ဝူကျောက်နှင့်ဝူယာတို့ မောင်နှမသည် မိုးပြာနက်နဲသိမ်မွေ့သားရဲကို ဤကဲ့သို့ အခြေအနေဖြင့် မြင်တွေ့ချိန်၌ သူတို့နှစ်ဦးလုံး၏ မျက်လုံးများအတွင်းတွင် အံ့အားသင့်သော အမူအယာများ ထင်ဟပ်လာသည်။
ထို့နောက် သူတို့နှစ်ဦးသည် ဦးညွှတ်အရိုအသေပြုကာ နှုတ်ဆက်ပြီး ထွက်ခွာသွားကြ၏။
အချိန်တခဏအတွင်းမှာပင် သီးသန့်အခန်းသည် လုယွီနှင့်လီစစ်မှလွဲ၍ အရာအားလုံးရှင်းလင်းသွားပုံရသည်။
"မင်း မြင်လား....ဒါက ထိပ်သီးမိသားစုရဲ့မျိုးဆက်တွေပဲ"
လုယွီက ဝိုင်အရက်တစ်ခွက်ငှဲ့ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ထိပ်သီးမိသားစုတွေရဲ့လူငယ်မျိုးဆက်သစ်တွေက လောကကြီးထဲကလူတွေကို မြက်ပင်တွေလို သဘောထားတယ်....သူတို့က တော်ဝင်နန်းတွင်းရဲ့ ဥပဒေတွေကို လျစ်လျူရှုကြတယ်.... ဥပဒေရဲ့အထက်မှာတောင် နေချင်ကြတယ်...ဒီနေ့က ဥပမာတွေထဲက တစ်ခုပဲ....အပေါ်ယံကိုမြင်တာနဲ့ ဒီကိစ္စတွေကို သိနိုင်တယ်...ထိပ်သီးမိသားစုတွေက ဒီအခြေအနေထိ ကြီးထွားလာခဲ့ပြီ..."
လီစစ်၏စိတ်နှလုံးသား လှုပ်ရှားသွားပြီး သူက အလျင်အမြန် ပြောဆိုသည်။
"အရှင်ဧကရာဇ်က ထိပ်သီးမိသားစုတွေကို အရေးယူချင်တာလား... ဒါပေမဲ့ လုမိသားစုက အရှင်ဧကရာဇ်ရဲ့ မိသားစုပဲလေ... လုမိသားစုတင်မကဘူး...ကျန်းနဲ့ ဝေ့မိသားစုတွေလည်းပါတယ်....သူတို့အားလုံးက အရှင်ကို ကူညီထောက်ပံ့ပေးထားတဲ့ အကျိုးဆောင်မှုတွေ ရှိကြတယ်"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"ငါက အဲ့ဒီလူတွေကို အမြင့်ဆုံးအာဏာနဲ့ ချမ်းသာကြွယ်ဝမှုတွေကို ပိုင်ဆိုင်ခွင့်ပေးနိုင်တယ်.... ဒါပေမဲ့ ဒါက ငါ သူတို့ကို ပေးအပ်ခဲ့တဲ့အရာပဲ....သူတို့က အကန့်အသတ်ထက်ကျော်တဲ့ ကိစ္စတစ်ခုကို လုပ်လိုက်တာနဲ့ ထိုက်တန်တဲ့ အဖိုးအခကို ပေးဆပ်ရလိမ့်မယ်....လုမိသားစုလည်း ခြွင်းချက်မရှိဘူး"
လုယွီ၏အသံသည် တည်ငြိမ်နေပေ၏။
သို့ရာတွင် လီစစ်သည် ထိုစကားကို ကြားလိုက်ရသည့်အချိန်၌ ဓားများ လှံများနှင့် ပုဆိန်များ၏ တုန်ခါသံများကို ကြားနေရသည့်အလား ခံစားလိုက်ရသည်။ ဤသည်မှာ လူအများကို တုန်လှုပ်ချောက်ချားစေနိုင်သည်။
သူသည် လုယွီ၏ နည်းလမ်းများကို ကောင်းစွာသိရှိပေ၏။ အပေါ်ယံအားဖြင့် သာမန်စကားတစ်ခုဟု ထင်ရသော်လည်း လက်တွေ့အကောင်အထည်ဖော်လိုက်သည်နှင့် သွေးချောင်းစီးသည့် မုန်တိုင်းတစ်ခုကို သေချာပေါက် ဖြစ်ပေါ်စေပေလိမ့်မည်။
"ဒါပေမဲ့ ကျွန်တော်တို့ ဒီလိုလုပ်ရင် ထိပ်သီးမိသားစုတွေရဲ့ ပြင်းထန်တဲ့ တန်ပြန်တိုက်ခိုက်မှုကို ဖြစ်စေလိမ့်မယ်"
လီစစ်က သူ၏စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုခဲ့သည်။
လုယွီ၏အကြည့်သည် ပြင်ပရှိ ရေကန်ထံသို့ ကျရောက်သွားသည်။ ရေကန်၏မျက်နှာပြင်ပေါ်တွင် တဖျတ်ဖျတ်တောက်ပနေသည်။
"ငါ တစ်ခါက သူဌေးသားတစ်ယောက်က သူတောင်းစားတစ်ယောက်ကို ရိုက်နှက်နေတာကို တွေ့ဖူးတယ်....လမ်းပေါ်မှာ လူတွေအများကြီးရှိပေမဲ့ ဘယ်သူမှ သူ့ကိုကူညီဖို့ မတွေးခဲ့ကြဘူး...လူတိုင်းက သူဌေးသားတစ်ယောက်က သူတောင်းစားတစ်ယောက်ကို ရိုက်နှက်တာက သဘာဝကျတယ်လို့ ခံစားနေကြတယ်.. ဒါက အကြောင်းပြချက်မရှိဘူး... သူက ဆင်းရဲပြီး အားနည်းလို့ပဲ...ဒါကြောင့် သူက အနိုင်ကျင့်ခံသင့်တယ်လို့ သူတို့ ထင်ကြတယ်"
လုယွီ၏အသံသည် လီစစ်၏နားအတွင်းတွင် ပဲ့တင်ထပ်သွားသည်။
"အဲ့ဒီနေ့ကနေစပြီးတော့ ငါ့ရဲ့လက်ထဲမှာ ဒီလိုအဖြစ်အပျက်မျိုးတွေ ဘယ်တော့မှ ထပ်ဖြစ်ခွင့်မပေးဘူးလို့ ငါ ကျိန်ဆိုခဲ့တယ်...."
"ကောင်းကင်ဘုံနယ်မြေက အရမ်းကြီးမားကျယ်ပြန့်တယ်...လောကကြီးမှာ အစစ်အမှန်ငြိမ်းချမ်းမှုကို ငါတို့ ရနိုင်ဖို့ မလွယ်ကူဘူး.... ဒါပေမဲ့ မကောင်းမှုကျူးလွန်တဲ့သူတွေကို သူတို့နဲ့ထိုက်တန်တဲ့ အဖိုးအခကို ပေးဆပ်ရအောင် ငါအစွမ်းကုန် ကြိုးစားသွားမယ်"
...
လုယွီ၏ အသံသည် ရှိနေသေးသော်လည်း သူသည် ရတနာမျှော်စင်မှ ပျောက်ကွယ်သွားခဲ့လေပြီ။
ယနေ့သည် သီးသန့်လည်ပတ်မှု ဖြစ်သော်လည်း လုယွီထံ၌ လုပ်စရာကိစ္စ အမြောက်အများ ရှိသေးသဖြင့် ဤနေရာတွင် အချိန်များစွာ မဖြုန်းနိုင်ခဲ့ချေ။
"ဒါက လူတော်တော်များများကို စိတ်အနှောင့်အယှက်ဖြစ်စေမှာ ငါ စိုးရိမ်တယ်"
လီစစ်က ခေါင်းခါပြီး သက်ပြင်းရှည်ကြီး ရှိုက်လိုက်သည်။
ထိုအချိန်မှာပင် သီးသန့်ခန်း၏အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာပြီး စိုးရိမ်တကြီးပြေးလွှားလာသော ခြေသံများကို ကြားလိုက်ရလေ၏။
ရတနာမျှော်စင်၏ ဆိုင်ရှင်လျှူဝမ်ချိုင်သည် ဖြူဖျော့သောမျက်နှာနှင့် အပြေးအလွှား ရောက်လာခဲ့သည်။
"အရှင်လီကို အရိုအသေပြုပါတယ်..."
အဝေး၌ရှိနေစဥ်မှာပင် လျှူဝမ်ချိုင်က မြေပြင်ပေါ်တွင် ဒူးထောက်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
Chapter 5067
လီစစ်၏အထူးဧည့်သည်တံဆိပ်ပြားသည် လျှူဝမ်ချိုင်၏လက်အတွင်း၌ ရှိနေပေ၏။
သူသည် ချမ်းသာသော ဒေသခံစီးပွားရေးသမားတစ်ဦးဖြစ်သည်။ ရတနာမျှော်စင်ကို တည်ထောင်ခြင်းသည် ရည်မှန်းချက်ကြီးသော ပန်းတိုင်တစ်ခုဖြစ်ပြီး သူသည် မြို့တော်တွင် နာမည်ကျော်ကြားလာရန် ဆန္ဒရှိခဲ့သည်။
ရတနာမျှော်စင်၏ဂုဏ်သတင်းကို မြှင့်တင်ရန်အတွက် လျှူဝမ်ချိုင်သည် အမြင့်ဆုံးအာဏာရှိသော အထူးဧည့်သည်တံဆိပ်ပြားများကို အထူးတလည် ဖန်တီးခဲ့ပြီး မြို့တော်ရှိ နာမည်ကြီးပုဂ္ဂိုလ်များကို လက်ဆောင်ပေးခဲ့သည်။ တခြားတစ်ဖက်မှ လာသည်ဖြစ်စေ မလာသည်ဖြစ်စေ အရေးမကြီးဘဲ အဓိကမှာ သူ့ထံတွင် ထိုကဲ့သို့သဘောထားမျိုး ရှိနေသည်ကို သိရှိရန်ပင်။
ဥပမာအားဖြင့် လုထျန်ကျုံး၏လက်အတွင်းရှိ အထူးဧည့်သည်တံဆိပ်ပြားသည် အမှန်တကယ်တွင် သူ့အဘိုးလုချန်လင်၏ တံဆိပ်ပြားဖြစ်သည်။
လီစစ်၏အထူးဧည့်သည်တံဆိပ်ပြားမှာမူ သူကိုယ်တိုင် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ပေ၏။
လီစစ်အား အထူးဧည့်သယ်အယောင်ဆောင်သော သူခိုးတစ်ဦးအဖြစ် ဆက်ဆံခံရကြောင်း သိရှိရချိန်၌ လျှူဝမ်ချိုင်သည် ကချေသည်တချို့နှင့်အတူ ပန်းဝိုင်သောက်နေခဲ့သည်။
ဤသတင်းကိုကြားချိန်၌ လျှူဝမ်ချိုင်သည် ချက်ချင်းမတ်တတ်ထရပ်လိုက်။။ သူ၏မျက်နှာသည် ဖြူဖျော့နေပြီး သူ၏ဝဖြိုးသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ အလျင်အမြန် ရောက်လာခဲ့သည်။
သူသည် မည်သို့သောပုဂ္ဂိုလ်မျိုးကို စော်ကားမိသည်အား ကောင်းစွာသိသည်။
ကျိုးယွမ်ယန် နန်းကျသွားပြီးနောက် လီစစ်သည် အာဏာရလာသော ပထမဆုံးပုဂ္ဂိုလ်ပင်
အတွင်းဝန်ချုပ်ယန်ရှိုးသည် ရုပ်သေးရုပ်တစ်ရုပ်သာဖြစ်ကြောင်း မည်သူမဆို ပြောနိုင်သည်။ အစစ်အမှန်အခွင့်အာဏာကို ကိုင်စွဲထားသူမှာ လီစစ်ပင်။
ဤသည်မှာ လူတစ်ယောက်၏အောက်နှင့် မရေမတွက်နိုင်သောလူများ၏အထက်တွင် ရှိနေသော တည်ရှိမှုကြီးပင်။
သူသည် လီစစ်ကို စော်ကားမိပါက မြို့တော်တွင် ဆက်လက်နေထိုင်ရန် မဆိုထားနှင့် သူအသက်ရှင်နိုင်မည် မရှင်နိုင်မည်ကိုပင် မသိနိုင်သေးချေ။
လျှူဝမ်ချိုင်သည် အစောကြီးကတည်းက ရောက်နှင့်နေသော်လည်း အတွင်းမှ ဆူညံသံများကို ကြားချိန်၌ ဝင်ရောက်ရန် မဝံ့ရဲခဲ့ပေ။
သူသည် မည်မျှပင် တုံးအမိုက်မဲနေပါစေ အစောပိုင်းက သီးသန့်ခန်းအတွင်း၌ မည်သူ ရှိနေသည်ကို သူ သိသည်။
ဧကရာဇ် လုယွီ....
ဧကရာဇ်နှင့်အုပ်ချုပ်ရေးအဖွဲ့၏ လက်ထောက်အတွင်းဝန်ကို သူ၏လူများက တံခါး၏အပြင်ဘက်တွင် တားဆီးထားခဲ့သည်ကို စဉ်းစားမိချိန်တွင် လျှူဝမ်ချိုင်၏ခြေထောက်များသည် တုန်ရီလာပြီး အားနည်းလာသကဲ့သို့ ခံစားနေရသည်။
"ကျွန်တော်က ငယ်သားတွေကို ကောင်းကောင်းမအုပ်ချုပ်နိုင်ခဲ့ဘူး.. သူတို့က အရှင်ကိုတောင် မမှတ်မိကြဘူး...ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ....အရှင် ခွင့်လွှတ်ပေးပါ"
လျှူဝမ်ချိုင်သည် အလွန်ချမ်းသာကြွယ်ဝသူဖြစ်သော်လည်း လီစစ်၏ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်အလား အဆက်မပြတ် တောင်းပန်နေခဲ့သည်။
လျူဝမ်ချိုင်၏နောက်တွင် အစ်မလီနှင့် အစောင့်တာဝန်ခံတို့သည် အဆက်မပြတ် ဦးတိုက်နေကြပြီး သူတို့၏ခေါင်းများမှသွေးများ မြေပြင်ပေါ်သို့ စီးကျလာသည်အထိ ဖြစ်ခဲ့လေ၏။
သူတို့၏မျက်လုံးများအတွင်းတွင် ထိတ်လန့်ကြောက်ရွံ့မှုနှင့် ပြည့်နှက်နေပြီး သူတို့၏ ခန္ဓာကိုယ်များ အဆက်မပြတ် တုန်ရီနေသည်။
နောင်တ ကြောက်ရွံ့မှု စိုးရိမ်ပူပန်မှုနှင့် တခြားသော စိတ်ခံစားချက်မျိုးစုံသည် သူတို့၏ စိတ်နှလုံးသားအတွင်း၌ ပြည့်နှက်နေခဲ့သည်။
လီစစ်သည် သူ၏ရှေ့မှလူများကို ကြည့်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် စိတ်အနှောင့်အယှက်ဖြစ်သည့် အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။ သူက အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။
"ဖက်တီးလျှူ...ဒီနေ့ မင်းကို ငါ အရေးမယူတော့ဘူး..ဒါပေမဲ့ နောက်ကျရင် ငါ့ကို လာမရှာနဲ့တော့"
ထိုသို့ပြောဆိုပြီးနောက် လီစစ်သည်လည်း ပျံသန်းကာ ထွက်ခွာသွားခဲ့သည်။
ဘုန်း....
လျှုဝမ်ချိုင်သည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သူ၏မျက်နှာ ဖြူဖျော့နေသည်။
သူနှင့်လီစစ်အကြားရှိဆက်ဆံရေး ပြတ်တောက်သွားခဲ့ပြီး သူသည် လီစစ်နှင့် ရန်သူဖြစ်လာနိုင်ခြေပင်ရှိသည်။
အကယ်၍ တစ်ဖက်လူသည် လက်ညှိုးတစ်ချောင်းညွှန်လိုက်လျှင်ပင် သူသည် မြှုပ်နှံစရာမြေမရှိဘဲ သေဆုံးသွားပေလိမ့်မည်။ ယခုချိန်မှစ၍ တော်ဝင်မြို့တော်တွင် သူ ငွေရှာရန် မဆိုထားနှင့် သူ၏လက်ရှိပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားနိုင်ရန်မှာပင် မသေချာတော့ချေ။
"မင်းတို့ ခွေးမသားနှစ်ယောက်... မင်းတို့ခွေးမျက်လုံးတွေက ကန်းသွားတာလား..."
လျှူဝမ်ချိုင်သည် နောက်သို့လှည့်ပြီး အစ်မလီနှင့် အစောင့်တာဝန်ခံကို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။
သူတို့နှစ်ဦးသည် သွေးအလိမ်းလိမ်းဖြစ်သည်အထိ အရိုက်ခံရပြီး အသနားခံတောင်းပန်နေကြသည်။
"မင်းတို့က အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကို စော်ကားခဲ့တယ်....မင်းတို့အတွက်နဲ့ ငါက အပြစ်တင်ခံခဲ့ရတယ်"
လျှူဝမ်ချိုင်၏မျက်နှာအမူအယာသည် ရက်စက်ကြမ်းတမ်းနေပေ၏။
"ဒီနေ့ မင်းတို့ကို အလုပ်ကိစ္စတွေ ဘယ်လိုလုပ်ရမလဲဆိုတာ ငါကိုယ်တိုင် သင်ပေးမယ်..."
...
ရတနာမျှော်စင်၏အပြင်ဘက်၌ ...
လုကောင်းကျီးသည် ခမ်းနားထည်ဝါသော စင်္ကြန်လမ်းမှ ထွက်လာပြီးနောက် ဘဝတစ်ခုကို ဖြတ်သန်းခဲ့ရသကဲ့သို့ ခံစားလိုက်ရသည်။
ရတနာမျှော်စင်သို့ မဝင်မီက သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ သာမန်တပည့်သစ်တစ်ဦးသာ ဖြစ်ခဲ့သည်။
သူမ ပြန်ထွက်လာပြီးနောက် အမှန်တကယ်ကို လုယွီနှင့် သိကျွမ်းခွင့်ရခဲ့ပြီး ဆေးနတ်ဘုရား၏အတွေ့အကြုံများကိုပင် ရရှိခဲ့သည်။
တိုတောင်းသော ညတစ်ညအတွင်းမှာပင် လုကောင်းကျီးသည် ကောင်းကင်ဘုံကို တုန်လှုပ်စေသော ကံကောင်းခြင်းတစ်ခုကို အမှန်တကယ် ရရှိခဲ့လေ၏။
"ဂျူနီယာညီမလေးလု...မင်း အဆင်ပြေရဲ့လား" ရုတ်တရက် အသံတစ်သံက လုကောင်းကျီး၏အတွေးများကို ကြားဖြတ်ဟန့်တားလိုက်သည်။
ဤသည်မှာ တံခါးအပြင်ဘက်တွင် စောင့်နေဆဲဖြစ်သော ကျန်းစစ်မင်ပင်။ သူသည် လုကောင်းကျီး ထွက်လာသည်ကို မြင်တွေ့ချိန်၌ သူ၏မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအယာတစ်ရပ် ချက်ချင်းထွက်ပေါ်လာသည်။
"ငါ ခုဏက လုမိသားစုရဲ့ အကြီးအကဲတစ်ယောက် ရောက်လာတာကို တွေ့လိုက်တယ်... သူက လုထျန်းကျုံးကို ခေါ်သွားလောက်ပြီလို့ ငါ ထင်မိတယ်...မင်း ဘာမှစိတ်မပူပါနဲ့...ဒီစီနီယာအစ်ကိုက မင်းကို ကာကွယ်ပေးရင် လုထျန်းကျုံးက မင်းကို ဘယ်တော့မှ လက်စားချေရဲမှာ မဟုတ်ဘူး"
Chapter 5068
ကျန်းစစ်မင်၏ မျက်နှာပေါ်တွင် ယုံကြည်မှုရှိပြီး တောက်ပသော အပြုံးတစ်ခု ရှိနေဆဲဖြစ်ပြီး အစောပိုင်းက မည်သည့်ကိစ္စမျှ မဖြစ်ခဲ့သည့်အလားပင်။
လုချန်လင် ရောက်ရှိလာပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်သွားသည်ကို သူ မြင်လိုက်ချိန်မှစ၍ လုထျန်းကျုံးသည် လုမိသားစုအကြီးအကဲများ၏ အရေးယူခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း သူ အတပ်ပြောနိုင်ခဲ့သည်။
ဤသည်မှာ အံ့အားသင့်ဖွယ် မရှိချေ။ မကြာသေးမီက လုမိသားစုသည် မိသားစုအတွင်းမှ လူငယ်များကို အလွန်တင်းကြပ်စွာ ထိန်းချုပ်ထားခဲ့သည်။ ပုံမှန်အားဖြင့် မောက်မာထောင်လွှားပြီး ကာမဂုဏ်လိုက်စားသော လူငယ်သခင်လေးများသည် မိသားစုအတွင်း၌ အကျယ်ချုပ်ကျနေခဲ့သည်။ လုထျန်းကျုံးတစ်ဦးတည်းသာ ပြင်ပမှလာခဲ့ပြီး တော်ဝင်မြို့တော်ရှိ လက်ရှိအခြေအနေကို မသိရှိခဲ့ချေ။ ထို့ကြောင့် သူသည် ဤမျှထိ မောက်မာနေခဲ့ခြင်း ဖြစ်ပေ၏။
ယခုအချိန်၌ လုမိသားစုအကြီးအကဲများ ထွက်ပေါ်လာပြီဖြစ်သောကြောင့် ကျန်းစစ်မင်သည် နောက်ဆုံးတွင် စိတ်အေးသွားခဲ့သည်။ သူ၏စိတ်နှလုံးသားထဲမှ ဂုဏ်ယူဝံ့ကြွားမှုနှင့် မောက်မာထောင်လွှားမှုတို့သည် သူ့ထံသို့ တဖန်ပြန်၍ရောက်ရှိလာခဲ့သည်။
"နောက်ကျနေပြီ ဂျူနီယာညီမလေးလု... ငါ မင်းကို အိမ်ပြန်လိုက်ပို့ပေးရမလား..."
ကျန်းစစ်မင်က သူ၏နောက်မှ ခမ်းနားထည်ဝါသော ရထားလုံးကို ညွှန်ပြလိုက်သည်။ ကျန်းမိသားစု၏အစေခံတချို့သည် ထိုနေရာတွင် စောင့်ဆိုင်းနေကြ၏။
ခမ်းနားထည်ဝါသော ရထားလုံးသည် ငယ်ရွယ်ချမ်းသာသော အမျိုးသားတစ်ဦးနှင့် လိုက်ဖက်ပေ၏။ ဤသည်မှာ အလွန်ဆွဲဆောင်မှုရှိပုံရသော်လည်း လုကောင်းကျီး၏စိတ်နှလုံးသားအတွင်းတွင်မူ အလွန်ကလေးဆန်နေခဲ့သည်။
နဂါးအစစ်ကို ငါ မြင်ဖူးပြီးမှတော့ မြွေတစ်ကောင်ကို ဘာလို့ ဂရုစိုက်နေရမှာလဲ....
"မလိုပါဘူး သခင်လေးကျန်း... ရှင့်ရဲ့ စေတနာကောင်းအတွက် ကျေးဇူးတင်ပါတယ်"
လုကောင်းကျီးက ခေါင်းခါလိုက်သည်။
ကျန်းစစ်မင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲပင်။
"ကိစ္စမရှိပါဘူး ဂျူနီယာညီမလေးလု... ငါက လမ်းကြုံနေတာနဲ့ တိုက်ဆိုင်သွားတာပါ"
ထိုသို့ပြောဆိုပြီးနောက် ကျန်းစစ်မင်သည် တစ်စုံတစ်ခုကို ထပ်မံစဉ်းစားမိပြီး ပြောဆိုလိုက်သည်။
"ဒါ့ပြင် အဲ့ဒီလုထျန်းကျုံးက စိတ်ထားကျဉ်းမြောင်းတယ်....သူက စည်းကျော်တဲ့အရာတစ်ခုခု မလုပ်ဘူးလို့ အာမခံဖို့ခက်တယ်..... ငါ မင်းကို လိုက်ပို့ပေးရင် မင်းရဲ့လုံခြုံရေးကိုလည်း အာမခံနိုင်တယ်"
သူက လုကောင်းကျီးသည် သူ့ကို အနှောင့်အယှက်မပေးလိုသောကြောင့် ငြင်းဆန်ရန် ရွေးချယ်ခဲ့သည်ဟု တွေးထင်ခဲ့သည်။
လုကောင်းကျီး၏မျက်လုံးများအတွင်းတွင် ထူးဆန်းသော အကြည့်တစ်ခု ရှိနေပေ၏။
"သခင်လေးကျန်းက လုထျန်းကျုံး သေသွားပြီဆိုတာ သိရဲ့လား....."
"သေပြီလား....."
ကျန်းစစ်မင်သည် အနည်းငယ်ကြက်သေသေပြီးနောက် အပြုံးနှင့် ပြောဆိုလိုက်သည်။
"ဂျူနီယာညီမလေးလု....မင်း အရမ်းကြောက်သွားပြီးတော့ စိတ်ဂယောင်ချောက်ချားတွေ ဖြစ်သွားတာလား.... အကြီးအကဲလုချန်လင်လည်း ခုဏက ရောက်လာခဲ့တယ်....သူက လုထျန်းကျုံးကို ခေါ်သွားလောက်ပြီ....ဒီအကြီးအကဲတွေက သူတို့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ သားမြေးတွေကို သတ်ပစ်ချင်တယ်လို့ ပြောကောင်းပြောလိမ့်တယ်....ဒါပေမဲ့ သူတို့က ပါးစပ်ကသာ ထက်ရှပြီးတော့ နှလုံးသားက ပျော့ညံ့ကြတယ်....သူတို့ရဲ့သားမြေးတွေကို ဘယ်လိုလုပ်ပြီး တကယ်ကြီးအရေးယူနိုင်မှာလဲ..."
ကျန်းစစ်မင်သည် နားလည်မှုလွဲနေသည်မှာ သိသာထင်ရှားပေ၏။
သူသည် လုချန်လင်မှ လုထျန်းကျုံးကို ခေါ်သွားဆောင်သွားသည်ဟု အစဥ်အမြဲတွေးထင်နေခဲ့သည်။
ခေါင်းပြတ်နေသော အလောင်းတစ်လောင်းသည် အလွန်သိသာထင်ရှားသည်။ လုထျန်ကျုံး၏အလောင်းကို လုချန်လင်က သိုလှောင်အိတ်အတွင်းသို့ထည့်၍ ယူသွားခဲ့သည်။ အပြင်လူများသည် သီးသန့်ခန်းအတွင်းတွင် မည်သည့်ကိစ္စများ ဖြစ်နေသည်ကို လုံးလုံးလျားလျား မသိခဲ့ကြချေ။
လုကောင်းကျီး၏ နီမြန်းသောနှုတ်ခမ်းများအနည်းငယ်ပွင့်ဟသွားသည်။ သူမသည် ရှင်းပြလိုသော်လည်း သူမ၏စိတ်ဝင်စားမှု လျော့ကျသွားခဲ့သည်။
သူမသည် အန္တရာယ်ကြုံတွေ့နေချိန်တွင် သူမကို ကာကွယ်ပေးမည်ဟု ကျိန်ဆိုခဲ့သော ဤလူသည် ထွက်ပြေးရန် ရွေးချယ်ခဲ့သည်ကို သတိရမိသည်။
သူ၏စကားများသည် မည်မျှပင် ချိုသာနေပါစေ ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်ရချိန်တွင် သူသည် နောက်ဆုတ်သွားပေလိမ့်မည်။
ရုတ်ချည်းဆိုသလို ကျန်းစစ်မင်အပေါ် လုကောင်းကျီး၏စိတ်နှလုံးသားအတွင်းမှ နှစ်သက်မှု လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။
"ကျွန်မ ရှင့်ကိုပြောရရင် လုထျန်းကျုံး အသတ်ခံလိုက်ရတယ်...ပြီးတော့ လုမိသားစုရဲ့ တတိယအကြီးအကဲက သူ့မြေးရဲ့ အလောင်းကို ပြန်သယ်သွားတယ်...ဒါကို ရှင်ယုံမှာလား...."
လုကောင်းကျီးက ကျန်းစစ်မင်ကို ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
"ဟား ဟား ဟား...ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ....ဂျူနီယာညီမလေးလု မင်းက တကယ် နောက်တတ်တာပဲ.... လုထျန်းကျုံးက ဘယ်သူမလို့လဲ...သူသာအသတ်ခံရရင် အကြီးအကဲလုက တော်ဝင်မြို့တော်ကို သေချာပေါက် မှောက်လှန်ပစ်လိမ့်မယ်.... သူက ဘယ်လိုလုပ်ပြီးတော့ သူ့ရဲ့ဒေါသကို မြိုသိပ်ပြီး ဒီလိုမျိုး ထွက်သွားနိုင်မှာလဲ...."
ကျန်းစစ်မင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ သူသည် ဤကိစ္စကို မယုံကြည်သည်မှာ သိသာထင်ရှားပေ၏။
"ထားလိုက်ပါတော့.... ဒီကိစ္စက ရှင့်အတွက် နားလည်ရခက်လောက်တယ်"
လုကောင်းကျီးသည် စိတ်ပျက်စွာဖြင့် ခေါင်းခါယမ်းကာ နောက်သို့လှည့်ထွက်သွားခဲ့သည်။
လုကောင်းကျီး၏ ထွက်ခွာသွားသော ကျောပြင်ကိုကြည့်ရင်း ကျန်းစစ်မင်၏ မျက်နှာပေါ်တွင် အနေရခက်သော အမူအယာတစ်ခု ဖြတ်ပြေးသွားသည်။
ထို့နောက် ထိုအနေရခက်သော အမူအရာသည် နှိုင်းယှဉ်၍မရနိုင်သော ဒေါသနှင့်နာကြည်းမှုများအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ကောင်မစုတ်...မင်းကို ငါ ရပြီးရင် သေအောင် ကစားပြစ်မယ်"
ကျန်းစစ်မင်သည် လုကောင်းကျီး၏ ထွက်ခွာသွားသောကျောပြင်ကို ကြည့်ရင်း သူ၏မျက်လုံးများအတွင်းတွင် မကောင်းကြံစည်မှုနှင့် ပြည့်နှက်နေခဲ့သည်။
Chapter 5069
"လူတွေက ပြောင်းလဲတတ်တယ်.... လူကြီးလူကောင်းတစ်ယောက်က အခြေအနေကို အခွင့်ကောင်းယူတယ်...ကိုယ့်အတွေးအမြင်ကိုပဲ စွဲကိုင်မထားဘူး"
"ဥပမာအနေနဲ့ပြောရရင် အတိတ်မှာ အရှင်ဧကရာဇ်နဲ့အတူ ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေက ဒီနေ့ ဒီလိုအခြေအနေမျိုးနဲ့ အရှင်ကိုတွေ့ရင် အရင်လို မရိုင်းစိုင်းနိုင်တော့ဘူး.... ဧကရာဇ်နဲ့လက်အောက်ငယ်သားတွေကြားမှာရှိတဲ့ ကျင့်ဝတ်ထုံးတမ်းက အင်ပါယာတစ်ခုလုံးရဲ့ လုပ်ငန်းလည်ပတ်မှုကို ထိန်းသိမ်းထားတဲ့ အခြေခံအုတ်မြစ်ပဲ....အဖေနဲ့သားဖြစ်နေတောင်မှ ဒါကို မကျော်လွှားနိုင်ဘူး... ဒါကြောင့် ရှေးခေတ်ကတည်းက ဧကရာဇ်တွေအားလုံးက တစ်ယောက်တည်းပဲ... ဘာလို့လဲဆိုတော့ သူတို့က အမြင့်ဆုံးရာထူးကို ရောက်ဖို့ ကံကြမ္မာပါလာလို့ပဲ.... ဒါကြောင့် လက်အောက်ငယ်သားတွေက ကျင့်ဝတ်တွေကိုလိုက်နာဖို့ ကံကြမ္မာပါလာတယ်... ဒီအစေခံအိုကြီးလည်း အတူတူပဲ"
ကျိုးကောသည် သူ၏ခွက်အတွင်းမှ လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်သုံးပြီးနောက် ပြောဆိုသည်။
"အရှင်ဧကရာဇ်က ထီးနန်းကို ထိန်းချုပ်ခါစပဲရှိသေးတယ်....ဒါက အကျင့်မဖြစ်သေးမှာကို ကျွန်တော် စိုးရိမ်မိတယ်"
လုယွီသည် သူ၏လက်အတွင်းမှ လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း အဝေးမှ တောက်ပနေသော ရေပြင်ကို ကြည့်ကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်လည်း ဒီလိုပဲထင်တယ်... အရှင်ဧကရာဇ်က အရင်ဘဝမှာ မြေအောက်လောကတာအိုသခင် ဖြစ်ကောင်းဖြစ်နိုင်တယ်....ဒါပေမဲ့ မြေအောက်ကမ္ဘာရဲ့သက်ရှိတွေက ခွန်အားကို အကြွင်းမဲ့လေးစားကြတယ်....သူတို့ကို သဲတစ်ပုံလိုပဲလို့ ပြောလို့ရတယ်....သူတို့တစ်ဦးချင်း ထူးချွန်နိုင်ပေမဲ့ စုစည်းမှုမရှိဘူး....သူတို့က တာယွီရဲ့ အုပ်ချုပ်မှုကို လုံးဝမခြိမ်းခြောက်နိုင်ဘူး"
ကျိုးကော၏စကားများသည် မြေအောက်လောကနယ်မြေအပေါ် မထီမဲ့မြင်ပြုမှုနှင့် ပြည့်နှက်နေသည်။
သို့ရာတွင် လုယွီသည် ဒေါသမထွက်ခဲ့ချေ။ ကျိုးကောပြောသည်မှာ အမှန်တရားပင်။
"ဒါပေမဲ့ တော်ဝင်နန်းတွင်းက မတူဘူး... ကျင့်ကြံခြင်းအင်ပါယာနဲ့ ပြင်ပဂိုဏ်းအင်အားစုကြားက အကြီးမားဆုံးကွာခြားချက်က... တော်ဝင်နန်းတွင်းမှာ ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေနဲ့ လိုအပ်ချက်တွေရှိတယ်....ဘယ်သူပဲဖြစ်ဖြစ် သူတို့က ဒီစည်းမျဉ်းတွေအောက်မှာ နာခံပြီး လုပ်ဆောင်ရမယ်... ရှေးဟောင်းအလယ်ခေတ်မှာ အစွမ်းထက်တဲ့အင်ပါယာတချို့ရှိခဲ့ပေမဲ့ အများစုက သက်တမ်းတိုခဲ့တယ်...တာယွီအင်ပါယာလောက် သက်တမ်းမရှည်ကြာခဲ့ဘူး"
"ဒီတော်ဝင်နန်းတွင်းကို ထိန်းချုပ်ဖို့အတွက် ကြမ်းတမ်းတဲ့အင်အားက လုံလောက်တာထက် အများကြီးပိုတယ်..... အတိတ်က ကွယ်လွန်သူဧကရာဇ်က အရပ်မျက်နှာအဘက်ဘက်ကို ထိန်းချုပ်ဖို့အတွက် ဧကရာဇ်ရဲ့နည်းဗျူဟာတွေကို ပထမဆုံးအသုံးပြုခဲ့တယ်... သူက သူ ပြန်ဝင်စားရမယ့် အချိန်ကန့်သတ်ချက် နီးကပ်လာတဲ့အထိပဲ အချိန်ဆွဲနိုင်ခဲ့တယ်....ဒါက... ဒီကြီးမားတဲ့ အင်ပါယာကို အုပ်ချုပ်ဖို့ မလွယ်ကူဘူး"
ကျိုးကောက လုယွီကို ကြည့်ပြီး ပြောဆိုသည်။
"အရှင်က အခုထိ အခမ်းအနားဆောင်ရွက်တာကို မစသေးဘူး....အရှင်က အခုထိ တုံ့ဆိုင်းနေတုန်းပဲလားလို့ ကျွန်တော် မေးချင်တယ်"
လုယွီက မှတ်ချက်မပေးဘဲ လျစ်လျှူရှုလိုက်သည်။ သူသည် သူ၏လက်ဖက်ရည်ကို သောက်ရင်း ကျိုးကောကို ဆက်လက်၍ ပြောဆိုစေခဲ့သည်။
ကျိုးကောက ပြောဆိုလေ၏။
"တော်ဝင်နန်းတွင်းမှာ ရှုပ်ထွေးတဲ့ကိစ္စတွေ အများကြီးရှိတယ်...ရာထူးနေရာနဲ့ ပတ်သက်ပြီး တော့ စိတ်ကျေနပ်မှုရစေတဲ့ လူတစ်ယောက်ကို ရွေးချယ်ဖို့ မလွယ်ကူတာက စိတ်ပျက်စရာပဲ"
"လီစစ်က ငယ်ရွယ်ပြီး တက်ကြွတယ်.... သူက ရှေးဟောင်းပညာရှင်တစ်ယောက်ရဲ့ အမွေအနှစ်ကိုလည်း ရရှိထားတယ်....သူ့ရဲ့ဆရာက အတော်လေး ထူးဆန်းတယ်...သူက တံခါးပိတ်ကျင့်ကြံနေတဲ့ သူတော်စင်တစ်ပါးပဲ....သူက သူ့ရဲ့အစွမ်းအစကို ပထမဆုံး ထုတ်ဖော်ပြသတဲ့အချိန်မှာ စည်းမျဥ်းဥပဒေဂိုဏ်းရဲ့ အကူအညီကို အပြည့်အဝ ရရှိခဲ့တယ်.... ဒီကလေးမှာ ဇွဲလုံ့လနဲ့အရည်အချင်းရှိပြီးတော့ ကံကြမ္မာရဲ့ကောင်းချီးပေးမှုကိုတောင် ရရှိထားတယ်....အရေးအကြီးဆုံးက သူက အရှင်ဧကရာဇ်အပေါ် သစ္စာရှိတယ်....အခုကြည့်ရတာ သူက အတွင်းဝန်ချုပ်ဖြစ်လာဖို့အတွက် အကောင်းဆုံး ကိုယ်စားလှယ်လောင်းပဲ"
"ဖေးထျန်ကွမ်း....သူက တစ်ချိန်က ထိပ်သီးကျောင်းတော်သားတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် သူက နန်းတွင်းစစ်ဆေးရေးမှူး ဖြစ်ခဲ့ဖူးတယ်..... သူ့ကို အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ အမတ်ချုပ်ကြီးလို့တောင် သတ်မှတ်နိုင်တယ်...သူက ပြီးပြည့်စုံတဲ့ အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပြီးတော့ တော်ဝင်နန်းတွင်းမှာရှိတဲ့ ဥပဒေ နိုင်ငံရေးနဲ့ စစ်ရေးဗျူဟာတွေ အားလုံးနီးပါးကိုသိတယ်...သူ့ရဲ့အတွေးအခေါ်တွေ အရမ်းရှေးရိုးစွဲဆန်တာက ဝမ်းနည်းစရာပဲ...ဒီလူက အစွန်းရောက်ကွန်ဖြူးရှပ်ဂိုဏ်း ကျင့်ကြံသူတစ်ယောက်ပဲ... သူက ခေတ်ကာလပြောင်းလဲမှုရဲ့ အခြေခံမူတွေအားလုံးကို လိုက်နာတယ် လုပ်ဆောင်နိုင်တယ်.... ဒါပေမဲ့ သူက အင်ပါယာကို အဆင့်မြှင့်တင်ဖို့ထိ တိုးတက်နိုင်မှာ မဟုတ်ဘူး"
"ကျန်းရီ...ဒီလူက ရှေးဟောင်းမိသားစုကနေ လာတာဖြစ်ပြီးတော့ သူက အရမ်းထက်မြက်တယ်..ပြီးတော့ သူက တော်တော်လေးလည်း ရဲရင့်တယ်....သူက ထက်မြက်ပေမယ့် သူ့ရဲ့အရည်အချင်းတွေက မလုံလောက်သေးဘူး.... သူက အကောင်းဆုံးလက်ထောက်တစ်ယောက် မဟုတ်နိုင်ဘူး"
"လုကျင်းရှန့်.. သူက နည်းဗျူဟာမှာ မတော်ဘူး.... ဒါပေမဲ့ တိုက်ခိုက်ရေးမှာ ထူးချွန်တယ်"
ကျိုးကောသည် အရပ်ဘက်အမှုထမ်းများနှင့် စစ်ဗိုလ်ချုပ်များအားလုံးကို မှတ်ချက်ပေးခဲ့သည်။
လုယွီက ရုတ်တရက် ပြုံးလိုက်သည်။
"ဒါက ငါ့ရဲ့အမတ်ကြီးတွေမှာ ပြစ်ချက်တချို့ရှိတယ်ဆိုတဲ့ သဘောပဲ"
ကျိုးကောက ပြောဆိုလိုက်၏။
"ဘယ်သူမှ ပြီးပြည့်စုံတာမရှိဘူး....လက်ရှိအတွင်းဝန်ချုပ် ယန်ရှိုးကို ဥပမာအနေနဲ့ ယူကြည့်ရအောင်.....သူက တာဝန်ကျေပွန်တဲ့ အမတ်ကြီးတစ်ယောက်ပဲ....သူ့မှာ လုံလောက်တဲ့ အတွေ့အကြုံရှိပြီးတော့ သတိကြီးတယ်....ဒါကြောင့် ဘာအပြစ်အနာအဆာမှ မမြင်နိုင်ဘူး.... သူက တိုးတက်မှုမှာ အားနည်းပေမဲ့ အရေးကြီးတဲ့အချိန်မှာ တော်ဝင်နန်းတွင်းကို တည်ငြိမ်အောင်လုပ်နိုင်ခဲ့တယ်....ဒါကြောင့် သူက ထီးနန်းအပြောင်းအလဲရှိနေပေမဲ့ အခုထိ ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်တာပဲ"
Chapter 5070
"ငါတို့က ယန်ရှိုးကို အတွင်းဝန်ချုပ်ရာထူးမှာ ဆက်ခန့်ထားလို့ မဖြစ်တော့ဘူး"
လုယွီက ပြောဆိုသည်။
"ရက်အနည်းငယ်အတွင်းမှာ အတွင်းဝန်ချုပ်အသစ်တစ်ယောက်ကို ခန့်အပ်ဖို့ ငါ စီစဉ်ထားတယ်... အချိန်က အရေးကြီးတယ်... ငါ ထပ်မစောင့်ချင်တော့ဘူး"
"အရှင်ဧကရာဇ်က ဆုံးဖြတ်ချက်ချပြီးပြီဆိုမှတော့ ဒီအစေခံအိုကြီးက ဝင်စွက်ဖက်လို့မရတော့ဘူး.... ဒါပေမဲ့ အရှင်ဧကရာဇ်ကို ရှင်းပြရမယ့် အချက်အနည်းငယ်တော့ ရှိတယ်"
ကျိုးကောက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
လုယွီက ခေါင်းညိတ်ပြီး ပြောဆိုလိုက်၏။
"ပြောပါ...."
ကျိုးကောက ပြောဆိုသည်။
"ဘယ်တစ်ယောက်ကိုပဲ ခန့်အပ်ခန့်အပ်... နောက်ထပ်အဖွဲ့တစ်ခုက အရှင်ကို ဆန့်ကျင်လာမှာ သေချာတယ်...အဲ့ဒီအဖွဲ့နှစ်ခုကြားက အင်အားကွာခြားချက်က အရမ်းကြီးမားတယ်...သူတို့ကို ဘယ်လိုဟန်ချက်ညီအောင် ထိန်းရမလဲဆိုတာ အရှင် သိဖို့လိုတယ်"
လုယွီက မျက်ခုံးပင့်လိုက်သည်။
"ဘယ်အဖွဲ့နှစ်ဖွဲ့ကို မင်း ပြောနေတာလဲ...."
"လုအဖွဲ့အစည်းနဲ့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ် အဖွဲ့အစည်းတွေပေါ့"
ကျိုးကောက ရုတ်တရက် သက်ပြင်းရှည်ကြီး ရှိုက်လိုက်၏။
"အရှင်ဧကရာဇ်တောင်မှ ဒါကို စဉ်းစားမိမှာမဟုတ်တာကို ကျွန်တော် စိုးရိမ်မိတယ်...အရှင်ရဲ့ရှေ့က အဖွဲ့အစည်းတွေက... တကယ်တော့ သူတို့ကြားမှာ တိုက်ခိုက်မှုတွေ စတင်နေပြီ....ဒီအဖွဲ့အစည်းတွေက တောထဲက သစ်ပင်တွေလိုပဲ.... အချင်းချင်းကြားမှာ အပေါ်ယံငြိမ်းချမ်းမှုကိုပဲ ထိန်းသိမ်းထားကြတယ်...ဒါပေမဲ့ သီးသန့်မှာတော့ သူတို့က တက်ကြွတဲ့ တိုက်ခိုက်မှုတစ်ခုကို စတင်နေကြပြီ"
"လုအဖွဲ့အစည်းကို လီစစ်က ဦးဆောင်တယ်... သူတို့က ငယ်ရွယ်ပြီး တက်ကြွတယ်...သူတို့မှာ လူတွေအများကြီးရှိပေမဲ့ သူတို့ရဲ့အင်အားက မလုံလောက်ဘူး....သူတို့ထဲမှာ ရာထူးကြီးတဲ့ အရာရှိတွေ ရှားပါးတယ်"
"အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အဖွဲ့ကို အဓိကအနေနဲ့ ကောင်းကင်ကွန်ယက်နဲ့ ပုန်းကွယ်နဂါးစစ်တပ်က ဦးဆောင်တယ်...သူတို့က ဖေးထျန်ကွမ်းကို သူတို့ရဲ့ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့တယ်.... သူတို့က အရှင်မင်းကြီးနောက်ကို အကြာဆုံးလိုက်ခဲ့ကြတဲ့အတွက် သူတို့ထဲက အများစုမှာ ထူးချွန်တဲ့အောင်မြင်မှုတွေ ရှိကြတယ်... အတွေ့အကြုံအရ လုအဖွဲ့အစည်းက သူတို့နဲ့ မယှဉ်နိုင်ဘူး"
လုယွီက အတွေးနက်နေဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
ကျိုးကောက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"ဒီအဖွဲ့အစည်းနှစ်ခုတင် မကသေးဘူး.... တော်ဝင်နန်းတွင်းမှာ အဖွဲ့တွေ အများကြီးရှိသေးတယ်....အစွမ်းထက်တဲ့ အဖွဲ့တွေဖြစ်တဲ့ ကွန်ဖြူးရှပ်ဂိုဏ်း ရှေးရိုးစွဲအဖွဲ့တွေနဲ့ တခြားအဖွဲ့တွေ အများကြီး ရောနှောနေတယ်.... အရှင်ဧကရာဇ်....အရှင့်ရဲ့လက်ရှိအခြေအနေက... အရှင် အရေးယူဆောင်ရွက်ရင် အရှင်ထိခိုက်လိမ့်မယ်...အရှင်သတိမထားရင် အောက်ခြေမရှိတဲ့ ချောက်နက်ကြီးထဲကို ကျသွားနိုင်တယ်"
လုယွီက ခေါင်းညိတ်လိုက်သည်။
"လူတွေမှာ ဆန္ဒတွေရှိတယ်... အကျိုးအမြတ်ကြောင့် သူတို့ စုဝေးကြတယ်... ဒါက သာမန်ကိစ္စတစ်ခုပဲ....ပြောင်းလဲလို့မရဘူး"
ရုတ်တရက် လုယွီက အကြောင်းအရာကို ပြောင်းပြီး ကျိုးကောကို ကြည့်လိုက်၏။
"တကယ်တော့ မင်း တစ်ခုကျန်ခဲ့တယ်...အဲ့ဒါက မိန်းမစိုးအဖွဲ့ပဲ"
ကျိုးကော၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူ၏မျက်နှာပေါ်မှအပြုံး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
"ဝေ့ကျုံး...လျူကျင်း... ငါထပ်မပြောတော့ဘူး..... အခု အတွင်းနန်းတော်တင်မကဘူး နဂါးအစောင့်တွေတောင် မင်းရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေပြီ မဟုတ်လား....မြို့တော်မှာ အကြီးဆုံးဖြစ်တဲ့ တာယွမ်ငွေအပ်နှံဌာနက နှစ်စဥ်နှစ်တိုင်း ဝင်ငွေအများဆုံးပဲ....အဲ့ဒါတွေအားလုံးက မင်းရဲ့အိတ်ကပ်ထဲမှာပဲ မဟုတ်လား"
လုယွီ၏မျက်နှာအမူအယာသည် ခံစားချက်ကင်းမဲ့နေပြီး ရေကန်မျက်နှာပြင်ပေါ်ရှိ လှိုင်းဂယက်များကို ကြည့်ရင်း တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
ကျိုးကောက မတ်တတ်ထရပ်လိုက်သည်။ သူ၏နဖူးပေါ်တွင် ချွေးစေးတစ်လွှာ ထွက်ပေါ်လာပေ၏။
"မင်း ပြောနေတာတွေကို ငါ နားမလည်ဘူးလို့ မင်း ထင်နေတာလား..."
"ဒါမှမဟုတ် ငါက ဒီအကြောင်းတွေပြောဖို့ ဒီနေရာကိုလာတယ်လို့ မင်း တကယ်ကြီးထင်နေတာလား..."
လုယွီက ဆက်လက်၍ ပြောဆိုလိုက်သည်။ သူ၏အသံသည် တည်ငြိမ်နေသော်လည်း သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။
ကျိုးကောသည် မြေပေါ်တွင် ဒူးထောက်နေပြီး သူ၏ခေါင်းကို ငုံ့ထားကာ သူ၏ခန္ဓာကိုယ်သည် တုန်ရီနေပေ၏။
"မင်းက ဘယ်သူ့ကို သစ္စာခံတာလဲ...."
လုယွီ၏အသံသည် ကျိုးကော၏နားအတွင်းတွင် မိုးကြိုးသံကဲ့သို့ မြည်ဟီးသွားသည်။
အချိန်တခဏအတွင်းမှာပင် လေပြင်းမုန်တိုင်းကဲ့သို့ ပြင်းထန်သောဖိအားသည် အစေခံအိုကြီးပေါ်သို့ ကျရောက်လာသည်။ ဤအချိန်အခိုက်အတန့်တွင် ကျိုးကောသည် ကြမ်းတမ်းသော သားရဲတစ်ကောင်၏ စူးစိုက်ကြည့်ခြင်းကို ခံနေရသည့်အလား ခံစားလိုက်ရသည်။ သူသည် ရုတ်တရက် သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရသည်။
"ဒီအစေခံအိုကြီးက အရှင်ဧကရာဇ်ကို သစ္စာခံပါတယ်"
ကျိုးကောက တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်၏
လုယွီသည် ဤအစေခံအိုကြီးကို မကြည့်ခဲ့ချေ။ သူ၏အမူအယာသည် အေးစက်တင်းမာနေပြီး အင်မော်တယ်ဧကရာဇ်တစ်ပါး ဆင်းသက်လာသည့်အလားပင်။
"မင်း လိမ်နေတယ်..."
"ငါ သိတယ်...မင်းက ကျိုးထျန်းယင်ကိုပဲ သစ္စာခံတာ....ငါက သူ့ရဲ့ ပြန်လည်ဝင်စားသူဖြစ်နေရင်တောင် မင်းရဲ့စိတ်နှလုံးသားထဲမှာ ကျိုးထျန်းယင်ကို သစ္စာခံနေတုန်းပဲ.... ငါက ကျိုးထျန်းယင်ရဲ့ အကြွင်းအကျန်စိတ်ဝိညာဉ်ကို ဖျက်ဆီးခဲ့တယ်....မင်းက ငါ့ကို လက်စားချေဖို့ မိန်းမစိုးအဖွဲ့တစ်ခုကို တည်ထောင်ချင်နေတုန်းပဲလား"
"ငါ ဘာလို့ နန်းတော်မှာ နေဖို့မရွေးချယ်ခဲ့တာလဲဆိုတာ မင်း မသိဘူးလား....အနောက်ဆောင်ထဲက သတ်ဖြတ်ခြင်းဝင်္ကပါက အဆုံးထိ ကျန်နေခဲ့တယ်.... မင်းနဲ့ ကျင်းမင်းသား ကန်မင်းသားတို့လောက်နဲ့ ငါ့ကို သေစေနိုင်မယ်လို့ မင်းတကယ်ကြီး ထင်နေတာလား"
လုယွီသည် တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သော်လည်း သူ ပြောလိုက်သော စကားလုံးတိုင်းသည် ကျိုးကော၏ နှလုံးသားကို ထုနှက်နေသော သံမဏိတူကြီးတစ်လက်အလားပင်။
"မင်း ဒါကို ကောင်းကောင်းမှတ်ထားစမ်း... ဒီလောကကြီးမှာ နောက်ဆုံးဆုံးဖြတ်ချက်ချနိုင်တဲ့သူ တစ်ယောက်ပဲရှိတယ်"
"အဲ့ဒါက ငါပဲ..."