← Chapters

အခန်း (၅၀၇၁-၅၀၇၅)

Vol. 257 Ch. 5071-5075

အခန်း (၅၀၇၁-၅၀၇၅)

Vol. 257 Ch. 5071-5075

Chapter 5071

ဘုန်း…

တည်ငြိမ်နေသော ရေကန်မျက်နှာပြင်ပေါ်တွင် လှိုင်းလုံးကြီးထလာသကဲ့သို့ ပြင်းထန်စွာ တုန်ခါလာသည်။

ရေကန်မျက်နှာပြင်ကို ထောက်ထားသော ကျိုးကော၏လက်နှစ်ဖက်သည် ပြင်းထန်စွာ တုန်ခါလာပေ၏။ လုယွီ၏ ဖိအားအောက်တွင် သူသည် ကြောက်ရွံ့မှုတစ်စွန်းတစ်စကို အမှန်တကယ်ခံစားလိုက်ရသည်။

အတွင်းနန်းတော်ကို တစ်ဦးတည်းအုပ်စိုးပြီး တော်ဝင်နန်းတော်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ဤမိန်းမစိုးအိုကြီးသည် နောက်ဆုံးတွင် ကြောက်ရွံ့မှုကို ခံစားလိုက်ရလေပြီ။

ကျိုးကောက လုယွီ၏ စကားတစ်ခွန်းသည် သူ၏ဦးခေါင်းကို မြေပေါ်သို့ကျစေမည်အား သံသယမရှိခဲ့ချေ။

"မင်းတို့အားလုံး ငါ့အပေါ် အထင်လွဲနေကြတယ်....ငါက ထီးနန်းကို ဂရုစိုက်မယ်လို့ မင်းတို့တကယ်ကြီး ထင်နေတာလား..."

လုယွီ၏အသံ ထွက်ပေါ်လာသည်။ ဤအချိန်အခိုက်အတန့်တွင် သူသည် ကောင်းကင်ယံရှိ နေနှင့်လကို ထိန်းချုပ်နိုင်သော ဧကရာဇ်တစ်ပါးအလားပင်။

"ဧကရာဇ်အာဏာ စစ်ရေးအာဏာ ဘဏ္ဍာရေးအာဏာ.... ဒါတွေအားလုံးက ဒီဘဝမှာ ငါ အသုံးချတဲ့ နည်းလမ်းတွေသက်သက်ပဲ..... ငါက ထီးနန်းကြောင့် ပိတ်မိနေမှာ မဟုတ်ဘူး... လောကကြီးက အရမ်းကြီးမားကျယ်ပြန့်တယ်.... ငါ့ရဲ့စိတ်က ရှင်းလင်းတယ်...ငါလုပ်ချင်တာကို လုပ်မယ်...လောကီအာဏာနည်းစနစ်တွေရဲ့ချုပ်ချယ်မှုကို ငါမခံဘူး.....ဒါက ငါနဲ့ ကျိုးထျန်းယင်ကြားက ကွာခြားချက်ပဲ"

ဤသို့ပြောဆိုပြီးနောက် လုယွီက ကျိုးကောကို လှည့်ကြည့်လိုက်သည်။

ယခင်က ကျိုးကောထံတွင် ယုံကြည်မှုရှိသော သဘောထားမျိုး ရှိနေသေးသည်။ သူသည် လုယွီကို တည်ငြိမ်သောအပြုံးဖြင့် ကြည့်ခဲ့လေ၏။ သို့ရာတွင် ယခုချိန်၌မူ ထိုသဘောထားသည် လုံးလုံးလျားလျား ကွဲပြားသွားလေပြီ။ တည်ငြိမ်မှုနေရာတွင် အစားထိုးခံလိုက် သည်မှာ သူ၏နှလုံးသားအောက်ခြေမှလာသော အေးစက်မှုဖြစ်ပြီး သူ ထိန်းချုပ်ထားသမျှ အရာအားလုံးကို တခြားတစ်ဖက်မှ သိရှိနေသည့်အလားပင်။

"ကျိုးကော....မင်း ငါ့ကို လက်အောက်ခံဖို့ ဆန္ဒရှိရဲ့လား..."

အမြင့်ဆုံးအာဏာနှင့် ပြည့်နှက်နေသော အသံတစ်သံသည် ကျိုးကော၏ နားအတွင်းသို့ ကျရောက်လာပြီး မိုးကြိုးထောင်ပေါင်းများစွာ ပစ်ခတ်လိုက်သကဲ့သို့ ပေါက်ကွဲသွားသည်။

လုယွီက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်သည်။ သူ၏ကြမ်းတမ်းသော အရှိန်အဝါသည် ရုတ်တရက် မြင့်တက်လာပေ၏။ ဤသည်မှာ အိပ်ပျော်နေသော အစစ်အမှန်နဂါးတစ်ကောင် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မကြုံစဖူးသောအရှိန်အဝါကို ထုတ်ဖော်ပြသလိုက်သည့်အလားပင်။

ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအောက်တွင် တစ်စုံတစ်ယောက်ထံ၌ မည်သို့သော ကျင့်ကြံဆင့်မျိုး ရှိနေပါစေ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

ကျိုးကော၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူ၏ တောင့်တင်းနေသောခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည်။

သို့ရာတွင် ထို့နောက်တွင်မူ သူ၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားပြီး မယုံနိုင်စရာကောင်းသော တစ်စုံတစ်ခုကို မြင်လိုက်ရသည့်အလားပင်။

ကျိုးကောသည် တွေဝေမိန်းမောသွားကာ ရွှေရောင်အကြေးခွံများနှင့်ဖုံးလွှမ်းနေသော အစစ်အမှန်နဂါးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး နဂါး၏မျက်လုံးများအတွင်းတွင် မီးတောက်များ လောင်ကျွမ်းနေသည်။ ထိုနဂါးသည် လေထုအတွင်းတွင် ဝေ့ဝိုက်၍ပျံသန်းရင်း သူ့ကိုကြည့်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

ဤသည်မှာ တာယွီကောင်းကင်ဘုံအင်ပါယာ၏ ကံကြမ္မာရွှေနဂါးပင်။ ဤနဂါးသည် လုယွီကို အကြွင်းမဲ့အသိအမှတ်ပြုပြီး သူ့အပေါ်တွင် ကပ်တွယ်ကာ သူ့အား နှိုင်းယှဉ်ပြစရာမရှိသည်အထိ အစွမ်းထက်သောအရှိန်အဝါကို ပေးအပ်နေသည်။

တာယွီကောင်းကင်ဘုံအင်ပါယာတစ်ခုလုံး၏ ကံကြမ္မာသည် ကျိုးကောအပေါ် လုံးလုံးလျားလျားဖိနှိပ်ထားသကဲ့သို့ ဖြစ်နေသည်။ မိန်းမစိုးအိုကြီးသည် ဂျင်တစ်သောင်းကျော်လေးလံသော တောင်တစ်လုံး၏ဖိအားကို တောင့်ခံနေရသကဲ့သို့ ဖြစ်နေလေ၏။ နောက်ဆုံးတွင် သူသည် တောင့်မခံနိုင်တော့ဘဲ သူ၏ခန္ဓာကိုယ် တဖြည်းဖြည်းတုန်ရီလာသည်။

လုယွီသည် ကျိုးထျန်းယင်၏ အကြွင်းအကျန်စိတ်ဝိညာဉ်ကို ဖျက်ဆီးခဲ့ချိန်မှစ၍ ကျိုးကော၏စိတ်နှလုံးသားအတွင်းတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေခဲ့သည်။ သူသည် ကျိုးမိသားစု၏မင်းသားနှစ်ပါးနှင့် ပူးပေါင်းပြီး လုယွီကို သတ်ဖြတ်ကာ ကျိုးမိသားစု၏မင်းသားတစ်ပါးကို ဧကရာဇ်အဖြစ် တင်မြှောက်ရန်ပင် ဆန္ဒရှိခဲ့သည်။

ကျိုးယွမ်ယန်သည် ရှုံးနိမ့်သူတစ်ဦးဖြစ်ပြီး ထီးနန်းဆက်ခံပိုင်ခွင့် မရှိတော့ပေ။ သို့ရာတွင် ကျိုးထျန်းယင်၏သားတော်အမြောက်အများသည် အသက်ရှင်နေဆဲဖြစ်ပြီး သူတို့အနက်မှ တစ်ဦးကိုရှာဖွေကာ ထီးနန်းတင်နိုင်သည်။ ကျိုးမိသားစုသည် တော်ဝင်မိသားစုအဖြစ် ရှိနေဆဲပင်။

ဤသည်မှာ မူလက အစီအစဥ်ဖြစ်ပေ၏။ လုယွီသည် အတိတ်က စည်းမျဉ်းများကို မလိုက်နာဘဲ နန်းတော်အတွင်းတွင်ပင် မနေဘဲနေမည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။

အတိတ်က အတွေ့အကြုံမျိုးစုံသည် သူ၏စိတ်အတွင်းတွင် ထွက်ပေါ်လာသည်။ ကျိုးကောသည် သက်ပြင်းရှည်ကြီးရှိုက်ပြီး မြေပြင်ပေါ်တွင် ဝပ်တွားလိုက်သည်။

"ဒီအစေခံအိုကြီး ကျိုးကောက အရှင်ဧကရာဇ်ကို လက်အောက်ခံဖို့ ဆန္ဒရှိပါတယ်"

ကျိုးကောကဲ့သို့သော လူတစ်ဦးအတွက် လက်အောက်ခံခြင်းသည် အညံ့ခံခြင်းကဲ့သို့ ရိုးရှင်းခြင်းမရှိချေ။

ထိုနေ့က စကြဝဠာခန်းမဆောင်တွင် ကျိုးကောသည် လုယွီကို လောက၏အရှင်သခင်ဟုသာ ပြောခဲ့ပြီး သူ့ကို လက်အောက်ခံချင်သည်ဟု မပြောခဲ့ပေ။

ဤသည်မှာ စကားလုံးတချို့ကိုသာ လျစ်လျူရှုထားပုံရသော်လည်း လုယွီသည် ကျိုးကော၏ အတွေးများကို ထွင်းဖောက်သိမြင်ခဲ့ပြီးဖြစ်သည်။

ယနေ့တွင် သူသည် အတိတ်ကအကြောင်းများကို ပြန်လည်အမှတ်ရရန် လာခြင်းမဟုတ်ဘဲ ဤမိန်းမစိုးအိုကြီးကို လုံးလုံးလျားလျားလက်အောက်ခံစေရန် လာခြင်းဖြစ်သည်။

Chapter 5072

သူ၏ရှေ့တွင် ဒူးထောက်နေသော သူ၏မိတ်ဆွေဟောင်းကို ကြည့်ရင်း လုယွီ၏ မျက်နှာပေါ်တွင် ဝမ်းနည်းခြင်း ပျော်ရွှင်ခြင်း အရိပ်အယောင်များ မရှိခဲ့ချေ။

"ရှေးခေတ်ကတည်းက ဘုရင်ကို ပုန်ကန်ဖို့ ကြိုးပမ်းခြင်းက အမြဲတမ်း အကြီးလေးဆုံးရာဇဝတ်မှုပဲ....မင်းကို သေဒဏ်ချမှတ်ရလိမ့်မယ်.... ဒါပေမဲ့ ငါ မင်းကို အခွင့်အရေးတစ်ကြိမ်ပဲ ပေးမယ်....နောင်မှာ မင်းက ငါ့ကို ကျိုးထျန်းယင်ကို ဆက်ဆံခဲ့သလို ဆက်ဆံပြီးတော့ ငါ ခိုင်းတာကိုပဲလုပ်စမ်း...."

အဆုံးသတ်တွင် လုယွီသည် သက်ပြင်းရှည်ကြီးရှိုက်ပြီးနောက် ကျိုးကောကို မသတ်ခဲ့ချေ။

ဆောင်အင်ပါယာ၏ ပင်းလျန်မြို့တွင် အချင်းချင်း အမှီသဟဲပြုနေကြသော သူတောင်းစားအိုကြီးနှင့် လူငယ်လေးတို့၏ မြင်ကွင်းကို သူ မည်သို့ မေ့နိုင်မည်နည်း။

ဤသည်မှာ ကျေးဇူးတရားတစ်ခုပင်။

လုယွီသည် ကျိုးကောကို မသတ်လိုသေးချေ။ ဤသည်မှာ သူ၏အတိတ်ဘဝမှ ကျေးဇူးတရားကို ပြန်ဆပ်ခြင်းလည်း ဖြစ်သည်။

သို့ရာတွင် အခွင့်အရေးသည် တစ်ကြိမ်သာရှိပေမည်။

ကျိုးကောသည်လည်း မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး လုယွီအား သစ္စာစောင့်သိကြောင်း ကျိန်ဆိုလိုက်၏။ လုယွီ၏ ဖိအားအောက်တွင် သူသည် နောက်ဆုံး၌ ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

နောက်ထပ်အချိန်တခဏတွင် လုယွီသည် ရွှေရောင်သက်တန့်တစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ခန်းမဆောင်မှနေ၍ မိုးကောင်းကင်ယံအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

လုယွီ ပျောက်ကွယ်သွားမှသာ ကြောက်မက်ဖွယ်ကောင်းသောဖိအားသည် လွင့်ပြယ်သွားခဲ့လေ၏။

ကျိုးကောသည် သတိပြန်ဝင်လာပြီး သူ၏ကျောတွင် ချွေးစေးများစို့နေသည်ကို ခံစားလိုက်ရသည်။ အစောပိုင်းက ခံစားခဲ့ရသော ခံစားမှုသည် သူ၏စိတ်အတွင်းတွင် စွဲထင်နေဆဲဖြစ်ပြီး သူ၏အသက်သည် သူနှင့်မဆိုင်တော့သည့်အလားပင်။

...

နန်းတော်မှ ထွက်ခွာပြီးနောက် လုယွီက သူ၏နေအိမ်သို့ ပြန်လာခဲ့သည်။

သူသည် ပုန်းကွယ်နဂါးစစ်တပ်၏စစ်စခန်းမှ လီနန်းတော်သို့ ပြောင်းရွှေ့ခဲ့သည်။ ဤသည်မှာ ထိုက်ချမ်ဧကရာဇ်သည် အမဲလိုက်ခရီးထွက်သည့်အချိန်တွင် နေထိုင်လေ့ရှိသော နေရာဖြစ်ပြီး ထျန်းတအိမ်တော်ဟု ခေါ်သည်။ ဤသည်မှာ ဧကတစ်ထောင်ကျော် ကျယ်ဝန်းပြီး အလွန်ကြီးကျယ်ခမ်းနားကာ ထည်ဝါသော အိမ်တော်ကြီးတစ်လုံးပင်

သို့ရာတွင် လုယွီသည် သူ၏မိသားစုကို လာရန်မတောင်းဆိုခဲ့ချေ။ ဤနေရာတွင် မိန်းမစိုးများနှင့်နန်းတွင်းအပျိုတော်အချို့မှလွဲ၍ တော်ဝင်စစ်တပ်မှ အရာရှိများနှင့်အစောင့်တချို့သာရှိသည်။

လုယွီသည် ထျန်းတအိမ်တော်တွင် တစ်ညအနားယူခဲ့သည်။ နောက်တစ်နေ့တွင် သူသည် သူနှင့်အတူလိုက်ပါလာသော မိန်းမစိုးများကို ခေါ်ယူပြီး ဧကရာဇ်အဖြစ် သူ၏ပထမဆုံးအမိန့်ကို ချမှတ်ခဲ့သည်။

သူသည် ကန်မင်းသားအား နတ်ဆိုးပင်လယ်ကို အုပ်ချုပ်ရန်နှင့် နတ်ဆိုးပင်လယ်ဘုရင်ဘွဲ့ကို ပြောင်းလဲခေါ်တွင်ရန် အမိန့်ပေးခဲ့သည်။

ထို့နောက် သူသည် ကျင်းမင်းသားအား လော့ယွဲ့မြို့ကို အုပ်ချုပ်ရန်နှင့် လော့ယွဲ့ဘုရင်ဘွဲ့ကို ပြောင်းလဲခေါ်တွင်ရန် အမိန့်ပေးခဲ့လေ၏။

ယနေ့မှစ၍ သူတို့သည် သုံးရက်အတွင်း မြို့တော်မှ ထွက်ခွာရမည်ဖြစ်ပြီး အမိန့်မရဘဲ ပြန်လာနိုင်မည် မဟုတ်ပေ။

ဤအမိန့်ကို ထုတ်ပြန်လိုက်သည်နှင့် လောကကြီးအတွင်းရှိ စိတ်အာရုံများအားလုံးသည် သူ့အပေါ်သို့ စုစည်း၍ရောက်ရှိလာခဲ့သည်။ အချိန်တခဏအတွင်းမှာပင် လူအများ၏စိတ်နှလုံးသားများ လှုပ်ရှားသွားကြသည်။ လူအများသည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုကာ သက်ဝင်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။

"အရှင်ဧကရာဇ်က ကျိုးမိသားစုကို အရေးယူလိုက်ပုံပဲ"

"အရင်က ကောင်းကင်ဘုံဧကရီလင်းလုံ အာဏာရှိနေတုန်းက ကျိုးမိသားစုကို တိုက်ခိုက်ဖို့ မဝံ့ရဲခဲ့ဘူး.... ဒါပေမဲ့ ဧကရာဇ်အသစ်က ရောက်ရောက်ချင်း ကျိုးမိသားစုကို တိုက်ခိုက်လိုက်တယ်...သူက ကျိုးမိသားစုရဲ့ တန်ပြန်တုံ့ပြန်မှုကို မစိုးရိမ်ဘူးလား"

လူအများသည် ကျိုးမိသားစု မည်ကဲ့သို့တုံ့ပြန်မည်ကို စောင့်ကြည့်နေကြသည်။

လုယွီ၏ပထမဆုံးအမိန့်သည် ကျိုးမိသားစုကို ပစ်မှတ်ထားခြင်းပင်။ ဤသည်မှာ လူအများစု မမျှော်လင့်ထားသောအရာ ဖြစ်ပေ၏။

လက်ရှိတွင် ကန်မင်းသား၏နန်းတော်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။

မိန်းမစိုးသည် အမိန့်ပြန်တမ်းကို ဖတ်ကြားပြီး ထွက်ခွာရန်အပြုတွင် ကန်မိဖုရားက သူ့ကို ချက်ချင်းတားဆီးလိုက်သည်။

"မိန်းမစိုး....အရှင်ဧကရာဇ်က ဘာကိုဆိုလိုတာလဲ....မင်းသားကြီးက အရှင်ဧကရာဇ်ကို သစ္စာစောင့်သိကြောင်း ကြေညာပြီးပြီ...ဘာလို့ ဒီလောက်ပြင်းထန်တဲ့ အပြစ်ဒဏ်မျိုးရှိနေရတာလဲ"

ကန်မိဖုရားသည် ငွေလက်မှတ်အမြောက်အများကို ပေးပို့ရန် တစ်စုံတစ်ယောက်ကို အမိန့်ပေးပြီး အမိန့်ပြန်တမ်းကို ဖတ်ကြားသော မိန်းမစိုး၏ လက်အတွင်းသို့ တိတ်တဆိတ် ထည့်ပေးလိုက်သည်။

အမိန့်ပြန်တမ်းကို ဖတ်ကြားသော မိန်းမစိုးသည် သူ၏လက်အတွင်းမှ ငွေစက္ကူများကို ကြည့်ပြီး ပြုံးလိုက်သော်လည်း ထိုအရာများကို ချက်ချင်းပြန်ပေးလိုက်သည်။

"ဝမ်ဖေး...အရှင်ဧကရာဇ်က ဘာကိုဆိုလိုတာလဲဆိုတာ ကျွန်တော်တို့အတွက် သိဖို့မလွယ်ပါဘူး...ကျွန်တော်ကလည်း သံတမန်တစ်ယောက်ပါပဲ.....ကျွန်တော့်ကို အခက်တွေ့အောင်မလုပ်ပါနဲ့"

နန်းတွင်းအမိန့်ကို ပို့ဆောင်သော မိန်းမစိုးသည် အပြုံးနှင့်ပြောဆိုကာ ဝမ်ဖေး၏ အမိန့်များကို လျစ်လျူရှုပြီး လှည့်ထွက်သွားခဲ့သည်။

"ဘန်း...."

ကန်မိဖုရားသည် သူမ၏လက်ဝါးကို စားပွဲပေါ်သို့ ရိုက်ချလိုက်သည်။ သူမ၏မျက်နှာအမူအယာသည် အေးစက်နေပြီး သူမ၏မျက်လုံးများအတွင်း၌ ခက်ထန်တင်းမာမှုမှုနှင့် ပြည့်နှက်နေသည်။

ယခင်ကသာဆိုလျှင် နန်းတော်အတွင်းမှ မည်သည့်မိန်းမစိုးသည် သူမကို ဤသို့စကားမျိုး ပြောဝံ့မည်နည်း။

"မင်းတို့ဒီမှာ ဘာလုပ်နေကြသေးတာလဲ... ပစ္စည်းတွေ မြန်မြန်ထုတ်ပိုးကြစမ်း"

ထိုအချိန်မှာပင် အတွင်းခန်းထံမှ နက်ရှိုင်းသော အော်ငေါက်သံတစ်သံကို ကြားလိုက်ရသည်။

Chapter 5073

ထိုအသံပိုင်ရှင်သည် ကန်မင်းသားပင်။

ဤအချိန်အခိုက်အတန့်တွင် ကန်မင်းသားသည် ရိုးရိုးပိုးထည်အဝတ်အစားများကို ဝတ်ဆင်ထားပြီး အေးအေးဆေးဆေး နေထိုင်သူတစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူ၏ပုံစံသည် ယခင်က မင်းသားတစ်ပါး၏အသွင်အပြင်နှင့် လုံးလုံးလျားလျားမတူတော့ချေ။

"မင်းသားကြီး.... လုယွီက ကျွန်မတို့ ကျိုးမိသားစုကို အရေးယူတော့မယ်... သူက မင်းသားကြီးကို နတ်ဆိုးပင်လယ်ကို ပို့ဖို့တောင် သတ္တိရှိတယ်...အဲ့ဒါက ဘယ်လိုနေရာမျိုးလဲ... သူက မင်းသားကြီးကို သေတွင်းထဲ တွန်းပို့နေတာပဲ..."

ကန်မင်းသား ရောက်လာသည်ကို မြင်တွေ့ချိန်၌ ဝမ်ဖေးက ချက်ချင်းငိုကြွေးလိုက်သည်။

"ပြီးတော့ မိန်းမစိုးဌာနက ခွေးတစ်စု...သူတို့က အရင်ကဆို ကျွန်မတို့ကို ဖားယားပြီးဆက်ဆံကြတယ်.... ဒါပေမဲ့ အခု ကျွန်မတို့ အာဏာကျသွားတော့ ကျွန်မကို စော်ကားရဲတယ်...သူတို့ကို အစိမ်းလိုက် ဆုတ်ဖြဲပစ်သင့်တယ်"

ကန်မိဘုရားသည်လည်း ထိပ်သီးမိသားစုတစ်စုမှ အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ သူမသည် ငယ်စဉ်ကတည်းက ခမ်းနားထည်ဝါသောဘဝဖြင့် နေထိုင်ခဲ့ပြီး ဤကဲ့သို့ အရှက်ရမှုကို မကြုံဖူးခဲ့ချေ။ နန်းတွင်းအမိန့်ပြန်တမ်းတစ်ခုကို လာပို့သော မိန်းမစိုးတစ်ဦး၏ လျစ်လျူရှုခြင်းကို သူမ ခံရမည်ဟု မည်သူက တွေးထင်မိမည်နည်း။

"တော်စမ်း...မင်းက တော်ဝင်မိသားစုက မိသားစုဝင်တစ်ယောက်ပဲ...စည်းမျဉ်းတွေကို ဘာလို့နားမလည်ရတာလဲ....ဒါက တော်ဝင်အမိန့်တော်ဖြစ်နေမှတော့ ဒါက ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ... ချိုးဖောက်လို့မရဘူး ဒီမှာ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့...အရှင်ဧကရာဇ်ရဲ့ နာမည်ကိုတောင် တိုက်ရိုက်ခေါ်ရဲတယ်... ဒါက လုံးဝ လက်လွတ်စပယ်နိုင်လွန်းတယ်..."

ကန်မင်းသားသည် လျှောက်လာပြီး ညှိုးငယ်သော အမူအရာဖြင့် ကြိမ်းမောင်းလိုက်သည်။ သူ၏အရှိန်အဝါသည် ကြံ့ခိုင်ပြီး မိသားစုခေါင်းဆောင်ဖြစ်ခြင်း၏ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားပေ၏။

"မင်းသားကြီး...ကျွန်မ မစိုးရိမ်ဘဲ နေနိုင်မလား... ကျွန်မတို့မိသားစုရဲ့ သြဇာအာဏာတွေအားလုံးက မြို့တော်မှာပဲရှိတယ်... ကျွန်မ ခုဏက အတွင်းဝန်ချုပ်ကို မေးကြည့်လိုက်တယ်... အဲ့ဒီတော့မှ နတ်ဆိုးပင်လယ်က လူရိုင်းနယ်စပ်တောင်ဘက်က တောနက်ကြီးထဲမှာရှိပြီးတော့ အန္တရာယ်ရှိတဲ့နေရာလို့ သတ်မှတ်နိုင်တဲ့ နေရာတစ်နေရာဖြစ်တာကို သိခဲ့ရတယ်..အဲ့ဒီနေရာမှာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရာဇဝတ်ကောင်တွေပြင်ပဂိုဏ်းအင်အားစုတွေနဲ့ ပြည့်နေတယ်.... ကြီးလေးတဲ့ပြစ်မှု ကျူးလွန်တဲ့ အရာရှိတွေကိုပဲ အဲ့ဒီနေရာကို နယ်နှင်ဒဏ်ပေးခံရတာ.... မင်းသားကြီးက မင်းသားတစ်ပါး...အစစ်အမှန်ဂိုဏ်းဧကရာဇ်ရဲ့သားတော် မီးလျှံဂိုဏ်းဧကရာဇ်ရဲ့ ညီတော်ဖြစ်တဲ့ တော်ဝင်မိသားစုဝင်တစ်ယောက်ပဲ....ဒီလောက်ခါးသည်းတဲ့နေရာကို ဘယ်လိုလုပ်ပြီး အပို့ခံရနိုင်မှာလဲ"

ကန်မိဖုရားသည် စိတ်လှုပ်ရှားနေပုံရပြီး သူမ၏မျက်နှာ အနည်းငယ်နီမြန်းနေသည်။

"ဒါ့ပြင် အိမ်က ကလေးတွေက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို အခုမှပို့ထားတာ...အမိန့်တော်အရ ကျွန်မတို့ကို ထွက်ခွာခိုင်းရင် သူတို့ရဲ့အနာဂတ်တွေ ပျောက်ဆုံးသွားလိမ့်မယ်.....ကျွန်မတို့တကယ်ပဲ အဲ့ဒီလို ဆိုးရွားစုတ်ပြတ်တဲ့နေရာမှာ တသက်လုံးနေရတော့မှာလား"

ကန်မင်းသားသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"မင်းတို့ အရင်ထွက်သွားကြတော့"

"ဟုတ်ကဲ့ပါ မင်းသားကြီး"

အစေခံများအားလုံးသည် ဦးညွှတ်ပြီး ထွက်ခွာသွားကြကာ သူတို့၏နောက်မှ တံခါးကို ပိတ်လိုက်ကြသည်။

အခန်းအတွင်းတွင် ကန်မင်းသားနှင့်ဝမ်ဖေးတို့သာ ကျန်ရစ်ခဲ့သည်။

"မင်းက ငါ တကယ်ပဲ နတ်ဆိုးပင်လယ်လို နေရာကို သွားချင်တယ်လို့ ထင်နေတာလား...ဒီတစ်ကြိမ်မှာ ငါ အဲ့ဒီကို သွားရတာ ကံကောင်းလို့ပဲ... အရှင်ဧကရာဇ်က တော်တော်ကြင်နာတတ်နေပြီ...အရင်က စည်းမျဉ်းတွေအတိုင်းဆိုရင် ငါတို့မိသားစု မျိုးတုံးသွားမယ်လို့ ပြောရင်တောင် လွန်ရာမကျဘူး"

ကန်မင်းသားက သက်ပြင်းရှည်ကြီးရှိုက်လိုက်သည်။

"ကျွန်မတို့မိသားစုကို မျိုးတုံးအောင်လုပ်မှာလား... မင်းသားကြီးရဲ့စကားတွေက အရမ်းပြင်းထန်နေပြီ...ဒီလိုရာဇဝတ်မှုမျိုးက အင်ပါယာအပေါ် သစ္စာဖောက်မှုကို ကျူးလွန်မှ..."

ဤနေရာသို့အရောက်တွင် ဝမ်ဖေး၏မျက်လုံးများပြူးကျယ်သွားပြီး ထိတ်လန့်တုန်လှုပ်သွားကာ ကန်မင်းသားကို ကြည့်လိုက်သည်။ "မင်းသားကြီး... မဟုတ်လောက်ပါဘူးနော်...."

ကန်မင်းသားက သက်ပြင်းရှိုက်ပြီး ပြောဆိုသည်။

"နောက်ကျသွားပြီ....အရမ်းနောက်ကျသွားပြီ... ငါတို့အားလုံး သူ့ကို အထင်လွဲခဲ့ကြတယ်....ငါတို့က အရှင်မင်းကြီးက ငယ်ရွယ်တယ်....သူက စိတ်ဓာတ်တက်ကြွတာကြောင့် အလွယ်တကူ အငိုက်မိနိုင်ပြီးတော့ ထောင်ချောက်ထဲကိုဝင်လာလိမ့်မယ်လို့ ထင်ခဲ့ကြတယ်... သူက ဒီလောက်ထိသတိကြီးလိမ့်မယ်လို့ ငါတို့ မမျှော်လင့်ခဲ့ဘူး..... သူက အခုထိ အနောက်ဆောင်ထဲကိုတောင် မဝင်သေးဘူး....အရင်က ငါတို့ ပြင်ဆင်ထားခဲ့တာတွေက လုံးဝအကျိုးမရှိတော့ဘူး... အဲ့ဒီအစား ဒုက္ခရှာသလို ဖြစ်သွားတယ်"

ဝမ်ဖေး၏ခန္ဓာကိုယ် တုန်ရီသွားသည်။ ဤအချိန်အခိုက်အတန့်တွင် အစောပိုင်းက အလွန်ဒေါသထွက်နေသော သူမ၏စိတ်အတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုသာ ကျန်တော့သည်။

"မင်းသားကြီးက တာအိုသခင်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်ပဲ.... သူ့ကို ဘာမှမလုပ်နိုင်တော့ဘူးလား"

ဝမ်ဖေးက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်၏။

"တာအိုသခင်...."

ကန်မင်းသားက အပြုံးနှင့် ခေါင်းခါယမ်းလိုက်သည်။

"စုမင်းသားနဲ့ ကူမင်းသားတို့သာ ရှိနေရင် သူ့ကို ထိန်းချုပ်နိုင်လောက်တယ်... ဒါပေမဲ့ အခု ငါက သူ့ရဲ့ပြိုင်ဘက် ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ထိုသို့ပြောဆိုပြီးနောက် ကန်မင်းသားသည် ဝမ်ဖေး လက်မလျှော့သေးသည်ကို မြင်တွေ့ချိန်၌ သက်ပြင်းရှိုက်လိုက်သည်။

"ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောပြမယ်.... ကျိုးကောက အရှင်ဧကရာဇ်ကို လက်အောက်ခံပြီးသွားပြီ....သူ့လိုလူတောင် လက်အောက်ခံသွားမှတော့ ငါ ဆက်ပြီး ခေါင်းမာနေရင်တောင် အဓိပ္ပာယ်မရှိတော့ဘူး"

Chapter 5074

"မိန်းမစိုး ကျိုးကောလား...."

ဝမ်ဖေးသည် ဤနာမည်ကိုကြားချိန်၌ သူမ၏မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

ကျိုးကောဟူသော နာမည်သည် မည်သည့်အရာအား ဆိုလိုသည်ကို သူမ ကောင်းစွာသိသည်။ သူသည် အတိတ်က ထိုက်ချန်ဧကရာဇ် အယုံကြည်ဆုံးဖြစ်ခဲ့သော မိန်းမစိုးပင်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော အခွင့်အာဏာကို ပိုင်ဆိုင်ထားရုံသာမက သူ၏ခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး နက်နဲသိမ်မွေ့ပေ၏။

ပုံမှန်အားဖြင့် သူ၏ ထွက်ပေါ်လာခြင်း ကွယ်ပျောက်သွားခြင်းတို့ကို ခန့်မှန်း၍မရနိုင်ဘဲ သူသည် နန်းတော်အတွင်းတွင် အစဥ်အမြဲနေလေ့ရှိသည်။ သူ ရှိနေခြင်းကြောင့် အနှောက်အယှက်ပေးမည့်လူများ နန်းတော်အနီးသို့ မချဉ်းကပ်ဝံ့ကြချေ။

ကျိုးကောသည် လုယွီအား လက်အောက်ခံခဲ့သည်ကို ကြားချိန်၌ ဝမ်ဖေး၏စိတ်နှလုံးသား လှုပ်ရှားသွားခဲ့သည်။

"သူက အခု ဘယ်ကျင့်ကြံဆင့်ကို ရောက်နေပြီလဲ...."

ဝမ်ဖေးက တီးတိုးရေရွတ်လိုက်သည်။

"ဒါက အခုထိ မသိနိုင်သေးဘူး.....ငါတောင်မှ မသိနိုင်ဘူး"

ကန်မင်းသားက မျက်မှောင်ကြုတ်ပြီး အလေးအနက်ထားသော အသံဖြင့် ပြောဆိုသည်။

"ဒါပေမဲ့ မင်း မှတ်ထားရမှာက ငါတို့ အသက်ရှင်နေနိုင်တာကိုက တော်တော်ကံကောင်းနေပြီ... နောက်ထပ် ပြဿနာမရှာနဲ့တော့... မြို့တော်ကနေ ငါတို့ အသက်ရှင်ရက် ထွက်သွားနိုင်တာကိုက အရှင်ဧကရာဇ်ရဲ့ ကျေးဇူးတော်ပဲ"

မြို့တော်အတွင်း၌....

ကျင်းနှင့်ကန်မင်းသားနှစ်ပါး ထွက်ခွာသွားသည်နှင့် မြို့တော်တစ်ခုလုံး ဆူပူအုံကြွသွားသည်။

ကျိုးမိသားစု၏ တော်ဝင်မိသားစုဂုဏ်သိက္ခာသည် ပို၍အားနည်းသွားခဲ့ပေ၏။ လူတိုင်းက ကျိုးမိသားစုသည် လုယွီအား ခေါင်းငုံ့အရှုံးပေးရန် ရွေးချယ်ခဲ့သည်ကို သိရှိသွားကြသည်။

"ဘယ်သူမှ ဒါမှမဟုတ် ဘယ်အင်အားစုကမှ လုယွီကို တားဆီးနိုင်တော့မှာ မဟုတ်ဘူး"

ရှေးရိုးစွဲအုပ်စုသည် ကြေကွဲဝမ်းနည်းစွာဖြင့် ငိုကြွေးကြတော့သည်။ ယခင်က သူတို့သည် မင်းသားနှစ်ပါးကို သူတို့၏နောက်ခံအဖြစ် ရှာဖွေလိုခဲ့သည်။ သို့ရာတွင် ယခုချိန်၌မူ သူတို့နှင့် မင်းသားများအကြား ဆက်ဆံရေးမတည်ဆောက်နိုင်မှာမီ သူတို့၏နောက်ခံသည် ပြိုလဲသွားခဲ့လေပြီ။

မင်းသားနှစ်ပါးသည် အလွန်လျင်မြန်စွာ လှုပ်ရှားခဲ့ကြလေ၏။ လုယွီသည် သူတို့ကို အချိန်သုံးရက်ပေးခဲ့သည်။ သို့ရာတွင် သူတို့သည် အချိန်တစ်ရက်သာ အသုံးပြုပြီး မိသားစုအတွင်းရှိ ပိုင်ဆိုင်မှုများနှင့် ကိုယ်ရေးကိုယ်တာပစ္စည်းများအားလုံးကို မျက်စိတစ်မှိတ်အတွင်း ရယူခဲ့ကြသည်။ အရေးမကြီးပိုင်ဆိုင်မှုများကိုမူ သူတို့သည် ပေးကမ်းခြင်း သို့မဟုတ် ပြန်လည်ရောင်းချခြင်းများ ပြုလုပ်ခဲ့ကြသည်။ သူတို့သည် အရာအားလုံးကို စွန့်လွှတ်ခဲ့ကြ၏။

ဤသည်မှာ အဆိုးရွားဆုံးအခြေအနေပင်။ မင်းသားနှစ်ပါးသည် မြို့တော်သို့ ပြန်လာနိုင်တော့မည် မဟုတ်ချေ။

နတ်ဆိုးပင်လယ်သည် လူရိုင်းနယ်စပ်၏တောင်ဘက်တွင် တည်ရှိသည်။ ထိုနေရာတွင် အင်းဆက်ပိုးမွှားများနှင့် နတ်ဆိုးသားရဲအမြောက်အများရှိသည့်အပြင် မျိုးနွယ်စုများစွာရှိပြီး အလွန်ဖရိုဖရဲဆန်သည်။

လော့ယွဲ့မြို့သည် ရေခဲဒေသ၏မြောက်ဘက်တွင် တည်ရှိပေ၏။ ဤနေရာသည် တစ်နှစ်ပတ်လုံး အေးခဲနေပြီး လူနေနည်းပါးသည်။

ဤဒေသနှစ်ခုတွင် ကြီးလေးသောပြစ်မှုများအတွက် နယ်နှင်ဒဏ်ခံရသော လူများသာ နေထိုင်ကြသည်။ သို့ရာတွင် ယခုချိန်၌မူ မင်းသားနှစ်ပါးသည် ထိုသို့သောနေရာများသို့ ပို့ဆောင်ခံရလိုက်သည်။ ဤသည်က သူတို့အတွက် ပြင်းထန်သော အပြစ်ဒဏ်တစ်ခုဖြစ်သည်မှာ သိသာထင်ရှားသည်။

တခြားကျိုးတော်ဝင်မိသားစုများသည် ဆောင်းရာသီမှ ပုစဉ်းရင်ကွဲကောင်များကဲ့သို့ တိတ်ဆိတ်နေကြသည်။ ဧကရာဇ်အသစ်ကို စော်ကားမိမည်စိုးသောကြောင့် သူတို့သည် ပုံမှန်နေ့ရက်များတွင်ပင် အပြင်မထွက်ဝံ့ကြချေ။

နောက်တစ်နေ့ ကုန်လွန်သွားပြီးနောက် လုယွီသည် အမိန့်တော်တစ်ခုကို ထပ်မံ၍ထုတ်ပြန်ခဲ့သည်။

သူသည် ပုန်းကွယ်နဂါးစစ်တပ်၏ စတုတ္ထတပ်ရင်းမှ တပ်မှူးအောင်းကွမ်းအား ထန်စစ်တပ်အားရင်ဆိုင်ရန် တပ်မှူးအဖြစ် ခန့်အပ်ခဲ့သည်။ သူသည် ပုန်းကွယ်နဂါးစစ်တပ်ကို ဦးဆောင်ပြီး ရေခဲနယ်မြေသို့ ကျူးကျော်လာသော ထန်စစ်တပ်နှင့် တိုက်ခိုက်ရပေမည်။

ဤကာလအတွင်း၌ ထန်စစ်တပ်၏ တပ်မှူးပုကူဝေ့အန်းသည် ရေခဲနယ်မြေ၏ ထက်ဝက်ကျော်ကို ဝိုင်းရံထားခဲ့သည်။ ချိုင်လုံရှင်းသည် ရေခဲနယ်မြေသို့ ပြန်လည်ရောက်ရှိနေပြီး တစ်ချိန်တည်းမှာပင် သူသည် ရေခဲဘုရင်စစ်တပ်နှင့် ထောက်ပံ့ရေးပစ္စည်းအမြောက်အများကို ပြင်ဆင်ထားခဲ့သည်။

ဤတစ်ကြိမ်တွင် လုယွီသည် ထန်စစ်တပ်ကို တိုက်ခိုက်ရန်အတွက် စစ်တပ်များစေလွှတ်ရန် အစပြုလုပ်ဆောင်ခဲ့သည်။

အောင်ကွမ်းသည်လည်း စစ်တပ်တွင် အလွန်ကြီးမားသော နာမည်ဂုဏ်သတင်းရှိသည်။ သူသည် လက်သည်းငါးချောင်းရွှေနဂါးတစ်ကောင်ဖြစ်ပြီး တိုက်ပွဲတိုင်းတွင် သူသည် နတ်ဆိုးသားရဲအမြောက်အများကို သူနှင့်အတူတိုက်ခိုက်ရန် စေလွှတ်နိုင်သည်။ ထိုစွမ်းအားသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။

ထို့နောက် လုယွီသည် အရာရှိဘွဲ့များကိုလည်း အမိန့်ထုတ်ပြန်ကြေညာခဲ့သည်။

ဖေးထျန်ကွမ်းအား ချောင်နယ်စားဘွဲ့ ချီးမြှင့်ခဲ့သည်။

လုကျင်းရှန့်အား ကျုံးရှန်းနယ်စားဘွဲ့ ချီးမြှင့်ပြီး စစ်ရေးဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ခဲ့သည်။

ချင်ယွီအား သူရဲကောင်းမဘွဲ့ ချီးမြှင့်ပြီး ကွယ်လွန်သူသူရဲကောင်းဟူသောဘွဲ့ဖြင့် ဂူသင်္ချိုင်းတည်ဆောက်စေခဲ့သည်။

ချောင်ပေါင်အား တင်းအန်းနယ်စားဘွဲ့ ပေးအပ်ခဲ့သည်။

...

ဤဘွဲ့ထူးခန့်အပ်သည့်အသုတ်တွင် အမတ်ကြီးသုံးဆယ့်နှစ်ဦးနှင့် နယ်စားဆယ့်ကိုးဦးတို့ကို ဘွဲ့ချီးမြှင့်ခဲ့သည်။

ထို့ပြင် လုယွီသည် နတ်ဘုရားစာရင်းကို အသုံးပြု၍ အောင်းကွမ်းနှင့် တခြားနတ်ဆိုးသားရဲဆယ့်တစ်ကောင်အား နတ်ဘုရားများအဖြစ် ဘွဲ့ချီးမြှင့်ခဲ့သည်။ ဤသည်မှာ သူတို့၏ကိုယ်ပိုင်ဘုရားကျောင်းကို တည်ဆောက်နိုင်ပြီး အမွှေးနံ့သာစွမ်းအားများကို ခံစားနိုင်သော အစစ်အမှန်နတ်ဘုရားများ ဖြစ်လာခြင်းပင်။

ဘွဲ့ချီးမြှင့်ခံရသူအားလုံးသည် ကောင်းကင်ကွန်ယက်နှင့်ပုန်းကွယ်နဂါးစစ်တပ်တို့မှ ဖြစ်ကြသည်။ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ အင်အားသည် ရုတ်တရက် မြင့်တက်လာပြီး လူအများ၏အဆင့်အတန်းများ ပြောင်းလဲသွားခဲ့သည်။ သူတို့သည် ထူးချွန်သော မြင့်မြတ်သူများ ဖြစ်လာကြပေ၏။

နှိုင်းယှဉ်ကြည့်လျှင် လုအဖွဲ့အစည်းရှိ မည်သူတစ်ဦးတစ်ယောက်မျှ ဘွဲ့ထူးချီးမြှင့်မခံရချေ။ ချင်လုရှန်းနှင့် ကျန်းပေါင်ရှင်းတို့ကဲ့သို့ လုယွီ၏ မိတ်ဆွေဟောင်းများပင်လျှင် ဘွဲ့ထူးကို မရရှိခဲ့ကြပေ။

ရုတ်ချည်းဆိုသလိုပင် လုအဖွဲ့အစည်းမှ လူငယ်စစ်ဘက်အရာရှိများသည် စိတ်မကျေမနပ်ဖြစ်လာကြသည်။ ထိုလူငယ်များအနက် သွေးဆူသူတချို့သည် နန်းတွင်း၏ဘွဲ့ထူးခန့်အပ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှုကို မေးခွန်းထုတ်ရန် စာလွှာများတင်သွင်းခဲ့ကြပြီး ဖြစ်သည်။

Chapter 5075

စာချွန်လွှာအမြောက်အမြားသည် လုယွီ၏ရှေ့သို့ နှင်းပွင့်လွှာများအလား ပျံဝဲလာသည်။

သို့ရာတွင် လုယွီသည် ဤစာချွန်လွှာများကို လျစ်လျှူရှုထားလေ၏။ သူသည် စာချွန်လွှာများကို တင်သွင်းသော လူတချို့ကိုပင် ပြစ်တင်ရှုတ်ချခဲ့သည်။

လုအဖွဲ့အစည်းမှ လျှာစောင်းထက်သော စစ်အရာရှိအနည်းငယ်ကို ဖမ်းဆီးထိန်းသိမ်းပြီး လောကနှစ်ခုတောင်တန်းနှင့် တခြားဝေးလံခေါင်သီသောနေရာများသို့ ပို့ဆောင်ခဲ့သည်။

ဤနယ်နှင်ဒဏ်အမိန့်များကို လီစစ်မှ အများပြည်သူထံသို့ ထုတ်ပြန်ကြေငြာခဲ့သည်။

ဒေါသထွက်နေသော လုအဖွဲ့အစည်းမှ စစ်ဘက်အရာရှိတချို့သည် လီစစ်ကိုရှာဖွေပြီး ထိုအကြောင်းကို မေးမြန်းလိုခဲ့သော်လည်း ငြင်းပယ်ခြင်းခံခဲ့ရသည်။

"မင်းတို့ရဲ့ဦးနှောက်တွေကို ဘာအတွက်သုံးနေကြတာလဲ....တော်ဝင်ဘွဲ့ထူးလိုမျိုးအရာတွေ... အဲ့ဒါတွေအားလုံးက အရှင်ဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်ပဲ.... မင်းတို့က နန်းတွင်းကိုမေးခွန်းထုတ်တာက အရှင်ဧကရာဇ်ကို မေးခွန်းထုတ်နေတာလား"

လီစစ်သည် ရင်းနှီးသောအတန်းဖော်တချို့ထံသို့ စာတစ်စောင်ရေးသားခဲ့သည်။ ထိုစာအတွင်းမှစကားလုံးများသည် အလွန်ထက်ရှပေ၏။

ထိုစာကိုလက်ခံရရှိသူသည် စာကိုတိတ်တဆိတ်ကူးယူပြီး ချက်ချင်းပျံ့နှံ့စေခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် တော်ဝင်မြို့တော်၌ ကျန်ရှိနေသော လုအဖွဲ့အစည်းဝင်များသည် အိပ်မက်မှလန့်နိုးလာသည့်အလား နိုးထလာကြသည်။

သူတို့သည် မူလက လုယွီကို အကျပ်အတည်းကာလတွင် ထောက်ခံခြင်းဖြင့် နဂါးနောက်လိုက်ဖြစ်ခြင်း၏ ဂုဏ်သိက္ခာကိုရရှိမည်ဟု တွေးထင်ခဲ့ကြသည်။ ထို့နောက်တွင် သူတို့သည် မောက်မာထောင်လွှားပြီး လုပ်ငန်းဆောင်တာများတွင် နှေးကွေးလာခဲ့ကြ၏။ သို့ရာတွင် ယနေ့၌ ဤထိုးနှက်မှုကိုခံစားရပြီးနောက် ဤလူများသည် အိပ်မက်မှလန့်နိုးထလာသကဲ့သို့ နိုးထလာကြပြီး သူတို့၏ကျောရိုးရုတ်တရက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရသည်။

လုယွီသည် ကျိုးမိသားစုကိုပင် နှိမ်နင်းနိုင်ခဲ့သဖြင့် သူတို့ကို ထည့်ပြောရန်ပင် မလိုတော့ချေ။

မူလက တော်ဝင်နန်းတွင်းကို ဆက်လက်၍မေးခွန်းထုတ်လိုခဲ့သော လူများသည် ယခုအချိန်၌ သူတို့၏မေးခွန်းထုတ်ခြင်းကို ရပ်တန့်လိုက်ပြီး အသံတစ်သံမျှ မထွက်ဝံ့တော့ပေ။

လုအဖွဲ့အစည်း ငြိမ်သက်နေခြင်းနှင့်အတူ အရှေ့အောင်နိုင်ခြင်းအဖွဲ့မှ စစ်ဘက်အရာရှိအမြောက်အများသည် တော်ဝင်နန်းတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

တာယွီကောင်းကင်ဘုံအင်ပါယာ၏ ဘိုးဘေးစဥ်ဆက်ဧကရာဇ်များမှစီစဉ်မှုအရ အရပ်ဘက်အရာရှိများ၏အဆင့်အတန်းကို စစ်ဘက်အရာရှိများ၏အထက်တွင် ထားရှိသည်။

ချန်ကျင်းသည် လူ့စွမ်းအားအရင်းအမြစ်အမတ်ကြီးဖြစ်လာပြီးနောက် အရပ်ဘက်အမှုထမ်းအမြောက်အများကို ရာထူးတိုးမြှင့်ပေးခဲ့သည်။ သို့ရာတွင် ဝါရင့်မှုနှင့်ထူးချွန်မှုအရ ဤအရပ်ဘက်အမှုထမ်းများသည် လုကျင်းရှန်ကဲ့သို့သော ဝါရင့်စစ်ဗိုလ်ချုပ်များနှင့် မယှဉ်နိုင်ခဲ့ချေ။

ဤသည်မှာ စစ်ဗိုလ်ချုပ်များသည် နန်းတွင်း၌ပြောရေးဆိုခွင့်များစွာရှိပြီး တစ်ခါတစ်ရံတွင် အင်ပါယာ၏ဆုံးဖြတ်ချက်များကိုပင် လွှမ်းမိုးနိုင်သည့်အခြေအနေကို ဖြစ်ပေါ်စေခဲ့သည်။

စကြဝဠာခန်းမဆောင်၌ နက်ရှိုင်းသောကျင့်ကြံမှုအဆင့်ရှိသော ရန်လိုသည့် စစ်ဗိုလ်ချုပ်ကြီးများသည် အရပ်ဘက်အမှုထမ်းအုပ်စုတစ်စုနှင့်ရင်ဆိုင်ရချိန်တွင် သိုးများကိုမြင်သော ဝံပုလွေအုပ်စုကဲ့သို့ဖြစ်နေသည်။ နှစ်ဖက်ကြားတွင် သိသာထင်ရှားသော ကွဲပြားခြားနားချက်တစ်ခုရှိနေသည်။

အမှန်အားဖြင့် အရပ်ဘက်အရာရှိ၏ကျင့်ကြံဆင့်သည် အလွန်နက်ရှိုင်းသည်။ သူတို့အနက်မှအများစုသည် နယ်မြေအသခင်များနှင့် ရွှယ်အင်မော်တယ်များ ဖြစ်ကြသည်။ သို့ရာတွင် တစ်နှစ်ပတ်လုံးတိုက်ခိုက်နေသော စစ်ဗိုလ်ချုပ်များနှင့်နှိုင်းယှဉ်လျှင် သူတို့၏ခွန်အားသည် သိသာထင်ရှားစွာ နိမ့်ကျနေသည်။

ကျင့်ကြံခြင်းအင်ပါယာတစ်ခုတွင် ခွန်အားသည်သာ အရေးအကြီးဆုံးပင်။

ဘွဲ့ထူးများ ချီးမြှင့်ခဲ့ပြီးနောက် အုပ်ချုပ်ရေးအဖွဲ့သည် ဆွေးနွေးခဲ့ပြီး လုယွီမှ အတည်ပြုခဲ့သော စည်းမျဉ်းအသစ်တစ်ခုကို ထုတ်ပြန်ကြေညာခဲ့သည်။

"စစ်သည်တော်တွေကို စစ်ရေးထူးချွန်မှုတွေအရ လစာပေးချေပြီးတော့ လစဉ်ထောက်ပံ့ကြေးငွေတွေကို ပေးအပ်မယ်...ဒါ့ပြင် ထူးချွန်တဲ့ စစ်ရေးအောင်မြင်မှုတွေ ရရှိခဲ့တဲ့လူတွေကို စစ်ရေးထူးချွန်မှုအတွက် ထပ်ပြီးတော့ ဆုချီးမြှင့်မယ်"

"တော်ဝင်ကျောင်းတော်နဲ့ ကျောင်းတော်ငါးခုအပြင် ဒေသဆိုင်ရာကျောင်းတော်တွေနဲ့အထက်အဆင့်တွေမှာ အငြိမ်းစားစစ်သည်တော်တွေနဲ့ ကျင့်ကြံသူများကို တူညီသောအခြေအနေတွေအောက်မှာ ဦးစားပေးခန့်အပ်မယ်"

"စစ်သည်တော်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေက ဦးစားပေးဆက်ဆံမှုနှင့် လည်ပတ်ကြည့်ရှုခွင့်ကိုခံစားရမယ်... သူတို့က သယ်ယူပို့ဆောင်ရေးအစီအစဉ်များတွေမှာ ပေးအပ်ရတဲ့ အခကြေးငွေများနဲ့ ပတ်သက်ပြီးတော့စစ်သည်တော်တွေကို ဦးစားပေးဆက်ဆံမယ်"

"သေဆုံးသွားတဲ့စစ်သည်တော်တွေအတွက်လျော်ကြေးကို တရားရေးဌာနကြီးသုံးခုက ကြီးကြပ်မယ်....ပင်စင်လစာကို စစ်သည်တော်တွေရဲ့မိသားစုဝင်တွေဆီ ပေးအပ်မယ်..ဒါက အုပ်ချုပ်ရေးအဖွဲ့က ဆွေးနွေးခဲ့တဲ့ကိစ္စ ဖြစ်ပြီးတော့ အရှင်ဧကရာဇ်က အတည်ပြုပြီးပြီ... ဌာနအသီးသီးက ဒီကိစ္စကို အလေးအနက်ထားပြီး အကောင်အထည်ဖော်ရမယ်"

လီစစ်သည် နန်းတွင်းညီလာခံ၌ ဤစည်းမျဉ်းကို ထုတ်ပြန်ကြေညာခဲ့လေ၏။

လက်ရှိနေရာတွင်ရှိနေသော အရာရှိများသည် နေရာတွင်ပင် ကြက်သေသေသွားကြသည်။ ဤသည်မှာ သူတို့သည် ဤသို့သော စည်းမျဉ်းကိုပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။ သူတို့သည် ဤစည်းမျဥ်းကို အလွန်တရားလွန်သည်ဟုသာခံစားမိကြသည်။

သို့ရာတွင် ထို့ထက်ပို၍လက်မခံနိုင်သောအရာမှာ ဤစည်းမျဉ်းကို အရာရှိများဖြင့်မဆွေးနွေးဘဲ အုပ်ချုပ်ရေးအဖွဲ့မှ တိုက်ရိုက်အကောင်အထည်ဖော်ခဲ့ခြင်းပင်။

ယေဘုယျအားဖြင့် အရေးကြီးသောဆုံးဖြတ်ချက်များကို အတွင်းဝန်အဖွဲ့နှင့်ဧကရာဇ်မှဆွေးနွေးရပေမည်။ သို့ရာတွင် ယခုလက်ရှိ အတွင်းဝန်အဖွဲ့၌ လူနှစ်ယောက်သာရှိပြီး ယန်ရှိုးသည် တစ်နှစ်ပတ်လုံးအနားယူနေပြီးအပြင်မထွက်ခဲ့ချေ။ ဤဆုံးဖြတ်ချက်သည် လီစစ်တစ်ဦးတည်းမှ ပြုလုပ်ခဲ့သည်မှာ သိသာထင်ရှားပေ၏။

အရာရှိများ စိုးရိမ်နေသောအရာမှာ ဤဆုံးဖြတ်ချက်မဟုတ်ဘဲ ဧကရာဇ်မှ ထိန်းချုပ်ထားသော ဆွေးနွေးမှုစနစ်ပင်။

အနာဂတ်၌ အရာအားလုံးကို ဧကရာဇ်နှင့်လီစစ်ကိုယ်တိုင်မှ ဆုံးဖြတ်မည်ဆိုလျှင် သူတို့သည် တော်ဝင်အာဏာ၏ရုပ်သေးများ ဖြစ်လာမည်မှာသေချာသည်။

All Chapters