← Chapters

အခန်း (၅၀၅၁-၅၀၅၅)

Vol. 256 Ch. 5051-5055

အခန်း (၅၀၅၁-၅၀၅၅)

Vol. 256 Ch. 5051-5055

Chapter 5051

ရတနာမျှော်စင်အတွင်းရှိ ရေကန်တစ်ခုနံဘေးတွင်......

ဝူကျောက်နှင့်ဝူယာ မောင်နှမနှစ်ယောက်သည် မိုးပြာနက်နဲသိမ်မွေ့သားရဲကို သယ်ဆောင်ကာ ဤနေရာတွင် ဆေးကြောနေကြသည်။

ဤနေရာကို အလှဆင်ရန်အတွက် ဖန်တီးထားသော ရေကန်တစ်ခုရှိသည်။ ထိုရေကန်မှ စီးထွက်လာသောရေများသည် မြက်ခင်းပြင်အတွင်းသို့ အများဆုံး စီးဝင်သောကြောင့် သူတို့သည် မိုးပြာနက်နဲသိမ်မွေ့သားရဲ၏ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်ရန် ဤနေရာတွင် ရှိနေကြသည်။

ရေခဲဝိညာဉ်ဆေးလုံးသည် မိုးပြာနက်နဲသိမ်မွေ့သားရဲ၏စိတ်ဝိညာဉ်ကို အားကောင်းသွားစေရုံသာမက သူ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများပင်လျှင် လုံးလုံးလျားလျားပျောက်ကင်းသွားသည်။ သို့သော် သူ၏အမွှေးများပေါ်တွင် သန့်ရှင်းရေးမလုပ်ရသေးသော သွေးစသွေးနတချို့ ကျန်ရှိနေပေ၏။

လူရိုင်းမောင်နှစ်မနှစ်ယောက်သည် ရက်စက်ကြမ်းကြုတ်ပြီး ကြမ်းတမ်းပုံပေါက်သည်။ သို့ရာတွင် သူတို့သည် မိုးပြာနက်နဲသိမ်မွေ့သားရဲ၏ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်နေချိန်တွင် အလွန်ဂရုစိုက်ပြီး အလေးအနက်ထားကြသည်။

ဤအချိန်အခိုက်အတန့်တွင် အဝေးရှိ ရေကန်အတွင်း၌ လှေတစ်စင်း မျောလွင့်လာသည်။

ထိုလှေသည် ကမ်းစပ်သို့ ဆိုက်ကပ်လိုက်သည်။ ထိုလှေပေါ်တွင် ခန္ဓာကိုယ်အလှဖော်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ကချေသည်များရှိနေကာ လူငယ်တစ်ဦးကို ဝန်းရံထားကြ၏။ သူတို့သည် လှေပေါ်မှ ခြေလှမ်းကျဲကြီးများဖြင့် ဆင်းလာကြသည်။ အဝေးမှပင် သူတို့၏ရယ်မောသံများကို ကြားနေရသည်။

ထိုလူငယ်သည် အလွန်ချောမောခန့်ညားပြီး သူသည် လက်တစ်ဖက်ဖြင့် ကချေသည်တစ်ဦးကို ပွေ့ဖက်ထားသည်။ သူသည် အလွန်စိတ်တက်ကြွနေပုံရပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေသည်။

လူငယ်၏နောက်တွင် သာမန်ရုပ်ရည်ရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရှိသည်။ ထိုလူလတ်ပိုင်းကြီးအပြင် သူ့ကိုကာကွယ်ပေးနေသော ကိုယ်ရံတော်အမြောက်အများလည်း ရှိနေပေ၏။

ဤကိုယ်ရံတော်များအားလုံးသည် လူငယ်၏ကိုယ်ပိုင်အခြွေအရံများပင်။ ယေဘုယျအားဖြင့် သူတို့ကို ရတနာမျှော်စင်အတွင်းသို့ ခေါ်ဆောင်လာခွင့်မပြုပေ။ သို့ရာတွင် ဤလူငယ်သည် သူတို့အားလုံးကို ခေါ်ဆောင်လာခဲ့သည်။ သူ၏နောက်ခံအင်အားကို လျှော့တွက်၍မရကြောင်း သိသာထင်ရှားပေ၏။

လုထျန်ကျုံးသည် သူ၏လက်ဖြင့် ကချေသည်ကို ပွေ့ဖက်လိုက်သည်။ ထို့နောက်သူသည် သူမ၏မျက်နှာကို ရမ္မက်ကြီးစွာနမ်းရှိုက်လိုက်ပြီး ကျီစယ်လိုက်၏။

"အလှလေး....မင်းတို့ အရင်ပြန်ပြီး ပြင်ဆင်ထားကြတော့... ငါ အရင်ဆုံး အလုပ်ကိစ္စတွေ ပြောလိုက်အုံးမယ်...ငါ ပြန်ရောက်ရင် မင်းတို့ကို ယုယုယယလုပ်ပေးဖို့ စောင့်နေကြစမ်း"

ကချေသည်များသည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်သော်လည်း သူမတို့သည် လုထျန်ကျုံးကို မတွန်းလှန်ရဲပေ။ သူမတို့သည် နာခံစွာ သဘောတူပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားရုံသာ တတ်နိုင်ခဲ့သည်။

သူမတို့သည် သူမတို့ရှေ့မှ သခင်လေး မည်သူမည်ဝါဖြစ်ကြောင်းကို ကောင်းစွာသိရှိထားကြသည်။

လုမိသားစု၏သခင်လေး....လုထျန်ကျုံး....

သူ၏အဘိုးသည် လုမိသားစုတွင် အစစ်အမှန်အခွင့်အာဏာရှိသော အကြီးအကဲတစ်ဦးဖြစ်ပြီး သူ၏အဖေသည်လည်း လုမိသားစု၏တာဝန်ခံတစ်ဦးဖြစ်သည်။ သူသည် မိသားစု၏ပိုင်ဆိုင်မှုများစွာကို ထိန်းချုပ်ထားပေ၏။

ဤသည်မှာ တော်ဝင်မြို့တော်၏

ထိပ်သီးမိသားစုရှစ်စုအနက်မှ တစ်စုဖြစ်သော လုမိသားစုပင်။

လုယွီ ဧကရာဇ်ဖြစ်လာပြီးနောက် လုမိသားစုသည် တော်ဝင်မိသားစုဖြစ်လာရန်မှာ အချိန်ကာလတစ်ခုသာ လိုတော့သည်ကို လူတိုင်းသိထားကြသည်။

ဤသည်မှာ တော်ဝင်မိသားစုပင်။ နှိုင်းယှဉ်ကြည့်လျှင် သူမတို့သည် သာမန်ကချေသည်တစ်စုမျှသာ ဖြစ်သည်။ သူမတို့သည် လုထျန်ကျုံး၏စကားများကို စောဒကမတက်ဝံ့ကြချေ။

"လုစန်...ငါ မင်းကို ပြင်ဆင်ခိုင်းထားတဲ့ လက်ဆောင်တွေ အဆင်သင့်ဖြစ်ပြီလား... ရက်နည်းနည်းကြာရင် အကြီးအကဲချုပ်ရဲ့ အသက်ရှစ်ဆယ်ပြည့်မွေးနေ့ပဲ...ငါတို့ ပေါ့ပေါ့ဆဆလုပ်လို့မဖြစ်ဘူး..."

လုထျန်ကျုံးက သူ၏ခေါင်းကို နောက်သို့လှည့်ပြီး နောက်လိုက်တစ်ဦးကို ကြည့်လိုက်သည်။

ထိုနောက်လိုက်က အလျင်အမြန် တုံ့ပြန်ပြောဆိုသည်။

"သခင်လေး....ဘာမှစိတ်မပူပါနဲ့...ကျွန်တော်တို့က အရင်ကကတည်းက ပြင်ဆင်ပြီးပါပြီ.... ကျွန်တော်တို့ ငွေတွေအများကြီးသုံးပြီး ဝယ်ထားတဲ့ တောင်ပိုင်းတောင်တန်းကျောက်စိမ်းက တောင်တုတစ်လုံးအရွယ်အစားရှိတယ်...ဒါက အိမ်တော်တစ်လုံးရဲ့ကံကြမ္မာကို ကောင်းမွန်စေဖို့အတွက် ဝင်္ကပါမျက်လုံးအဖြစ် သုံးနိုင်တယ်.... အဲ့ဒီအချိန်ကျရင် အရမ်းခမ်းနားထည်ဝါနေမှာ သေချာတယ်"

"မင်း သတိထားတာ ပိုကောင်းမယ်....ဒီတစ်ကြိမ်မှာ ဘာမှလွဲချော်လို့ မဖြစ်ဘူး"

ထိုစကားကိုပြောဆိုပြီးနောက် လုထျန်ကျုံးသည် သူ၏နံဘေးမှ လူလတ်ပိုင်းကြီးကို ကြည့်လိုက်သည်။

"ဦးလေးချန်.....ကျွန်တော့်ရဲ့ ပြင်ဆင်မှုတွေကို ဘယ်လိုထင်လဲ...အဲ့ဒီအချိန်ကျရင် ကျွန်တော်က ခင်ဗျားကို ရှားပါးရတနာတစ်ခုခု ပေးမယ်.... ဒါဆိုရင် လုံလောက်တယ်မဟုတ်လား"

"ဦးလေးချန်" ဟုခေါ်သော လူလတ်ပိုင်းကြီးသည် ခေါင်းခါလိုက်၏။

"ဒါက မလုံလောက်သေးဘူးလား"

လုထျန်ကျုံးက မျက်မှောင်ကြုတ်လိုက်သည်။

ဦးလေးချန်က ပြောဆိုသည်။

"အကြီးအကဲချုပ်က ဘယ်သူလဲဆိုတာ မင်း မသိဘူးလား"

လုထျန်ကျုံးက သူ၏လက်ကိုဝှေ့ယမ်းပြီး စိတ်မရှည်သောလေသံဖြင့် ပြောဆိုလိုက်သည်။

"သူက ကျွန်တော်တို့လုမိသားစုက ကယ်တင်ခဲ့တဲ့ အောက်ဘုံက လူအိုကြီးတစ်ယောက်ပဲ မဟုတ်လား....သူက ဆွေမျိုးဆက်ဆံရေးကိုပဲ အားကိုးနေတာ....သူက အခုထိ လောကီအင်မော်တယ်နယ်ပယ်မှာပဲ ရှိသေးတယ်လို့ ကျွန်တော် ကြားထားတယ်"

ဦးလေးချန်က ခေါင်းညိတ်သည်။

"ဟုတ်တယ်...သူက လောကီအင်မော်တယ်နယ်ပယ်မှာ ရှိနေတာ အမှန်ပဲ...ဒါပေမဲ့ မင်း နည်းနည်းလောက် ပိုပြီးမတွေးနိုင်ဘူးလား... ငါ့တို့ လုမိသားစုက ဘာလို့ လောကီအင်မော်တယ်တစ်ယောက်ကို အကြီးအကဲချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့တယ်ဆိုတာ မင်း သိလား"

လုထျန်ကျုံးသည် ကြက်သေသေသွားပေ၏။

ဦးလေးချန်က ဆက်လက်၍ ပြောဆိုသည်။

"လုဝူသီက အရှင်ဧကရာဇ်ရဲ့ အဘိုးပဲ"

"လုယွီ ဧကရာဇ်ဖြစ်ပြီးရင် သူ့အဘိုးရဲ့ အဆင့်အတန်းက ဘယ်လိုဖြစ်လာမယ်လို့ မင်း ထင်လဲ"

လုထျန်ကျုံး၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။

"အကြီးအကဲချုပ်က လုယွီရဲ့ အဘိုးလား"

Chapter 5052

လုထျန်ကျုံးသည် ထိတ်လန့်တုန်လှုပ်သွားပြီး အချိန်တခဏကြာယူ၍ သူ၏စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။

"သခင်လေး ကျွန်တော်တို့ .."

သူ၏နောက်လိုက်တချို့သည် ရှေ့တိုးလာပြီး မကြာမီကျင်းပတော့မည့် ဖျော်ဖြေရေးအစီအစဉ်အကြောင်း သတင်းပို့ရန် ပြင်ဆင်လိုက်သည်။

"မင်းတို့ ဘာတွေပြောနေတာလဲ... ထွက်သွားကြစမ်း.... ငါ ဒီနေ့ စိတ်မပါဘူး...."

လုထျန်ကျုံးက လက်ဝှေ့ယမ်းလိုက်ပြီး သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အမူအယာတစ်ရပ် ဖြတ်ပြေးသွားသည်။

ထို့နောက် သူသည် ဦးလေးချန်ကို ကြည့်လိုက်၏။

"အရင်က ကျွန်တော်ဘာလို့ ဘာသတင်းမှ မရခဲ့တာလဲ။"

ဦးလေးချန်က ပြောဆိုသည်။

"ဒါက ငါတို့မိသားစုက သူတို့ကို အရမ်းကာကွယ်ပေးထားလို့ပဲ... အဲ့ဒီတုန်းက ရှမိသားစုက အင်အားကြီးမားတယ်.... ငါတို့လုမိသားစုက သူတို့ကို ရှမိသားစုက အန္တရာယ်ပြုမှာကို စိုးရိမ်တာကြောင့် သူတို့ကို အမြဲတမ်း ဖွက်ထားခဲ့တယ်"

ထိုစဉ်က လုယွီ တော်ဝင်မြို့တော်သို့ မဝင်ရောက်မီ ရှမိသားစုသည် နန်းတွင်းကို အုပ်စိုးထားပြီး အထွတ်အထိပ်အခြေအနေသို့ ရောက်နေခဲ့သည်။

အောက်ဘုံမှ လုမိသားစုသည် တော်ဝင်မြို့တော်ရှိ လုမိသားစု၏ ကာကွယ်မှုအောက်တွင်သာ ပုန်းအောင်းနေနိုင်ခဲ့သည်။ သူတို့သည် ခြေတစ်လှမ်းမျှ အပြင်မထွက်ဘဲ နေရာတစ်နေရာတည်းတွင် လပေါင်းများစွာ နေခဲ့ရလေ၏။

လုယွီ ဧကရာဇ်ဖြစ်လာသော်လည်း ဤသတင်းသည် နေရာငယ်လေးတစ်ခုတွင်သာ ပျံ့နှံ့သွားခဲ့သည်။

"မင်း စဉ်းစားကြည့်လေ... ဘာလို့ အပြင်မှာရှိနေတဲ့ လုမိသားစုဝင်တွေအများကြီးက အကြောင်းပြချက်အမျိုးမျိုးရှာပြီး အကြီးအကဲချုပ်အသစ်တစ်ယောက်ရဲ့ မွေးနေ့ကို ဆင်နွှဲဖို့ သူတို့ရဲ့မိသားစုတွေဆီ ပြန်လာကြတာလဲ"

ဦးလေးချန်က ဆက်လက်၍ ပြောဆိုသည်။

"ဟူး"

လုထျန်ကျုံးသည် အေးစက်စက်လေကို ရှိုက်သွင်းပြီး ထိတ်လန့်တကြား ပြောဆိုလိုက်၏။

"လုကျင်းလုံက အသိသာဆုံးပဲ...သူက ပင်မလုမိသားစုကနေ ထွက်ခွာသွားတာကြာပြီ....ဒါပေမဲ့ သူ အရှက်မရှိ ပြန်လာတာ ဒီအကြောင်းကြောင့်ကိုး...."

ဦးလေးချန်က လေသံတိုးတိုးဖြင့် ပြောဆိုသည်။

"ဧကရာဇ်က ထိပ်သီးမိသားစုတွေကို အရေးယူဖို့ ကြံစည်နေတယ်လို့ ကောလာဟလတွေ ထွက်နေတယ်.... ဝန်ကြီးဌာနခြောက်ခုရဲ့ ဝန်ကြီးအသစ်တွေ... သူတို့ထဲက တစ်ယောက်မှ ထိပ်သီးမိသားစုတွေက မဟုတ်ဘူး...တစ်ဖက်မှာ သူတို့က ဧကရာဇ်က သူတို့ကို အရေးယူမှာ စိုးရိမ်နေကြတယ်...တခြားတစ်ဖက်မှာတော့ သူတို့က တော်ဝင်မိသားစုအသစ်ရဲ့ ဆွေမျိုးတွေကို မျက်နှာလုပ်ချင်ကြတယ်...ဒါကြောင့် သူတို့အားလုံး အလုအယက် ရောက်လာကြတာပဲ"

"ဒါက ငါတို့ လုမိသားစုတစ်ခုတည်း မဟုတ်ဘူး..ကျန်းမိသားစု ကျန့်မိသားစုနဲ့ ဝေ့မိသားစုတွေလည်း ရှိသေးတယ်.... မကြာသေးခင်က သူတို့က မွေးနေ့ပွဲမှာ မျက်နှာသာရဖို့အတွက် လက်ဆောင်တွေ လျှို့ဝှက်ရှာဖွေဖို့ လူလွှတ်ထားကြတယ်"

လုထျန်ကျုံး၏မျက်နှာအမူအယာ အနည်းငယ်ပြောင်းလဲသွားသည်။

"အဘိုးက ကျွန်တော့်ကို ပစ္စည်းကောင်းကောင်းတွေ ရှာခိုင်းတာ မဆန်းတော့ဘူး...အခုတော့ ကျွန်တော်တို့ရဲ့ ပြင်ဆင်မှုတွေက မလုံလောက်သေးဘူးထင်တယ်..."

တောင်ပိုင်းတောင်တန်းကျောက်စိမ်းကို အဖိုးတန်ရတနာတစ်ခုဟု ယူဆနိုင်သည်။

သို့ရာတွင် ဤသို့သောအရာကို သာမန်လူများအား ပေးနိုင်သော်လည်း တော်ဝင်ဆွေမျိုးများကို ပေးလျှင်မူ အလွန်နုံချာရာကျပေလိမ့်မည်။ ဤသည်မှာ တော်ဝင်မိသားစုကို မထီမဲ့မြင်ပြုသည်ဟုပင် ယူဆနိုင်ပြီး ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်သည်။

"သခင်လေး...ဘာမှစိတ်မပူပါနဲ့.... ဒီရက်ပိုင်းမှာ ငါလည်း မှောင်ခိုဈေးကွက်မှာ ရတနာတချို့ကို သွားကြည့်ထားပါတယ်"

ဦးလေးချန်က ပြောဆိုလိုက်၏။

ထိုအချိန်ကျမှသာ လုထျန်ကျုံးသည် သူ၏နဖူးမှချွေးများကို သုတ်လိုက်ပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ပြောဆိုသည်။

"ဒါဆို အရာအားလုံးကို ဦးလေးချန်ကိုပဲ အပ်လိုက်ပါ့မယ်"

သူတို့နှစ်ယောက်သား ဆွေးနွေးနေစဉ်တွင် ရုတ်တရက် ဝူယာနှင့်ဝူကျောက်တို့သည် မိုးပြာနက်နဲသိမ်မွေ့သားရဲကို သယ်ဆောင်ကာ ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။

မိုးပြာနက်နဲသိမ်မွေ့သားရဲကို အလွန်သန့်ရှင်းအောင် ဆေးကြောထားပြီး ယခုအချိန်၌ ပြောင်စင်အောင် သုတ်ထားသည်။ ထိုသားရဲသည် ဖြူစင်သော ငွေရောင်မြေခွေးတစ်ကောင်နှင့် တူညီနေကာ တော်ဝင်ဆန်ပြီး ကျက်သရေရှိသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

"လူရိုင်းတွေလား....သူတို့က ဒီနေရာကို ဘာလို့ရောက်နေတာလဲ"

လုထျန်ကျုံးက မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက..."

ဦးလေးချန်၏ မျက်လုံးများသည် လူရိုင်းမောင်နှမ၏လက်အတွင်းမှ သားရဲငယ်လေးအပေါ်တွင် စူးစိုက်၍ကျရောက်နေသည်။ သူ၏မျက်လုံးများအတွင်းတွင် အလွန်ပူပြင်းသော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပေ၏။

လုထျန်ကျုံးက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။

"အဲ့ဒီလူရိုင်းနှစ်ယောက်မှာ ပြဿနာရှိလို့လား..."

"မဟုတ်ဘူး... လူရိုင်းတွေမှာ ပြဿနာမရှိဘူး..သူတို့လက်ထဲက နတ်ဆိုးသားရဲပဲ...."

ဦးလေးချန်သည် ရုတ်တရက် ထူထပ်လေးလံသော အနက်ရောင်ရှေးဟောင်းစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် သူ၏လက်တစ်ဖက်ကို စာအုပ်ပေါ်တင်ကာ မျက်လုံးမှိတ်ပြီး လေးလေးနက်နက် စဉ်းစားတွေးတောနေသည်။ သူ၏နတ်ဘုရားစိတ်အာရုံသည် စာအုပ်ပေါ်သို့ ကျရောက်နေပြီးဖြစ်သည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့် ကြာမြင့်ပြီးနောက် ဦးလေးချန်သည် နောက်ဆုံးတွင် သူ၏နက်နဲသောအတွေးများမှ နိုးထလာသည်။

ဤအချိန်အခိုက်အတန့်တွင် ဦးလေးချန်၏ မျက်လုံးများအတွင်းတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပေ၏။

"နတ်ဘုရားအင်မော်တယ် သားရဲတစ်ကောင်ဖြစ်တဲ့ မိုးပြာနက်နဲသိမ်မွေ့သားရဲလား... တကယ့်ကို မိုးပြာနက်နဲသိမ်မွေ့သားရဲပဲ...အဲ့ဒီကောင်တွေက မျိုးတုံးသွားပြီ မဟုတ်ဘူးလား...သူက တကယ်ကြီး ဒီနေရာမှာ ထွက်ပေါ်လာတာပဲ....."

လုထျန်ကျုံးက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာနတ်ဘုရားအင်မော်တယ်သားရဲလဲ... ခင်ဗျားဆိုလိုတာ ခုဏက အမွေးပွပွနဲ့အဖြူကောင်လေးကိုလား"

ဦးလေးချန်က လုထျန်ကျုံးကို စိတ်လှုပ်ရှားသော မျက်နှာအမူအယာဖြင့် ကြည့်လိုက်သည်။

"သခင်လေး....ငါတို့ ဘာလက်ဆောင်ပေးသင့်လဲဆိုတာ ငါ သိပြီ"

Chapter 5053

ဦးလေးချန်က သားရဲကို လက်ညှိုးညွှန်ပြပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"ဒါက နတ်ဘုရားအင်မော်တယ်သားရဲတစ်ကောင်ပဲ...ငါ့မှာ ရှေးဟောင်းစာအုပ်တစ်အုပ်သာ မရှိရင် ဒီနတ်ဆိုးသားရဲရဲ့ မူရင်းဇစ်မြစ်ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး..."

"ဒီအကောင်သေးလေးက နတ်ဘုရားအင်မော်တယ်သားရဲလား"

လုထျန်ကျုံး၏မျက်လုံးများ ပြူးကျယ်သွားသည်။

"ဟုတ်တယ်...ဒါက 'မိုးပြာနက်နဲသိမ်မွေ့သားရဲ' ပဲ....သူ့ရဲ့ခန္ဓာကိုယ်က ရတနာတွေနဲ့ ပြည့်နေတယ်.... သူ့ရဲ့အသားကို စားတဲ့သူတိုင်း အသက်ရှည်ပြီး ခန္ဓာကိုယ်သန်မာစေတယ်လို့ ဆိုတယ်.... ဒါက ရှေးဟောင်းစာအုပ်တွေမှာ မှတ်တမ်းတင်ထားတဲ့ သားရဲပဲ...."

ဦးလေးချန်က စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။

"ငါက ဒီလိုသားရဲမျိုးက အချိန်အတော်ကြာကတည်းက မျိုးတုံးသွားပြီလို့ ထင်နေခဲ့တာ.... ဒီနေရာမှာ တွေ့မြင်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး.... ဒါက တကယ်ကို ကောင်းကင်ဘုံက ချီးမြှင့်တဲ့ ရွှေရောင်အခွင့်အရေးပဲ...."

လုထျန်ကျုံးက သူ၏လက်နှစ်ဖက်ကိုပွတ်သပ်ရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"အသက်ရှည်စေပြီးတော့ သန်မာအားကောင်းစေတယ် ဟုတ်လား...ဒီသားရဲမှာ တကယ့်ကို ဒီလိုအစွမ်းအာနိသင် ရှိတာလား....

ဤလောကတွင် ရတနာများစွာရှိသော်လည်း သက်တမ်းတိုးစေနိုင်သည့်အရာဟူ၍ များများစားစားမရှိပေ။

သက်တမ်းသည် လူသားတစ်ယောက်၏ခန္ဓာကိုယ်အတွက် အဖိုးတန်ဆုံးအရာပင်။

တစ်စုံတစ်ယောက်သည် သက်တမ်းကုန်သွားသည်နှင့် သူ့ထံတွင် မည်မျှပင် ကြီးမားသော မှော်စွမ်းအားများရှိပြီး မည်မျှပင် ထိတ်လန့်ဖွယ်ကောင်းပါစေ နောက်ဆုံးတွင် မြေမှုန့်တစ်ပုံအဖြစ်သို့သာ ပြောင်းလဲသွားပေမည်။

ထို့ကြောင့် သက်တမ်းနှင့်ပတ်သက်သော ရတနာဟူသမျှသည် များသောအားဖြင့် အလွန်အဖိုးတန်သော အရာများဖြစ်သည်။

"ဟား ဟား ဟား....ငါ ဒီသားရဲကို လုယက်ပြီးရင် အသားကို အရင်ဆုံး ငါ အသုံးပြုရမယ်... အကြီးအကဲချုပ်ကို နတ်ဘုရားအင်မော်တယ်သားရဲရဲ့ခြေထောက်တစ်ချောင်းပဲ လက်ဆောင်ပေးရင်တောင် ဒါက ထိပ်တန်းရတနာတစ်ခု ဖြစ်လိမ့်မယ်"

လုထျန်ကျုံး၏မျက်လုံးများအတွင်းတွင် လောဘအရိပ်အယောင်များ တလက်လက်တောက်ပနေသည်။

သာမန်ရတနာများသည် ထိပ်သီးမိသားစု၏ သခင်လေးတစ်ယောက်ဖြစ်သော သူ့အတွက် အရေးမပါချေ။

သို့ရာတွင် သက်တမ်းတိုးစေနိုင်သော ရတနာများသည် မတူညီပေ။

လုမိသားစုရှိ နှစ်ပေါင်းများစွာ နာမည်ကြီးခဲ့သော လူအိုကြီးအမြောက်အများပင်လျှင် နှစ်စဉ်နှစ်တိုင်း ကောင်းကင်ဘုံနယ်မြေတဝိုက်တွင် သက်တမ်းရှည်စေနိုင်သော ရတနာများကို ရှာဖွေရန် စေလွှတ်ကြသည်။

သက်တမ်းတိုးနိုင်သရွေ့ ဤမိုးပြာနက်နဲသိမ်မွေ့သားရဲ၏ခန္ဓာကိုယ်ပေါ်မှ သွေးတစ်စက်သည်ပင် စိတ်ဝိညာဉ်ကျောက်တုံးတစ်ပုံထက် ပို၍အဖိုးတန်သည်ဟု ဆိုနိုင်ပေ၏။

"အဲ့ဒီနေရာကိုသွားပြီး အဲ့ဒီလူနှစ်ယောက်ကို တားလိုက်စမ်း..."

လုထျန်ကျုံးက သူ၏လက်ကိုမြှောက်ပြီး ညွှန်ပြလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် လက်အောက်ငယ်သားတချို့သည် ရှေ့သို့ပြေးထွက်ပြီး ဝူကျောက်နှင့်ဝူယာတို့ကို တားဆီးလိုက်၏။

သူတို့နှစ်ယောက်သည် ရုတ်တရက်တားဆီးခံလိုက်ရသဖြင့် ထိတ်လန့်သွားကြသည်။ ဝူကျောက်သည် သူ၏ရင်ခွင်အတွင်းမှ မိုးပြာနက်နဲသိမ်မွေ့သားရဲကို ပို၍ပင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

"ငါတို့ရဲ့သခင်လေးက မင်းတို့နဲ့ စကားပြောစရာရှိတယ်... လိုက်ခဲ့စမ်း"

နောက်လိုက်တစ်ဦးက လေသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။

သူတို့နှစ်ယောက်လုံး ခေါင်းခါလိုက်ကြသည်။ သူတို့သည် ဤအနက်ရောင်ဝတ်စုံဝတ်ထားသော အမျိုးသားများထံမှ အန္တရာယ်ရှိသော အငွေ့အသက်ကို ခံစားမိသည်။

ဝူကျောက်သည် ရှေ့သို့ထွကပြီး လူရိုင်းဘာသာစကားဖြင့် ပြောဆိုသည်၊ သူတို့ ဘေးဖယ်ပေးစေချင်ပုံရသည်။

"သခင်လေး.... ငါတို့က လူရိုင်းစကား နားမလည်ဘူး"

ဦးလေးချန်က မျက်မှောင်ကြုတ်လိုက်သည်။

မိုးပြာနက်နဲသိမ်မွေ့သားရဲသည် လူရိုင်းနှစ်ယောက်၏လက်အတွင်းတွင် ရှိနေသော်လည်း သူတို့သည် လူရိုင်းများနှင့် ဆက်သွယ်ပြောဆိုနိုင်ခြင်းမရှိချေ။ ဤသည်မှာ သူတို့အတွက် အခက်အခဲဖြစ်စေသည်။

လုထျန်ကျုံး၏မျက်လုံးများအတွင်းတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်တစ်ရပ်ဖြတ်ပြေးသွားသည်။

"သူတို့က လူရိုင်းနှစ်ယောက်ပဲ....သူတို့က နတ်ဘုရားအင်မော်တယ်သားရဲတစ်ကောင်ကို ပိုင်ဆိုင်ဖို့ ဘယ်လိုလုပ်ပြီး ထိုက်တန်မှာလဲ.... ငါ့အထင်တော့ အဲ့ဒီနှစ်ယောက်က ဒီသားရဲကို ခိုးလာတာပဲ.... မင်းတို့ သူတို့ဆီကနေ ဒီနတ်ဆိုးသားရဲကို အရင်ဆုံး လုယူပြီးတော့ သူတို့ကို အာဏာပိုင်တွေဆီ အပ်လိုက်စမ်း"

လုထျန်ကျုံး၏စကားကို ကြားချိန်တွင် လက်အောက်ငယ်သားများအားလုံး ချက်ချင်းနားလည်သဘောပေါက်သွားကြသည်။

လုထျန်ကျုံးသည် အသက်အလွန်ငယ်ရွယိစဉ်ကတည်းက မိသားစု၏ ပြင်ပစီးပွားရေးလုပ်ငန်းများကို တာဝန်ယူခဲ့ရသည်။

လုမိသားစုရှိ စီးပွားရေးလုပ်ငန်းအများစုသည် အမြတ်အစွန်းကြီးမားပေ၏။ ဤလုပ်ငန်းများသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးအနှံ့ ပျံ့နှံ့နေရုံသာမက ကြီးမားသောအမြတ်အစွန်းများကိုလည်း ရရှိနိုင်သည်။

လုထျန်ကျုံးသည် သူ၏အဘိုးကြောင့် ထိုသို့သောအလုပ်အကိုင်ကို ရရှိခဲ့ခြင်းဖြစ်သည်။

စီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်ခဲ့သည့်နှစ်များအတွင်း လုထျန်ကျုံးသည် သူ၏ပြိုင်ဘက်များကို ပြောင်ပြောင်တင်းတင်းသာမက လျှို့ဝှက်၍ထိုးနှက်ရန်အတွက် နည်းလမ်းပေါင်းများစွာကို အသုံးပြုခဲ့သည်။ သူသည် ဥပဒေနှင့်ဆန့်ကျင်သောအရာများစွာကို လုပ်ဆောင်ခဲ့သော်လည်း ယခုအချိန်အထိ လွတ်လပ်ပေါ့ပါးစွာ နေထိုင်နေဆဲပင်။

သူတို့သည် လူရိုင်းနှစ်ယောက်မျှသာ ဖြစ်သည်။ သူသည် သူတို့ကို သူ၏မျက်လုံးအတွင်းတွင် လုံးလုံးလျားလျား မထည့်ချေ။

"ဒါဆို သူခိုးနှစ်ယောက်ကိုး.... ကံကောင်းလို့ ငါတို့သခင်လေးက သူတို့ကို ဖမ်းမိတာပဲ..."

"မင်းတို့နှစ်ယောက်...မင်းတို့ခိုးလာတဲ့ နတ်ဆိုးသားရဲကို အခုချက်ချင်းအပ်လိုက်စမ်း။"

လုထျန်ကျန်း၏နောက်လိုက်အနည်းငယ်က ကျယ်လောင်စွာအော်ဟစ်ပြီး ဝူကျောက်နှင့်ဝူယာတို့ထံသို့ ပြေးဝင်သွားကြသည်။

Chapter 5054

ဤနေရာမှအသံများကို ရတနာမျှော်စင်တွင်ရှိနေသော အစောင့်များအားလုံး ကြားနေရသည်။

သို့ရာတွင် သူခိုးဖမ်းနေသည်ဟု ကြားချိန်၌ မည်သူမျှ သူတို့၏အနားသို့ မကပ်ရဲကြချေ။

ဤကိစ္စ၏အတွင်းရေးကို သိလျှင်ပင် သူတို့ဂရုစိုက်မည် မဟုတ်ချေ။ လုထျန်ကျုံးသည် လု မိသားစု၏သခင်လေးဖြစ်ပြီး ရတနာမျှော်စင်၏ အထူးဧည့်သည်တော်တစ်ယောက်ပင်။ တစ်ဖက်လူများမှာမူ အရေးမပါသော လူရိုင်းနှစ်ယောက်သာ ဖြစ်သည်။ ဤနှစ်ဖက်ကို နှိုင်းယှဉ်ကြည့်ပြီးနောက် ရတနာမျှော်စင်သည် တိတ်ဆိတ်စွာနေရန် ရွေးချယ်ခဲ့လေ၏။

ဝူကျောက်သည် နတ်ဆိုးသားရဲကို ထုတ်မပေးလိုချေ။ သူသည် နတ်ဆိုးသားရဲကို သူ၏ညီမထံ သို့ပေးအပ်ပြီး လူရိုင်းဘာသာစကားဖြင့် အော်ဟစ်လိုက်သည်။

"သွားကြစို့..."

ဝူယာက ဤနေရာသည် အန္တရာယ်ရှိကြောင်း သိရှိထားသည်သည်။ ထို့ကြောင့် သူမသည် မိုးပြာနက်နဲသိမ်မွေ့သားရဲကို ပွေ့ဖက်ပြီး နောက်သို့ချက်ချင်းလှည့်ကာ ထွက်ပြေးခဲ့တော့သည်။

သို့ရာတွင် လုမိသားစုနောက်လိုက်များသည် သူမကို ထိုသို့သောအခွင့်အရေး မည်သည်ကြောင့် ပေးမည်နည်း။ ရုတ်ချည်းဆိုသလိုပင် လူတစ်စုသည် ဝူယာကို ချက်ချင်းဝန်းရံပိတ်ဆို့လိုက်သည်။

"ဟား..."

ဝူကျောက်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ ကြွက်သားများသည် ချက်ချင်းဖောင်းကြွလာပြီး လျှို့ဝှက်ဆန်းကြယ်သော အမှတ်အသားတစ်ခု လင်းလက်လာသည်။

ဤသည် နတ်ဘုရားလူရိုင်းမျိုးနွယ်၏ မွေးရာပါအမှတ်အသားဖြစ်ပင်။ နတ်ဘုရားလူရိုင်းမျိုးနွယ်များ တိုက်ခိုက်သည့်အချိန်တွင် သူတို့သည် မှော်စွမ်းအားကို အသုံးပြု၍ သူတို့မျိုးနွယ်၏ နတ်ဘုရားအမှတ်အသားနှင့် ဆက်သွယ်နိုင်သည်။ နောက်ဆုံးတွင် သူတို့သည် ထိုအမှတ်အသားမှတဆင့် အထွတ်အထိပ်စွမ်းအားကို ရရှိနိုင်ပေ၏။

နတ်ဘုရားအမှတ်အသား၏စွမ်းအားများ သူ၏ကိုယ်ထဲသို့ စီးဝင်လာသည်နှင့် ဝူကျောက်၏ခန္ဓာကိုယ်သည် အချိန်တိုအတွင်း ကြီးမားလာသည်။ သူသည် လူဝက်ဝံတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ ရှေ့သို့ပြေးဝင်သွားသည်။

ဘန်း...ဘန်း... ဘန်း...

သူတို့၏ရှေ့မှ လမ်းပိတ်ရန် တာဝန်ယူထားသော လုမိသားစုနောက်လိုက်များသည် ချက်ချင်းဆိုသလိုပင် လွင့်ထွက်သွားကြသည်။ လူအများသည် သွေးအန်ကာ တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားကြ၏။

ဝူယာသည် ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ နောက်သို့လှည့်ပြီး ရတနာမျှော်စင်အတွင်းသို့ ပြေးဝင်သွားသည်။

"လူရိုင်းတစ်ယောက်က ငါ့ရှေ့မှာ ရိုင်းစိုင်းရဲတာလား ..."

လုထျန်ကျုံးက အေးစက်စက် နှာမှုတ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်သည် လှုပ်ရှားသွားပြီး အနက်ရောင်အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ဝူကျောက်၏ ရှေ့သို့ရောက်ရှိလာသည်။

သူ၏ခန္ဓာကိုယ်သည် အလွန်သန်မာအားကောင်းပြီး သူသည် မည်သည့်စွမ်းအားကိုမျှ အသုံးမပြုသည့်ပုံပင်။ သို့ရာတွင် သူ၏ခြေဖျားဖြင့် မြေပြင်ကို ပေါ့ပေါ့ပါးပါးထိလိုက်ပြီးနောက် သူသည် မီတာသုံးဆယ် လေးဆယ်ခန့် လေထုအတွင်းတွင် ခုန်ပျံကာ ဝူကျောက်၏ ရှေ့သို့ရောက်ရှိသွားလေပြီ။

"သွားစမ်း..."

ဝူကျောက်သည် ရူးသွပ်လုနီးပါးဖြစ်နေကာ သူ၏မျက်နှာပေါ်တွင် အမှတ်အသားပုံစံများ ပေါ်လွင်နေသည်။

လုထျန်ကျုံး ရှေ့ထွက်လာသည်ကိုမြင်လျှင် ဝူကျောက်သည် ရုတ်တရက် သူ၏လက်ဝါးဖြင့် တစ်ချက်ရိုက်ထုတ်လိုက်သည်။

ဝုန်း...

လေထုအတွင်းတွင် လေပြင်းမုန်တိုင်းတိုက်ခတ်သွားသကဲ့သို့ ပေါက်ကွဲသံများကို ကြားနေရသည်။

ဤလက်ဝါးရိုက်ချက်သည် လေထုကိုပင် စုတ်ဖြဲနိုင်သည့် အရှိန်အဝါရှိပြီး လုထျန်ကျုံးထံသို့ ပြင်းပြင်းထန်ထန် ကျရောက်သွားပေ၏။

သို့ရာတွင် ဤအခိုက်အတန့်တွင် လုထျန်ကျုံးသည် သူ၏လက်ဝါးကို ပေါ့ပေါ့ပါးပါး ရိုက်ထုတ်လိုက်သည်။

လက်ဝါးရိုက်ချက်နှစ်ခုသည် လေထုအတွင်းတွင် ပြင်းထန်စွာ ဖီလာဆန့်ကျင်ထိတွေ့မိပြီး တောင်နှစ်လုံး ပြင်းထန်စွာတိုက်မိသကဲ့သို့ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

ဝူကျောက်သည် နာကျင်စွာအော်ဟစ်ကာ ရုတ်တရက် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။

ဘုန်း....

ဝူကျောက်၏ ကြီးမားသောခန္ဓာကိုယ်သည် ကြမ်းခင်းကြွေပြားများကို ကြေမွသွားစေပြီး မြေပြင်တွင် လူပုံသဏ္ဌာန်အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။

ဖုန်မှုန့်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် လုထျန်ကျုံးသည် ဝူကျောက်ကို ထပ်မံကန်ကျောက်လိုက်၏။

ဝူကျောက်သည် လူရိုင်းစစ်တပ်မှ စစ်သားတစ်ဦးဖြစ်ပြီး သူသည် စစ်မြေပြင်မှ သတ်ဖြတ်မှုများကို တွေ့ကြုံခဲ့ဖူးသည်။ သူသည် လုမိသားစုနောက်လိုက်များကို ရင်ဆိုင်နိုင်သော်လည်း ထိပ်သီးမိသားစုမှမျိုးဆက်ဖြစ်သော လုထျန်ကျုံးနှင့် ရင်ဆိုင်ရချိန်တွင် သူသည် များစွာအားနည်းနေပေ၏။

လုထျန်ကျုံးကဲ့သို့သော လူတစ်ဦးသည် ငယ်စဉ်ကတည်းက ခမ်းနားထည်ဝါသောဘဝဖြင့် နေထိုင်ခဲ့ပြီး အကောင်းဆုံးကျင့်ကြံမှုအရင်းအမြစ်များကို ရရှိထားသည်။ ရလဒ်အနေဖြင့် သူသည် လျင်မြန်စွာကြီးထွားလာပြီး လျင်မြန်သောအရှိန်ဖြင့် တိုးတက်လာကာ သာမန်ကျင့်ကြံသူများထက် များစွာပို၍သာလွန်သွားသည်။

"သူ့ကို လောလောဆယ် လျစ်လျူရှုထားလိုက်တော့... ခုဏ ထွက်ပြေးသွားတဲ့ လူရိုင်းမလေးကို လိုက်ဖမ်းကြစမ်း"

လုထျန်ကျုံးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

လုမိသားစုနောက်လိုက်တစ်စုသည် သူမ၏နောက်သို့ လိုက်လံဖမ်းဆီးကြလေ၏။

ဝူယာသည် မိုးပြာနက်နဲသိမ်မွေ့သားရဲကို ပွေ့ဖက်ကာ ခမ်းနားထည်ဝါပြီး အကျွမ်းတဝင်မရှိသော ရတနာမျှော်စင်အတွင်းတွင် အသက်လုပြေးနေသည်။ သူမ၏စိတ်အတွင်းရှိ မှတ်ဉာဏ်များအရ လုယွီရှိနေသောနေရာကို သူမ မှတ်မိနေသည်။

...

ဤအချိန်အခိုက်အတန့်တွင် သီးသန့်ခန်းအတွင်း၌ ရယ်မောသံများဖြင့် ပြည့်နှက်နေသည်။

ကျန်းစစ်မင်၏နောက်ပြောင်မှုသည် ပတ်ဝန်းကျင်မှလူများ၏ ရယ်မောသံများကို ချက်ချင်းဆွဲဆောင်သွားနိုင်ပေ၏။

သူ့ထံတွင် ခေါင်းဆောင်တစ်ဦးဖြစ်လာနိုင်သည့် အရည်အချင်း အမှန်တကယ်ရှိသည်။ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ တပည့်အသစ်များတွင် အဖွဲ့အမြောက်အများကွဲပြားနေပြီး ကျန်းစစ်မင်သည် ထိုအဖွဲ့များအနက်မှတစ်ခု၏ ခေါင်းဆောင်ဖြစ်သည်။

အမျိုးသမီးတပည့်တချို့သည် ကျန်းစစ်မင်ထံသို့ လျှို့ဝှက်အသံစကားများ ပေးပို့ကြသော်လည်း သူသည် ထိုအရာများအားလုံးကို လျစ်လျူရှုထားလေ၏။

လှပချောမောသည့်အပြင် ဆေးပညာရှင်တစ်ဦးလည်းဖြစ်သော လုကောင်းကျီးနှင့် နှိုင်းယှဉ်လျှင် တခြားမိန်းကလေးသည် အနည်းငယ်ကြမ်းတမ်းပုံရသည်။ သူမတို့သည် သာမန်လူများနှင့် ပို၍တူညီပေ၏။

Chapter 5055

သူတို့အားလုံး ရယ်မောနေစဉ်မှာပင် သီးသန့်ခန်း၏တံခါးသည် ရုတ်တရက် ကန်ဖွင့်ခံလိုက်ရသည်။

ဝူယာသည် မိုးပြာနက်နဲသိမ်မွေ့သားရဲကို ပွေ့ဖက်ကာ ဒယိမ်းဒယိုင်ဖြင့် အခန်းအတွင်းသို့ ပြေးဝင်လာသည်။ သူမသည် ပြေးလွှားရင်း လူရိုင်းဘာသာစကားဖြင့် အော်ဟစ်အကူအညီတောင်းခံနေသည်။

သူမ၏နောက်တွင် အရပ်မြင့်ပြီး သန်မာထွားကျိုင်းသော လုမိသားစုနောက်လိုက်အနည်းငယ် ပြေးလိုက်လာသည်။ သူတို့၏မျက်နှာများပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာများရှိပြီး သူတို့၏လက်များအတွင်းတွင် တုတ်များနှင့်ဓားများကိုပင် ကိုင်ထားကြလေ၏။

"မင်းတို့က ဘယ်သူတွေလဲ..."

သီးသန့်ခန်းအတွင်းရှိ ပျော်ရွှင်မြူးတူးနေသောအခြေအနေ လုံးလုံးလျားလျားပျောက်ကွယ်သွားသည်။

လူငယ်များသည် သူတို့၏ရှေ့တွင် ရုတ်တရက်ပေါ်လာသော လုမိသားစုနောက်လိုက်များကြောင့် ထိတ်လန့်သွားကြသည်။ သူတို့သည် စိတ်လှုပ်ရှားသော အမူအယာများဖြင့် မတ်တတ်ထရပ်လိုက်ကြ၏။

"ပြေးအုံးလေ... မင်းက ဘယ်ကိုသွားမှာလဲ"

လုမိသားစုနောက်လိုက်များသည် သူတို့ မည်သည့်နေရာ၌ ရှိနေသည်ကို အနည်းငယ်မျှ ဂရုမစိုက်ကြချေ။ သူတို့၏မျက်နှာများပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အပြုံးများရှိနေကာ သူတို့၏လက်များကိုဆန့်တန်းပြီး ဝူယာထံသို့ ဖမ်းဆွဲလိုက်ကြသည်။

"ရပ်လိုက်စမ်း...နင်တို့ ဘာလုပ်နေတာလဲ..."

လုကောင်းကျီးသည် ရှေ့သို့တက်ကာ ဝူယာ၏ရှေ့မှ ကာဆီးလိုက်သည်။

သို့ရာတွင် သူမ၏ရှေ့မှ လုမိသားစုနောက်လိုက်များသည် မည်သူကိုမျှ ဂရုမစိုက်ကြချေ။ သူတို့သည် လုကောင်းကျီးကို တွန်းဖယ်ပြီး ဆဲဆိုလေ၏။

"ထွက်သွားစမ်း... ဒါက မင်းအလုပ်မဟုတ်ဘူး"

"သောက်ချေးပဲ...မင်းတို့က သေချင်နေတာလား..."

ကျန်းစစ်မင်က စားပွဲခုံကိုရိုက်ပုတ်၍ မတ်တတ်ထရပ်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့လျှောက်သွားသည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တခြားတပည့်များသည်လည်း ဒေါသထွက်နေကြသည်။

သူတို့အားလုံးသည် ကျောင်းတော်တူတပည့်များဖြစ်ကြပြီး အောင်ပွဲခံရန် ဤနေရာသို့ လာခဲ့ကြခြင်းဖြစ်သည်။ သို့ရာတွင် သူတို့ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသော ဤလူစုသည် မည်သည့်မေးခွန်းမျှမမေးဘဲ လုကောင်းကျီးကို တွန်းဖယ်လိုက်လေ၏။

ဤသည်မှာ လူငယ်များအားလုံး၏သည်းခံနိုင်စွမ်းကို ထိပါးသွားသည်။

လူငယ်များသည် ပျားများပျံသန်းနေသကဲ့သို့ လှုပ်လှုပ်ရွရွဖြစ်သွားကာ အပြင်မှနေ၍ လုမိသားစုနောက်လိုက်များ ပို၍များပြားစွာ ပြေးဝင်လာကြသည်။

ဤသည်ကိုမြင်လျှင် လီစစ်သည် လုယွီကို ကြည့်လိုက်၏။ သို့ရာတွင် လုယွီသည် သူ၏နေရာတွင် တည်ငြိမ်စွာထိုင်နေဆဲဖြစ်ပြီး အခြားသူများ၏ကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် ဆန္ဒမနေတော့သည်ကို သူ မြင်တွေ့မိသည်။

လုမိသားစုနောက်လိုက် နှစ်ဆယ်ကျော် အခန်းအတွင်းသို့ ပြေးဝင်လာသည်။ သူတို့အားလုံးသည် အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး သူတို့တစ်ဦးစီတိုင်းမှ အစွမ်းထက်သော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။ တစ်ချက်ကြည့်ရုံဖြင့် သူတို့သည် ရန်စ၍မကောင်းသော လူများဖြစ်ကြောင်း သိနိုင်ပေ၏။

အကယ်၍ တခြားလူများဖြစ်နေပါက သူတို့သည် ဤအရှိန်အဝါကြောင့် ကြောက်လန့်သွားနိုင်ဖွယ်ရှိသည်။

သို့ရာတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များအားလုံးသည် လူငယ်ပါရမီရှင်များပင်။ သူတို့သည် ဤမြင်ကွင်းကြောင့် မည်သို့ ကြောက်လန့်နိုင်မည်နည်း။

"ဒီလူရိုင်းနှစ်ယောက်က နတ်ဆိုးသားရဲကို ခိုးခဲ့တာကို ငါတို့ တွေ့ရှိတယ်...အခု ငါတို့က သူ့ကိုဖမ်းပြီး အုပ်ချုပ်ရေးအဖွဲ့ဆီ ခေါ်သွားမလို့ပဲ...မင်းတို့ ကိုယ့်အလုပ်ကိုယ်လုပ်တာ ပိုကောင်းလိမ့်မယ်"

လုမိသားစုနောက်လိုက်တစ်ဦးက တင်းမာခက်ထန်သောလေသံဖြင့် ပြောဆိုလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ကျောင်းတော်တပည့်တစ်ဦးက ဒေါသတကြီးအော်ဟစ်လိုက်၏။

"ပေါက်ကရတွေ... ဝူကျောက်နဲ့ ဝူယာတို့မောင်နှမက ငါတို့နဲ့ အမြဲတမ်းအတူတူရှိနေတာ.. သူတို့ ခိုးတာကို မင်းတို့ထဲက ဘယ်သူ မြင်တာလဲ"

လုကောင်းကျီးသည် နံဘေးသို့တွန်းဖယ်ခံရသဖြင့် ဒေါသထွက်နေပြီး သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"သူတို့ကို ဖမ်းဆီးမှာလား...နင်တို့က အရာရှိတွေလား ...နင်တို့က ဘယ်အုပ်ချုပ်ရေးရုံးတော်ကလဲ"

လုမိသားစုနောက်လိုက်များသည် တုံ့ပြန်အဖြေပေးနိုင်ခြင်းမရှိချေ။

ကျန်းစစ်မင်သည်လည်း ဤအချိန်တွင် နားလည်သဘောပေါက်သွားပြီး အေးစက်စက် နှာမှုတ်လိုက်သည်။

"မင်းတို့က ဒီနတ်ဆိုးသားရဲကို လိုချင်ပြီးတော့ အတင်းအဓမ္မ လုယက်ချင်နေတာလား... ငါ ပြောမယ်... ငါ ဒီမှာရှိနေသရွေ့ ဘယ်သူမှ သူ့ဆီကနေ အမွေးတစ်မျှင်တောင် ယူသွားဖို့ စိတ်မကူးနဲ့.."

လုမိသားစုနောက်လိုက်များက သရော်တော်တော် ရယ်မောလိုက်၏။

"ငါတို့သခင်လေးက သူတို့ ခိုးတယ်လို့ပြောရင်ခိုးတာပဲ...မင်းက ဘာကောင်မို့လို့လဲ"

"ဘာပေါက်ကရသခင်လေးလဲ....သူ့ကို ဒီနေရာဆီ လာခိုင်းလိုက်စမ်း...ဘယ်သူလဲဆိုတာ ငါ ကြည့်အုံးမယ်"

ကျန်းစစ်မင်က ချက်ချင်းအော်ငေါက်လိုက်သည်။

နောက်ခံအင်အားချင်းပြိုင်ရာတွင် သူသည် တစ်ကြိမ်တစ်ခါမျှ မရှုံးနိမ့်ဖူးချေ။

ကျန်းမိသားစုသည် ထိပ်သီးမိသားစုရှစ်စုအနက်မှ တစ်စုပင်။ ဤအမည်ကို ကြားသူတိုင်း စိုးရိမ်ထိတ်လန့်ကြသည်။

ထိုအချိန်မှာပင်လူငယ်တစ်ဦးသည် တံခါး၏အပြင်မှ ဝင်လာသည်။ သူသည် နောက်လိုက်တစ်စုကို ခေါ်ဆောင်ကာ ရန်လိုစွာ အော်ဟစ်လိုက်၏။

"ကျန်းစစ်မင်....မင်း သတ္တိတွေ တော်တော်ကောင်းနေတာပဲ....မင်းက ငါ့ရဲ့လူတွေကိုတောင် သင်ခန်းစာပေးရဲတာလား"

လုထျန်ကျုံးက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့လျှောက်လှမ်းလာသည်။ သူ၏ရှေ့တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ လူငယ်တပည့်တစ်စုရှိနေသည်ကို မြင်တွေ့ချိန်၌ သူ၏မျက်လုံးများအတွင်းတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

"ဘယ်သူလဲ..."

ကျန်းစစ်မင်က ဒေါသတကြီးဖြင့် အသံထွက်ပေါ်လာသောနေရာသို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။

သူသည် ငယ်စဉ်ကတည်းက ကြီးကျယ်ခမ်းနားဘဝဖြင့် နေထိုင်ခဲ့ပြီး သူ့ကိုယ်သူ ထိပ်သီးမိသားစု၏သခင်လေးတစ်ဦးအဖြစ် အစဥ်အမြဲယူဆခဲ့သည်။ သူ၏စိတ်နေစိတ်ထားဖြင့် ဤအချိန်တွင် စိန်ခေါ်ခံရခြင်းကို မည်သည်ကြောင့် လက်ခံနိုင်မည်နည်း။

သူသည် လုထျန်ကျုံး၏ မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ချိန်၌ ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"လုထျန်ကျုံး....မင်း တော်ဝင်မြို့တော်ကို ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ.."

All Chapters