အခန်း (၅၀၅၆-၅၀၆၀)
Vol. 256 Ch. 5056-5060
Chapter 5056
"ငါ့ရဲ့နာမည်က မင်း ခေါ်လို့ရတဲ့ နာမည်လား..."
လုထျန်ကျုံးသည် ကျန်းစစ်မင်ကို အနည်းငယ်မျှ ဂရုမစိုက်ချေ။ သူသည် နောက်မီထိုင်ခုံတစ်လုံးပေါ်တွင် ပေါ့ပေါ့ပါးပါး ဝင်ထိုင်လိုက်သည်။
ယခင်က မာနကြီးခဲ့သော ကျန်းစစ်မင်သည် ယခုအချိန်၌ ကြောင်ကိုမြင်လိုက်ရသော ကြွက်တစ်ကောင်နှင့်တူနေသည်။ သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပေ၏။
"သခင်လေးထျန်ကျုံး... မင်းက အပြင်မှာ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲနေတာ မဟုတ်လား....ဒီကိုလာဖို့ ဘယ်တုန်းက အချိန်ရသွားတာလဲ"
ကျန်းစစ်မင်၏ မျက်နှာပေါ်တွင် အနေခက်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။
သူနှင့်လုထျန်ကျုံးတို့နှစ်ဦးလုံးသည် ထိပ်သီးမိသားစုများမှ လာကြသော်လည်း သူတို့၏ အဆင့်အတန်းများ ကွဲပြားခြားနားသည်။
လုထျန်ကျုံးသည် လုမိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်ပင်။ သူသည် လုမိသားစုက အာရုံစိုက်၍ ပြုစုပျိုးထောင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး မိသားစု၏ အဓိကစီးပွားရေးလုပ်ငန်းတချို့ကို ထိန်းချုပ်ထားသည်။
ကျန်းစစ်မင်မှာမူ သူသည် မိသားစုခွဲတစ်ခုမှ သခင်လေးတစ်ဦးမျှသာ ဖြစ်သည်။
ပြင်ပလူများရှေ့တွင် သူသည် ကျန်းမိသားစု၏ ဂုဏ်သတင်းကို အသုံးနိုင်သော်လည်း တူညီသော ထိပ်သီးမိသားစုအဆင့်အတန်းမှ လာသူများ၏ မျက်လုံးများအတွင်းတွင်မူ ကြီးမားသောကွာဟချက်ရှိသည်။
ကျန်းစစ်မင်၏ခန္ဓာကိုယ်အတွင်းတွင် ကျန်းမိသားစု၏သွေးများ စီးဆင်းနေသော်လည်း သူ၏သွေးမျိုးဆက်သည် တိုက်ရိုက်သွေးမျိုးဆက်နှင့် အလွန်ဝေးကွာပေ၏။။ အများဆုံးအနေဖြင့် သူသည် ကျန်းမိသားစု၏ အရင်းအမြစ်တစ်စိတ်တစ်ပိုင်းကိုသာ ဆုပ်ကိုင်နိုင်ပြီး မိသားစု၏အဓိကစီးပွားရေးလုပ်ငန်းကို တစိုးတစိမျှမထိတွေ့နိုင်ချေ။
မိသားစုခွဲများ၏သားသမီးများသည် ပင်မမိသားစု၏ကိုယ်လုပ်တော်များနှင့်ပင် မယှဉ်နိုင်ချေ။
ကျန်းမိသားစုအတွက်ပင်လျှင် ကျန်းစစ်မင်သည် အပြင်လူတစ်ဦးနှင့် ပို၍တူညီသည်။
မိသားစုခွဲများတွင် လုယွီကဲ့သို့ အစွမ်းထက်သောသူတစ်ဦး မပေါ်ပေါက်လာဘဲ တိုက်ရိုက်မျိုးဆက်များကို ခေါင်းငုံ့စေနိုင်သူမျိုးမရှိပါက သူတို့သည် တသက်လုံး ပင်မမိသားစု၌ ခေါင်းမော့နိုင်ကြမည် မဟုတ်ချေ။
"ငါ တော်ဝင်မြို့တော်ကို လာတဲ့အချိန်မှာ မင်းကို သတင်းပို့ဖို့ လိုလို့လား....."
လုထျန်ကျုံးက ခေါင်းမော့ကာ ရိုင်းစိုင်းပြီး မာနကြီးသော အမူအရာကို ထုတ်ဖော်ပြသလိုက်သည်။ သူသည် ထောင့်တစ်နေရာတွင် ကွေးကွေးလေးနေနေသော ဝူယာကို လက်ညှိုးထိုးပြပြီး ပြောဆိုလိုက်၏။
"ဒီလူရိုင်းမလေးရဲ့ လက်ထဲက နတ်ဆိုးသားရဲကို ငါ လိုချင်တယ်"
"သခင်လေးကျန်း သူက ဘယ်သူလဲ..."
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်တစ်ဦးက အသံတိုးတိုးဖြင့် မေးမြန်းသည်။
ကျန်းစစ်မင်က မိတ်ဆက်ပေးသည်။
"ဒါက လုမိသားစု တတိယအိမ်တော်ရဲ့ အကြီးဆုံးမြေး.....သခင်လေး လုထျန်ကျုံးပဲ..."
လုထျန်ကျုံး.....
လူအများသည် ရုတ်တရက် ထိတ်လန့်တကြားအော်ဟစ်လိုက်ကြ၏။
"ဒါ... တော်ဝင်မြို့တော်ရဲ့ ဒဏ္ဍာရီလာကျား လုထျန်ကျုံးလား......"
လူငယ်အများစု၏မျက်နှာအမူအယာများ ပြောင်းလဲသွားသည်။
ယခင်က လုထျန်ကျုံးသည် တော်ဝင်မြို့တော်တွင် လူတိုင်းနီးပါးသိသောသူဖြစ်သည်။ သူသည် အပျော်အပါးလိုက်စားသူအဖြစ် နာမည်ကျော်ကြားသူတစ်ယောက်ပင်။
လုမိသားစု၏သခင်လေးအနေဖြင့် သူသည် ထိတ်လန့်ဖွယ်ကောင်းသောအရာများစွာကို လုပ်ဆောင်ခဲ့သည်။ ဥပမာအားဖြင့် သူသည် လောင်းကစားရုံတွင် တစ်ညတည်းဖြင့် စိတ်ဝိညာဥ်ကျောက်တုံး သန်းငါးထောင်ကို ဖြုန်းတီးခဲ့ပြီး ပြည့်တန်ဆာအိမ်မှ မိန်းကလေးတစ်ဦးကို ခြေထောက်ကျိုးကာ အိပ်ရာထဲမှ မထနိုင်အောင် ပြုလုပ်ခဲ့သည်။
သူသည် အလွန်ရူးသွပ်သော လူပေါ်ကျော့တစ်ဦးဖြစ်သော်လည်း သူ၏နောက်ကွယ်မှ အာဏာကြောင့် မည်သူမျှ သူ့ကို အရေးမယူရဲကြချေ။
နောက်ပိုင်းတွင် လုမိသားစုသည် သည်းမခံနိုင်တော့ပေ။ သူ၏အဘိုးဖြစ်သူ လုမိသားစု၏ တတိယအကြီးအကဲသည် သည်းမခံနိုင်တော့ဘဲ သူ့ကို တော်ဝင်မြို့တော်မှ အတင်းအကြပ်ပြောင်းရွှေ့စေခဲ့သည်။
ထိုသို့သော ဘေးဒုက္ခပေးတတ်သည့် သခင်လေးသည် တော်ဝင်မြို့တော်သို့ အမှန်တကယ် ပြန်လာလိမ့်မည်ဟု ကျန်းစစ်မင် မျှော်လင့်မထားခဲ့ချေ။
"သခင်လေးထျန်ကျုံး.... ဒီနတ်ဆိုးသားရဲက ဒီလူရိုင်းနှစ်ယောက်ရဲ့အပိုင်ပါ..... သူတို့က ငါတို့နောက်ကို အမြဲတမ်းလိုက်နေခဲ့တာပါ"
ကျန်းစစ်မင်၏မျက်နှာပေါ်ရှိ အပြုံးသည် အနည်းငယ်တောင့်တင်းနေပေ၏။
လုထျန်ကျုံး၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။
"ငါက မင်းကို မျက်နှာသာပေးနေတာ.....မင်းက ကိုယ့်ကိုယ်ကိုယ် ဘာကောင်ထင်နေလို့လဲ....."
လုထျန်ကျုံးက ကျန်းစစ်မင်ကို စူးစိုက်၍ကြည့်လိုက်သည်။
"ကျန်းမိသားစုရဲ့ အကြီးဆုံးသခင်လေး ကျန်းဝမ်ခွန်းကတောင် ငါ့ကိုမြင်ရင် အစ်ကိုလို့ခေါ်ရတယ်..... ဒီနေရာမှာ မင်းစကားပြောပိုင်ခွင့် ရှိလို့လား....ထွက်သွားစမ်း....."
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တခြားတပည့်များသည် နေရာမှာပင် ကြက်သေသေသွားပေ၏။
သူတို့သည်လည်း မတုံးအကြပေ။ ဤအခြေအနေကို မြင်တွေ့ချိန်၌ သူတို့၏ရှေ့မှ ဤသခင်လေးသည် မည်သို့သော သတ္တဝါမျိုးဖြစ်ကြောင်း အလိုအလျောက် သိထားကြသည်။
ကျန်းစစ်မင်ကို လုံးလုံးလျားလျား မျက်နှာသာမပေးခြင်းမှတဆင့် ဤသခင်လေးသည် အမှန်တကယ်ကို လုမိသားစု၏ သခင်လေးဖြစ်ကြောင်း ပြသနေသည်။
ဤသည်မှာ လုမိသားစုပင်။
မကြာသေးမီက လုမိသားစုသည် ရုတ်တရက် ကြီးထွားလာခဲ့သည်။ လုမိသားစု၏ သြဇာအာဏာသည် တဖြည်းဖြည်းကြီးမားလာရုံသာမက သူတို့၏စီးပွားရေးလုပ်ငန်းများသည်လည်း အရူးအမူးချဲ့ထွင်လာကြသည်။ သူတို့သည် တော်ဝင်မြို့တော်ရှိ ထိပ်သီးမိသားစုများ၏ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့လေပြီ။
ကျန်းမိသားစုပင်လျှင် လုမိသားစုကို မြင်တွေ့ချိန်၌ အနည်းငယ် ခေါင်းငုံ့ထားရသည်။
ဤအချိန်အခိုက်အတန့်တွင် လုကောင်းကျီးက ရုတ်တရက် ပြောဆိုသည်။
"မဟုတ်ဘူး....ဒီနတ်ဆိုးသားရဲကို အစကတည်းက ဝူယာနဲ့သူ့အစ်ကိုပိုင်တာ..... ဘာလို့ နင့်ဆီ အပ်ရမှာလဲ..."
Chapter 5057
လူအုပ်အကြားတွင် လုကောင်းကျီးတစ်ယောက်တည်းသာ မျက်မှောင်ကြုတ်ပြီး ရဲရင့်စွာ ရှေ့ထွက်လာသည်။
တပည့်တချို့သည် လုကောင်းကျီးကို ဖမ်းဆွဲရန် အလျင်အမြန် ရှေ့တိုးလာပြီး လုထျန်ကျုံးကိုကြည့်ကာ တောင်းပန်သောအပြုံးဖြင့် ပြောဆိုလိုက်၏။
"တောင်းပန်ပါတယ် သခင်လေးလု....သူ မူးနေလို့ပါ...."
"ကျွန်မတို့ ဂျူနီယာညီမလေးက တော်ဝင်မြို့တော်ကို အခုမှရောက်လာတာ..ဒါကြောင့် သူက စည်းကမ်းတွေကို မသိသေးပါဘူး... ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးပါ"
လုကောင်းကျီး၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်သော်လည်း မည်သို့ပြောဆိုရမည်ကို မသိတော့ချေ။
ကျန်းစစ်မင်၏စိတ်နှလုံးသား လေးလံသွားသည်။
သူသည် လုကောင်းကျီး၏အကြောင်းကို ကောင်းစွာသိရှိပေ၏။ ဤမိန်းကလေးသည် အမြဲတစေ တရားမျှတမှုကို ချစ်မြတ်နိုးပြီး သူမ အနှစ်သက်ဆုံးအရာမှာ တခြားလူများကို ကူညီခြင်းပင်။
လုကောင်းကျီးသည် သာမန်မျိုးရိုးမိသားစုမှ လာသောကြောင့် သူမ၏ဘဝသည် အလွန်ဆင်းရဲနွမ်းပါးနေခဲ့သည်။ ထိုသို့ဆိုသည့်တိုင် လုကောင်းကျီးသည် သူမ၏ငွေတချို့ကို ခြိုးခြံချွေတာ၍ တော်ဝင်မြို့တော်ရှိ ကလေးသူတောင်းစားအနည်းငယ်ကို ရန်ပုံငွေထောက်ပံ့ပေးခဲ့သည်။
ထိုသို့မဟုတ်ပါက သူမသည် ဝူယာနှင့်ဝူကျောက်တို့ ဒုက္ခရောက်နေသည်ကို မြင်တွေ့ပြီးနောက် သူတို့ကို ကူညီလိုစိတ် ပေါက်ဖွားလာမည်မဟုတ်ချေ။
သို့ရာတွင် ဤကဲ့သို့ တရားမျှတသောနည်းလမ်းဖြင့် သူတို့ကိုကူညီခြင်းအား အခြေအနေနှင့်အချိန်အခါကိုကြည့်၍ လုပ်ဆောင်ရပေမည်။
တစ်ဖက်လူသည် လုမိသားစု၏သခင်လေးပင်။
လုထျန်ကျုံး၏မျက်လုံးများသည် ရုတ်တရက်တောက်ပလာပြီး သူသည် လုကောင်းကျီးကို ခေါင်းအစခြေအဆုံးကြည့်ကာ အကဲခတ်လိုက်သည်။
လက်ရှိနေရာတွင် အမျိုးသမီးများစွာ ရှိနေသော်လည်း လုကောင်းကျီးတစ်ယောက်တည်းသာ ပေါ်လွင်ထင်ရှားနေသည်။ သူမသည် သေမျိုးလောကသို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးအလားပင်။ သူမသည် ပေါ့ပါးသွက်လက်ပြီး သူမ၏မျက်နှာပေါ်တွင် ချိုမြိန်သောအပြုံးတစ်ခု ရှိနေသည်။
သူမသည် ဤအချိန်အခိုက်အတန့်တွင် ဒေါသထွက်နေသော်လည်း လုကောင်းကျီး၏ မျက်နှာပေါ်မှ ကဲ့ရဲ့ပြစ်တင်သောအမူအယာသည် လူများအားလုံး၏စိတ်နှလုံးသားကို ယစ်မူးစေဆဲပင်။
လုထျန်ကျုံးသည် အမျိုးသမီးအမြောက်အများကို မြည်းစမ်းခဲ့ဖူးသော်လည်း ဖုန်မှုန့်များဖြင့်မစွန်းထင်းသော နှင်းကြာပန်းတစ်ပွင့်နှင့်တူသည့် လုကောင်းကျီးကဲ့သို့ အမျိုးသမီးတစ်ဦးကို တွေ့မြင်ရသည်မှာ ရှားပါးသည်။
"မင်းက အဲ့ဒီလူရိုင်းအတွက် ရပ်တည်ပေးချင်တာလား.... ငါ မင်းကို ဒီအခွင့်အရေးပေးမယ်... မင်းနေခဲ့ရင် ကျန်တဲ့သူတွေ ထွက်သွားလို့ရတယ်"
လုထျန်ကျုံးက နတ်ဆိုးဆန်စွာ ရယ်မောလိုက်သည်။
"သခင်လေးထျန်ကျုံး....ဒါ... သိပ်မကောင်းဘူးထင်တယ်"
ကျန်းစစ်မင်က တောင်းပန်သောအပြုံးဖြင့် ပြောဆိုသည်။
သူသည် မည်မျှပင်တုံးအပါစေ လုကောင်းကျီးကို ဤနေတွင် တစ်ယောက်တည်းထားခဲ့လျှင် မည်သည့်အကျိုးဆက်များ ဖြစ်လာမည်ကို သူ ခန့်မှန်းနိုင်သည်။
တော်ဝင်မြို့တော်တွင် လုထျန်ကျုံး၏နာမည်ဂုဏ်သတင်းသည် ညစ်နွမ်းနေပြီးဖြစ်သည်။ သူသည် အမျိုးသမီးပေါင်းများစွာနှင့် ကစားခဲ့သည်။ လုထျန်ကျုံး၏စိတ်နေစိတ်ထားသည်လည်း အလွန်ရုန့်ရင်းကြမ်းတမ်းပေ၏။ သူ့ကြောင့် ဒုက္ခိတဖြစ်သွားသော အမျိုးသမီးအမြောက်အများရှိသည်။
လုထျန်ကျုံးက ကျန်းစစ်မင်ကိုတစ်ချက်ကြည့်ပြီး အေးစက်စက်အော်ဟစ်လိုက်သည်။
"ထွက်သွားစမ်း..."
ကျန်းစစ်မင်၏မျက်နှာအမူအယာ တောင့်တင်းသွားသည်။
သူသည် လုကောင်းကျီးကို ရယူလိုသော်လည်း အကယ်၍ လုထျန်ကျုံးကို စိတ်ဆိုးအောင်လုပ်ရမည်ဆိုလျှင် သူသည် ဤအမျိုးသမီးကို မလိုချင်တော့ချေ။
သူ့အတွက်မူ အမျိုးသမီးများသည် အရေးမပါသော ကစားစရာများပင်။
ကျန်းစစ်မင်၏ မျက်နှာပေါ်တွင် ကိုးရိုးကားရားဆန်သောအပြုံးတစ်ခုရှိသည်။ သူသည် နောက်သို့လှည့်ကာ လုကောင်းကျီးကို ပြုံးပြလိုက်၏။
"ညီမလေးလု....ငါတို့ မင်းထွက်လာတာကို အပြင်မှာ စောင့်နေမယ်....မင်း သခင်လေးထျန်ကျုံးနဲ့ ခဏလောက် စကားပြောလိုက်ပါ...ဘာမှမဖြစ်ပါဘူး"
ထိုစကားကိုပြောဆိုပြီးနောက် ကျန်းစစ်မင်သည် လုကောင်းကျီး၏ မျက်လုံးများကို မကြည့်ရဲတော့သည့်အလား အလျင်အမြန်လှည့်ထွက်သွားသည်။
သူ့အား လုထျန်ကျုံး၏ဒေါသကို စိန်ခေါ်ခိုင်းမည်လော.....
သူ့ကို ယခုထက်ပို၍ သတ္တိဆယ်ဆ ထပ်ပေးလျှင်ပင် သူ မလုပ်ရဲချေ။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တခြားတပည့်များသည် ကျန်းစစ်မင် ထွက်သွားသည်ကိုမြင်လျှင် သူတို့လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
လူတို့သည် ကိုယ်ကျိုးနှင့်နှိုင်းယှဥ်ပါကဖြောင့်မတ်မှန်ကန်မှုကို မေ့လျော့သွားကြသည်။
ယခင်က သူတို့သည် စိတ်ဓာတ်မြင့်မားပြီး စိတ်အားထက်သန်နေကြသေးသော်လည်း မျက်စိတစ်မှိတ်အတွင်း အန္တရာယ်နှင့်ကြုံတွေ့ရချိန် သူတို့၏စိတ်များ ပြောင်းလဲသွားကြသည်။
"ဂျူနီယာညီမလေးလု...သူ..."
မိန်းကလေးတချို့က တီးတိုးရေရွတ်လိုက်ကြသော်လည်း သူတို့၏အဖော်များက သူတို့၏ပါးစပ်များကို ချက်ချင်းပိတ်လိုက်ကြသည်။
လူတစ်စုသည် စိတ်ပျက်လက်ပျက်အခြေအနေဖြင့် ထွက်ခွာသွားကြပြီး လုကောင်းကျီးကို ဤနေရာတွင် တစ်ယောက်တည်း ထားခဲ့ကြသည်။
လုကောင်းကျီးသည် အသက်ပြင်းပြင်းရှိုက်ပြီး ခေါင်းမော့ကာ သူမ၏မျက်လုံးများအတွင်းတွင် ခေါင်းမာမှုနှင့် မယိမ်းယိုင်သောစိတ်ဓာတ်များဖြင့် ပြည့်နှက်နေသည်။
"မဆိုးဘူး... မဆိုးဘူး....တကယ့်ကို အကောင်းဆုံးပဲ"
လုထျန်ကျုံး၏မျက်လုံးများ တောက်ပနေသည်။ သူသည် လုကောင်းကျီးကို ခေါင်းအစခြေအဆုံး စူးစိုက်၍ကြည့်နေလေ၏။ သူ၏မျက်လုံးများအတွင်းတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။
ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်နှလုံးသားအတွင်း၌ ရမ္မက်များဖြင့်ပြည့်နှက်နေသော်လည်း သူလုပ်ဆောင်ရမည့်ကိစ္စကို မမေ့လျော့ချေ။ သူသည် လက်ဝှေ့ယမ်းကာ သူ၏လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။
"မင်းတို့တွေက အဲ့ဒီလူရိုင်းမဆီက နတ်ဆိုးသားရဲကို သွားပြီးလုယက်ကြစမ်း"
ဝူယာသည် သူမ၏ရင်ခွင်အတွင်းမှ နတ်ဆိုးသားရဲကို ပွေ့ဖက်ကာ အလျင်အမြန်နောက်ဆုတ်ပြီး ခြိမ်းခြောက်သော လူရိုင်းစကားများကို အဆက်မပြတ်အော်ဟစ်နေသည်။
သို့ရာတွင် လုမိသားစုနောက်လိုက်များသည် သူမ၏စကားများကို အနည်းငယ်မျှ အာရုံမစိုက်ကြပေ။ သူတို့သည် ရှေ့သို့ပြေးဝင်ပြီး နတ်ဆိုးသားရဲကို စတင်၍လုယက်လိုက်ကြသည်။
"နင်တို့အားလုံး ရပ်လိုက်ကြစမ်း"
လုကောင်းကျီးသည် ရှေ့သို့ပြေးဝင်သွားသော်လည်း လုထျန်ကျုံးက တားဆီးဟန့်တားလိုက်သည်။
"ဟား ဟား ဟား....မင်းက တခြားသူတွေကို ဂရုစိုက်နိုင်သေးတာလား..ငါနဲ့ လိုက်ခဲ့စမ်း"
လုထျန်ကျုံး၏မျက်လုံးများအတွင်းတွင် ဆိုးညစ်သောအလင်းတန်းများဖြင့် ပြည့်နှက်နေပြီး သူသည် လုကောင်းကျီး၏ရှေ့၌ မတ်တတ်ရပ်ကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
Chapter 5058
လုကောင်းကျီးသည် ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"ငါက ဆေးပညာမဟာမိတ်အဖွဲ့က အသိအမှတ်ပြုထားတဲ့ ဆေးအကူတစ်ယောက်ပဲ...နင်... နင်က နည်းနည်းတော့ လေးစားမှုပြသင့်တယ်"
"ဆေးအကူလား.... အဲ့ဒီဆေးအကူအဆင့်က ဘာသောက်ရေးပါလို့လဲ.... ငါက ဆေးပညာရှင်တွေကိုတောင် ကစားဖူးတယ်....ဘာလို့ မင်းကိုဂရုစိုက်ရမှာလဲ"
လုထျန်ကျုံး၏မျက်နှာပေါ်တွင် ဆိုးညစ်သောအပြုံးတစ်ခု ထင်ဟပ်လာပြီး သူက လုကောင်းကျီးထံသို့ တန်းတန်းမတ်မတ်လျှောက်လှမ်းသွားသည်။
ပတ်ဝန်းကျင်မှ လုမိသားစုအစောင့်များနှင့် ဦးလေးချန်၏ မျက်နှာအမူအယာမျာသည်ပြောင်းလဲသွားခြင်း မရှိချေ။ သူတို့သည် ဤကဲ့သို့ကိစ္စများကို ကျင့်သားရနေပြီဖြစ်ကြောင်း သိသာထင်ရှားလှ၏။
ဝူယာက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူမသည် လက်သီးတစ်ချက်ထိုးနှက်ကာ လုကောင်းကျီးကို ကယ်တင်ရန်အတွက် ပြေးဝင်ရန်ဟန်ပြင်လိုက်၏။ သို့ရာတွင် သူမသည် လုမိသားစုနောက်လိုက်သုံးဦး၏ တင်းတင်းကြပ်ကြပ်ထိန်းချုပ်ခြင်းကို ခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ချေ။
လူရိုင်းစစ်သားများသည် ရဲရင့်သော်လည်း စစ်သူတော်စင်မိသားစု၏ လက်အောက်ငယ်သားများအနေဖြင့် သူတို့သည် သန်မာအားကောင်းပြီး တိုက်ခိုက်ရာတွင် ထူးချွန်ကြသည်။
ထိုလုမိသားစုနောက်လိုက်သုံးဦးသည် ဝူယာကို တင်းတင်းကြပ်ကြပ် ဖိနှိပ်ထားသည်။ တခြားလူအနည်းငယ်သည် မိုးပြာနက်နဲသိမ်မွေ့သားရဲ၏ရှေ့သို့ပြေးသွားပြီး ထိုသားရဲကို ဖမ်းဆွဲရန် လက်လှမ်းလိုက်ကြ၏။
"ယိယ...ယိယ..ယိယ...."
မိုးပြာနက်နဲသိမ်မွေ့သားရဲသည် အော်ဟစ်ကာ သူ၏ပါးစပ်မှနေ၍ ရေခဲလှိုင်းများကို ထွေးထုတ်လိုက်သည်။
သူသည် နတ်ဘုရားအင်မော်တယ်သားရဲတစ်ကောင်ဖြစ်သော်လည်း အလွန်ငယ်ရွယ်သေးသဖြင့် ထိုအဆင့်သားရဲတစ်ကောင်၏ စစ်မှန်သောစွမ်းအားကို မထုတ်လွှတ်နိုင်ချေ။
ဘန်း...
လုမိသားစုနောက်လိုက်တစ်ဦးသည် ပေါ့ပေါ့ပါးပါး လက်သီးတစ်ချက်ထိုးနှက်လိုက်ပြီး ပျံ့လွင့်လာသော ရေခဲလှိုင်းများကို ချက်ချင်းကြေမွှပျက်စီးသွားစေသည်။
"ဟား ဟား ဟား....ဒါဆို ဒါက အကောင်သေးလေးတစ်ကောင်ပဲကိုး....လုံးဝမနာဘူး.."
လုမိသားစုနောက်လိုက်များက ပျော်ရွှင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ သူတို့သည် မူလက ဤသားရဲသည် မယုံဖွယ်ကောင်းအောင် အစွမ်းထက်သော နတ်ဆိုးသားရဲတစ်ကောင်ဖြစ်သည်ဟု တွေးထင်ခဲ့ကြသည်။ ထို့ကြောင့်သာ သူတို့၏သခင်လေးက ထိုသားရဲကို အလွန်အလေးအနက်ထား၍ ဆက်ဆံနေသည်ဟု တွေးတောခဲ့ကြလေ၏။ ဤသည်မှာ ခွန်အားနည်းသော သားရဲငယ်လေးတစ်ကောင်သာဖြစ်သည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြချေ။
ဒေါသထွက်နေသော မိုးပြာနက်နဲသိမ်မွေ့သားရဲသည် လုံးလုံးလျားလျား အန္တရာယ်မရှိပုံရသည်။ သာမန်လူတစ်ဦးပင်လျှင် ဤသားရဲကို လွယ်လင့်တကူ ဖိနှိပ်နိုင်ပေမည်။
လုမိသားစုနောက်လိုက်တစ်ယောက်သည် သူ၏လက်ကိုဆန့်တန်းပြီး မိုးပြာနက်နဲသိမ်မွေ့သားရဲ၏လည်ပင်းကို ဖမ်းဆွဲရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် ဤအချိန်အခိုက်အတန့်မှာပင် အေးစက်သောအလင်းတန်းတစ်တန်းသည် လူတိုင်း၏ရှေ့တွင် ရုတ်တရက် လင်းလက်သွားပေ၏။
ဝှစ်...
ထိုအလင်းတန်းသည် လင်းလက်သွားပြီးနောက် နတ်ဆိုးသားရဲကို ဖမ်းဆွဲခဲ့သော လုမိသားစုနောက်လိုက်၏လက်သည် ချက်ချင်းဖြတ်တောက်ခံလိုက်ရပြီး သွေးများပန်းထွက်လာသည်။
တစ်ချိန်တည်းမှာပင် မိုးပြာနက်နဲသိမ်မွေ့သားရဲထံမှ တိုးညှင်းအော်မြည်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး အဝေးမှနေ၍ လုယွီထံသို့ ဆွဲခေါ်ခြင်းခံလိုက်ရသည်။ နောက်ဆုံးတွင် သူသည် လုယွီ၏ရင်ခွင်အတွင်းသို့ ကျရောက်သွားပေ၏။
"ဒီမိုးပြာနက်နဲသိမ်မွေ့သားရဲ....သူတို့က ငါ့ဆီ ဒီသားရဲ အချိန်ခဏလောက်ပေးမယ်လို့ ကတိပေးထားတယ်...."
လုယွီသည် လက်ရှိနေရာတွင်ရှိနေသော လုမိသားစုနောက်လိုက်များကို ကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။
"ငါ့ရဲ့ပစ္စည်းတွေကို ထိဖို့ မင်းတို့ကို ဘယ်သူက သတ္တိပေးလိုက်တာလဲ..."
...
"အား..."
လက်ဖြတ်ခံလိုက်ရသော လုမိသားစုနောက်လိုက်ထံမှ သွေးပျက်ဖွယ်အော်သံကြီးတစ်သံ ထွက်ပေါ်လာသည်။
တခြားလုမိသားစုနောက်လိုက်များသည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် သူတို့သည် ချက်ချင်းဟိန်းဟောက်ကာ ရှေ့သို့ပြေးဝင်သွားကြသည်။
လုယွီသည် ထိုင်ခုံပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး သူ၏လက်ဖြင့် မိုးပြာနက်နဲသိမ်မွေ့သားရဲ၏ ချောမွေ့သောအမွေးများကို ပွတ်သပ်နေသည်။ သားရဲငယ်လေးသည် ကြောက်လန့်နေလေပြီ။ သူသည် လုယွီ၏ရင်ခွင်အတွင်းတွင် ကွေးကွေးလေးနေပြီး သူ၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
လုယွီ မလှုပ်ရှားသော်လည်း လီစစ်သည် ရုတ်တရက် မတ်တတ်ထရပ်ကာ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။
သူ၏ခြေထောက်အောက်မှနေ၍ အေးစက်စက်အရှိန်အဝါတစ်ရပ် ချက်ချင်းပျံ့နှံ့သွားကာ ယင်ချီလှိုင်းတစ်လှိုင်းအလားပင်။ အေးစက်သောချီစွမ်းအားများသည် ဆောင်းရာသီမှ ရေခဲမြစ်တစ်ခုအလား အရိုးစိမ့်အောင်အေးစက်ပေ၏။
ရှဲ့ကျစ်အရှင်၏စွမ်းအားများသည် သူ၏ခြေထောက်အောက်မှ ထွက်ပေါ်လာပြီး နတ်ဆိုးတစ်စုအလား အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။ လုမိသားစုနောက်လိုက်များအားလုံး ထိုစွမ်းအားများ၏လွှမ်းခြုံသွားခြင်းကို ခံလိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူတို့ကိုကြည့်ရသည်မှာ အလွန်ဆိုးရွားစုတ်ပြတ်နေပေ၏။
"ဒါက ဘာကြီးလဲ.... အား...."
"ငါ့ရဲ့အရိုးတွေ ကျိုးတော့မယ်..."
လုမိသားစုနောက်လိုက်များအားလုံး နာကျင်စွာအော်ဟစ်ကြသည်။ အချိန်တခဏအတွင်းမှာပင် သူတို့အားလုံး မြေပြင်ပေါ်သို့ လဲကျသွားကာ မည်သူတစ်ဦးတစ်ယောက်မျှ မတ်တပ်မရပ်နိုင်တော့ချေ။
လုကောင်းကျီးသည် နောက်ဆုတ်နေဆဲဖြစ်သော်လည်း မျက်စိတစ်မှိတ်အတွင်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် သူမသည် နေရာမှာပင် ကြက်သေသေသွားလေ၏။
ဤသည်မှာ သူမတို့ ယခင်က လှောင်ပြောင်ခဲ့ကြသော သာမန်စီနီယာအစ်ကိုနှစ်ယောက် ဟုတ်ပါသလော...
အကယ်၍ ဤလှုပ်ရှားမှုကိုကြည့်ပါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ နာမည်ကျော်ကြားသော စီနီယာအစ်ကိုကြီးအများစုပင်လျှင် ဤသို့လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
"အရမ်းသန်မာတာပဲ...."
လုထျန်ကျုံး၏မျက်လုံးများအတွင်းတွင် အံ့အားသင့်မှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။
သူ၏နောက်လိုက်များအနက် အများစုသည် စစ်တပ်မှ နုတ်ထွက်လာသော ထိပ်တန်းစစ်သည်တော်များဖြစ်သည်။ ကျောင်းတော်မှ
လူငယ်တပည့်အချို့ကို ရင်ဆိုင်ခြင်းသည် သူတို့အတွက် ကလေးကစားစရာတစ်ခုဟု ဆိုနိုင်ပေ၏။
လီစစ်သည် ထိုလူများအား ဤမျှထိ အလွန်လွယ်ကူစွာ ရှင်းလင်းနိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။
Chapter 5059
"မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ"
လုထျန်ကျုံးက လုယွီကို ကြည့်ပြီး အေးစက်တင်းမာစွာပြောဆိုသည်။
လီစစ်သည် အရင်တိုက်ခိုက်ခဲ့သော်လည်း သူသည် နောက်လိုက်တစ်ဦးဖြစ်သည်မှာ သိသာထင်ရှားပေ၏။ အမိန့်ပေးခဲ့သူမှာ လုယွီပင်။
"မင်းက ငါ့ရဲ့နာမည်ကို သိပိုင်ခွင့်မရှိဘူး..."
လုယွီသည် မတ်တတ်ထရပ်ခြင်း မပြုချေ။ သူသည် မိုးပြာနက်နဲသိမ်မွေ့သားရဲ၏အျမွှးများကို ပွတ်သပ်ရင်း မေးမြန်းလိုက်သည်။
"ပြောစမ်း.... မင်းက ဘာလို့ ဒီနတ်ဆိုးသားရဲကို လုယက်ခဲ့တာလဲ...."
လုကောင်းကျီး၏မျက်လုံးများ ပြူးကျယ်သွားပြီး လုယွီကို ကြည့်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူမသည် ခန့်မှန်း၍မရနိုင်သော မွန်းစတားအိုကြီးတစ်ကောင်ကို မြင်လိုက်ရသည့်အလား ထူးဆန်းသည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
လုထျန်ကျုံးက စားပွဲခုံကိုရိုက်ပုတ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါက မင်းကို ဘာလို့ပြောချမှာလဲ... ဦးလေးချန် သူ့ကို သတ်လိုက်စမ်း"
ဘုန်း.....
လုထျန်ကျုံး၏ ဒေါသတကြီးဟိန်းဟောက်သံနှင့်အတူ သူ၏နံဘေးရှိ ဦးလေးချန်ထံမှ အလွန်ပြင်းထန်သော အရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာသည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သောကျားတစ်ကောင်မှ သူ၏သားကောင်ကို စူးစိုက်ကြည့်နေသည့်အလားပင်။
ဦးလေးချန်၏ခန္ဓာကိုယ်မှ ထူထပ်သိပ်သည်းသော နတ်ဆိုးအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာပြီး လူအများကို ချမ်းစိမ့်တုန်ရီသွားစေသည်။
သူသည် အမှန်အားဖြင့် နတ်ဆိုးသားရဲဧကရာဇ်တစ်ပါးဖြစ်ပြီး သူ၏ကျင့်ကြံဆင့်သည် မနိမ့်ကျချေ။ သူသည် လူသားပုံသဏ္ဌာန်သို့ ပြောင်းလဲနိုင်ကာ လူသားတစ်ယောက်၏ ဉာဏ်ရည်နှင့်ပုံပန်းသွင်ပြင်ကို ပိုင်ဆိုင်ထားသည်။
လုယွီသည် ဤမြင်ကွင်းကို မြင်တွေ့သည့်တိုင် သူသည် ဦးလေးချန်ကို
လှည့်ကြည့်ခြင်းပင်မပြုဘဲ သူ၏ရင်ခွင်အတွင်းမှ မိုးပြာနက်နဲသိမ်မွေ့သားရဲကို ဆက်လက်၍ပွတ်သပ်နေသည်။
"မင်းက သေချင်နေတာပဲ..."
လုယွီသည် သူ့ကိုလျစ်လျူရှုထားသည်အား မြင်တွေ့ချိန်၌ ဦးလေးချန်သည် ပို၍ဒေါသထွက်သွားပေ၏။ သူသည် ဂုဏ်သိက္ခာရှိသော နတ်ဆိုးဧကရာဇ်တစ်ပါးဖြစ်ပြီး မည်သည့်နေရာတွင်မဆို သူ၏ကျင့်ကြံဆင့်စွမ်းအားကို အသုံးပြုသည်နှင့် ချက်ချင်းဆိုသလိုပင် တခြားလူများ၏ ထိတ်လန့်ကြောက်ရွံ့ခြင်းကို ခံရသည်။ သူ၏ရှေ့မှ လုယွီကဲ့သို့ တည်ငြိမ်နေသော လူစားမျိုးကို သူ တစ်ကြိမ်တစ်ခါမျှမကြုံဖူးချေ။
ဦးလေးချန်သည် ရုတ်တရက် လက်သီးတစ်ချက်ထိုးနှက်လိုက်ရာ ကျယ်လောင်သော တဝုန်းဝုန်းမြည်သံများကို ကြားလိုက်ရသည်။ ဤသည်မှာ မိုးကြိုးများထွက်ပေါ်လာပြီး လျှပ်စီးများ လင်းလက်နေသည့်အလားပင်။
လုကောင်းကျီးသည် ထိတ်လန့်တကြား အော်ဟစ်ပြီး သူမ၏ပါးစပ်ကို ဖုံးအုပ်လိုက်၏။
ဝူယာ၏မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်သည့် အမူအယာတစ်ရပ် ထင်ဟပ်လာသည်။ သူမသည် သွားရောက်ကူညီရန် ဟန်ပြင်လိုက်သော်လည်း အချိန်နှောင်းသွားလေပြီ။
လုယွီသည် လှုပ်ရှားခြင်း မပြုချေ။ သူ၏နံဘေးတွင် မတ်တတ်ရပ်နေသော လီစစ်ကသာ အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။ သူသည် သူ၏အင်္ကျီလက်များကို လိပ်တင်ကာ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။ သူ၏နောက်တွင် ရှဲ့ကျစ်အရှင်၏ပုံရိပ်ယောင် ထွက်ပေါ်လာသော်လည်း အချိန်တခဏအတွင်း မှာပင် ပျောက်ကွယ်သွားသည်။
ရှဲ့ကျစ်အရှင်သည် စည်းမျဥ်းဥပဒေဂိုဏ်း၏ အထွတ်အထိပ်နတ်ဘုရားသားရဲပင်။ ထိုသားရဲသည် သစ္စာစောင့်သိမှုနှင့် မကောင်းမှုကို ခွဲခြားနိုင်သည်။ သူသည် တရားမျှတမှုနှင့် ဖြောင့်မတ်မှန်ကန်မှုတို့၏သင်္ကေတပင်။
ဤနတ်ဘုရားသားရဲ၏ဖိအားသည် နတ်ဆိုးသားရဲများအပေါ်တွင် ပြင်းထန်သော ဖိနှိပ်ချုပ်ကိုင်နိုင်မှုရှိသည်။ လီစစ်၏ခန္ဓာကိုယ်မှလာသော နတ်ဘုရားသားရဲ၏ဖိအားအရှိန်အဝါကို ခံစားမိချိန်တွင် ဦးလေးချန်၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။ သူ၏လှုပ်ရှားမှုများ အနည်းငယ်နှေးကွေးသွားပေ၏။
သို့ရာတွင် ဤအနည်းငယ်နှောင့်နှေးမှုကပင် နောက်ဆုံးတွင် သူ၏အားနည်းချက်တစ်ခုကို ပေါ်လွင်စေခဲ့သည်။
လီစစ်သည် အနည်းငယ်မျှပင် နောက်မတွန့်ဘဲ အခွင့်အရေးကိုယူကာ ဦးလေးချန်၏ဝမ်းဗိုက်ကို လက်သီးဖြင့် ပြင်းပြင်းထန်ထန်ထိုးနှက်လိုက်သည်။
လူများအားလုံးသည် ကျယ်လောင်သော ဘုန်းခနဲမြည်သံကြီးကို ကြားလိုက်ရလေ၏။ ရုတ်ချည်းဆိုသလိုပင် အစွမ်းထက်အရှိန်အဝါရှိပုံရသော ဦးလေးချန်သည် မီတာသုံးဆယ် လေးဆယ်ခန့်အကွာသို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။
လုထျန်ကျုံး၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။
ဤဦးလေးချန်သည် သူ၏မိသားစုက ခန့်အပ်ထားသော တာအိုကာကွယ်သူပင်။ သူသည် လုထျန်ကျုံးကို ငယ်စဉ်ကတည်းက တစ်ဆင့်ပြီးတစ်ဆင့် ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့သည်။
လုထျန်ကျုံး၏နှလုံးသားအတွင်းတွင် ဦးလေးချန်သည် အလွန်အစွမ်းထက်သော နတ်ဆိုးသားရဲတစ်ကောင်ပင်။
သို့ရာတွင် ထိုသို့သော အထွတ်အထိပ်ကျင့်ကြံသူပင်လျှင် ဤအချိန်အခိုက်အတန့်တွင် မြေပြင်ပေါ်သို့ ချက်ချင်းဖိနှိပ်ခြင်းခံလိုက်ရပြီး ပြန်လည်တုံ့ပြန်ရန်ပင် အခွင့်အရေးမရှိခဲ့ချေ။
သူသည် တစ်ဖက်လူ၏စွမ်းအားကို မယှဥ်နိုင်သည်မှာ သိသာထင်ရှားသည်။
"သေသင့်တဲ့ကောင်တွေ....မင်းတို့အားလုံးကို ငါ ဝါးမြိုပစ်မယ်"
မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရသော ဦးလေးချန်ထံမှ ဒေါသတကြီးဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။ သူသည် မတ်တတ်ထရပ်ရန် ကြိုးစားနေပြီး နတ်ဆိုးချီစွမ်းအားများသည် သူ့၏နံဘေးပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံနေပေ၏။
"ဘုန်း..."
လီစစ်သည် ခြေလှမ်းကျဲကြီးဖြင့် ရှေ့သို့ခြေတစ်လှမ်းလှမ်းကာ ဦးလေးချန်၏ရင်ဘတ်ကို နင်းခြေပြီး သူ့ကို မြေပြင်ပေါ်သို့ ဖိနှိပ်လိုက်သည်။
"အရှင် စကားပြောနေတဲ့အချိန်မှာ မင်းက ကြားဖြတ်ပြောဆိုပိုင်ခွင့်ရှိလို့လား"
လီစစ်က အေးစက်တင်းမာစွာ ပြောဆိုသည်။
လီစစ်၏ခန္ဓာကိုယ်မှ သာလွန်ထူးကဲသော ဖိအားတစ်ရပ်ကို ထုတ်လွှတ်ထားသည်။ သူသည် ဥပဒေပညာရှင်တစ်ဦး ဖြစ်လာစဥ်ကတည်းက သူသည် တရားရေးဌာနကြီးသုံးခုတွင် နေထိုင်ခဲ့ပြီး ရှေးဟောင်းကျင့်ကြံသူများ၏ အထွတ်အထိပ်နည်းစနစ်များကို အမွေဆက်ခံခဲ့သည်။ ထိုသို့သောအရှိန်အဝါသည် သာမန်ကျင့်ကြံသူများမှ တုပနိုင်သောအရာမဟုတ်ချေ။
ဦးလေးချန်သည် လီစစ်၏ပြင်းထန်သောဖိနှိပ်ခြင်းကို ခံလိုက်ရသည်။ သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မတ်တတ်ထမရပ်နိုင်တော့ချေ။
Chapter 5060
"မင်းက ငါ့ရဲ့လူတွေကို တိုက်ခိုက်ရဲတာလား...ငါ ဘယ်သူလဲဆိုတာ မင်း မသိဘူးလား...."
လုထျန်ကျုံးသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
သူသည် ပြင်ပလောပရှိ လုမိသားစု၏စီးပွားရေးလုပ်ငန်းများကို တာဝန်ယူထားသည်။ သူသည် ရက်စက်ကြမ်းကြုတ်နည်းလမ်းများကို အစဥ်အမြဲအသုံးပြုခဲ့သည်။ ယခင်က တခြားသူများမှ သူ့ကို ကြောက်ရွံ့ခဲ့ကြသော်လည်း ယနေ့တွင်မူ အခြေအနေများ ပြောင်းလဲသွားခဲ့လေပြီ။ သူ၏ရှေ့မှ ဤလူငယ်နှစ်ယောက်သည် သူ၏နောက်ခံကို လုံးလုံးလျားလျား မကြောက်ရွံ့ပုံရသည်။
လုကောင်းကျီးနှင့်ဝူယာတို့သည်လည်း သူတို့ရှေ့မှမြင်ကွင်းကို ကြောင်ကြည့်နေကြပြီး သူမတို့၏မျက်နှာများပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သူမတို့အတွက်မူ ဤသည်မှာ သူမတို့ မကျော်လွှားနိုင်သော သေလမ်းတစ်လမ်းပင်။ အမျိုးသမီးနှစ်ယောက်သည် တန်ပြန်အစီအမံများကို စဉ်းစားရန် ဦးနှောက်ခြောက်နေဆဲဖြစ်သော်လည်း လုယွီနှင့်လီစစ်တို့က မျက်စိတစ်မှိတ်အတွင်း ဖြေရှင်းသွားလိမ့်မည်ဟု သူမတို့ မျှော်လင့်မထားခဲ့ကြချေ။
"ငါ မင်းကို မေးခွန်းတစ်ခုမေးချင်တယ်...ဒါက မင်း ဘယ်သူဘယ်ဝါဖြစ်ခြင်းနဲ့ မဆိုင်ဘူး..."
လုယွီက လုထျန်ကျုံးကို စူးစိုက်ကြည့်ပြီး တည်ငြိမ်စွာ မေးမြန်းသည်။
"ငါ မင်းကိုမေးမယ်...မင်း ဘာလို့ ဒီနေရာကိုလာပြီး ဒီနတ်ဆိုးသားရဲကို လုယက်တာလဲ..."
လုထျန်ကျုံး၏မျက်နှာ ဖြူဖျော့သွားသည်။
လုယွီ၏အပြုအမူသည် သူ၏အဆင့်အတန်းကို အနည်းငယ်မျှ ဂရုမစိုက်ကြောင်း သိသာထင်ရှားသည်။
သူသည် ဂုဏ်သိက္ခာရှိသောလုမိသားစု၏ သခင်လေးဖြစ်ပြီး သူ၏နာမည်သည် လူအများကို ထိတ်လန့်သွားစေနိုင်သည်။ သို့ရာတွင် လုယွီ၏ ရှေ့တွင် ဤသည်မှာ လုံးလုံးလျားလျားအသုံးမဝင်ချေ။
ရုတ်ချည်းဆိုသလိုပင် လုထျန်ကျုံး၏စိတ်နှလုံးသားအတွင်းမှ ဒေါသများ ပွင့်အံ့ထွက်လာသည်။ သူသည် လုယွီကို ရက်စက်ကြမ်းကြုတ်သောအပြုံးဖြင့် စူးစိုက်ကြည့်ပြီး ပြောဆိုလေ၏။
"မင်းရဲ့အစွမ်းအစက မဆိုးဘူး...ဒါပေမဲ့ မင်းကငါ့ကို စိတ်ဆိုးအောင် လုပ်လိုက်တာက လုမိသားစုကို ရန်စစော်ကားလိုက်သလိုပဲ.... အကျိုးဆက်က ဘာတွေဖြစ်မလဲဆိုတာ မင်း သိလား"
"ငါက မင်းရဲ့ပြိုင်ဘက်မဟုတ်ရင်တောင် ငါ့ရဲ့လက်အောက်ငယ်သားတွေက မင်းရဲ့နောက်ကြောင်းကို စုံစမ်းနိုင်တယ်....မင်း မရှိတဲ့အချိန်ကျရင် ငါက တစ်ယောက်ယောက်ကိုလွှတ်ပြီး မင်းရဲ့မိသားစုကိုရှာခိုင်းမယ်...ပြီးတော့ သူတို့အားလုံးကို သေတဲ့အထိ ဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်မယ်..."
လုထျန်ကျုံးသည် အလွန်အမင်း မောက်မာထောင်လွှားနေပေ၏။ သူသည် သူ၏လက်များကို ထိုင်ခုံလက်ရန်းပေါ်တင်ကာ လှောင်ပြောင်သရော်လိုက်သည်။
"မင်းရဲ့မိသားစု ဒုက္ခရောက်တာကို မမြင်ချင်ရင် ငါ့ကို ရန်မစတာ ပိုကောင်းလိမ့်မယ်...မဟုတ်ရင်...ဟမ့် အကျိုးဆက်တွေက အရမ်းဆိုးဝါးသွားလိမ့်မယ်..."
"မင်းက ငါ့ကို ခြိမ်းခြောက်ရဲသေးတာလား..."
လုယွီသည် ဤစကားများကိုကြားချိန်တွင် သူ၏မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
"သူ့ကို ပါးရိုက်လိုက်စမ်း"
နောက်ထပ်အချိန်တခဏတွင် လီစစ်သည် အနက်ရောင်အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ချက်ချင်းဆိုသလိုပင် လုထျန်ကျုံး၏နံဘေးသို့ ရောက်ရှိသည်။ ထို့နောက်သူသည် လုထျန်ကျုံး၏မျက်နှာပေါ်သို့ ပြင်းပြင်းထန်ထန် ပါးနှစ်ချက်ဖြတ်ရိုက်လိုက်သည်။
"ဖြောင်း....ဖြောင်း..."
ကြည်လင်ပြတ်သားသော ပါးရိုက်သံနှစ်သံသည် လေထုအတွင်းတွင် ပဲ့တင်ထပ်သွားပေ၏။
လုထျန်ကျုံး၏သွားများ ကျွတ်ထွက်သွားကာ သူသည် လေထုအတွင်းတွင် နှစ်ပတ်လည်ပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ဤရိုက်ချက်နှစ်ချက်၏အားသည် လုထျန်ကျုံးကို မြေပြင်ပေါ်သို့ လွင့်စင်သွားစေသည်။
သို့ရာတွင် လီစစ်သည် လုထျန်ကျုံး၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို ဂရုမစိုက်ပုံပင်။ သူသည် လုထျန်ကျုံးကို အင်္ကျီဂုတ်မှဆုပ်ကိုင်၍ ဆွဲခေါ်လာကာ မူလနေရာသို့ ပြန်ထားလိုက်သည်။
"ငါ မင်းကို မေးခွန်းတစ်ခုမေးနေတယ်..."
လုယွီ၏အသံသည် ယမမင်း၏တရားစီရင်ချက်ကဲ့သို့ဖြစ်ပြီး လုထျန်ကျုံး၏နားအတွင်းတွင် ပေါက်ကွဲသွားသည်။
လုထျန်ကျုံး၏စိတ်နှလုံးသားအတွင်းတွင် ဒေါသများနှင့် ထိတ်လန့်ကြောက်ရွံ့မှုများ ရောယှက်နေသည်။ သူသည် အရှက်ရခြင်းကြောင့် ဒေါသတကြီး အော်ဟစ်လိုက်၏။
"မင်းက မင်းကိုယ်မင်း ဘာကောင် ထင်နေလို့လဲ...ငါ လိုချင်တာကို ယူလို့ရတယ်...ဘယ်သောက်ရေးမပါတဲ့ကောင်က ငါ့ရဲ့ကိစ္စတွေကို ဝင်စွက်ဖက်ရဲလဲ...."
ထိုသို့ပြောပြီးနောက် လုထျန်ကျုံးသည် ရုတ်တရက် သူ၏အင်္ကျီလက်ကို လှုပ်ခတ်လိုက်ရာ ဓားမြှောင်တစ်လက် ပျံ့လွင့်လာသည်။
သူ၏အင်္ကျီအတွင်းတွင် ဓားမြှောင်တစ်လက်ကို ဝှက်ထားလေ၏။
ဤသည်မှာ လျှို့ဝှက်လက်နက်တစ်ခုဖြစ်ပြီး အငိုက်ဖမ်း၍ တိုက်ခိုက်ခြင်းဖြစ်သဖြင့် ကာကွယ်ရန်မဖြစ်နိုင်ချေ။
ဂုဏ်သိက္ခာရှိသောလုမိသားစု၏ သခင်လေးဖြစ်သည့်တိုင် လုထျန်းကျုံးသည် ထိုသို့သော လျှို့ဝှက်လက်နက်ကို သူ၏အင်္ကျီလက်အတွင်းတွင် ဝှက်ထားရန် ရွေးချယ်ခဲ့သည်။
ဝှစ်...
မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားမြှောင်သည် လုယွီ၏ရှေ့သို့ ရောက်ရှိသွားလေပြီ။
"ဟား ဟား ဟား... မင်း အခုသေလိုက်တော့"
လုထျန်ကျုံး၏မျက်လုံးများအတွင်းတွင် ရူးသွပ်မှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။
သူသည် အလွန်ထင်ပေါ်ကျော်ကြားသောကြောင့် ရန်သူအမြောက်အများကို ဆွဲဆောင်ခဲ့သည်။
သို့ရာတွင် သူ၏ရန်သူများသည် သူ့လက်စားချေနေစဥ်၌ ဤလျှို့ဝှက်လက်နက်ဖြင့် တိုက်ခိုက်ခြင်းခဲ့ရပြီး သူတို့သည် နောင်တများဖြင့် သေဆုံးသွားခဲ့လေ၏။
ဓားမြှောင်သည် လေဟာနယ်အတွင်းတွင် အနက်ရောင်အရိပ်တစ်ခုကိုသာ ချန်ရစ်ခဲ့သည်။ထိုအရာသည် လျှပ်စီးကဲ့သို့ မြန်ဆန်သဖြင့် လူအများဖမ်းဆုပ်နိုင်ရန် အလွန်ခက်ခဲသည်။
သို့ရာတွင် နောက်ထပ်အချိန်တခဏတွင် လုထျန်ကျုံး၏မျက်နှာပေါ်မှအပြုံး တောင့်တင်းသွားသည်။ သူသည် သူ၏ရှေ့မှ မြင်ကွင်းကို ကြောင်ကြည့်နေပြီး သူ၏မျက်လုံးများကိုပင် သူ မယုံနိုင်တော့ချေ။