← Chapters

အခန်း (၅၀၆၁-၅၀၆၅)

Vol. 256 Ch. 5061-5065

အခန်း (၅၀၆၁-၅၀၆၅)

Vol. 256 Ch. 5061-5065

Chapter 5061

ဤအချိန်အခိုက်အတန့်တွင်...

ဓားမြှောင်သည် မမြင်နိုင်သောလေနံရံကြီးတစ်ခုကို ထိမိသွားသည့်အလား လေထုအတွင်းတွင် ရပ်တန့်နေပြီး မလှုပ်မယှက်ဖြစ်နေသည်။

"ဟူး..."

လုယွီက ဖြည်းညင်းစွာ လေမှုတ်ထုတ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ဓားမြှောင်သည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး လေထုအတွင်းတွင် ပျောက်ကွယ်သွားပေ၏။

ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် လုထျန်ကျုံး၏ နဖူးမှ ချွေးစေးများ ချက်ချင်းစီးကျလာပြီး သူ၏ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် အထိန်းအကွပ်မဲ့စွာ တုန်ရီသွားသည်။

ဤသည်မှာ ပြင်းထန်သောကြောက်ရွံ့မှုကြောင့် ဖြစ်ပေါ်လာခြင်းပင်။

သူ၏ဓားမြှောင်သည် ပြင်ပလေဟာနယ်သံမဏိနက်ဖြင့် ပြုလုပ်ထားပြီး ဝင်္ကပါပညာရှင်တစ်ယောက်ကို အထူးတောင်းဆိုကာ ထိုအရာပေါ်၌ တားမြစ်ကန့်သတ်ချက်များကို ရေးထွင်းစေသည်။ ဤဓားမြှောင်ပေါ်တွင် ထိပ်တန်းအဆင့် မှော်စွမ်းအားကျောက်မျက်ငါးလုံးကို မြှုပ်နှံထားပြီး လွယ်လင့်တကူ မပျက်စီးနိုင်ချေ။

လုထျန်ကျုံးသည် ၎င်းကို အမြဲဆောင်ထားပြီး ၎င်းကို သူ၏အသက်ကို ကာကွယ်ရန် နောက်ဆုံးလက်နက်အဖြစ် အသုံးပြုရန်ဖြစ်သည်။

သို့ရာတွင် နတ်ဘုရားလက်နက်ဟု ခေါ်ဆိုနိုင်သည့် ထိုသို့သော အရာတစ်ခုပင်လျှင် သူ၏ရှေ့ရှိလူငယ်မှ လေတစ်ချက်မှုတ်ရုံဖြင့် အမှုန်အမွှားဖြစ်သွားခဲ့သလော.....

ဤသည်မှာ မည်ကဲ့သို့ နည်းလမ်းမျိုးဖြစ်သနည်း...

"မင်းက ငါ့ကို သတ်ချင်တာလား"

လုယွီသည် လက်ညှိုးတစ်ချက်ညွှန်လိုက်ပြီး ပြင်းထန်သောသော စွမ်းအားလှိုင်းတစ်ရပ်ကို ထုတ်လွှတ်လိုက်၏။

"ဘုန်း"

ခပ်အုပ်အုပ်အသံတစ်သံကို ကြားလိုက်ရပြီးနောက် ပတ်ဝန်းကျင်ရှိ လေဟာနယ် ပြင်းထန်စွာ တုန်ခါသွားသည်။

လုထျန်ကျုံးသည် ချက်ချင်းလွင့်ထွက်သွားပြီး နံရံနှင့် ဆောင့်မိသွားသည်။ ရတနာမျှော်စင်၏ မာကျောသောနံရံပင်လျှင် အပေါက်တစ်ခုဖြစ်အောင် အတင်းအကြပ်ထွင်းဖောက်ခံလိုက်ရလေ၏။

"အဟွတ်....အဟွတ်...."

လုထျန်ကျုံးသည် ထိုကြီးမားသောစွမ်းအားကို တောင့်မခံနိုင်ဘဲ သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထုတ်လိုက်သည်။

သူ၏ရှေ့ရှိ လေထုအတွင်းတွင် လည်ဆွဲတစ်ခု ပျံဝဲနေပြီး ခပ်ဖျော့ဖျော့အလင်းတန်းတစ်တန်းကို ထုတ်လွှတ်နေသည်။

ထိုအလင်းတန်းသည် သူ့ကို ကာကွယ်ပေးခဲ့သဖြင့် သူ မသေခဲ့ခြင်းပင်။

သို့ရာတွင် နောက်ထပ်အချိန်တခဏတွင် အက်ကွဲသံတစ်သံကို ကြားလိုက်ရပြီး အသက်ကယ်မှော်ရတနာသည် တောင့်မခံနိုင်သော စွမ်းအားတစ်ရပ်ကို ခံယူလိုက်ပုံရကာ ချက်ချင်းကြေမွှပျက်စီးသွားသည်။

ဘုန်း....

ထို့နောက် သီးသန့်ခန်း၏ တံခါးသည် လေပြင်းမုန်တိုင်းဖြင့် တိုက်ခတ်ခံရသည့်အလား ပွင့်ထွက်သွားပေ၏။

"ငါ့မြေးကို ထိခိုက်အောင်လုပ်ရဲတာ ဘယ်သူလဲ"

ဆံဖြူအဘိုးအိုတစ်ဦးသည် လေထုအတွင်းမှ ဆင်းသက်လာပြီး ခန့်ညားထည်ဝါသော အရှိန်အဝါဖြင့် အခန်းအတွင်းသို့ ဝင်ရောက်လာသည်။

သူသည် ခမ်းနားထည်ဝါသော အဝတ်အစားများ ဝတ်ဆင်ထားပြီး သူ၏လှုပ်ရှားမှုတိုင်းတွင် ချမ်းသာကြွယ်ဝသူတစ်ဦး၏အရှိန်အဝါတစ်ရပ် ရောယှက်နေသည်။ တစ်ချက်ကြည့်ရုံဖြင့် သူသည် ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သိနိုင်ပေ၏။

သူ့ထံမှရရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များသည် မိုးကောင်းကင်သို့ မြင့်တက်သွားသော တိမ်တိုက်တစ်ခုနှင့် တူညီသည်။ အချိန်တခဏအတွင်းမှာပင် သီးသန့်ခန်းရှိ မရေမတွက်နိုင်သော ကြေးထည်ပစ္စည်းများသည် အဘိုးအို၏ဆင့်ခေါ်သံကို နားထောင်နေသည့်အလား တုန်ခါလာကြသည်။

"လုမိသားစုရဲ့ တတိယအကြီးအကဲ ရောက်လာပြီ"

လုကောင်းကျီးသည် မျက်လုံးများကိုစုံမှိတ်ထားပြီး သူမ၏ရှေ့မှ မြင်ကွင်းကို မကြည့်ရဲချေ။

ဝူယာ၏မျက်နှာသည်လည်း ဖြူဖျော့နေသည်။ သူမသည် သူတို့၏စကားကို နားမလည်နိုင်သော်လည်း ဤသည်မှာ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာခြင်းဖြစ်ကြောင်း သူမ သိသည်။

လုမိသားစု၏ အခွင့်အာဏာကို ကိုင်စွဲထားသော တတိယအကြီးအကဲလုချန်လင်....

'ဝါရင့်မျိုးဆက်၏ အကြီးအကဲတစ်ဦးအနေဖြင့် လုမိသားစု၌ လုချန်လင်၏အဆင့်အတန်းသည် အလွန်မြင့်မားပေ၏။ ထို့ပြင် သူသည် ဓားကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူ၏ကျင့်ကြံဆင့်သည် နက်နဲသိမ်မွေ့ရုံသာမက သူ၏စွမ်းအားသည်လည်း အလွန်အစွမ်းထက်သည်။

လုမိသားစု၏ အကြီးအကဲခန်းမဆောင်တွင် လုချန်လင်သည် ရှေ့ဆုံးတွင် အဆင့်သတ်မှတ်ခံရပြီး ထိပ်သီးအကြီးအကဲအနည်းငယ်၏ နောက်တွင်သာ ရှိသည်။ လုမိသားစု၏ မိသားစုခေါင်းဆောင် လုချန်ဆောင်ပင်လျှင် သူ့ကိုမြင်တွေ့ချိန်၌ 'ဦးလေးလင်' ဟု ရိုသေလေးစားစွာ နှုတ်ဆက်ရသည်။

လုချန်လင်သည် မိသားစုတွင် အဆင့်အတန်းမြင့်မားရုံသာမက စစ်ဘက်ရေးရာဌာန၏ လက်ထောက်အမတ်ကြီးတစ်ဦးလည်းဖြစ်သည်။ သူသည် လုမိသားစုတွင် တရားဝင်ရာထူးအဆင့်အတန်းရှိသော အကြီးအကဲအနည်းငယ်အနက်မှတစ်ဦးပင်။

သူ၏ထင်ရှားကျော်ကြားသော အဆင့်အတန်းကြောင့်ပင် လုထျန်ကျုံးထံတွင် မောက်မာထောင်လွှားပြီး ထင်ရာစိုင်းသော အကျင့်စရိုက်လက္ခဏာရှိခြင်းဖြစ်သည်။ ထိုသို့သော ထိပ်သီးတည်ရှိမှုကြီးတစ်ဦးကို နောက်ခံအဖြစ် ရရှိထားသဖြင့် မည်သူကမျှ သူ့ကို ရန်စရဲမည်မဟုတ်ချေ။

"အဘိုး...သူတို့နှစ်ယောက်ပဲ....ပြီးတော့ အဲ့ဒီမိန်းမပျက်နှစ်ယောက်... ကျွန်တော်တို့က သူတို့ကို လုံးဝလွှတ်ပေးလို့မဖြစ်ဘူး.."

လုထျန်ကျုံးသည် သူတို့ကို အလွန်အမင်းမုန်းတီးနေသည်။ သူသည် လုယွီနှင့်လီစစ်တို့ကိုသာမက လုကောင်းကျီးနှင့်ဝူယာတို့ကိုလည်း မုန်းတီးနေပေ၏။

လုချန်လင်သည် အခန်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် သူ၏မြေးသည် မြေပြင်ပေါ်တွင် သွေးအိုင်အတွင်း၌ လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူ၏အရိုးများပင် ကျိုးနေသည်။

ထိုသို့သော သနားစရာကောင်းသည့် အသွင်အပြင်သည် လုချန်လင်ကို ဒေါသထွက်စေသည်။ သူသည် နောက်သို့ချက်ချင်းလှည့်ကြည့်လိုက်၏။

သူ ပထမဆုံးမြင်လိုက်ရသည်မှာ လီစစ်ပင်။ ရုတ်ချည်းဆိုသလိုပင် သူ၏မျက်ခွံများ တုန်ရီသွားပြီး သူ၏နှလုံးသားနက်ရှိုင်းသောနေရာတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

ထို့နောက် လုချန်လင်က လုယွီ၏ပုံရိပ်ကို မြင်လိုက်ရသည်။

Chapter 5062

လုချန်လင်၏မျက်လုံးများ ပြူးကျယ်နေပြီး သူ၏ပါးစပ်သည် တစ်ခုခုပြောနေပုံရသော်လည်း စကားတစ်ခွန်းမျှ ထွက်မလာခဲ့ချေ။

"မင်းတော့ သွားပြီ.... ဟား ဟား ဟား...ကောင်စုတ်လေး ခုဏက မင်းရဲ့ကြမ်းတမ်းမှု ဘယ်ရောက်သွားလဲ.... ဘာလို့ ထုတ်မသုံးတော့တာလဲ"

လုထျန်ကျုံးသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး မြေပြင်ပေါ်မှနေ၍ ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ထရပ်လိုက်သည်။

နံဘေးတွင်ရှိနေသော ဦးလေးချန်သည်လည်း ပြေးလာပြီး လုထျန်ကျုံးကို တွဲထူပေးလိုက်သည်။

လုထျန်ကျုံးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုသည်။

"အဘိုး...ဒီကောင်စုတ်နှစ်ကောင်ကို သတ်ပြီး တော့ အဲ့ဒီမိန်းမနှစ်ယောက်ကို ကျွန်တော့်အတွက် ချန်ထားခဲ့ပေးပါ...ပြီးတော့ သူ့ဆီက နတ်ဆိုးသားရဲကိုလည်း လုယက်ရမယ်..... ဒါက..."

"ဖြောင်း.."

လုထျန်ကျုံး၏စကား မဆုံးသေးမီမှာပင် လုချန်လင်က သူ့ကို ပြင်းထန်စွာ ပါးဖြတ်ရိုက်လိုက်သည်။ လုထျန်ကျုံး၏မျက်နှာပေါ်တွင် နီမြန်းသော လက်ဝါးရာတစ်ခု နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်ခဲ့သည်။

"အဘိုး..."

လုထျန်ကျုံး၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏မျက်လုံးများအတွင်းတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

သူသည် လုချန်လင်၏အချစ်ဆုံးမြေးပင်။

သူသည် လုချန်လင်၏ရှေ့တွင် ပေါ့ပေါ့ပါးပါးနေထိုင်လေ့ရှိသော်လည်း သူ၏အဘိုးသည် သူ့ကို ပါးရိုက်ရန် မဆိုထားနှင့် တစ်ကြိမ်တစ်ခါမျှ အပြစ်မတင်ခဲ့ချေ။

ဘာတွေဖြစ်နေတာလဲ....

"ကောင်စုတ်လေး...မင်းလုပ်ထားတာကို ကြည့်စမ်း...အခုချက်ချင်း ဒူးထောက်လိုက်စမ်း"

လုချန်လင်က ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

အစွမ်းထက်သော ဖိအားတစ်ရပ် ကျရောက်လာပြီးနောက် လုထျန်ကျုံးသည် သူ၏ခြေထောက်များကို မထိန်းချုပ်နိုင်တော့ဘဲ ဒူးထောက်ရက်သားကျသွားသည်။

"အဘိုး...ဘာတွေဖြစ်နေတာလဲ...."

လုထျန်ကျုံး၏ အသံသည် တုန်ရီနေပေ၏။

နိမိတ်မကောင်းသော ခံစားချက်တစ်ခုသည် သူ၏စိတ်နှလုံးသားအတွင်းတွင် ထွက်ပေါ်လာသည်။

ထို့နောက် လုချန်လင်သည် လုထျန်ကျုံးကို အရေးမစိုက်တော့ချေ။ သူသည် ရှေ့သို့အလျင်အမြန်လျှောက်လှမ်းသွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။

"ဒီအရာရှိ လုချန်လင်က အရှင်ဧကရာဇ်ကို ဂါရဝပြုပါတယ်"

လုချန်လင်၏ အိုမင်းသောအသံသည် အခန်းတစ်ခန်းလုံးတွင် ပဲ့တင်ထပ်သွားသည်။

အခန်းထဲရှိ လူတိုင်း ကြက်သေသေသွားကြသည်။

လုကောင်းကျီးသည် သူမ၏ပါးစပ်ကို ဖုံးအုပ်ကာ ထိတ်လန့်စွာအော်ဟစ်လိုက်သည်။ သူမ၏မျက်လုံးများသည် ပြူးကျယ်နေပြီး လုယွီကို မလွှတ်တမ်း စိုက်ကြည့်နေသည်။

သူမဘေးမှ ဝူယာမှာမူ လုချန်လင်ဘာပြောနေသည်ကို နားမလည်သော်လည်း သူ၏အပြုအမူများအရ လုယွီသည် သာမန်လူတစ်ဦးမဟုတ်ကြောင်း သူမသိသည်။ လုချန်လင်သည် ထိုအရေးကြီးသောပုဂ္ဂိုလ်ကို ဒူးထောက်ကာ ဂါရဝပြုခဲ့သည်။

ဧကရာဇ်အသစ်...လုယွီ....

ဤအခိုက်အတန့်တွင် လုကောင်းကျီးသည် နောက်ဆုံးတွင် လုယွီ၏ နာမည်ကို မှတ်မိသွားသည်။

မူလက သူမက သူသည် နာမည်တူလူတစ်ဦးသာဖြစ်သည်ဟု တွေးထင်ခဲ့လေ၏။ သူသည် အမှန်တကယ်ကို ဧကရာဇ်အသစ် ဖြစ်လိမ့်မည်ဟု မည်သူက တွေးထင်ထားမည်နည်း။

သူသည် ထန်စစ်တပ်ကို အနိုင်ယူခဲ့ပြီး ရှမိသားစုကို နှိမ်နင်းခဲ့ကာ ကျိုးတော်ဝင်မိသားစုကို သူ့ထံ လက်အောက်ခံစေခဲ့ပြီး တောင်ပိုင်းဧကရာဇ်ကို ဖိနှိပ်၍ ထီးနန်းကို ရရှိခဲ့သည်။

လုယွီသည် သူ၏ကိုယ်ပိုင်အစွမ်းအစဖြင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို ကျောင်းတော်ငါးခုအနက် အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ တက်လှမ်းစေခဲ့သည်။ လုယွီလှမ်းခဲ့သော ခြေလှမ်းတိုင်းသည် ဒဏ္ဍာရီတစ်ခုပင်။

ထိုသို့သော ဒဏ္ဍာရီလာပုဂ္ဂိုလ်သည် အမှန်တကယ်ကို သူမ၏နံဘေးတွင် ထွက်ပေါ်လာခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် လုကောင်းကျီးသည် သူမ၏အသက်ရှုသံ ရပ်တန့်တော့မည်ဟု ခံစားလိုက်ရသည်။

"မင်းက လုယွီလား..."

လုထျန်ကျုံး၏ခန္ဓာကိုယ်သည် တုန်ရီနေပြီး သူသည် မြေပြင်ပေါ်တွင် ဝပ်တွားနေကာ ခေါင်းပင်မဖော်ရဲချေ။

လုယွီသည် သူ၏နောက်ခံကို မည်သည်ကြောင့်မကြောက်ရွံ့သည်ကို သူ နောက်ဆုံးတွင် နားလည်သဘောပေါက်သွားသည်။

သူသည် အကြီးအကဲတစ်ဦး၏မြေးဖြစ်သည်ကို မဆိုထားနှင့် လုမိသားစုတစ်စုလုံး ဤနေရာ၌ ရှိနေလျှင်ပင် လုယွီသည် ဂရုစိုက်မည်မဟုတ်ချေ။

ဦးလေးချန်၏ မျက်နှာသည်လည်း ဖြူဖျော့သွားပေ၏။ သူသည် မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး မလှုပ်ရှားရဲပေ။

ပတ်ဝန်းကျင်နေရာတဝိုက်တွင် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်မှု လွှမ်းခြုံနေသည်။

လုချန်လင်က တုန်ရီသောအသံဖြင့် ပြောဆိုသည်။

"ဒီငယ်သားက မြေးကို သင်ကြားတဲ့နေရာမှာ ပေါ့လျော့ခဲ့ပါတယ်... ဒါကြောင့် မိသားစုထဲမှာ ဒီလိုအမှိုက်ကောင်တစ်ကောင်ကို ထွက်ပေါ်လာစေခဲ့တယ်....ဒီငယ်သားက ပြန်ရောက်တာနဲ့ သူရဲ့ခြေထောက်တွေကို ရိုက်ချိုးပြီးတော့ သူ နောက်တစ်ကြိမ် အပြင်ထွက်ပြီး တခြားသူတွေကို အန္တရာယ်မပြုရဲအောင် လုပ်ပါ့မယ်"

"မြေးကို ပေါ့လျော့ပြီး သင်ကြားပေးတာလား..."

လုယွီက အေးစက်တင်းမာစွာပြောသည်။

"မင်းက ဂျူနီယာမျိုးဆက်ကို သင်ကြားပေးတဲ့နေရာမှာ တကယ်ကို အရည်အချင်းမရှိဘူး.. ဒါပေမဲ့ သူက ကလေးမဟုတ်ဘူး... ဒီလိုလုပ်တာရဲ့ အကျိုးဆက်တွေကို သူ သိသင့်တယ်"

"သူက ပထမဆုံး နတ်ဆိုးသားရဲကို အတင်းအကြပ်လုယက်ခဲ့တယ်...ဒါက သူ့ရဲ့ပထမဆုံးအပြစ်....."

လုထျန်ကျုံးသည် ဦးတိုက်အရိုအသေပြုလိုက်ပြီး သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာသည်။

သို့ရာတွင် လုယွီသည် သူ့ကိုလျစ်လျူရှုပြီး ဆက်လက်၍ ပြောဆိုလိုက်၏။

"ဒါ့ပြင် သူက ငါ့ကို လျှို့ဝှက်လက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်...ဒါက ဒုတိယအပြစ်...."

လုချန်လင်က တောင်းပန်သည်။

"အရှင်ဧကရာဇ်... ကျေးဇူးပြုပြီးတော့ ထျန်ကျုံးကို မျိုးနွယ်တူဖြစ်တာကို ထောက်ထားပြီး ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးပေးပါ..."

"အရမ်းနောက်ကျသွားပြီ...."

လုယွီသည် လက်ညှိုးတစ်ချောင်းညွှန်လိုက်ရာ ဓားချီစွမ်းအားသည် ချက်ချင်းဆိုသလိုပင် လုထျန်ကျုံး၏နဖူးကို ထွင်းဖောက်သွားကာ သူ၏ဦးခေါင်းကို ကြေမွှပျက်စီးသွားစေသည်။

လုထျန်ကျုံး၏ ဦးခေါင်းပြတ်အလောင်းသည် အချိန်တခဏကြာမျှ အကြောဆွဲနေပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားကာ သူ၏ဆိုးသွမ်းသောဘဝကို အဆုံးသတ်သွားသည်။

"ငါ့ရဲ့မိသားစုကို ခြိမ်းခြောက်တာက တတိယအပြစ်ပဲ"

လုယွီက သားရဲ၏အမွေးများကို ပွတ်သပ်နေသည်။ သူ့ထံမှ ထွက်ပေါ်နေသော သိုင်းအင်မော်တယ်တစ်ယောက်၏ဖိအားအရှိန်အဝါသည် ကြီးမားကျယ်ပြန့်ပြီး အစွမ်းထက်ပေ၏။ သူသည် သက်ရှိအားလုံးကို အပေါ်စီးမှ ကြည့်နေသော ကောင်းကင်ဘုံ အထွတ်အထိပ်နတ်ဘုရားတစ်ပါးအလားပင်။

"ငါ့မိသားစုကို ခြိမ်းခြောက်တဲ့သူတွေ သေရမယ်..."

Chapter 5063

လုချန်လင်သည် တုန်ရီနေပြီး သူ၏မျက်နှာသည် ဖြူဖျော့ကာ မြေပြင်ပေါ်တွင် ဒူးထောက်နေသည်။ သူ၏ခန္ဓာကိုယ်သည် တုန်ခါနေပြီး သူ၏မျက်နှာပေါ်တွင် ဒေါသများ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပေ၏။

"မင်း မကျေနပ်ဘူးလား...."

လုယွီက လုချန်လင်ကို ကြည့်လိုက်သည်။

ပြင်းထန်သောဖိအားတစ်ရပ်က လုချန်လင်၏ ခေါင်းပေါ်သို့ ကျရောက်လာသည်။

ဤှသည်မှာ မြင့်မားသောတောင်တစ်လုံး ကျဆင်းလာသည့်အလားပင်။ ထိုအရှိန်အဝါသည် နက်ရှိုင်းပြီး တည်ငြိမ်ကာ လူအများကို ထိတ်လန့်တုန်လှုပ်စေသည်။

လုချန်လင်သည် အခွင့်အာဏာကြီးမားသော အကြီးအကဲတစ်ဦးဖြစ်သော်လည်း ထိုသို့သောဖိအားနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရသည်။ သူ၏အသက်သည် သူ့အပိုင်မဟုတ်တော့သည့်အလားပင်။

လုချန်လင်သည် မြေပြင်ပေါ်တွင် ဝပ်တွားကာအလွန်အမင်းကြောက်ရွံ့နေပေ၏။

"ဒီအရာရှိက မလုပ်ရဲပါဘူး..."

ဂုဏ်သိက္ခာရှိပြီး အခွင့်အာဏာကြီးမားသော လုမိသားစုအကြီးအကဲပင်လျှင် ဤကဲ့သို့အခြေအနေအထိ ကြောက်ရွံ့နေလျှင် သူ၏နံဘေးမှ ဦးလေးချန်ကို ထည့်ပြောရန်ပင် မလိုတော့ချေ။

ဤအချိန်အခိုက်အတန့်တွင် ဦးလေးချန်တွင် ယခင်ကဲ့သို့ မောက်မာထောင်လွှားသော အသွင်အပြင် မရှိတော့ချေ။ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

'သူက တကယ်ပဲ ဧကရာဇ်လား...ငါ ခုဏက ဧကရာဇ်ကို တိုက်ခိုက်ခဲ့တာလား"

ဦးလေးချန်၏ စိတ်နှလုံးသားသည် တုန်ခါနေပြီး သူ၏စိတ်အတွင်းတွင် ကြောက်မက်ဖွယ်ကောင်းသော အတွေးအမျိုးမျိုး ဖြတ်ပြေးသွားပေ၏။

ရုတ်တရက် ဦးလေးချန်သည် တစ်စုံတစ်ခုကို စဉ်းစားမိပြီး အသက်ကယ်ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်မိသည့်အလား ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"အရှင်ဧကရာဇ်.... ကျွန်တော်တို့က ဒီနတ်ဆိုးသားရဲကို အကြီးအကဲချုပ်လုဝူသီကို ဆက်သဖို့ ဖမ်းဆီးနေတာပါ..."

"အမ်...."

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

ဦးလေးချန်က အလျင်အမြန် ပြောဆိုသည်။

"အကြီးအကဲချုပ် လုဝူသီရဲ့ မွေးနေ့က ရက်အနည်းငယ်အတွင်းမှာ ရောက်လာတော့မှာပါ... သခင်လေးထျန်ကျုံးနဲ့ ကျွန်တော်က သူ့အတွက် မွေးနေ့လက်ဆောင်ရှာဖို့ ဒီနေရာကို ရောက်လာခဲ့တာပါ....အရှင်ဧကရာဇ်က ကျေးဇူးပြုပြီး ကျွန်တော်ကို ခွင့်လွှတ်ပေးပါ..."

လုယွီသည် သူ၏လက်ချောင်းများဖြင့် ထိုင်ခုံလက်ရန်းကို တောက်နေပြီး သူ၏မျက်နှာပေါ်တွင် ခံစားချက်ကင်းမဲ့သော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။

"ဒါဆိုရင် မင်းတို့က ငါ့အဘိုးရဲ့နာမည်ကိုသုံးပြီးတော့ တော်ဝင်မြို့တော်မှာ လူသတ်လုယက်နေတာလား"

လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။

သူသည် ဤလူများ မည်သည့်အရာအား လုပ်ဆောင်ခဲ့သည်ကိုသာ ကြည့်သည်။ သူတို့သည် သူ၏အဘိုးကို လက်ဆောင်ပေးရန် ကြိုးစားလျှင်ပင် အရေးမပါချေ။

အကယ်၍ ယနေ့တွင် ဤနေရာ၌ လုယွီနှင့်လီစစ်သာမရှိခဲ့လျှင် လုထျန်ကျုံးသည် မိုးပြာနက်နဲသိမ်မွေ့သားရဲကို အတင်းအကြပ်ယူဆောင်သွားပေမည်။ ထို့ပြင် လုကောင်းကျီးပင်လျှင် စော်ကားခံရနိုင်သည်။ လုမိသားစုကဲ့သို့ အင်အားစုတစ်ခု၏ ကာကွယ်မှုဖြင့် မည်သူမျှ လုထျန်ကျုံးကို မေးခွန်းထုတ်ရဲမည် မဟုတ်ချေ။ ကိစ္စတစ်ခုလုံးပင် ဖုံးကွယ်ခြင်းခံရပေလိမ့်မည်။

လုယွီသည် ဤသည်မှာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ကြောင်း ယုံကြည်သည်။

လုထျန်ကျုံး၏ တည်ငြိမ်သောအသွင်အပြင်ကို ကြည့်လျှင် သူသည် ယခင်က ဤကဲ့သို့ပြစ်မှုမျိုးကို အကြိမ်များစွာ ပြုလုပ်ခဲ့သည်မှာ သေချာပေ၏။

လုယွီ၏ အသံကိုကြားချိန်တွင် ဦးလေးချန်သည် သေလုမတတ် ထိတ်လန့်ကြောက်ရွံသွားသည်။

ဤအသံသည် ငယ်ရွယ်သော်လည်း အထွတ်အထိပ်ဂုဏ်သိက္ခာရှိသည်။ ဤအချိန်အခိုက်အတန့်တွင် ဦးလေးချန်သည် လုမိသားစုအတွင်း၌ သူ မိသားစုခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ရသည့်အလား ခံစားနေရသည်။ သူသည် ခေါင်းမော့ကြည့်ဝံ့ခြင်းပင်မရှိချေ။

"အရှင်ဧကရာဇ်....အသက်ချမ်းသာပေး..."

ဦးလေးချန်၏စကားမဆုံးမီမှာပင် သူ၏ခေါင်းသည်လည်း ကြေမွပျက်စီးသွားလေပြီ။

သူ၏ဦးခေါင်းပြတ်အလောင်းသည် လုထျန်ကျုံးနှင့်အတူ မြေပြင်ပေါ်သို့ အားအင်ချည့်နဲ့စွာ လဲကျသွားသည်။

လုယွီသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သူ၏လက်ညှိုးကို ပြန်ရုပ်သိမ်းလိုက်၏။ သူ၏စိတ်နှလုံးသားအတွင်းမှ သတ်ဖြတ်လိုစိတ်သည် တဖြည်းဖြည်းကွယ်ပျောက်သွားသော်လည်း ထက်ရှသော အရှိန်အဝါတစ်ရပ်သည် ကျန်ရှိနေဆဲပင်။

လုထျန်ကျုံးနှင့်ဦးလေးချန်တို့သည် ရောက်ရှိလာကတည်းက သက်ရှိများအားလုံး၏အထက်တွင် ရှိနေသည့်အလား ပြုမူခဲ့ကြသည်။ သူတို့သည် အလိုရှိတိုင်း သတ်ဖြတ်လုယက်ရန် ဆန္ဒရှိပြီး မည်သည့်အကန့်အသတ်မျှ မရှိချေ။

ဤလူနှစ်ယောက်သည် လုယွီ၏မိသားစုကိုပင် ခြိမ်းခြောက်ရဲကြသည်။ ဤသည်က လုယွီ၏ပြောင်းပြန်အကြေးခွံကို ထိပါးသွားသည်မှာ သိသာထင်ရှားပေ၏။

"လုချန်လင်...မင်းက မြေးလုပ်တဲ့လူကို ကောင်းကောင်းမသင်ကြားခဲ့ဘူး.... မင်းပြန်သွားရင် မင်းရဲ့မိသားစုဝင်တွေကို သေသေချာချာ ထိန်းချုပ်သင့်တယ်...အင်ပါယာရဲ့ ဥပဒေက ဘယ်သူကိုမှ သည်းခံမှာမဟုတ်ဘူး...ငါတို့မိသားစုကို အရှက်ရစေမယ့် ကိစ္စမျိုးတွေ ဘာမှမလုပ်ခိုင်းနဲ့"

လုယွီက ဆက်လက်၍ ပြောဆိုသည်။

"ပြီးတော့ စစ်ဘက်ရေးရာဌာနရဲ့ လက်ထောက်အမတ်ကြီးနေရာမှာ မင်း တာဝန်ယူဖို့ မလိုတော့ဘူး"

လုချန်လင်၏ခန္ဓာကိုယ် တုန်ရီသွားသည်။ သူသည် ထိုသို့သော အကျိုးဆက်ကို တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။

သူ့ထံတွင် နာမည်ခံရာထူးတစ်ခုသာ ရှိသော်လည်း စစ်ဘက်ရေးရာဌာန၏ လက်ထောက်အမတ်ကြီးရာထူးကို အားကိုး၍ သူသည် ကံကြမ္မာကောင်းချီးကို ခံစားနိုင်ပြီး သူ၏ကျင့်ကြံဆင့် တိုးတက်လာစေရန် အကူအညီကို ရရှိနိုင်သည်။

ယခုချိန်၌ လုယွီသည် သူ၏တရားဝင်ရာထူးကို ရုပ်သိမ်းလိုက်လေပြီ။ လုချန်လင်သည် သူ၏သက်ဆိုင်ရာရာထူးကို ဆုံးရှုံးသွားရုံသာမက ကံကြမ္မာကောင်းချီးကို ခံစားခွင့်လည်း ဆုံးရှုံးသွားသည်။

"ဒီအရာရှိက အမိန့်တော်ကို နာခံပါတယ်"

လုချန်လင်က မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။

Chapter 5064

ဂုဏ်သိက္ခာရှိသော ဌာနကြီးခြောက်ခုမှ အမတ်ကြီးတစ်ဦးဖြစ်သော လုချန်လင်အတွက် လုယွီ၏စကားများဖြင့် သူ၏ကံကြမ္မာကို ဆုံးဖြတ်ပြီးဖြစ်သည်။

လုချန်လင်၏မျက်နှာပေါ်တွင် ခါးသည်းသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။ မူလက လုယွီ ထီးနန်းတက်ပြီးနောက် လုမိသားစု၏ အဆင့်အတန်းမြင့်တက်လာမည်ဖြစ်ပြီး သူသည်လည်း အကျိုးအမြတ်တချို့ ရရှိနိုင်လိမ့်မည်ဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် သူသည် ထိုသို့သောအကျိုးအမြတ်များကို မရရှိခဲ့သည့်အပြင် သူ ပိုင်ဆိုင်သော အဆင့်အတန်းပင် ဆုံးရှုံးသွားမည်ဟု သူ မျှော်လင့်မထားမိချေ။

သူသည် သူ၏နှလုံးသားအတွင်းမှ စိတ်ခံစားမှုများကို ဖိနှိပ်လိုက်ပြီး သူ၏နောက်လိုက်များကို လုထျန်ကျုံး၏အလောင်းကို ကောက်ယူစေကာ သနားဖွယ်ကောင်းသောအခြေအနေဖြင့် ထွက်ခွာသွားသည်။

ထိုလူများထွက်ခွာသွားပြီးနောက် သီးသန့်ခန်းသည် ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားပေ၏။

သို့ရာတွင် လေထုအတွင်း၌ သွေးနံ့များ ပျံ့လွင့်နေဆဲဖြစ်ပြီး ယခင်က မည်သည့်ကိစ္စများ ဖြစ်ခဲ့သည်ကို ပြသနေသည်။

"ရှင်က လုယွီလား...."

လုကောင်းကျီးသည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ရှေ့သို့လျှောက်လာပြီး သူမ၏မျက်လုံးဝိုင်းကြီးများဖြင့် လုယွီကို ဂရုတစိုက်အကဲဖြတ်ကြည့်နေသည်။ ဤအခိုက်အတန့်တွင် သူမသည် အလွန်စိတ်လှုပ်ရှားနေပေ၏။

လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ငါ အရင်က မပြောခဲ့ဘူးလား...ငါ့ရဲ့နာမည်က လုယွီပါ။"

လုယွီ၏ အပြုံးကိုမြင်လျှင် လုကောင်းကျီး၏စိတ်နှလုံးသား ချက်ချင်းဆိုသလိုပင် နွေးထွေးသွားသည်။ လုယွီသည် အစောပိုင်းက မိုးကြိုးပစ်သကဲ့သို့ လျှင်မြန်ပြီးပြင်းထန်သောနည်းလမ်းကို ပြသခဲ့သည်။ သူသည် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးအလားပင်။ သို့သော် ယခုချိန်၌ သူသည် လုကောင်းကျီးကို မြင်တွေ့ချိန်တွင် သူ၏နဂိုမူလ ယဉ်ကျေးသိမ်မွေ့သောအမူအယာသို့ ပြန်ရောက်သွားသည်။ သူ့ထံတွင် ယဉ်ကျေးသိမ်မွေ့ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသော သဘောထားတစ်ခု ရှိနေပေ၏။

"ကျွန်မ... ကျွန်မက အခမ်းအနားဓလေ့ထုံးစံတွေအကြောင်း သိပ်မသိဘူး....ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပါ အရှင်ဧကရာဇ်..."

လုကောင်းကျီး ထိတ်လန့်တုန်လှုပ်သွားသည်။

သူမသည် တာယွီအင်ပါယာ၏ဧကရာဇ်ကို ရုတ်တရက် တွေ့လိုက်ရသဖြင့် အချိန်တခဏအတွင်းတွင် သူမ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

ငယ်ရွယ်ပြီး အရည်အချင်းရှိကာ အစွမ်းထက်ခြင်းသည် လုယွီကို သတ်မှတ်ထားသောသင်္ကေတပင်။ သူသည် အသက်သုံးဆယ်မပြည့်မီတွင် ရှမိသားစုကို ခေါင်းငုံ့စေခဲ့သည်။ လုယွီသည် လူငယ်များအားလုံးနီးပါး၏ စိတ်နှလုံးသားများအတွင်းတွင် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။

လုကောင်းကျီးသည် သေးငယ်သောနေရာတစ်နေရာမှ လာသော်လည်း သူမသည် လူအများအပြား၏လွှမ်းမိုးမှုကို ခံခဲ့ရပြီး လုယွီအကြောင်း ဒဏ္ဍာရီများစွာကို ကြားခဲ့ဖူးသည်။

သို့ရာတွင် သူမသည် ဧကရာဇ်နှင့်တွေ့ဆုံချိန်၌ မည်သို့သော အခမ်းအနားဓလေ့ထုံးစံကို အသုံးပြုရမည်ကို လုံးလုံးလျားလျား မသိခဲ့ချေ။

လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြီးပြောဆိုသည်။

"ဒီနေ့က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ တပည့်တစ်ယောက်အနေနဲ့ ငါက အပြင်ထွက်ကြည့်တာပါ...မင်း ဒီလောက်ထိ အနေခက်နေဖို့ မလိုပါဘူး...ငါ့ကို မင်းရဲ့ စီနီယာအစ်ကိုတစ်ယောက်လို့ သဘောထားလိုက်ပါ..."

ထိုသို့ပြောဆိုပြီးနောက် လုယွီက လုကောင်းကျီးကို ထပ်မံ၍ကြည့်လိုက်သည်။

"သူတို့ကို ကယ်တင်ဖို့အတွက် မင်းရဲ့အသက်ကို ဆုံးရှုံးမှာ မကြောက်ဘူးလား...ဒီနေ့ ငါသာ ဒီမှာမရှိခဲ့ရင် မင်းရဲ့အကျိုးဆက်က တော်တော်လေး ဆိုးရွားမှာကို စိုးရိမ်ရတယ်..."

လုကောင်းကျီးက သူ၏အင်္ကျီစကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"ကျွန်မ ငယ်ငယ်တုန်းက ကျွန်မရဲ့အဖေကို နတ်ဆိုးသားရဲတစ်ကောင်က လိုက်ဖမ်းခဲ့တယ်... ကံကောင်းစွာနဲ့ လမ်းမှာ ဦးလေးနှစ်ယောက် ဖြတ်သွားတာနဲ့ ကြုံခဲ့တယ်...သူတို့က အတူတကွ ပူးပေါင်းပြီးတော့ အဲ့ဒီနတ်ဆိုးသားရဲကို နှိမ်နင်းခဲ့ကြတယ်....နောက်ပိုင်းမှာ ကျွန်မရဲ့အဖေက ကျွန်မကို ကောင်းမှုကုသိုလ်တွေလုပ်ဖို့နဲ့ ဘာကိုမှ ပြန်မတောင်းဆိုဖို့ သင်ပေးခဲ့တယ်.... ကျွန်မက ဒီလိုလုပ်တာ မှန်ကန်တဲ့အရာလို့ပဲ ခံစားရတယ်...ကျွန်မ မလုပ်ခဲ့ရင်... ကျွန်မရဲ့တာအိုနှလုံးသားက တည်ငြိမ်ဖို့ခက်တယ်"

သူမ၏စကားကိုကြားချိန်တွင် လုယွီသည်လည်း အလွန်စိတ်လှုပ်ရှားသွားသည်။ ထို့နောက် လှပသောပုံရိပ်တစ်ခုသည် သူ၏စိတ်အတွင်းတွင် ရုတ်တရက် ထွက်ပေါ်လာပေ၏။

ယဲ့ရွှယ်လန်....

ဤလှပပြီး သန်မာသောမိန်းကလေးသည် အတိတ်ဘဝတွင် လုယွီကို များစွာကူညီခဲ့သည်။

အကယ်၍ ယဲ့ရွှယ်လန်၏အကူအညီသာ မရှိခဲ့လျှင် လုယွီသည် သူ၏ယခင်ဘဝတွင် မြေအောက်လောကတာအိုသခင်အဖြစ် မကြီးပြင်းမီ သေဆုံးသွားပေလိမ့်မည်။

လုယွီသည် ကျိုးကောထံမှတဆင့် ယဲ့ရွှယ်လန်သည် နဂါးအစောင့်တပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်ကြောင်း သိခဲ့သော်လည်း သူထံတွင် တခြားအတွေးများမရှိခဲ့ချေ။

သူမသည် အလွန်အမင်းကြင်နာတတ်သော မိန်းကလေးတစ်ဦးပင်။ သူမသည် လုယွီကိုသာမက တခြားလူများကို ကူညီရန်လည်း အကောင်းဆုံးလုပ်ဆောင်ခဲ့သည်။

ကျင့်ကြံခြင်းလောကသည် အလွန်ရက်စက်ပေ၏။ လူတိုင်း အကျိုးအမြတ်ကို လိုချင်ကြသည်။ ယဲ့ရွှယ်လန်၏ နည်းလမ်းများသည် တစ်ခါတစ်ရံ၌ ရက်စက်သော်လည်း သူမ၏ စိတ်နှလုံးသားအတွင်းတွင် နူးညံ့သိမ်မွေ့မှုအရိပ်အယောင်တစ်ခုကို သိုဝှက်ထားဆဲပင်။

သူ၏ရှေ့တွင်ရပ်နေသော လုကောင်းကျီးသည် ယဲ့ရွှယ်လန် ပြန်လည်ရှင်သန်လာသည့်အလား လုယွီ၏စိတ်အတွင်းတွင် ခံစားနေရသည်။

"အနာဂတ်မှာ မင်း ကူညီနိုင်သလောက်ပဲ ကူညီပါ....ဒီလိုမျိုး မျက်စိစုံမှိတ်ပြီး ရှေ့မထွက်နဲ့...မဟုတ်ရင် အနှေးနဲ့အမြန် မင်း ထိခိုက်လိမ့်မယ်"

လုယွီက သူ၏လက်ကိုမြှောက်ပြီး လက်ညှိုးညွှန်လိုက်ရာ အပြာရောင်အလင်းတန်းတစ်တန်းသည် လုကောင်းကျီး၏နဖူးအလယ်သို့ ဝင်ရောက်သွားသည်။

"မင်း ငါနဲ့တွေ့တာ ကံကောင်းတယ်... မင်းမှာ ကြင်နာမှုနဲ့ ဖြူစင်တဲ့နှလုံးသားရှိတာကို ငါ တွေ့တယ်...ဒါကြောင့် ငါ မင်းကို ဆေးပညာ အတွေ့အကြုံနည်းနည်းပေးမယ်.. မင်းဘယ်လောက်ထိ သင်ယူနိုင်မလဲဆိုတာကတော့ မင်းရဲ့ကံပေါ် မူတည်လိမ့်မယ်"

Chapter 5065

လုကောင်းကျီးသည် နေရာမှာပင် ကြက်သေသေကာ မတ်တတ်ရပ်နေပြီး မီးခိုးငွေ့ကဲ့သို့ ကြီးးကျယ်ပြန့်သော မှတ်ဉာဏ်များသည် သူမ၏စိတ်အတွင်းတွင် ချက်ချင်းထွက်ပေါ်လာသည်။

ဤမှတ်ဉာဏ်များသည် နက်ရှိုင်းပြီး နားလည်ရန်ခက်ခဲပေ၏။ သို့ရာတွင် လုကောင်းကျီးသည် ဤမှတ်ဉာဏ်များတွင် မရေမတွက်နိုင်သော ဆေးပညာရှင်များ၏ အဖိုးတန်အတွေ့အကြုံများ ပါဝင်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ ဤအရာများသည် အလွန်အဖိုးတန်ပေ၏။

ဆေးပညာရှင်များ အဆင့်မြင့်တက်လာရန် အလွန်ခက်ခဲသည်။ အဓိကအကြောင်းရင်းမှာ မဟာဆေးပညာရှင်အများစုသည် သူတို့၏အတွေ့အကြုံများအားလုံးကို သူတို့၏စိတ်နှလုံးသားများအတွင်းတွင် ဝှက်ထားသောကြောင့်ပင်။ များသောအားဖြင့် သူတို့သည် သူတို့၏အနီးကပ်ဆုံး တပည့်များရှေ့တွင်သာ သူတို့၏အရည်အချင်းများကို ပြသကြသည်။

တပည့်အများစုသည် စစ်မှန်သောဆေးပညာရပ်များကို သင်ယူနိုင်ရန်အတွက် ဆေးပညာရှင်ဆရာကြီးများ၏ မျက်နှာသာကိုရရှိရန် နှစ်ပေါင်းများစွာကြာအောင် အမှုထမ်းရပေမည်။ ထိုအချိန်ကျမှသာ သူတို့သည် ဆေးပညာစွမ်းရည်တချို့ကို သင်ယူနိုင်ပေမည်။

လုယွီက သူမအား ပေးအပ်ခဲ့သည်မှာ ဆေးနတ်ဘုရားတစ်ပါး၏ အတွေ့အကြုံများပင်။

ဤသည်မှာ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်ပေ၏။ ဤအတွေ့အကြုံများကို ဆေးပညာမဟာမိတ်အဖွဲ့တွင် ထားလျှင်ပင် မရေမတွက်နိုင်သော မဟာဆေးပညာရှင်များမှ တောင်းဆိုကြပေလိမ့်မည်။

"ကျေးဇူးတင်ပါတယ် အရှင်ဧကရာဇ်..."

လုကောင်းကျီးသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူမ၏နှလုံးသားအောက်ခြေမှလာသော ကျေးဇူးတင်မှုကို ဖော်ပြလိုက်၏။

သူမသည် သာမန်မျိုးရိုးမှဖြစ်သောကြောင့် သူမ၏အရင်းအမြစ်များသည် သူမနှင့်ရွယ်တူများနှင့်နှိုင်းယှဉ်လျှင် များစွာနိမ့်ကျသည်။ ထို့ကြောင့် လုကောင်းကျီးသည် အခွင့်အရေးတစ်ခု မည်မျှထိ ရှားပါးသည်ကို တခြားမည်သူထက်မဆို ပို၍သိရှိထားသည်။

သူမ၏ရှေ့မှ အခွင့်အရေးသည် တုန်လှုပ်ချောက်ချားဖွယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဤသည်မှာ ယခင်က ခရိုင်စီရင်စုအရှင်မှ သူမအား တော်ဝင်မြို့တော်သို့ ပို့ပေးခဲ့သော အခွင့်အရေးထက် များစွာသာလွန်သည်။

"သွားတော့...အနာဂတ်မှာ မင်းက ကြီးမားတဲ့အောင်မြင်မှုတွေ ရလိမ့်မယ်လို့ ငါ မျှော်လင့်တယ်"

လုယွီက အပြုံးနှင့် ပြောဆိုသည်။

လုကောင်းကျီးက ဦးညွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် လီစစ်ကို ကြည့်ပြီး သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။

"စီနီယာအစ်ကိုလီ...ရှင်က..."

"ငါက လီစစ်ပါ..."

လီစစ်က တုံ့ပြန်အဖြေပေးသည်။

ဤရလဒ်ကို ရရှိချိန်တွင် လုကောင်းကျီး၏စိတ်နှလုံးသားသည် ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။ ဤဒဏ္ဍာရီလာ ဧကရာဇ်နှင့် အတွင်းဝန်ကို ရုတ်တရက် မြင်တွေ့လိုက်ရသဖြင့် သူမ မူးမေ့လဲကျသွားလုမတတ် ခံစားလိုက်ရသည်။

လုကောင်းချီသည် ထွက်ခွာမသွားမီ သူသည် လုယွီ မည်သူမည်ဝါဖြစ်ကြောင်းကို ဝူယာအား ပြောပြခဲ့သည်။

ဝူယာသည် ထိတ်လန့်သွားပြီး မြေပြင်ပေါ်တွင် အလျင်အမြန် ဝပ်တွားလိုက်သည်။ သူမ၏ရှေ့မှ ဤပုဂ္ဂိုလ်သည် လောကကို အမိန့်ပေးနိုင်သောဧကရာဇ်တစ်ဦးပင်။ သူမသည် လူရိုင်းစစ်သားတစ်ဦးသာ ဖြစ်ပေ၏။ သူမတို့နှစ်ဦးကြားမှ အဆင့်အတန်းကွာဟချက်သည် အလွန်ကြီးမားသည်။

"ဝူကျောက်က သတိလစ်သွားတာလား"

လုယွီသည် သူ၏လက်ကိုမြှောက်ကာ ဖမ်းဆွဲဟန်ပြုလိုက်သည်။ သတိလစ်နေသော ဝူကျောက်သည် အဝေးမှနေ၍ သူ့ထံသို့ ဆွဲခေါ်ခြင်းခံလိုက်ရသည်။

သူမ၏အစ်ကို သတိလစ်နေသည်ကို မြင်တွေ့ချိန်တွင် ဝူယာက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သူမ ရှေ့သို့ပြေးသွားရန် ဟန်ပြင်လိုက်စဥ်မှာပင် လုယွီသည် ဝူယာ၏ခန္ဓာကိုယ်ပေါ်သို့ အကြိမ်ရေအနည်းငယ် တို့ထိလိုက်သည်။ ထို့နောက် သူသည် သူ၏လက်ကိုမြှောက်ကာ ဆေးတစ်လုံးထုတ်ယူလိုက်သည်။ သူ၏မှော်စွမ်းအားကို အသုံးပြု၍ ဆေးလုံးကို အရည်ပျော်သွားစေကာ ဝူကျောက်၏ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းလိုက်သည်။

အချိန်တခဏအတွင်းမှာပင် ဝူကျောက်၏ခန္ဓာကိုယ်သည် တောက်ပလာပေ၏။ သူ၏မွှေးညှင်းပေါက်များမှ ခပ်ဖျော့ဖျော့ဆေးရနံ့တစ်ခုကို ထုတ်လွှတ်နေသည်။

လီစစ်က ရယ်ပြုံးပြီး လူရိုင်းဘာသာစကားဖြင့် ပြောဆိုသည်။

"မင်းရဲ့အစ်ကိုက အမြတ်ရသွားပြီ....အရှင်ဧကရာဇ်ဆီက ဆေးတစ်လုံးက အရမ်းတန်ဖိုးကြီးတယ်...ပုန်းကွယ်နဂါးစစ်တပ်ရဲ့ အဓိကတပ်ရင်းတွေမှာတောင် မြင့်မားတဲ့ စစ်ရေးအောင်မြင်မှုတွေ ရရှိခဲ့တဲ့သူတွေပဲ အရှင်ဧကရာဇ်ကိုယ်တိုင် ဖော်စပ်တဲ့ဆေးလုံးကိုရဖို့ အခွင့်အရေးရှိတယ်"

ဤဆေးတစ်လုံးသည် ဝူကျောက်၏ခန္ဓာကိုယ်အတွင်းမှ မရီဒါန်းများအားလုံးကို ပြန်လည်ပြုပြင်ပေးခဲ့သည်။

ဝူကျောက်၏မွေးရာပါပါရမီကို သာမန်ဟုသာယူဆနိုင်သည်။ သို့ရာတွင် ရွှေရောင်ဆေးလုံးသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းမှ မရီဒါန်းများအားလုံးသည် ဖွင့်လှစ်ခြင်းခံလိုက်ရသည့်အလားပင်။ အချိန်တခဏအတွင်းမှာပင် သူ၏မွေးရာပါပါရမီသည် သာမန်လူတစ်ဦးမှ ပါရမီရှင်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။

ဤသည်မှာ အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားပြီး မြင့်တက်လာမှုတစ်ခုပင်။

အချိန်တခဏအကြာတွင် ဝူကျောက်သည် နိုးထလာပြီး ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ထူထပ်သိပ်သည်းသည့် စွမ်းအားများကို ခံစားမိသည်။ သူ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားပေ၏။

"ငါက အတားအဆီးကို တကယ်ကြီး ချိုးဖျက်နိုင်ခဲ့တာပဲ"

ဝူကျောက်သည် သူ့ကိုယ်သူ စိတ်ကြည်နူးစွာဖြင့်ကြည့်လိုက်ပြီးနောက် သူ လုယွီကို မြင်တွေ့မိသည်။

ဝူယာသည် အလျင်အမြန်ရှေ့သို့ပြေးသွားကာ သူမ၏အစ်ကိုအား မည်သည့်ကိစ္စများ ဖြစ်ခဲ့သည်ကို ရှင်းပြလိုက်သည်။

သူ၏ရှေ့တွင်ရပ်နေသောလူသည် လုယွီဖြစ်ကြောင်း ကြားချိန်၌ ဝူကျောက်သည် ချက်ချင်းဒူးထောက်ကာ ရိုသေလေးစားစွာဖြင့် အရိုအသေပြုလိုက်သည်။

ထန်ယွီတိုက်ပွဲတွင် လုယွီသည် စစ်တပ်ကို ဦးဆောင်ခဲ့ပြီး သူ၏ရဲစွမ်းသတ္တိနှင့်တိုက်ခိုက်နိုင်စွမ်းကြောင့် နာမည်ကြီးခဲ့သည်။ သူသည် လူရိုင်းအများစု၏စိတ်နှလုံးသားအတွင်း၌ နတ်ဘုရားတစ်ပါးအဖြစ် ယူဆခြင်းခံရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ယနေ့တွင် လုယွီသည် သူ၏ရှေ့၌ ရှိနေလေ၏။ ဝူကျောက်သည် အလွန်စိတ်လှုပ်ရှားနေပြီး သူသည် ကျေးဇူးတင်စကားများကို အဆက်မပြတ်ပြောဆိုနေသည်။

"အရေးမကြီးပါဘူး... ငါက တိုက်ဆိုင်လို့ ကူညီပေးခဲ့တာပါ...မင်းတို့က ငါ့အတွက် မိုးပြာနက်နဲသိမ်မွေ့သားရဲကို ရှာပေးတာနဲ့တင် ငါက အရမ်းကျေးဇူးတင်နေပါပြီ"

လုယွီက အပြုံးနှင့် ပြောဆိုသည်။

Thank For Reading.

All Chapters