← Chapters

အခန်း (၅၀၈၆-၅၀၉၀)

Vol. 258 Ch. 5086-5090

အခန်း (၅၀၈၆-၅၀၉၀)

Vol. 258 Ch. 5086-5090

Chapter 5086

တာကျင်းခရိုင်....လုအိမ်တော်...

တရားရေးဝန်ကြီးဌာနမှ ဝတ်ရုံနက်ဝတ်အရာရှိအမြောက်အများသည် သူတို့၏တံဆိပ်ပြားများကိုကိုင်ဆောင်ကာ လုအိမ်တော်အတွင်းသို့ ပြေးဝင်လာကြသည်။

လုမိသားစုမှအစေခံများအားလုံးသည် ကြက်သေသေနေကြ၏။ သူတို့သည် ရှေ့တွင်လျှောက်လှမ်းသွားနေသော တရားရေးဝန်ကြီးဌာနမှ အရာရှိများကို ငေးကြည့်နေကာ သူတို့၏မျက်လုံးများကိုပင် သူတို့ မယုံကြည်နိုင်ကြတော့ချေ။

သူတို့၏လုမိသားစုသည် ယခင်ကတည်းက ထိပ်သီးမိသားစုတစ်စုပင်။ ထို့ပြင် ယခုချိန်၌ သူတို့သည် လုယွီနှင့်ဆက်ဆံရေး ရှိနေသဖြင့် တော်ဝင်မိသားစု၏တစ်စိတ်တစ်ပိုင်း ဖြစ်လာမည်မှာ အနှေးနှင့်အမြန်ပင်။

ထိုသို့ ထင်ရှားကျော်ကြားသောဂုဏ်ပုဒ်မျိုး ရှိနေသော်လည်း ဤတရားရေးဝန်ကြီးဌာနမှ အရာရှိများသည် ထိုကိစ္စကိုကို မျက်ကွယ်ပြုကာ အိမ်တော်အတွင်းသို့ ပြောင်ပြောင်တင်းတင်း ဝင်ထွက်သွားလာနေကြသည်။

"လုယီချန်....ငါက တရားရေးဝန်ကြီးဌာန တော်ဝင်မြို့တော်ဌာနခွဲရဲ့ အကြီးအကဲ ဟန်ဖုန်းပဲ....မင်းရဲ့ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်တဲ့ အမှုတချို့ရှိတယ်...ငါတို့နဲ့ လိုက်ခဲ့ပါ..."

တရားရေးဝန်ကြီးဌာနမှ ဦးဆောင်သူအရာရှိသည် သူ၏ရှေ့မှ လုမိသားစုသခင်လေးကို အေးစက်တင်းမာစွာ ကြည့်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် လုမိသားစုသခင်လေးသည် မြေပြင်ပေါ်တွင် ကြိုးတုပ်ခံထားရသည်။ သူ၏နံဘေးပတ်လည်တွင် တရားရေးဝန်ကြီးဌာနမှ အရာရှိငါးဦး ခြောက်ဦးက သူ့ကို ထိန်းသိမ်းထားကြသည်။

"ဝူး ဝူး ဝူး ဝူး..."

လုယီချန်သည် တဝူးဝူးအသံများကို ဆက်တိုက်ပြုလုပ်နေသည်။ ကံမကောင်းစွာဖြင့် သူ၏ပါးစပ်ကို အဝတ်စဖြင့် ပိတ်ဆို့ထားသောကြောင့် သူသည် ပြီးပြည့်စုံသော ဝါကျတစ်ကြောင်းကိုပင် မပြောနိုင်ခဲ့ချေ။

"ဆဋ္ဌမအဆင့်အရာရှိတစ်ယောက်က ငါတို့လုမိသားစုကို လူဖမ်းဖို့လာရဲတယ်လား... ဘယ်သူက သူ့ကို ခေါ်သွားရဲလဲဆိုတာ ကြည့်ကြသေးတာပေါ့...."

လုအိမ်တော်၏တရားဝင်သခင်မဖြစ်သူ ကျင်းသခင်မက အေးစက်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။ သူမသည် အစေခံအုပ်စုတစ်စုကို ဦးဆောင်၍ ခြံဝန်းအတွင်းမှထွက်လာပြီး တရားရေးဝန်ကြီးဌာနမှ အရာရှိများအားလုံးကို ဝန်းရံလိုက်၏။

လုအိမ်တော်ခြံဝန်း၏ ကာကွယ်ရေးအင်အားမှာ အလွန်အားကောင်းသည်။ သူတို့အနက်မှ အများစုသည် စစ်တပ်မှ အငြိမ်းစားယူခဲ့သော စစ်မှုထမ်းဟောင်းများပင်။ ဤအခိုက်အတန့်တွင် သူတို့သည် တရားရေးဝန်ကြီးဌာနမှလူကို ဝန်းရံထားရာ နှစ်ဖက်ကြားတွင် ရင်ဆိုင်တိုက်ခိုက်မှုနှင့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရှိနေသည်။

ထိုအချိန်မှာပင် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည် လုအိမ်တော်အတွင်းမှ ပြေးထွက်လာသည်။ သူသည် ဒေါသတကြီး လျှောက်လှမ်းလာပြီး ကျင်းသခင်မအား ပါးတစ်ချက်ဖြတ်ရိုက်လိုက်သည်။

"သခင်ကြီး..."

ကျင်းသခင်မ၏မျက်လုံးများ ပြူးကျယ်သွားပြီး လူလတ်ပိုင်းအရွယ်အမျိုးသားကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

"ခွေးမ...ဘယ်သူက မင်းကို မင်းရဲ့လူတွေကို ခေါ်ထုတ်လာပြီး အရာရှိတွေကိုတောင် တိုက်ခိုက်ခိုင်းတာလဲ...မင်းက ငါတို့ရဲ့မျိုးရိုးကို ချောက်နက်ကြီးထဲကို ကျသွားစေချင်တာလား"

လူလတ်ပိုင်းအရွယ်အမျိုးသားက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ကျင်းသခင်မက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

"ဒါပေမဲ့ ကျွန်မက ချန်အာကို သူတို့ ခေါ်သွားတာကို ကြည့်နေလို့မဖြစ်ဘူးလေ"

လူလတ်ပိုင်းအရွယ်အမျိုးသားက ဒေါသတကြီး အော်ငေါက်လိုက်၏။

"အင်ပါယာမှာ ကိုယ်ပိုင်ဥပဒေတွေရှိတယ်.... မိသားစုမှာ ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်.... သူက အင်ပါယာရဲ့ဥပဒေတွေကို ချိုးဖောက်ခဲ့မှတော့ စည်းမျဉ်းတွေအတိုင်း အပြစ်ပေးခံရမှာပဲ"

ထိုသို့ပြောဆိုပြီးနောက် လူလတ်ပိုင်းအရွယ်အမျိုးသားသည် နောက်သို့လှည့်ပြီး ဟန်ဖုန်းအား ဦးညွှတ်အရိုအသေပြုလိုက်သည်။

"မိသားစုရဲ့အရှက်ရစရာကိစ္စတွေက အရှင်ဟန်ကို ရယ်စရာ ဖြစ်စေခဲ့ပြီ..."

"တုံးဖင်မြို့စား...ငါတို့ကလည်း အမိန့်အတိုင်း မင်းရဲ့သားကို လာဖမ်းတာပါ..တရားရေးဝန်ကြီးဌာနရဲ့အမှုမှာ တခြားဘယ်သူမှ ဝင်မစွက်ဖက်တာ အကောင်းဆုံးပဲ"

ထိုစကားကိုပြောဆိုရင်း ဟန်ဖုန်းက ပြုံးလိုက်သည်။

"သခင်မကြီးက သူတို့ကို လက်နက်တွေ မထုတ်ခိုင်းတာ ကံကောင်းသွားတယ်....မဟုတ်ရင် ငါက မင်းတို့အားလုံးကို တာဝန်ရှိသူတွေကိုခြိမ်းခြောက်တဲ့ စွဲချက်နဲ့ ဖမ်းဆီးရလိမ့်မယ်"

ထိုလူလတ်ပိုင်းအရွယ်အမျိုးသားသည် လုမိသားစု၏တာဝန်ခံတစ်ဦးဖြစ်သူ တုံးဖင်မြို့စား လုကျိုဟွေးပင်။

လုကျိုဟွေးသည် လုမိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ဦးဖြစ်ပြီး စစ်ဘက်ဆိုင်ရာဂုဏ်ထူးများလည်း ရှိသည်။ သူသည် စစ်တပ်တွင်လည်း အတော်အသင့်နာမည်ကောင်းရှိပြီး သူ၏အဆင့်အတန်းသည် အလွန်လေးစားဖွယ်ကောင်းပေ၏။

သို့ရာတွင် ဟန်ဖုန်းသည် လုကျိုဟွေး၏မျက်နှာကို အနည်းငယ်မျှပင် ထောက်ထားခြင်းမရှိဘဲ သူ့အား အေးစက်တင်းမာစွာ ပြောဆိုကာ အနည်းငယ်မျှပင် သနားညှာတာမှု မပြခဲ့ချေ။

"ဟုတ်ကဲ့...ငါက ငါ့ရဲ့မိသားစုကို ထိန်းချုပ်ပါ့မယ်...ဒါပေမဲ့ ငါ့သားရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ တရားစီရင်ရေးဌာနကြီးသုံးခုကက ဥပဒေအတိုင်း မျှမျှတတ စီရင်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

လုကျိုဟွေးက အံ့ကြိတ်ပြီး ပြောဆိုလိုက်သည်။

ဟန်ဖုန်းက လှောင်ပြောင်ရယ်မောလိုက်၏။

"ငါတို့မှာ လုံလောက်တဲ့ သက်သေသာဓကမရှိရင် သူ့ကို ဖမ်းဆီးမှာမဟုတ်ဘူး...."

ထိုသို့ပြောပြီးနောက် ဟန်ဖုန်းသည် လုယီချန်ကိုဖမ်းဆီးပြီး အရာရှိတစ်စုနှင့်အတူ ပြန်လည်၍ထွက်ခွာသွားသည်။

သူမ၏သားကို ခေါ်ဆောင်သွားသည်ကို မြင်တွေ့ချိန်၌ ကျင်းသခင်မသည် ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်သို့ ပုံလျက်သားလဲကျသွားပြီး ငိုယိုလိုက်သည်။

"သခင်ကြီး.... ရှင်က သူတို့ ချန်အာကို ခေါ်သွားတာကို ဒီလိုပဲ ကြည့်နေတော့မှာလား...သူ ဘာဖြစ်သွားနိုင်လဲဆိုတာ ရှင် မသိဘူးလား"

"တော်သင့်ပြီ..."

လုကျိုဟွေး၏မျက်နှာသည် သုန်မှုန်နေပြီး သူသည် တည်ကြည်လေးနက်သောအသံဖြင့် အော်ဟစ်လိုက်၏။

"မင်းက သူ့ကို အရမ်းအလိုလိုက်ပြီးတော့ ကာမဂုဏ်လိုက်စားတဲ့သားတစ်ယောက်ဖြစ်အောင် မွေးမြူခဲ့လို့ ဒီလိုတွေ ဖြစ်လာတာပဲ....မင်းက ငါမသိအောင် သူ့ရဲ့ကိစ္စတွေကို ဖုံးကွယ်ထားတာနဲ့ ငါ မသိဘူးလို့ တကယ်ကြီး ထင်နေတာလား....ဒီလူယုတ်မာလေး သေသွားရင်လည်း ပြည်သူတွေအတွက် မကောင်းဆိုးဝါးကို ဖယ်ရှားပေးတာပဲ..."

Chapter 5087

"သခင်ကြီး...သူက ရှင့်ရဲ့သားလေ..."

ကျင်းသခင်မက ငိုယိုလိုက်သည်။

လုကျိုဟွေးသည် မျက်လုံးစုံမှိတ်ထားပြီး အချိန်အတော်ကြာမှ ပြန်ဖွင့်လိုက်သည်။

သူ၏မျက်လုံးအကြည့်သည် အေးစက်နေပြီး အမူအယာကင်းမဲ့စွာဖြင့် ပြောဆိုလိုက်၏။

"ငါတို့ပင်မမျိုးရိုးက လေတိုက်ခတ်ခံရတဲ့ သစ်ပင်ကြီးတစ်ပင်ပဲ...ဘယ်လောက်များတဲ့လူတွေက ငါတို့ကို စောင့်ကြည့်နေလဲဆိုတာ ငါတို့ မသိဘူး....ဒီလူယုတ်မာလေးက ငါတို့ရဲ့မျိုးရိုးကို ဖျက်ဆီးခဲ့ရင် သူက အပြစ်သားပဲ... သေခြင်းတရားကတောင် သူ့ရဲ့အပြစ်တွေကို ချေဖျက်ဖို့ မလုံလောက်ဘူး...."

"ငါ့မှာ သားဆယ့်တစ်ယောက်ရှိတယ်... အနာဂတ်မှာ ငါ့ရဲ့မိသားစုလုပ်ငန်းကို ဆက်ခံဖို့ တစ်ယောက်ယောက် ရှိနေမှာပဲ....ဒီလူယုတ်မာလေးက အင်ပါယာရဲ့ဥပဒေအရ အပြစ်ပေးခံရရင် ဒါက သူနဲ့ထိုက်တန်တယ်...မင်း ရိုးရိုးသားသားနေစမ်း....နောက်ကွယ်ကနေ သူ့ကိုကူညီဖို့ လူတွေမလွှတ်နဲ့...ဒီတစ်ခါ တော်ဝင်နန်းတော်က တကယ်ကြီး သေမိန့်ပေးထားတယ်...အရင်ကလို သဘောထားကြီးမှာမဟုတ်ဘူး"

ကျင်းသခင်မက ထိတ်လန့်တကြား ပြောဆိုသည်။

"တော်ဝင်နန်းတော်က အတိတ်က အမှုမှတ်တမ်းတွေကိုပဲ စုံစမ်းစစ်ဆေးချင်တာ မဟုတ်ဘူးလား....ဘာလို့ ချန်အာက ပါဝင်ပတ်သက်နေတာလဲ"

"အမှုမှတ်တမ်းတွေလား...မင်း ဒါတောင် မသိဘူးလား....ဒါက ငါတို့မိသားစုကို ပစ်မှတ်ထားတဲ့ လုပ်ဆောင်မှုတစ်ခုပဲ....တော်ဝင်နန်းတွင်းက ဘာအနှောက်အယှက်မျိုးကိုမှ ဂရုမစိုက်ဘူး.... သူတို့က တကယ်ကြီး ကိုင်တွယ်တော့မှာ... ငါ့ရဲ့မိသားစုဆိုပြီးတော့ သူတို့က လုံးဝသနားညှာတာမှာမဟုတ်ဘူး..."

လင်မယားနှစ်ဦး၏ ငြင်းခုံမှုကို မှုန်ဝါးသောမျက်လုံးတစ်စုံက ကြည့်နေခဲ့သည်။

လုချန်ဆောင်နှင့်လုချင်းချန်းတို့သည် လုအိမ်တော်ရှိ အဆောက်အအုံမြင့်တစ်လုံးပေါ်တွင် ရပ်နေကြပြီး ခမ်းနားထည်ဝါသော အိမ်တော်ကို အဝေးမှ ကြည့်နေကြသည်။ သူတို့သည် စိတ်မွန်းကြပ်စွာဖြင့် သက်ပြင်းရှိုက်လိုက်ကြ၏။

"ဒါက နောက်တစ်ယောက်ပဲ... အရှင်ဧကရာဇ်က ငါတို့လုမိသားစုကို တကယ်ကြီး ကိုင်တွယ်တော့မယ်လို့ ငါ ထင်တယ်"

လုချန်ဆောင်က သက်ပြင်းရှည်ကြီးရှိုက်ပြီး ပြောဆိုသည်။

လုချင်းချန်းက မျက်မှောင်ကြုတ်ပြီး တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။

"ငါတို့လုမိသားစုက အရှင်ဧကရာဇ်ရဲ့ဆွေမျိုးတွေပဲ....ရှေးဟောင်းခေတ်ကတည်းက ဧကရာဇ်တွေက ဆွေတော်မျိုးတော်တွေကို ဦးစားပေးတယ်.... ပုံမှန်အနေနဲ့ ငါတို့လိုဆွေမျိုးတွေရဲ့အဆင့်အတန်းကို ဧကရာဇ်က မြှင့်တင်ပေးရတယ်.... ငါတို့က တော်ဝင်မိသားစု မဖြစ်နိုင်ရင်တောင် အနည်းဆုံးတော့ ကြယ်ကြွေကျသလိုမျိုး လျှင်မြန်တဲ့အရှိန်နဲ့ မြင့်တက်လာသင့်တယ်... အရှင်ဧကရာဇ်က ဘာလို့ အဲ့ဒီလိုလုပ်ခဲ့တာလဲ"

"မင်း မပြောနိုင်ဘူးလား"

လုချန်ဆောင်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"အရှင်ဧကရာဇ်က ငါတို့လုမိသားစုကို ပစ်မှတ်ထားနေတာ မဟုတ်ဘူး...သူက ထိပ်သီးမိသားစုတွေအားလုံးကို ပစ်မှတ်ထားနေတာပဲ"

လုချင်းချန် နားမလည်သေးသည်ကို မြင်တွေ့ချိန်၌ လုချန်ဆောင်က ဆက်လက်၍ပြောဆိုလိုက်၏။

"သူက အရမ်းရည်မှန်းချက်ကြီးတယ်....ရှမိသားစုက သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ခဲ့ရတယ်...အတိတ်က စည်းမျဉ်းတွေအရဆိုရင် ငါတို့က ဒါတွေကို ခွဲဝေယူရမှာပဲ...ဒါပေမဲ့ အခုတော့ ဒါတွေအားလုံးကို တော်ဝင်နန်းတော်က သိမ်းပိုက်သွားပြီ....အရှင်ဧကရာဇ်က ငါတို့လို ထိပ်သီးမိသားစုတွေကို အစပိုင်းမှာ ကြီးကြီးမားမားလှုပ်ရှားခွင့်မပေးဖို့ ရည်ရွယ်ထားပုံပဲ"

"တော်ဝင်မိသားစုကိစ္စလား... ဟား ဟား ဟား.. ငါတို့က တော်ဝင်မိသားစုမဟုတ်ဘူး..... အရှင်ဧကရာဇ်က အောက်ဘုံရဲ့မိသားစုခွဲတစ်ခုကနေ လာတာ....ဒါကြောင့် ငါတို့မှာ အားနည်းတဲ့သွေးသားတော်စပ်မှုပဲ ရှိတယ်.... ငါတို့လုမိသားစုကို ကြီးကြီးမားမားမတိုက်ခိုက်သေးတဲ့အကြောင်းရင်းက အဲ့ဒီတုန်းက အောက်ဘုံရဲ့ လုမိသားစုကို ကူညီခဲ့လို့ပဲ... မဟုတ်ရင် ငါတို့လုမိသားစုက အခုချိန်မှာ တော်ဝင်နန်းတွင်းရဲ့ ထိပ်ဆုံးကနှိမ်နင်းတာကို ခံရမယ့်လူတွေပဲ...."

လုချန်ဆောင်သည် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

"မိသားစုခွဲအသီးသီးကို ဒီအချိန်အတောအတွင်းမှာ သူတို့ရဲ့တပည့်တွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခိုင်းလိုက်ပါ.... တစ်ခုခုဖြစ်ခဲ့ရင် ပင်မမိသားစုနဲ့ မပတ်သက်စေနဲ့"

"ဒါ့ပြင် အကြီးအကဲ လုဝူသီရဲ့မွေးနေ့က ရောက်တော့မယ်...မွေးနေ့ပွဲကို အထီးကျန်လူရိုင်းကမ္ဘာမှာ ကျင်းပမယ်လို့ သူတို့ကို ပြောလိုက်ပါ...မူလခန့်မှန်းထားတဲ့ ကုန်ကျစရိတ်ကို အဆနှစ်ဆယ် တိုးမြှင့်မယ်..ငါတို့က ခမ်းခမ်းနားနား ကျင်းပရမယ်"

လုမိသားစု၏ အဆင့်မြင့်အကြီးအကဲများ ဆုံးဖြတ်ချက်ချပြီးနောက်...

ရက်အနည်းငယ်အတွင်းမှာပင် တရားရေးရုံးတော်သည် လူသတ်မှုတစ်ခု၏ရလဒ်များကို ကြေညာခဲ့လေ၏။

လွန်ခဲ့သောနှစ်နှစ်ဆယ်က တရားရေးရုံးတော်ရှိ မုဒိန်းမှုနှင့်လူသတ်မှုတစ်ခုတွင် တရားခံအစစ်အမှန်ဖြစ်သူ လုယီချန်ကို ဖမ်းဆီးခဲ့သည်။ တရားစီရင်ရေးဌာနကြီးသုံးခုသည် အမှုကို အတူတကွစစ်ဆေးခဲ့ကာ လုယီချန်သည် အမှု၏ တရားခံအစစ်အမှန်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

နှစ်နှစ်ဆယ်ကြာ မတရားစွပ်စွဲခံခဲ့ရပြီး အချောင်ခံရသူဖြစ်ခဲ့သော ရှောင်ချင်းသည် အပြစ်ကင်းစင်ကြောင်း ကြေညာပြီး ရုံးတော်မှ တရားသေလွှတ်ပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှောင်ချင်းသည် မတရားစွပ်စွဲခံရသောကြောင့် အုပ်ချုပ်ရေးအဖွဲ့ထံမှ လျော်ကြေးငွေအမြောက်အများကို ရရှိခဲ့လေ၏။ တစ်ချိန်တည်းမှာပင် တော်ဝင်သမားတော်ခန်းမဆောင်မှ တော်ဝင်သမားတော်တစ်ယောက်ကို သူ၏ကျန်းမာရေးအား ဂရုစိုက်ရန် အထူးစေလွှတ်ခဲ့သည်။

တရားခံအစစ်အမှန်ဖြစ်သူ လုယီချန်သည် သူ၏အပြစ်ဒဏ် ထင်ရှားသည့်နေ့မှာပင် သေဒဏ်ချမှတ်ခံခဲ့ရသည်။

တရားခံအစစ်အမှန်သည် သေဒဏ်ချမှတ်ခံရပြီး မတရားမှုတစ်ခုကို ရှင်းလင်းခဲ့လေ၏။

ထို့ပြင် ဤသည်မှာ ဖြစ်စဥ်များ၏အစပင်။

Chapter 5088

တစ်ပတ်အတွင်းမှာပင် တရားရေးရုံးတော်အဖွဲ့သည် သောင်းနှင့်ချီသောအမှုများကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။

ဂရုတစိုက်လေ့လာကြည့်လျှင် ဤအမှုများအနက်မှအများစုသည် ထိပ်သီးမိသားစုများနှင့် ဆက်စပ်နေပေ၏။ ပြင်းထန်သောပြစ်မှုများကျူးလွန်ခဲ့သော ထိပ်သီးမိသားစုများမှ လူငယ်အမြောက်အများသည် အတိတ်တွင် သူတို့၏နောက်ခံကြောင့် ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ခဲ့ကြသော်လည်း ယခုအချိန်၌ သူတို့အားလုံး ဖမ်းဆီးခံရသည်။

မည်သူမည်ဝါ ဖြစ်နေပါစေ မည်သည့်နောက်ခံမျိုး ရှိနေပါစေ ပြင်းထန်သောပြစ်မှုများကျူးလွန်ခဲ့သမျှ ကာလပတ်လုံး သူတို့သည် ယခုအချိန်၌ စုံစမ်းစစ်ဆေးခြင်းခံရပေမည်။

ဤကဲ့သို့ ပြင်းထန်သောထိုးနှက်မှုအောက်တွင် ဥပဒေမှလွတ်မြောက်နေသော ရာဇဝတ်သားများသာမက တော်ဝင်မြို့တော်၏ မှောင်မိုက်သောထောင့်တချို့ပင်လျှင် သန့်စင်သွားခဲ့သည်။

တရားရေးရုံးတော်သည် ဆယ်နှင့်ချီသော မြေအောက်ဂိုဏ်းများကို ထိန်းသိမ်းခဲ့ပြီး နတ်ဆိုးကျင့်ကြံသူတစ်သောင်းကျော်ကို ဖမ်းဆီးခဲ့လေ၏။

တစ်ချိန်တည်းမှာပင် တော်ဝင်မြို့တော်သည် ရှားပါးသော တိတ်ဆိတ်ငြိမ်းချမ်းမှုကို ရရှိခဲ့သည်။ ပုံမှန်အားဖြင့် သွေးဆူသောလူဆိုးလူမိုက်များပင်လျှင် ဤအချိန်အခိုက်အတန့်တွင် လေသံတိုးတိုးဖြင့်သာ စကားပြောဆိုရဲကြသည်။ သူတို့သည် အတိတ်ကဲ့သို့ ရမ်းကားဝံ့ခြင်းမရှိတော့ချေ။

မိုးကောင်းကင်ယံတွင် တရားရေးရုံးတော်မှ ဝတ်ရုံနက်ဝတ်အရာရှိများ ခေါက်တုံ့ခေါက်ပြန်ပျံသန်းသွားလာနေသည်ကို မြင်တွေ့နိုင်ပြီး ဖမ်းဆီးရန်တာဝန်ယူထားသော ပစ်မှတ်များသည် တဖြည်းဖြည်းများပြားလာပေ၏။

ကျိုးမိသားစုမှ မြို့စားတစ်သည် တစ်ချိန်က ကလေးသူငယ်လူကုန်ကူးသည့်လုပ်ငန်းကို တိတ်တဆိတ်တည်ထောင်ကာ ကလေးတချို့ကို ပြန်ပေးဆွဲပြီး တခြားနေရာများသို့ ရောင်းချခဲ့သည်။

ဤသည်မှာ ထိုမြို့စား၏ ပိုင်ဆိုင်မှုများအနက်မှ တစ်ခုသာဖြစ်ပြီး အလွန်အမင်း နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားလေ၏။ သို့ရာတွင် အဆုံးသတ်တွင် ထိုပြစ်မှုသည် တရားရေးရုံးတော်၏ စုံစမ်းစစ်ဆေးခြင်းကို ခံခဲ့ရပြီး သူတို့သည် သဲလွန်စများကို ခြေရာခံကာ ထိုမြို့စားကို ရှာဖွေတွေ့ရှိခဲ့သည်။

မြို့စားကို ကာကွယ်ရန်တာဝန်ယူထားသော နဂါးအစောင့်တပ်သည် ဤအချိန်အခိုက်အတန့်တွင် နောက်ဆုတ်ရန် ရွေးချယ်ခဲ့သည်။

တရားရေးရုံးတော်မှ မရေမတွက်နိုင်သောအရာရှိများ မြို့စားအိမ်တော်အတွင်းသို့ ပြေးဝင်ပြီး မြို့စား၏ကျင့်ကြံဆင့်ကို ချိတ်ပိတ်လိုက်ကြသည်။ ထို့နောက် သူတို့သည် သူ့ကို တရားရေးရုံးတော်၏အကျဉ်းထောင်သို့ ခေါ်ဆောင်သွားလေ၏။

ထို့နောက် လူများအားလုံးသည် ထိုမြို့စားကျူးလွန်ခဲ့သော ပြစ်မှုများအားလုံးကို သိရှိသွားကြသည်။ သူသည် ဤပြစ်မှုများအတွက် စီရင်ချက်ချပြီးနောက် သူ့အား သေဒဏ်ချမှတ်ခဲ့သည်။

ကွပ်မျက်သည့်နေ့တွင် မရေမတွက်နိုင်သောလူများသည် မြို့စား၏ဦးခေါင်း မြေသို့ကျသွားသည့်မြင်ကွင်းကို ကြည့်ရှုခဲ့ကြလေ၏။ ဤသည်မှာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

ဤမြို့စားသည် ကျိုးမိသားစုဝင်တစ်ဦးပင်။ ထိုကဲ့သို့ မြင့်မြတ်သောပုဂ္ဂိုလ်တစ်ဦးသည်လည်း တစ်နေ့တွင် သူ၏ခေါင်း မြေပြင်သို့ကျသွားလိမ့်မည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ တွေးထင်မထားခဲ့ချေ။

သွေးများသည် ကွပ်မျက်ကွင်း၏ကြမ်းခင်းကို နီမြန်းသွားစေသည်။ ယခင်က တော်ဝင်နန်းတွင်းနှင့်ပဋိပက္ခဖြစ်ခဲ့သော မိသားစုများအားလုံးသည် ဤအချိန်အခိုက်အတန့်တွင် တိတ်တဆိတ်နေရန် ရွေးချယ်လိုက်ကြသည်။

သူတို့သည် လုယွီ၏စိတ်ပိုင်းဖြတ်မှုကို ခံစားနိုင်ပေ၏။

ကျိုးမိသားစု၏မင်းသားတစ်ပါးပင်လျှင် သေဒဏ်ချမှတ်ခံရလေရာ သူတို့ဆိုလျှင် ပြောပလောက်ဖွယ်မရှိတော့ချေ။

ထိပ်သီးမိသားစုများ၏ တိတ်ဆိတ်ငြိမ်သက်သွားမှုနှင့်အတူ တရားရေးရုံးတော်၏လုပ်ဆောင်ချက်များ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ လူများသည် တစ်ဦးပြီးတစ်ဦး စစ်ဆေးခံနေရပြီး အတိတ်က ဖုံးကွယ်ထားခဲ့သောအမှုများ ပေါ်ထွက်လာခဲ့သည်။

လီစစ်ကြောင့် တရားရေးဝန်ကြီးဌာန၏အာဏာသည် ရုတ်တရက် မြင့်တက်လာပြီး တခြားဝန်ကြီးဌာနခြောက်ခု၏အထက်တွင် ရှိနေပုံရသည်။

ထို့နောက် အခွန်ဘဏ္ဍာဝန်ကြီးဌာနသည်လည်း လီစစ်၏ညွှန်ကြားချက်များကို ရရှိခဲ့သည်။ သူတို့သည် ထိပ်သီးမိသားစုအသီးသီး၏ မြေယာများကို အတင်းအဓမ္မသိမ်းပိုက်ခြင်း ကျေးကျွန်များကို အဆင်အခြင်မဲ့စုဆောင်းခြင်းနှင့် အခွန်ရှောင်ခြင်းစသည့်လုပ်ရပ်များကို တင်းတင်းကြပ်ကြပ် စုံစမ်းစစ်ဆေးခဲ့ကြသည်။

ထို့ကြောင့် တော်ဝင်မြို့တော်တွင် အလွန်ခမ်းနားထည်ဝါသောမြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိပ်သီးမိသားစုတစ်စု၏တံခါးရှေ့တွင် အခွန်ဘဏ္ဍာဝန်ကြီးဌာနမှ ဝတ်ရုံနက်ဝတ်အရာရှိတစ်ဦး ရောက်ရှိလာပေမည်။ ထိုအိမ်တော်မှ တရားခံများကို ခေါ်ဆောင်သွားပြီးသည်နှင့် အခွန်ဘဏ္ဍာဝန်ကြီးဌာနမှ ဝတ်ရုံနီဝတ်အရာရှိသည် ချက်ချင်း တံခါးဝသို့ရောက်လာပြီး အခွန်နှင့်မြေယာကိစ္စများကို စတင်စုံစမ်းစစ်ဆေးတော့သည်။

ထိပ်သီးမိသားစုများသည် ဆောင်းရာသီမှ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်နေကြ၏။ ဤသည်မှာ သူတို့သည် အရာရှိများ၏ရှေ့တွင် ထိတ်လန့်ကြောက်ရွံ့မှုကို ပထမဆုံးအကြိမ် ခံစားရခြင်းပင်။

အခွန်ရှောင်သော မည်သူမဆို အခြေအနေ၏ပြင်းထန်မှုအပေါ် မူတည်၍ တရားစီရင်ခြင်းခံရပေမည်ဖြစ်သည်။ ချမ်းသာကြွယ်ဝသောမိသားစုများသည် အတိတ်တွင် အခွန်ရှောင်ခဲ့မှုများအတွက် တန်ကြေးပြန်ပေးဆပ်ခဲ့ရသည်။ မိသားစုခေါင်းဆောင်ပင်လျှင် အကျဥ်းချခံရမှုနှင့် ရင်ဆိုင်ခဲ့ရသော မိသားစုတချို့ပင် ရှိခဲ့လေ၏။

အတင်းအဓမ္မသိမ်းပိုက်ခဲ့သော မြေယာများနှင့်ပတ်သက်၍ အုပ်ချုပ်ရေးအဖွဲ့က ထိုအရာအားလုံးကို သိမ်းဆည်းမည်ဖြစ်ပြီး အပြစ်ရှိသောမိသားစုများသည် ကြီးမားသောဒဏ်ကြေးကို ပေးဆောင်ရပေမည်။

သို့သော် ဤအချက်နှင့်ပတ်သက်၍ တော်ဝင်နန်းတွင်းမှ ညှာတာထောက်ထားမှုတစ်ခုကို ပြသထားသည်။

သတ်မှတ်ထားသောအချိန်အတွင်း အခွန်ကိုပေးဆောင်ပြီး မြေယာကို တက်ကြွစွာလွှဲပြောင်းပေးလျှင် ထိုမိသားစုကို အုပ်ချုပ်ရေးအဖွဲ့မှ ညှာတာထောက်ထားပြီး သဘောထားကြီးပေးပေမည်။

အချိန်တိုအတွင်းမှာပင် တော်ဝင်မြို့တော်၏ တရားရုံးတော်ရှေ့၌ လူများဖြင့် ပြည့်ကျပ်သွားသည်။ ချမ်းသာကြွယ်ဝသော မိသားစုအမြောက်အများသည် သူတို့၏သံတမန်များကို စေလွှတ်ပြီး ခေါင်းငုံ့ကာ သူတို့၏အမှားများကို ဝန်ခံခဲ့ကြသည်။

Chapter 5089

ဤအချိန်အခိုက်အတန့်တွင် ထိပ်သီးမိသားစုများအားလုံး တော်ဝင်နန်းတွင်း၏လုပ်ဆောင်ချက်များသည် သူတို့ကို ပစ်မှတ်ထားနေကြောင်း သိရှိသွားကြသည်။

မရေမတွက်နိုင်သော ထိပ်သီးမိသားစုများ ထိတ်လန့်တကြားဖြစ်နေစဉ်မှာပင် တော်ဝင်နန်းတွင်းမှ တော်ဝင်အမိန့်တော်အသစ်တစ်ခု ထုတ်ပြန်ကြေငြာခဲ့သည်။

ဤတစ်ကြိမ်တွင် မူဝါဒကြေညာချက်မဟုတ်ဘဲ လုယွီနှင့်ပတ်သက်သော အမိန့်တစ်ခု ဖြစ်နေပေ၏။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမတ်ကြီးလျှိုပင်းကျုံးသည် ဧကရာဇ်၏နန်းဆောင်အဖြစ် အသုံးပြုရန် တော်ဝင်မြို့တော်ပြင်ပတွင် ကောင်းကင်ဖျက်ဆီးခြင်းနန်းတော်ကို တည်ဆောက်ခဲ့သည်။

လုယွီသည် ထိုနန်းတော်ကို သူကိုယ်တိုင် ပုံစံထုတ်ခဲ့ပြီး လျှိုပင်းကျုံးက ဤကိစ္စကို တာဝန်ယူခဲ့သည်။ ထိုနန်းတော်ကို ဆယ်ရက်အတွင်း တည်ဆောက်ခဲ့ပြီး မည်သည့်အမှားအယွင်းကိုမျှ ခွင့်မပြုခဲ့ချေ။

ဤအမိန့်ကိုပေးလိုက်သည်နှင့် တော်ဝင်နန်းတော်တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ထိပ်သီးမိသားစုသည်လည်း စိတ်လှုပ်ရှားသွားပေ၏။

သူတို့ အစိုးရိမ်ဆုံးမှာ ဧကရာဇ်သည် လုံ့လဝီရိယရှိပြီး မည်သည့်လာလ်လာဘကိုမျှ လက်မခံခြင်းပင်။ ဤသည်မှာ ထိပ်သီးမိသားစုများအတွက် ကောင်းမွန်သောကိစ္စတစ်ရပ် မဟုတ်ချေ။

သို့ရာတွင် လူသားဖြစ်သမျှ ကာလပတ်လုံး လောဘရှိသည်။

သူတို့သည် ဧကရာဇ်၏လောဘကို ကျေနပ်စေသမျှ ကာလပတ်လုံး ထိုကိစ္စမှတဆင့် အကျိုးအမြတ်များ ရရှိနိုင်သည်။

ရုတ်ချည်းဆိုသလိုပင် တစ်စုံတစ်ယောက်သည် လျှိုပင်းကျုံးကို ရှာဖွေပြီး ဧကရာဇ်၏နန်းတော်ကို တည်ဆောက်ရာတွင် ကူညီရန် ငွေလှူဒါန်းလိုကြောင်း ပြောဆိုခဲ့သည်။

ထိုမျှသာမက ကောင်းကင်ဘုံနယ်မြေရှိ နေရာဒေသအသီးသီးသို့ သွားရောက်ကာ အဖိုးတန်ကျောက်မျက်များနှင့် သစ်သားများကို ရှာဖွေပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နန်းတော်တည်ဆောက်ရာတွင် ကူညီလိုသော လူချမ်းသာကုန်သည်အမြောက်အများလည်း ရှိခဲ့ပေ၏။ အချိန်ဆယ်ရက်သာရှိကြောင်း လူတိုင်း သိရှိထားကြသည်။

သာမန်လောကတွင် ဆယ်ရက်ကြာ ဆောက်လုပ်ရုံဖြင့် ခမ်းနားထည်ဝါသောနန်းတော်တစ်ခုကို တည်ဆောက်ရန်မှာ မဖြစ်နိုင်ပေ။

သို့ရာတွင် ကျင့်ကြံခြင်းအင်ပါယာအတွက်မူ သူတို့သည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်မှုပညာရှင်တစ်ဦးကို ရွေးချယ်နိုင်သည်။ ထိုလက်မှုပညာရှင်များအနက်မှ အများစုသည် လောကီအင်မော်တယ်နယ်ပယ်နှင့်အထက် ကျင့်ကြံဆင့်ရှိကြသည်။ သူတို့၏ဆောက်လုပ်ရေးနည်းစနစ်ကို အပြည့်အဝအသုံးချလိုက်သည်နှင့် ဖုန်မှုန့်များ နေရာတိုင်းတွင် ပျံဝဲသွားလိမ့်မည်။ ကျောက်တုံးများသည် တစ်ချိန်တည်းတွင် ပျံ့လွင့်သွားမည်ဖြစ်ပြီး သူတို့သည် တောင်များနှင့်မြစ်များကို ရွှေ့ပြောင်းနိုင်ကာ စွမ်းဆောင်ရည် အလွန်မြင့်မားသည်။ နန်းတော်တည်ဆောက်ပြီးစီးရန်မှာ အချိန်ဆယ်ရက်ထက်ပင် လျော့နည်းနိုင်ဖွယ်ရှိသည်။

ဆောက်လုပ်ရေးမစတင်မီအချိန်သည် ထိပ်သီးမိသားစုအသီးသီးက လုယွီအား သူတို့၏စေတနာကို ဖော်ပြရန် အခွင့်အရေးဖြစ်ပေမည်။

"အားလုံးပဲ....စိတ်ပူစရာမလိုပါဘူး..

အရှင်ဧကရာဇ်က ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ပြင်ဆင်ပြီးသားပါ.... ခင်ဗျားတို့ရဲ့စေတနာကို ကျွန်တော်တန်ဖိုးထားပါတယ်"

လျှိုပင်းကျုံးသည် ထိပ်သီးမိသားစုများစွာ၏ ဖိတ်ကြားမှုများနှင့်ကမ်းလှမ်းမှုများကို ရင်ဆိုင်ခဲ့ရသော်လည်း သူသည် လက်ဝှေ့ယမ်းကာ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့လေ၏။

လူတိုင်းကို ငြင်းဆိုပြီးနောက် လျှိုပင်းကျုံးသည် နန်းတော်တည်ဆောက်ရန် ချက်ချင်းသွားရောက်ခဲ့သည်။

တချို့လူများက ဤနန်းတော်သည် ကောင်းကင်ဘုံနယ်မြေမှ သီးခြားခွဲထုတ်ထားသော မတူညီသောလေဟာနယ်တစ်ခုတွင် တည်ဆောက်ထားခြင်းရှိမရှိကို မေးမြန်းစုံစမ်းခဲ့ကြသည်။ သို့ရာတွင် သူတို့သည် ဤအကြောင်းကို ကြိုးစားပမ်းစားစုံစမ်းသည့်တိုင် မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့ခဲ့ချေ။

သီးခြားလေဟာနယ်၏ဝင်ပေါက်တွင် နဂါးအစောင့်တပ်များနှင့် တော်ဝင်နန်းတွင်းမှ ထိပ်သီးကျင့်ကြံသူများ စောင့်ကြပ်နေကြသည်။ သူတို့သည် ပတ်ဝန်းကျင်ကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ပြီး မည်သူ့ကိုမျှ ချဉ်းကပ်ခွင့်မပြုခဲ့ပေ။

"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ကြီးမားတဲ့တုန်ခါမှုကြီးတစ်ခု ဖြစ်ပွားခဲ့တယ်...ဘာလို့ ရုတ်တရက်ကြီး မြေပြင်လှုပ်ခတ်သွားတာလဲ..."

"ကောင်းကင်ဖျက်ဆီးခြင်းနန်းတော်... အရှင်ဧကရာဇ်က ဘာကိုစီစဉ်နေတာလဲ"

လူအများသည် ထင်ကြေးပေးနေခဲ့ကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အကြောင်းအရင်းကို မသိခဲ့ကြချေ။

...

တော်ဝင်နန်းတွင်းနှင့် ထိပ်သီးမိသားစုများ အချေအတင်ဖြစ်နေစဉ်မှာပင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော သတင်းတစ်ပုဒ်က ကျင့်ကြံခြင်းလောကတခွင်လုံး၌ ပျံ့နှံ့လာခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သောသတင်းတစ်ပုဒ်သည် ကျင့်ကြံသူအသိုင်းအဝိုင်းအတွင်းတွင် ထွက်ပေါ်လာခဲ့ပေ၏။ ဤသတင်းသည် လူရိုင်းနယ်စပ်ကြယ်မြစ်မှ လာခြင်းဖြစ်ပြီး လူအများသည် အချင်းချင်း သတင်းအချက်အလက်များ ပေးပို့ကြရာမှတဆင့်ထိုသတင်းသည် ပို၍ပို၍မှန်ကန်တိကျလာခဲ့သည်။

ကင်းထောက်များအားလုံး၏ ဖော်ပြချက်များအရ လူရိုင်းနယ်စပ်ကြယ်မြစ်၏ တောင်ပိုင်းတွင် ထူထပ်သိပ်သည်းသော သစ်တောတစ်ခုရှိသည်။ ထိုနေရာသည် မူလက စိမ်းလန်းစိုပြေပြီး အသက်စွမ်းအားများဖြင့် ပြည့်နှက်ခဲ့သော်လည်း နေ့တစ်နေ့အရောက်၌ မြေပြင်တပြင်လုံး ရုတ်တရက်တုန်ခါသွားခဲ့သည်။ ဤသည်မှာ ကြည်လင်သောမိုးကောင်းကင်ယံမှ မိုးကြိုးပစ်ခတ်လိုက်သည့်အလားပင်။ နားကွဲလုမတတ်ကျယ်လောင်သောအသံများသည် နေရာအနှံ့အပြားတွင် ပဲ့တင်ထပ်သွားပေ၏။

ရုတ်ချည်းဆိုသလိုပင် ယင်ချီစွမ်းအားများသည် မိုးကောင်းကင်ယံသို့ တဟုန်ထိုးမြင့်တက်သွားသည်။ အဆုံးအစမဲ့သောတိမ်မည်းများက ပူလောင်သောနေမင်းကြီးကို လွှမ်းခြုံသွားသည်။ အနက်ရောင်မြူခိုးများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားပြီး ထူသိပ်သည်းသောသစ်တောကို ရှုရာငရဲနယ်မြေတစ်ခုကဲ့သို့ ဖြစ်စေသည်။

ယခင်က ထိုနေရာတွင် နေထိုင်ခဲ့သော လူရိုင်းမျိုးနွယ်စုအချို့သည် ညဉ့်နက်ပိုင်းတွင် ထူထပ်သိပ်သည်းသောတောအုပ်၏ နက်ရှိုင်းသောနေရာမှ ထွက်ပေါ်လာသော သရဲတစ္ဆေများ၏ငိုကြွေးမြည်တမ်းသံများနှင့် အော်ဟစ်သံများကို ဝိုးတဝါးကြားနိုင်ခဲ့ကြသည်။

တချို့မျိုးနွယ်စုများသည် စုံစမ်းစစ်ဆေးရန် လူများစေလွှတ်ခဲ့ကြ၏။ သို့ရာတွင်သူတို့သည် အတော်အတန်ဝေးသောနေရာသို့ လျှောက်လှမ်းသွားပြီးနောက် သူတို့၏ဦးတည်ရာကို ပျောက်ဆုံးသွားခဲ့ကြသည်။

Chapter 5090

ဤတောနက်ကြီးအတွင်းတွင် မွေးဖွားစဥ်ကနည်းက နေထိုင်ခဲ့ကြသော လူရိုင်းများပင်လျှင် အခန့်မသင့်လျှင် လမ်းပျောက်သွားနိုင်သည်။ ထို့ကြောင့် တခြားလူများသည် သူတို့၏ခရီးလမ်းကို ဆက်လက်၍သွားရန် နည်းလမ်းရှာဖွေနိုင်မည် မဟုတ်ချေ။

လူအမြောက်အများသည် အမှောင်မြူခိုး၏အဆုံးသတ်ကို ရှာဖွေနေကြသည်။ သို့ရာတွင် သူတို့သည် လမ်းတစ်ဝက်အရောက်တွင် မြူခိုးများအတွင်းမှ ထွက်လာကြကာ ရှေ့သို့ဆက်သွားနိုင်ခြင်းမရှိပေ။

သို့ရာတွင် အမှောင်မြူခိုးများ၏နက်ရှိုင်းသောနေရာကို ရှာဖွေတွေ့ရှိရန်အတွက် အထူးနည်းလမ်းအချို့ကို အသုံးပြုခဲ့သောလူတချို့ ကျန်ရှိနေဆဲပင်။

ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများသည် အရပ်မျက်နှာအဘက်ဘက်သို့ မျောလွင့်နေပြီး တောင်ကြားတစ်ခုအတွင်းတွင် မြင့်မားသောနန်းတော်တစ်ခု တည်ရှိနေသည်။

ဤနန်းတော်သည် လက်ရာမြောက်ပြီး ခမ်းနားထည်ဝါကာ ခံ့ညားပေ၏။ ဤသည်မှာ အလွန်ရှေးကျသော နန်းတော်တစ်ခု ဖြစ်ပုံရသည်။

ထိုနန်းတော်၏ထိပ်တွင် သရဲတစ္ဆေမျက်နှာအမှတ်အသားတစ်ခု ရှိသည်။

ဤသည်မှာ သူတို့ ရရှိခဲ့သော သတင်းအချက်အလက်များအားလုံးပင်။ ထိုအရာများသည် အလွန်အကန့်အသတ်ရှိသော်လည်း သူတို့သည် တစ်စုံတစ်ခုကို ချက်ချင်းသိရှိသွားပေ၏။

"ဒါက မြေအောက်လောကတာအိုသခင်ရဲ့ သင်္ကေတပဲ....."

ထိုသရဲတစ္ဆေမျက်နှာအမှတ်အသားကို ကြည့်ပြီး မြင့်မြတ်နယ်မြေများရှိ ဂိုဏ်းများအားလုံးသည် အချိန်တခဏအတွင်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်သွားကြသည်။

လူရိုင်းနယ်ပယ်စပ်နှင့် မိုင်ပေါင်းထောင်နှင့်ချီ၍ဝေးကွာသော အခြားကြယ်နယ်မြေများမှ ဂိုဏ်းများပင်လျှင် ဤသတင်းကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ သူတို့အားလုံးသည် ထိုသတင်းအပေါ် အာရုံစူးစိုက်လိုက်ကြ၏။

"မြေအောက်လောကတာအိုသခင် သေဆုံးပြီးတဲ့နောက် မြေအောက်လောကမှာ ပြင်းထန်တဲ့ အတွင်းရေးပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့တယ်...အတိတ်မှာ မြေအောက်လောကတာအိုသခင် ပိုင်ဆိုင်ခဲ့တဲ့နန်းတော်တွေနဲ့မှော်ရတနာတွေအများစုက နေရာအနှံ့အပြားကို လွင့်စင်သွားခဲ့တယ်... ဒီနေ့ ဒီနေရာမှာ အဲ့ဒီအရာတွေထဲကတစ်ခုကို တွေ့ရမယ်လို့ ငါ မထင်ထားခဲ့ဘူး"

"ဒီနန်းတော်က... အတိတ်တုန်းက မြေအောက်လောကတာအိုသခင် ကျင့်ကြံခဲ့တဲ့ဂူ ဖြစ်နိုင်မလား...အဲ့ဒီနေရာထဲက ရတနာတွေက အရမ်းကြီးကျယ်ခမ်းနားမယ်လို့ ငါ ထင်တယ်..."

ကျင့်ကြံခြင်းလောကမှ လူများအားလုံး စိတ်လှုပ်ရှားနေကြသည်။

ထိုမြေအောက်လောကတာအိုသခင်သည် မည်သူဖြစ်သနည်း.....

နှစ်တစ်ရာအတွင်း၌ သူသည် လောကကြီး၏နံပါတ်တစ်တာအိုသခင်ပင်။

သူသည် လောကကြီးကို လှိုင်းထန်စေခဲ့ပြီး မည်သူကမျှ သူ့ကို မယှဉ်နိုင်ခဲ့ချေ။ ထိုက်ချန်ဧကရာဇ်ပင်လျှင် သူနှင့်အတူ သေကြေပျက်စီးသွားခဲ့သည်။

ထိုကဲ့သို့ ပြိုင်ဘက်ကင်းထိပ်သီးကျင့်ကြံသူသည် တာအိုသခင်နယ်ပယ်တွင်ပင် ရှားပါးသော တည်ရှိမှုတစ်ခုဖြစ်ပေ၏။

မည်သူမဆို ဤနန်းတော်ကို ရရှိနိုင်လျှင် မြေအောက်လောကတာအိုသခင်၏ အမွေအနှစ်ကို ရရှိရန် အခွင့်အရေးမြင့်မားပေလိမ့်မည်။ ဤသည်မှာ မိုးကောင်းကင်ကို တုန်လှုပ်စေနိုင်သော ကံကြမ္မာကောင်းတစ်ခုပင်။ သူတို့အတွက် ဤကံကြမ္မာကောင်းကြီးသည် အမြင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကြီးဖြစ်သည်။

"လူရိုင်းနယ်စပ်ကို စုံစမ်းစစ်ဆေးဖို့ ချက်ချင်းလူလွှတ်လိုက်စမ်း...."

"ငါတို့ ဒီအခွင့်အရေးကို လုံးဝလက်လွှတ်ခံလို့မဖြစ်ဘူး...ဂိုဏ်းက ထိပ်သီးအကြီးအကဲတွေအားလုံး ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြစမ်း..."

"ဟား ဟား ဟား... ငါတို့ဂိုဏ်းရဲ့ ပြန်လည်မြင့်တက်မှုက ဖြစ်ပေါ်လာတော့မယ်... ဒါက ကောင်းကင်ဘုံက ချီးမြှင့်တဲ့ အခွင့်အရေးကြီးပဲ...မင်းတို့အားလုံး လူရိုင်းနယ်စပ်ကို ငါနဲ့အတူ လိုက်ခဲ့ကြစမ်း..."

အချိန်တခဏအတွင်းမှာပင် လမ်းမှန်ဂိုဏ်းများဖြစ်စေ နတ်ဆိုးဂိုဏ်းများဖြစ်စေ ဂိုဏ်းအသီးသီးသည် လူရိုင်းနယ်စပ်သို့ ထိပ်သီးကျင့်ကြံသူအမြောက်အများကို စေလွှတ်ခဲ့ကြသည်။

လူရိုင်းနယ်စပ်ကြယ်မြစ်မှ အရာရှိများသည်လည်း ထိုသတင်းကို ကြိုတင်ရရှိခဲ့ကြပြီး တော်ဝင်နန်းတော်သို့ သတင်းပို့ခဲ့လေ၏။

ဤသတင်းပို့စာလွှာသည် တောင်ပုံရာပုံဖြစ်နေသော သတင်းပို့စာလွှာအမြောက်အများနှင့် ရောနှောနေပြီး အလွန်မသိသာမထင်ရှားပုံရသည်။ အဆုံးသတ်တွင် ထိုသတင်းပို့စာလွှာသည် အုပ်ချုပ်ရေးရုံးတော်၏ဖယ်ရှားခြင်းကို ခံရပြီးနောက်ပင် လုယွီ၏လက်အတွင်းသို့ မရောက်ရှိခဲ့ချေ။

...

ကျင့်ကြံခြင်းလောကတွင် မည်သည့်ကိစ္စများ ဖြစ်ခဲ့သည်ကို လုယွီ မသိခဲ့ပေ။

သူသည် မိုးပြာနက်နဲသိမ်မွေ့သားရဲကို လူရိုင်းနယ်စပ်ကြယ်မြစ်သို့ ခေါ်ဆောင်လာခဲ့သည်။

ခန့်ညားထည်ဝါသောဧကရာဇ်သည် လူရိုင်းနယ်စပ်ကြယ်မြစ်သို့ တိတ်တဆိတ် ရောက်လာလိမ့်မည်ဟု မည်သူမျှမသိခဲ့ပေ။ လုယွီလုပ်ခဲ့သမျှ အရာအားလုံးသည် ပြင်ပလောကကို ဖုံးကွယ်ထားပေ၏။

တော်ဝင်နန်းတော်တွင် လီစစ်ထုတ်ပြန်ခဲ့သော မဟာဗျူဟာများသည် အရာရှိများအားလုံးကို အလုပ်ရှုပ်စေခဲ့ပြီးဖြစ်သည်။ သူတို့သည် လုယွီမည်သည့်နေရာ၌ရှိသည်ကို ဂရုစိုက်ရန် အချိန်မရှိခဲ့ကြချေ။

မည်သို့ဆိုစေကာမူ အရာရှိများအားလုံးအတွက် သူတို့ ရင်ဆိုင်ရမည့်လူသည် လီစစ်ဖြစ်ပြီး လုယွီမဟုတ်ပေ။ လီစစ်သည် လုယွီ၏ပြောရေးဆိုခွင့်ရှိသူဖြစ်ကြောင်း လူတိုင်းသိရှိထားသည်။ သို့ရာတွင် လီစစ်၏လုပ်ဆောင်ချက်များသည် အလွန်ကြမ်းတမ်းပေ၏။ သူသည် မည်သည့်ကိစ္စကိုမဆို အလွန်စည်းကမ်းတင်းကျပ်စွာ လုပ်ဆောင်သည်။ သူသည် မည်သို့ခင်မင်ရင်းနှီးမှုမျိုးရှိနေပါစေ ထည့်မတွက်ဘဲ အမှားအမှန်ကိုသာ ဂရုစိုက်သည်။ ဤသည်မှာ အရာရှိအမြောက်အများကို စိတ်သောကရောက်စေခဲ့သည်။

လီစစ် ရှိနေခြင်းကြောင့် လုယွီသည် ကန့်လန့်ကာနောက်ကွယ်တွင် နေနိုင်ပေလိမ့်မည်။

ဤတစ်ကြိမ်တွင် လုယွီသည် လူရိုင်းနယ်စပ်၏အုပ်ချုပ်သူအရှင် စုန့်ချင်းဟူအပါအဝင် မည်သူ့ကိုမျှ အကြောင်းမကြားခဲ့ချေ။

ဤအချိန်အခိုက်အတန့်တွင် စုန့်ချင်းဟူသည် သူ၏တပ်များကို ဦးဆောင်ကာ လူရိုင်းနယ်စပ်ကြယ်မြစ်သို့ ပြန်ရောက်သွားလေပြီ။ လုယွီသည် သူ့ကို "ကျန်းနန်အမတ်ကြီး" ဘွဲ့ကို ပေးအပ်ခဲ့ပြီး သူသည် ကြီးမားကျယ်ပြန့်သောလူရိုင်းနယ်စပ်ကို ထိန်းချုပ်ရာ၌ ကူညီနိုင်မည်ဟု မျှော်လင့်ခဲ့သည်။

All Chapters