အခန်း (၅၀၉၁-၅၀၉၅)
Vol. 258 Ch. 5091-5095
Chapter 5091
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ပါကျိုးပြည်နယ်ဟုခေါ်သော နေရာတစ်နေရာသို့ ရောက်ရှိနေလေပြီ။
ပါကျိုးပြည်နယ်ကို ပြည်နယ်ဟုခေါ်သော်လည်း ဤနေရာသည် အမှန်အားဖြင့် လူရိုင်းနယ်စပ်ကြယ်မြစ်၏တောင်ဘက်တွင် တည်ရှိသော ကြယ်နယ်မြေတစ်လုံးဖြစ်ပြီး အလွန်အမင်း ဝေးလံခေါင်သီသော နေရာတွင် တည်ရှိပေ၏။
ဤကြယ်နယ်မြေပေါ်တွင် လူသားမျိုးနွယ်သည် စုစုပေါင်းလူဦးရေ တစ်သန်းခန့်သာရှိပြီး အလွန်ရှားပါးသည်။ သူတို့အနက်မှအများစုသည် လူရိုင်းမျိုးနွယ်စုမှ လူရိုင်းများဖြစ်ကြသည်။ ထိုလူရိုင်းများသည် ရှေးဟောင်းဓလေ့ထုံးစံအချို့ကို ထိန်းသိမ်းထားဆဲပင်။ သူတို့သည် ထူထပ်သိပ်သည်းသော တောအုပ်ကြီးများအတွင်းတွင် နေထိုင်ကြကာ သူတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ ရှိကြသည်။ သူတို့သည် ပြင်ပလောကကြီးနှင့် အဆက်အသွယ်ပြတ်နေကြပေ၏။
ပါကျိုးပြည်နယ်တွင် လူသားမြို့တစ်မြို့သာရှိပြီး ဤသည်မှာလည်း ပြည်နယ်၏တည်ရှိမှုကို ပြသခြင်းသာဖြစ်သည်။ ဤကြယ်နယ်မြေလူဦးရေနည်းပါးသောကြောင့် ကြယ်နန်းတော်တစ်ခု တည်ထောင်ရန် မလိုအပ်ချေ။ ထို့ကြောင့် သူတို့သည် ဤနေရာတွင် "စီရင်စုရုံးတော်" တစ်ခုသာ တည်ထောင်ထားပြီး အနီးအနားရှိ ကြယ်နန်းတော်၏စီရင်ပိုင်ခွင့်အောက်တွင် ရှိသည်။
"တစ်နည်းအားဖြင့်ပြောရရင် ဒါက မင်း လာခဲ့တဲ့နေရာပေါ့..."
လုယွီသည် မိုးပြာနက်နဲသိမ်မွေ့သားရဲ၏ နူးညံ့သောအမွေးများကို ပွတ်သပ်ရင်း တီးတိုးရေရွတ်လိုက်၏။
မိုးပြာနက်နဲသိမ်မွေ့သားရဲသည် ငယ်ရွယ်သော်လည်း အင်မော်တယ်သားရဲတစ်ကောင်ဖြစ်သဖြင့် နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ လုယွီနှင့် ဆက်သွယ်နိုင်သည်။
မိုးပြာနက်နဲသိမ်မွေ့သားရဲနှင့် စကားပြောဆိုပြီးနောက် လုယွီက ဤသားရဲသည် ပါကျိုးပြည်နယ်၏ ထူထပ်သိပ်သည်းသောတောအုပ်အတွင်းမှလာကြောင်း သိရှိခဲ့ရသည်။
ဤသားရဲ၏မှတ်ဉာဏ်အတွင်းတွင် ပါကျိုးပြည်နယ်၏ ထူထပ်သိပ်သည်းသောတောအုပ်အတွင်း၌ ရှေးကျပြီးအစွမ်းထက်သော အင်မော်တယ်သားရဲအမြောက်အများ နေထိုင်ခဲ့သည်။ သူတို့သည် ငယ်ရွယ်သော မိုးပြာနက်နဲသိမ်မွေ့သားရဲအတွက် အလွန်အမင်းခြိမ်းခြောက်နိုင်မှုတစ်ရပ် ဖြစ်စေသည်။ ဤသားရဲ၏ဝိုးတဝါးမှတ်ဉာဏ်များအတွင်းတွင် ထိုအင်မော်တယ်သားရဲများသည် အားနည်းသောသားရဲများကို မကြာခဏ လိုက်လံသတ်ဖြတ်လေ့ရှိသည်။ ဤသည်ကြောင့် သူသည် ဤတောအုပ်အတွင်းမှ ထွက်ပြေးရန်မှတပါး တခြားရွေးချယ်စရာမရှိခဲ့ပေ။ သူသည် လှည့်ပတ်ပြေးလွှားနေရင်း ဝူကျောက်နှင့်ဝူယာတို့၏ လက်အတွင်းသို့ ရောက်ရှိသွားလေ၏။
လုယွီက ဤသားရဲသည် လိမ်ညာနေခြင်းမဟုတ်ကြောင်း သိရှိထားသည်။ သူသည် ရိုးရှင်းသော စုံစမ်းမေးမြန်းမှုတစ်ခုကို ပြုလုပ်ပြီးနောက် ထိုအင်မော်တယ်သားရဲများ၏ မူလအစကို ခန့်မှန်းမိပြီးဖြစ်သည်။
သူသည် ဤအင်မော်တယ်သားရဲများအတွက် သူကိုယ်တိုင်ကိုယ်ကျ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပေ၏။
"ယိယ.... ယိယ...."
မိုးပြာနက်နဲသိမ်မွေ့သားရဲသည် ငယ်ရွယ်နုနယ်သောအော်သံကို ပြုလုပ်ရင်း လုယွီ၏နောက်တွင်မှီတွယ်ကာ အသံတိုးတိုးဖြင့် အော်ဟစ်သည်။
လုယွီက မျက်မှောင်ကြုတ်ပြီး သူ၏နောက်သို့ ကြည့်လိုက်သည်။
"မသေချင်တဲ့သူတွေ....အခုချက်ချင်း ထွက်သွားကြစမ်း....."
လုယွီ၏စကားများသည် မည်သည့်တုံ့ပြန်မှုကိုမျှ မရရှိခဲ့ချေ။
အချိန်တခဏကြာပြီးနောက် လုယွီ၏နောက်မှနေ၍ ကြမ်းတမ်းသောပုံပန်းသွင်ပြင်ရှိသည့် လူရိုင်းဆယ်ယောက်ကျော် ပြေးထွက်လာကြသည်။ သူတို့သည် ထူးဆန်းသော မှော်ရတနာအမျိုးမျိုးကို ကိုင်ဆောင်ထားကြပြီး သူတို့၏မျက်နှာများပေါ်တွင် ရက်စက်ကြမ်းတမ်းသောအမူအယာများဖြင့် ပြည့်နှက်နေပေ၏။
ဤအုပ်စု၏ခေါင်းဆောင်လူရိုင်းသည် အရပ်သုံးမီတာခန့်မြင့်ပြီး လူဘီလူးကြီးတစ်ဦးနှင့်တူသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ထူထပ်သိပ်သည်းသော အမှတ်အသားပုံစံများဖြင့် ဖုံးလွှမ်းနေပြီး သူ၏လည်ပင်းတွင် ဝံပုလွေသွားသုံးချောင်းကို ချည်နှောင်ထားသည်။ သူ၏ပုံပန်းသွင်ပြင်သည် ကြောက်မက်ဖွယ်ကောင်းပေ၏။
"ငါတို့နေရာကို နုနယ်တဲ့ကောင်လေးတစ်ယောက် ရောက်လာလိမ့်မယ်လို့ ငါ မယုံနိုင်ဘူး... သူ့ရဲ့အဝတ်အစားကို ကြည့်စမ်း...သူက ချမ်းသာတဲ့မိသားစုက သခင်လေးတစ်ယောက်ဖြစ်မှာ သေချာတယ်..သူ့ကို သတ်လိုက်ကြစမ်း...ငါတို့ဒီနေ့ ချမ်းသာပြီ..."
လူရိုင်းခေါင်းဆောင်က အက်ရှရှအသံဖြင့် ပြောဆိုသည်။ သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် လေဟာနယ်ကို ပြင်းထန်စွာ တုန်ခါသွားစေပေ၏။
သူသည် လူရိုင်းဘာသာစကားဖြင့် ပြောဆိုလိုက်သော်လည်း လုယွီသည် သူ ပြောနေသည့်စကားများကို နားလည်နေဆဲပင်။
ဤသည်မှာ ဓားပြအုပ်စုတစ်စုပင်။ သူတို့သည် လုယွီ၏နောက်မှ တိတ်တဆိတ်လိုက်ပါလာပြီး သူ့ကို လုယက်ရန် ပြင်ဆင်နေကြသည်။
လုယွီသည် ခရီးရှည်တစ်ခု ထွက်လာခဲ့လေ၏။ သူသည် နဂါးဝတ်ရုံကို မဝတ်ဆင်ထားသော်လည်း ခမ်းနားထည်ဝါသောဝတ်ရုံကို ဝတ်ဆင်ထားသည်။ တစ်ချက်ကြည့်ရုံဖြင့် သူဝတ်ဆင်ထားသည်မှာ အလွန်ဈေးကြီးသော ဝတ်ရုံဖြစ်ကြောင်း သိနိုင်သည်။ ဤသည်မှာ ဓားပြများအတွက် သေစေနိုင်သော ဆွဲဆောင်မှုတစ်ခုပင်။
"ကောင်လေး...မင်းရဲ့ပစ္စည်းတွေကို ဒီနေရာမှာ ထားခဲ့စမ်း..."
လူရိုင်းခေါင်းဆောင်သည် ရှေ့သို့တိုးလာပြီး လုယွီအား ခြေဟန်လက်ဟန်ဖြင့် ခြိမ်းခြောက်လိုက်၏။
သို့ရာတွင် သူ၏စကားမဆုံးမီမှာပင် လုယွီ၏လက်ဝါးမှ ထက်ရှသောဓားချီစွမ်းအားလှိုင်းတစ်ရပ် ထွက်ပေါ်လာပြီး အနီးအနားရှိ လူရိုင်းများအားလုံးကို ချက်ချင်းသတ်ဖြတ်လိုက်သည်။
ပတ်ဝန်းကျင်နေရာအနှံ့အပြား၌ သွေးများအိုင်ထွန်းသွားသည်။ လူရိုင်းခေါင်းဆောင်သည် နေရာတွင်ပင် တောင့်တင်းသွားကာ သူသည် သူ၏မျက်လုံးများကို မယုံကြည်နိုင်တော့ချေ။
အချိန်တခဏအကြာတွင် လူရိုင်းခေါင်းဆောင်သည် ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ ထို့နောက် သူသည် နောက်သို့ပြန်လှည့်ပြီး ထွက်ပြေးသွားတော့သည်။
သို့ရာတွင် နောက်ထပ်အချိန်တခဏတွင် ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု မိုးကောင်းကင်ယံမှ ကျဆင်းလာသည်။ ထိုအရာသည် အချိန်တခဏအတွင်းတွင် ရောက်ရှိလာပြီး သူ့ကို သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားစေသည်။
"ဆူညံလိုက်တာ...."
လုယွီက လက်ဝှေ့ယမ်းလိုက်သည်။ သူသည် ဤလူရိုင်းများနှင့် အချိန်ဖြုန်းလိုခြင်းမရှိချေ။ ထိုအစား သူသည် ပါကျိုးပြည်နယ်၏ ထူထပ်သိပ်သည်းသောတောအုပ်မှ နက်ရှိုင်းသောနေရာသို့ ပျံသန်းသွားသည်။
Chapter 5092
ကျယ်ပြန့်သော တောနက်ကြီးအတွင်းတွင် သစ်ပင်မြင့်ကြီးများ ရှိနေသည်။
မီတာတစ်ရာကျော်မြင့်သော ဧရာမသစ်ပင်များကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ ထိုအရာများတွင် စိမ်းလန်းစိုပြေသော အကိုင်းအခက်များနှင့် အရွက်များရှိပြီး မိုးကောင်းကင်သို့ ထိုးတက်နေပုံရသည်။ ထိုသစ်ပင်များသည် မားမားမတ်မတ်တည်ရှိနေသော လူဘီလူးများအလားပင်။
ဧရာမသစ်ပင်များအထက်တွင် တစ်နှစ်ပတ်လုံး လွင့်ပြယ်သွားခြင်းမရှိသော ထူထပ်သိပ်သည်းသည့် မြူခိုးများရှိသည်။ ထိုမြူခိုးများသည် တောအုပ်ကြီးအထက်တွင် မျောလွင့်နေပြီး တောအုပ်တစ်ခုလုံးကို လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့စေသည်။
လုယွီသည် လမ်းတလျှောက် အရှိန်ပြင်းစွာ ပျံသန်းခဲ့လေ၏။ သူသည် တောအုပ်၏အစွန်အဖျားနေရာများတွင် နတ်ဆိုးသားရဲများ၏တိုက်ခိုက်မှုကို ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့ရသည်။
ဤနေရာသည် နတ်ဆိုးသားရဲများ ကြီးထွားလာရန်အတွက် အကောင်းဆုံးနေရာတစ်နေရာပင်။ ဤတောအုပ်အတွင်းတွင် စိတ်ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေပြီး ကြီးမားကျယ်ပြန့်သည်။ ထို့ပြင် ပတ်ဝန်းကျင်သည် ကြမ်းတမ်းပြီးရှုပ်ထွေးသောကြောင့် လူသားများနေထိုင်ရန် မသင့်တော်ချေ။ ထိုအစား ဤနေရာပတ်ဝန်းကျင်သည် နတ်ဆိုးသားရဲများ နေထိုင်ရန်အတွက် အလွန်သင့်တော်ပေ၏။
နတ်ဆိုးသားရဲတချို့သည် လုယွီကို တိုက်ခိုက်လိုကြသော်လည်း သူ၏အနားသို့ မချဉ်းကပ်နိုင်မီမှာပင် သူတို့အားလုံး အသတ်ခံလိုက်ရသည်။
လုယွီသည် တောအုပ်အတွင်းသို့ ပို၍ပို၍ နက်ရှိုင်းစွာ သွားမိသည်နှင့်အမျှ သူ၏မျက်ခုံးများသည် ရုတ်တရက် တွန့်ကွေးသွားသည်။
ပတ်ဝန်းကျင်ရှိ မြူများသည် လူအများ၏အမြင်အာရုံကို ပိတ်ဆို့ထားရုံသာမက နတ်ဘုရားစိတ်အာရုံအပေါ်တွင်လည်း သဘာဝအတိုင်း ပိတ်ဆို့နိုင်သည့် အကျိုးသက်ရောက်မှု ရှိသည်။
လုယွီ၏နတ်ဘုရားစိတ်အာရုံသည် အလွန်အမင်း အစွမ်းထက်ပေ၏။ မြူခိုးများသည် အားကောင်းသော်လည်း သူ့ကို မထိခိုက်ခဲ့ချေ။ သို့ရာတွင် တောနက်ကြီးသည် အလွန်ကြီးမားကျယ်ပြန့်ပေ၏။ လုယွီသည် လမ်းကြောင်းကို မရင်းနှီးသောကြောင့် ဤနေရာတွင် ရှေ့နောက်လှည့်ပတ်သွားလာရုံသာ တတ်နိုင်ခဲ့သည်။
မိုးပြာနတ်ဆိုးသားရဲမှာမူ ဤနေရာနှင် ဝေးကွာနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ ထို့ကြောင့် သူ ကြည့်လိုက်သည့်နေရာတိုင်း စိမ်းသက်သက်ဖြစ်နေသည်ဟု ခံစားမိလေ၏။ သူသည် ဤနေရာရှိ ပတ်ဝန်းကျင်အကြောင်းကိုမေ့လျော့သွားလေပြီ။
ဝှစ်... ဝှစ်...ဝှစ်...
လုယွီ၏ခြေလှမ်းများသည် ညင်သာပေါ့ပါးပေ၏။ သူ၏ခြေဖျားများဖြင့် မြေပြင်ကို ညင်သာစွာ ထိလိုက်ပြီးနောက် သူသည် မီတာလေးဆယ်မှ ငါးဆယ်အမြင့်သို့ ခုန်တက်သွားကာ သူ၏လှုပ်ရှားမှုများ အလွန်လျှင်မြန်သည်။
သစ်ပင်များသည် လုယွီ၏နံဘေးတွင် ရိပ်ခနဲကျန်ရစ်ခဲ့ကာ ထိုအချိန်မှာပင် အဝေးရှိ ခြုံပုတ်များအတွင်းမှ လျင်မြန်သော တရှပ်ရှပ်အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် ဧရာမကျောက်စိမ်းစိမ်းမြွေပွေးတစ်ကောင်သည် ခြုံပုတ်များအတွင်းမှ ရုတ်တရက် ပြေးထွက်လာပြီး သွေးနီရောင်ပါးစပ်ကို ဖွင့်ဟကာ လုယွီကိုကိုက်ရန် ဟန်ပြင်လိုက်၏။
သွေးနံ့များ ပတ်ဝန်းကျင်နေရာတဝိုက်၌ ပြည့်နှက်သွားသည်။ ဤအရာအားလုံးသည် အလွန်ရုတ်တရက်ဆန်ပြီး တစ်စုံတစ်ယောက် တုံ့ပြန်ရန်အတွက် အချိန်မရှိခဲ့ချေ။
မြွေပွေးသည် သူ၏အနီးသို့ ပျံသန်းရောက်ရှိလာတော့မည်ကို မြင်တွေ့ချိန်၌ လုယွီက အေးစက်စက်အော်ငေါက်လိုက်သည်။ သူသည် သူ၏လက်ကို မြှောက်ကာ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ပြီး မြွေပွေး၏ခေါင်းကို ချက်ချင်း ကြေမွှသွားစေသည်။
ခေါင်းပြတ်နေသော မြွေပွေး၏ခန္ဓာကိုယ်သည် အကြောဆွဲနေသောတီကောင်ကဲ့သို့ တွန့်လိမ်နေဆဲပင်။ သို့ရာတွင် လုယွီသည် ထိုအရာကို သူ၏လက်ဝါးဖြင့် တွန်းထုတ်လိုက်ပြီး ဘန်းခနဲမြည်သံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ဖုန်တထောင်းထောင်းထသွားစေသည်။
"သူ့ဆီမှာ နတ်ဆိုးသားရဲဘုရင်ရဲ့စွမ်းအားမျိုး တကယ်ကြီး ရှိနေတာပဲ"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ဤတောနက်ကြီးအတွင်းတွင် သူ ပို၍နက်ရှိုင်းစွာသွားမိလေလေ တွေ့ရှိရသော နတ်ဆိုးသားရဲများ ပို၍အားကောင်းလေလေပင်။
နတ်ဆိုးဘုရင်အဆင့် နတ်ဆိုးသားရဲတစ်ကောင်သည် လောကီအင်မော်တယ်တစ်ဦးကဲ့သို့ သန်မာအားကောင်းသည်။ တာယွီ၏စစ်တပ်တွင် ဤအဆင့်ကျင့်ကြံသူတစ်ယောက်သည် စစ်ဗိုလ်ချုပ်အဆင့်၌ ရှိပေ၏။ ထိုအဆင့်နတ်ဆိုးသားရဲများကို ဤတောအုပ်ကြီးအတွင်းတွင် နေရာအနှံ့အပြား၌ တွေ့ရှိနိုင်လိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။
"ဒီနတ်ဆိုးသားရဲတွေအားလုံးကို ငါ့ရဲ့အမိန့်အောက်မှာ ထားလိုက်ရင် ဒါက အံ့အားသင့်စရာကောင်းကောင် တိုက်ခိုက်ရေးစွမ်းရည်ရှိတဲ့စစ်တပ်တစ်တပ် ဖြစ်လာနိုင်တယ်"
ဤအတွေးသည် လုယွီ၏စိတ်အတွင်းတွင် ရုတ်တရက် ဖြတ်ပြေးသွားသည်။
လုယွီ နက်ရှိုင်းစွာ စဥ်းစားတွေးတောနေစဉ်မှာပင် အဝေးရှိ ခြုံပုတ်များအတွင်းမှ လှုပ်ရှားမှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အရပ်မြင့်ပြီး သန်မာထွားကျိုင်းသော လူရိုင်းအုပ်စုတစ်စုသည် ခြုံပုတ်များအတွင်းမှ ပြေးထွက်လာကြ၏။ ထိုလူရိုင်းများ၏ခန္ဓာကိုယ်များပေါ်တွင် ထူးဆန်းသောအမှတ်အသားပုံစံများကို ဆေးခြယ်ထားပြီး သူတို့၏မျက်နှာများပေါ်တွင် ရက်စက်ကြမ်းတမ်းသောအမူအရာများ ရှိကြသည်။
"ဒါက ငါတို့အမဲလိုက်နေတဲ့ နတ်ဆိုးသားရဲပဲ...မဆိုင်တဲ့လူတွေက ကျေးဇူးပြုပြီး နောက်ဆုတ်ပေးပါ"
လူရိုင်းအနည်းစု၏လက်အတွင်းတွင် ရှေးဟောင်းလက်နက်တချို့ကို ကိုင်ဆောင်ထားပေ၏။ သူတို့တစ်ယောက်ချင်းစီတွင် အားကောင်းသောခွန်အားရှိပြီး သန်မာထွားကျိုင်းသည်။ ဤသည်မှာ သူတို့သည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်များကို အချိန်အတော်ကြာ လေ့ကျင့်ခဲ့သောကြောင့်ပင်။
သူတို့သည် လူရိုင်းဘာသာစကားဖြင့် ပြောဆိုနေကြသည်။ သူတို့၏အမူအယာများသည် ရက်စက်ကြမ်းတမ်းနေပြီး လုယွီကို သတိထား၍ စူးစိုက်ကြည့်နေကြသည်။
ဤသည်မှာ အစောပိုင်းက သူတို့ အမဲလိုက်နေခဲ့သော နတ်ဆိုးသားရဲပင်။ ဤသားရဲသည် မည်သည်ကြောင့် ရုတ်တရက်ကြီး ဤနေရာသို့ ရောက်ရှိလာခဲ့သည်ကို သူတို့ မသိကြချေ။ အဆုံးသတ်တွင် သူတို့သည် လုယွီနှင့် ရင်ဆိုင်တွေ့လေ၏။
"တော်လောက်ပြီ...မင်းတို့အားလုံး နောက်ဆုတ်စမ်း...မတိုက်ခိုက်ကြနဲ့..."
ထိုအချိန်မှာပင် ခြုံပုတ်များ လှုပ်ရှားသွားပြီး သားရဲအရေခွံဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည် လူရိုင်းများ၏အလယ်မှ ထွက်ပေါ်လာခဲ့သည်။
ဤလူလတ်ပိုင်းအရွယ်အမျိုးသားကို မြင်တွေ့သည်နှင့် လူရိုင်းများအားလုံးသည် သူတို့၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြ၏။
Chapter 5093
လုယွီ၏ရှေ့မှ လူလတ်ပိုင်းအရွယ် အမျိုးသားသည် အလွန်သန်မာပုံရပြီး သူ၏လည်ပင်းတွင် ဝံပုလွေသွားငါးချောင်းကို ချိတ်ဆွဲထားသည်။ သူ၏အကြည့်သည် တည်ကြည်လေးနက်ပြီး စူးရှပေ၏။
သူသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာပြီး လုယွီကို ခြေဆုံးခေါင်းဆုံး စူးစမ်းလေ့လာလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူသည် သူ၏လက်ယာဘက်လက်ကို သူ၏ရင်ဘတ်ပေါ်တွင် ဖိထားပြီး ဦးညွှတ်လေသည်။
"စီနီယာကို အရိုအသေပြုပါတယ်...ဒီတောနက်ကြီးကို ဘာလို့ရောက်လာတာပါလဲ"
လုယွီက သူ့ကို အကဲခတ်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။
"မင်း တရားဝင်ဘာသာစကားကို ပြောနိုင်တာလား..."
တရားဝင်ဘာသာစကားသည် တော်ဝင်မြို့တော်ပတ်ဝန်းကျင်တွင် အသုံးပြုသော အသံထွက်ကို ရည်ညွှန်းပေ၏။
လူလတ်ပိုင်းအရွယ်အမျိုးသား၏ လေယူလေသိမ်းသည် အနည်းငယ် ညံ့ဖျင်းသော်လည်း သူ တရားဝင်ဘာသာစကားကို ပြောဆိုနေသည်မှာ အလွန်ရှင်းလင်းသည်။
လူလတ်ပိုင်းအရွယ်အမျိုးသားက ပြောဆိုသည်။
"ငါက လျှို့ဝှက်ဆန်းကြယ်ဝံပုလွေမျိုးနွယ်စုရဲ့ခေါင်းဆောင် ထျော့ပါယုံပါ..ငါက အရင်က တော်ဝင်မြို့တော်ပတ်ဝန်းကျင်မှာ စီးပွားရေးလုပ်ဖူးတာကြောင့် တရားဝင်ဘာသာစကားတချို့ကို သင်ယူခဲ့တယ်"
ထျော့ပါယုံသည် အရပ်မြင့်ပြီး သန်မာထွားကျိုင်းသော်လည်း သူ၏အသံသည် အလွန်ယဉ်ကျေးသိမ်မွေ့ပြီး ကဗျာပညာရှင်တစ်ဦးအလားပင်။
ဤသည်မှာ လူရိုင်းများ၏ အစစ်အမှန်လက်ရှိအခြေအနေပင်။
အလယ်ခေတ်တွင် လူရိုင်းနယ်စပ်သည် ယဉ်ကျေးမှုမရှိသောမြေနေရာဖြစ်ပေ၏။ ဤနေရာသည် ခြောက်ကပ်ကာ လူဦးရေကျဲပါးသောဒေသများဖြင့် ပြည့်နှက်နေပြီး အချင်းချင်း ဆက်သွယ်၍မရနိုင်သော လူရိုင်းများလည်း ရှိသည်။ သို့ရာတွင် တာယွီအင်ပါယာ တည်ထောင်ခဲ့သည့်အချိန်မှစ၍ တော်ဝင်နန်းတွင်းမှနေ၍ လူရိုင်းနယ်စပ်ရှိ လူရိုင်းများကို ပညာသင်ကြားပေးခဲ့သည်။ ယခုခေတ်ကာလတွင် လူရိုင်းများသည် တရားဝင်ဘာသာစကားကို ကျွမ်းကျင်ကြပြီး သူတို့သည် မကြာခဏဆိုသလို တခြားဒေသများသို့ စီးပွားရေးလုပ်ကိုင်ရန် သွားရောက်ကြသည်။
တောရိုင်းများနှင့်တောနက်ကြီးများအတွင်းတွင် တသီးတခြားနေထိုင်ပြီး လောကကြီးနှင့် အဆက်အသွယ်ပြတ်နေသော လူရိုင်းမျိုးနွယ်စုတစ်စုကို တွေ့မြင်ရသည်မှာ ရှားပါးပေ၏။
ထျော့ပါယုံ၏မျက်လုံးများအတွင်းတွင် လေးစားမှုအရိပ်အယောင်များ ထင်ဟပ်နေပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဒီမြွေပွေးကို ဝိုင်းရံတားဆီးဖို့က ငါတို့အတွက် နည်းနည်းခက်ခဲခဲ့တယ်... ဒါပေမဲ့ သူ့ကို မင်းက ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ သတ်ပစ်ခဲ့တယ်...မင်းက ပြိုင်ဘက်ကင်းထိပ်သီးကျင့်ကြံသူတစ်ယောက်ဆိုတာ မြင်နိုင်ပါတယ်"
လုယွီက တည်ငြိမ်စွာ တုံ့ပြန်သည်။
"မင်းရဲ့အမြင်အာရုံက မဆိုးဘူး...သူတို့ ခုဏက နောက်တစ်လှမ်းထပ်တိုးခဲ့ရင် သူတို့ သေနေလောက်ပြီ"
လုယွီ၏အကြည့်ကို ခံစားမိချိန်တွင် ထျော့ပါယုံသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
တခြားလူရိုင်းများသည် လုယွီ၏စကားများကို နားမလည်ကြချေ။ သို့ရာတွင် သူတို့ခေါင်းဆောင်၏အမူအယာကို မြင်တွေ့ချိန်၌ လုယွီသည် သာမန်လူတစ်ယောက်မဟုတ်ကြောင်း ဝိုးတဝါးခန့်မှန်းနိုင်ခဲ့ကြသည်။
ထျော့ပါ့ယုံက ပြောဆိုသည်။
"စီနီယာ ဒီနေရာကို ဘာကြောင့်ရောက်လာတာလဲဆိုတာ ငါ သိခွင့်ရှိမလား"
လုယွီသည် သူနှင့်ဆက်သွယ်နိုင်သော လူရိုင်းတစ်ဦးကို တွေ့ဆုံရသည်မှာ ရှားပါးလှသောကြောင့် အဓိပ္ပါယ်မရှိသောစကားများပြော၍ အချိန်မဖြုန်းတော့ချေ။ သူသည် ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်၏။
"ငါက သန်မာအားကောင်းတဲ့ နတ်ဆိုးသားရဲတချို့ကို ရှာချင်တယ်.... ဒါပေမဲ့ ဒီနေရာရဲ့ နယ်မြေပိုင်းခြားမှုတွေကို ငါ မသိဘူး...မင်းသိသမျှ အကုန်ပြောပြပါ"
"သန်မာအားကောင်းတဲ့ နတ်ဆိုးသားရဲတွေလား... ထူးဆန်းလိုက်တာ...မကြာသေးခင်က ဒီတောတောင်ရိုင်းထဲကို လူတွေအများကြီး ရောက်လာကြတယ်.... သူတို့အားလုံးက အမှောင်မြူခိုးထဲကို ဝင်သွားကြတယ်..."
ထျော့ပါယုံက တီးတိုးရေရွတ်လိုက်သည်။
"ဘာအမှောင်မြူခိုးလဲ...."
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ထျော့ပါ့ယုံသည် ဆက်လက်နှောင့်နှေးနေဝံ့ခြင်း မရှိတော့ချေ။ သူသည် ပါကျိုးနယ်မြေ၏ တောနက်ကြီးအတွင်းတွင် ထွက်ပေါ်လာခဲ့သော အမှောင်မြူခိုးအကြောင်း အရာအားလုံးကို လုယွီအား အလျင်အမြန် ပြောပြလိုက်၏။
"ယင်ချီက ကောင်းကင်ကို တဟုန်ထိုးမြင့်တက်နေပြီးတော့ အချိန်အတော်ကြာတဲ့အထိ လွင့်ပြယ်မသွားဘူး....ပူလောင်တဲ့နေရောင်အောက်တောင်မှ အေးစက်တဲ့ယင်ချီတွေက နည်းနည်းလေးတောင် အားပျော့မသွားဘူးလား"
လုယွီက အံ့အားသင့်သွားကာ မျက်ခုံးပင့်လိုက်သည်။
ဤအခြေအနေသည် ရှားပါးရတနာတစ်ခု ထွက်ပေါ်လာတော့မည့် နိမိတ်လက္ခဏာနှင့် တူညီသည်။
ကောင်းကင်ဘုံနယ်မြေသည် အလွန်ကြီးမားကျယ်ပြန့်ပေ၏။ ဤသို့သောကိစ္စမျိုးသည် အချိန်ကာလနှင့်နေရာဒေသ မခွဲခြားဘဲ ဖြစ်ပွားလာလေ့ရှိသည်။ ပုံမှန်အားဖြင့် ထိုသို့သောရတနာများ ထွက်ပေါ်လာချိန်တွင် အနီးအနားရှိလူများက တိုက်ခိုက်လုယက်စေသည်။
တချို့နေရာများသည် သေမင်းထောင်ချောက်များဖြင့် ပြည့်နှက်နေပြီး တချို့မှာမူ အသက်စွမ်းအားပြည့်နှက်နေကာ ရတနာအမြောက်အများရှိသော နေရာများဖြစ်သည်။ ထိုနေရာအတွင်းမှ ရတနာများကို ရရှိသော မည်သူမဆို ကျင့်ကြံဆင့်စွမ်းအားများ မြင့်တက်စေပြီး ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို တုန်လှုပ်ချောက်ချားစေနိုင်မည်မှာ သေချာပေါက်ပင်။
သို့ရာတွင် လုယွီသည် ထိုကဲ့သို့ ကံကြမ္မာကောင်းတစ်ခုကို ကြုံတွေ့ခဲ့ရသော်လည်း စိတ်မဝင်စားခဲ့ချေ။
သူသည် ဤတောရိုင်းနယ်မြေသို့ အင်မော်တယ်သားရဲများအတွက် လာခဲ့ခြင်းဖြစ်ပြီး ဤစိတ်ကူးယဉ်ဆန်သော ကံကြမ္မာကောင်းအတွက် မဟုတ်ပေ။
"ဒီတောနက်ကြီးထဲက အသန်မာဆုံးနတ်ဆိုးသားရဲတွေ ရှိနိုင်တဲ့ နေရာတွေကို ပြောပြပါ"
လုယွီ ပြောဆိုသည်။
ထျော့ပါယုံသည် သူ့ကို အလျင်အမြန် တုံ့ပြန်အဖြေပေးခဲ့သဖြင့် လုယွီသည် သတင်းကို ရရှိခဲ့ပေ၏။ ထို့နောက် သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ပျံသန်းကာ ထွက်ခွာသွားတော့သည်။
"ဒီမြွေပွေးက မင်းတို့အတွက်ဆုလာဘ်ပဲ..."
လုယွီ၏အသံက မိုးကောင်းကင်ယံမှ ထွက်ပေါ်လာသည်။
Chapter 5094
လုယွီ ထွက်ခွာသွားပြီးနောက် ထျော့ပါယုံက သူ၏နဖူးမှ ချွေးစေးများကို သုတ်လိုက်သည်။
လုယွီသည် လူငယ်တစ်ဦးနှင့်တူသော်လည်း သူ ဒေါသထွက်ပါက သူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင်လျက် ထွက်ခွာနိုင်မည် မဟုတ်ချေ။
ထျော့ပါယုံသည် ဘေးအန္တရာယ်တစ်ခုမှ လွတ်မြောက်ခဲ့ရသည့်အလား ခံစားလိုက်ရသည်။
"မြွေပွေးသေကို သိမ်းဆည်းပြီးတော့ ပြန်ကြစို့...."
ထျော့ပါယုံက ပြောဆိုသည်။
ဤကဲ့သို့ ထိပ်သီးကျင့်ကြံသူသူများပင်လျှင် ပါကျိုးတောနက်ကြီးအတွင်းသို့ အမှန်တကယ် ရောက်ရှိလာကြသည်။
မကြာမီက ဤတောနက်ကြီးသို့ ရောက်ရှိလာခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် ထိပ်သီးကျင့်ကြံသူများအကြောင်းကို စဉ်းစားမိချိန်တွင် ထျော့ပါယုံသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
ဤတောနက်ကြီး၏ငြိမ်းချမ်းမှုသည် ကြာရှည်ခံမည်မဟုတ်ချေ။ ဤနေရာသည် လှိုင်းလုံးများဖြင့်ရင်ဆိုင်ရမည်ဖြစ်ပြီး သွေးမိုးများ မိုးကောင်းကင်ယံမှ ရွာသွန်းလာပေမည်။ ထျော့ပါယုံ၏လူရိုင်းမျိုးနွယ်စုသည် လူရိုင်းများအလယ်တွင် မထင်မရှားသော မျိုးနွယ်စုငယ်လေးတစ်ခုမျှသာဖြစ်သည်။ သူသည် ထိုသို့သောကိစ္စတွင် ပါဝင်ပတ်သက်နိုင်မည်မဟုတ်ချေ။
ဧရာမမြွေပွေး၏ခန္ဓာကိုယ်သည် ဆယ်မီတာကျော် ရှည်လျားပေ၏။ ဤသည်မှာ ဧရာမသားရဲကြီးတစ်ကောင် မြေပြင်ပေါ်တွင် ရစ်ခွေနေသည့်အလားပင်။
ထျော့ပါယုံသည် ရှေ့သို့လျှောက်လှမ်းသွားပြီး မြွေပွေး၏ခေါင်းကို ဆုပ်ကိုင်လိုက်သည်။ သို့ရာတွင် မာကျောသောအကြေးခွံတစ်ခုသည် သူ၏လက်အတွင်းတွင် အက်ကွဲပြီး ကြေမွှပျက်စီးသွားသည်ကို သူ တွေ့ရှိခဲ့သည်။
"ဒါက..."
ထျော့ပါယုံ၏မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူသည် သူ၏ရှေ့တွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို အလျင်အမြန် နားလည်သွားခဲ့သည်။ သူသည် လေအေးတစ်ချက် ရှိုက်သွင်းလိုက်၏။
"ဒီနတ်ဆိုးဘုရင်အဆင့် နတ်ဆိုးသားရဲရဲ့ခန္ဓာကိုယ်ထဲက အရိုးတွေအားလုံး ကြေမွှပျက်စီးသွားပြီ..."
...
ပါကျိုးတောနက်ကြီး.... အမည်မဲ့ချောက်ကမ်းပါး...
လုယွီသည် တစ်နာရီကြာ ပျံသန်းပြီးနောက် တောနက်ကြီး၏ဗဟိုချက်နေရာသို့ ရောက်ရှိသွားသည်။
လုယွီ၏လက်ရှိအရှိန်ဖြင့်ပင် တောနက်ကြီး၏နက်ရှိုင်းသောနေရာသို့ ရောက်ရှိရန် ဤမျှကြာမြင့်သောအချိန်ကို ယူခဲ့ရသည်။ ဤသည်မှတဆင့် တောနက်ကြီးသည် မည်မျှထိ ကြီးမားကျယ်ပြန့်သည်ကို ပြသနေပေ၏။
ပတ်ဝန်းကျင်ရှိလေထုအတွင်းတွင် ထူထပ်သိပ်သည်းသောမြူခိုးများဖြင့် ပြည့်နှက်နေသည်။ နတ်ဘုရားစိတ်အာရုံ အားကောင်းခြင်းမရှိသောလူတစ်ယောက် ဤနေရာသို့ ကျူးကျော်ဝင်ရောက်လာပါက သူသည် သူ၏လမ်းကို ရှာဖွေနိုင်မည်မဟုတ်ဘဲ ဤနေရာတွင် လွယ်လွယ်ကူကူ လမ်းပျောက်သွားနိုင်သည်။
ဤချောက်ကမ်းပါးသည် ထျော့ပါယုံပြောခဲ့သော နေရာပင်။
ဤနေရာတွင် နေထိုင်သူများသည် နတ်ဆိုးသားရဲဧကရာဇ်များဖြစ်သည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။ နတ်ဆိုးဧကရာဇ်များသည် ဘုံကိုးဆင့်နန်းတော်တွင် နေထိုင်သကဲ့သို့ဖြစ်ပြီး အပြင်လူများ လွယ်လွယ်ကူကူ မြင်တွေ့နိုင်မည်မဟုတ်ချေ။
ဤနေရာသို့ရောက်ချိန်၌ မိုင်တစ်ရာပတ်လည်အတွင်းတွင် နတ်ဆိုးသားရဲ၏လှုပ်ရှားမှုအရိပ်အယောင်များ များပြားခြင်းမရှိတော့ချေ။ နယ်မြေတစ်ခုလုံးသည် သီးခြားနယ်မြေအဖြစ် ပိုင်းခြားထားသကဲ့သို့ဖြစ်ပြီး တခြားမည်သည့်နတ်ဆိုးသားရဲကိုမျှ ချဉ်းကပ်ခွင့်မပြုပေ။
အဝေးမှ ချောက်ကမ်းပါးသည် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံမှတဆင့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုအနည်းငယ်ကို ရှာဖွေတွေ့ရှိပြီးဖြစ်သည်။
ဤအင်မော်တယ်သားရဲများသည် ချောက်ကမ်းပါး၏နက်ရှိုင်းသောနေရာတွင် ပုန်းကွယ်နေပေ၏။
"ကောင်လေး....အရာအားလုံးက မင်းအပေါ်မှာပဲ မူတည်တယ်...."
လုယွီက သားရဲ၏အမွှေးများကို ပွတ်သပ်ရင်း ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
မိုးပြာနက်နဲသိမ်မွေ့သားရဲသည် လုယွီ၏စကားများကို နားလည်ပုံရသည်။ ရုတ်ချည်းဆိုသလိုပင် သူ၏ကြီးမားဝိုင်းစက်သောမျက်လုံးများကို မှိတ်တုတ်မှိတ်တုတ်လုပ်ပြီး သတ္တိမွေးကာ ဟိန်းဟောက်လိုက်၏။
"ဝေါင်း...."
ဤဟိန်းဟောက်သံသည် ငယ်ရွယ်သောသာရဲတစ်ကောင် ထုတ်လွှတ်နိုင်သောအသံနှင့် မတူညီချေ။ ထိုအစား အချိန်အတော်ကြာ လေ့ကျင့်ထားသော နဂါးတစ်ကောင်နှင့်တူညီပြီး နားကွဲလုမတတ် ကျယ်လောင်ပေ၏။
ဝုန်း....
အရပ်မျက်နှာအဘက်ဘက်ရှိလေဟာနယ် ပြင်းထန်စွာ တုန်ခါသွားသည်။ ထိုအသံလှိုင်းသည် အကွာအဝေးကို လျစ်လျူရှုပုံရပြီး ကျယ်ပြန့်ပြီး အဆုံးမဲ့သော ပါကျိုးတောနက်ကြီးအတွင်းတွင် ပျံ့နှံ့သွားသည်။
မိုးပြာနက်နဲသိမ်မွေ့သားရဲသည် ရှေးဟောင်းအင်မော်တယ်သားရဲတစ်ကောင်၏ မျိုးဆက်ပင်။
သူထံတွင် အလွန်မြင့်မြတ်သောသွေးမျိုးဆက်ရှိပြီး သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးနီးပါးသည် ရတနာများဖြစ်ပေ၏။
လူသားများအတွက် ဤသည်မှာ အသက်ရှည်စေနိုင်သော အဖိုးတန်အင်မော်တယ်သားရဲတစ်ကောင်ပင်။ နတ်ဆိုးသားရဲအတွက်မူ ဤှသားရဲသည် ရှားပါးရတနာတစ်ခုဖြစ်သည်။
မည်သည့်နတ်ဆိုးသားရဲမဆို မိုးပြာနတ်ဆိုးသားရဲကို ဝါးမြိုနိုင်လျှင် ၎င်းသည် တိကျသောအဆင့်တစ်ခုသို့ ကြီးထွားလာမည်မှာ သေချာသည်။
ဤသည်မှာ ဘုန်းတော်ကြီးထန်စန်း၏အသားသည် နတ်ဆိုးများအားလုံးကို ဆွဲဆောင်နိုင်သည့်အလားပင်။
"ဟူး...."
မိုးပြာနက်နဲသိမ်မွေ့သားရဲ ဟိန်းဟောက်သံပြုလုပ်သည်နှင့် အရပ်မျက်နှာအဘက်ဘက်တွင် ပြင်းထန်သောလေပြင်းများ ရုတ်တရက် တိုက်ခတ်လာသည်။
Chapter 5095
လေတိုက်ခတ်ပြီး ကျောက်စရစ်ခဲများ ပျံ့လွင်လာကာ အလွန်ကြီးမားသော သဲမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်ကို တုန်ခါစေသည်။
လေပြင်းတိုက်ခတ်လာသည်နှင့်အတူ အားကောင်းသော နတ်ဆိုးအရှိန်အဝါတစ်ရပ်သည် တဖြည်းဖြည်း ချဉ်းကပ်လာပြီး မြေပြင်ကို တုန်ခါစေကာ လေထုအတွင်းမှနေ၍ ကြောက်မက်ဖွယ်ဖိအားတစ်ရပ်ကို ထုတ်လွှတ်နေသည်။
"ထွက်လာကြစမ်း...."
လုယွီသည် လေဟာနယ်အတွင်းတွင် မတ်တတ်ရပ်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး ရုတ်တရက် မှောင်မိုက်သွားသည်။ ထူထပ်သိပ်သည်းသောနတ်ဆိုးအရှိန်အဝါသည် မိုးကောင်းကင်ယံမှ နေမင်းကြီးကို ပိတ်ဆို့ထားပုံရကာ နေရောင်ခြည်များ မြေပြင်ပေါ်သို့ ဖြာကျလာခြင်း မရှိတော့ချေ။
မီတာငါးဆယ်ကျော်မြင့်သော ဧရာမနတ်ဆိုးသားရဲငါးဆယ်ကျော်သည် ထူထပ်သိပ်သည်းသော နတ်ဆိုးအရှိန်အဝါများအကြားမှ ထွက်လာကြ၏။ သူတို့သည် အရပ်မြင့်ပြီး သန်မာထွားကျိုင်းကာ ကောင်းကင်ကို ဖုံးလွှမ်းပြီး နေရောင်ကို ပိတ်ဆို့ထားသည်။ သူတို့သည် ဖြည်းညင်းစွာ ချဉ်းကပ်လာရုံဖြင့် လူအများအား အလွန်ကြီးမားသော လွှမ်းမိုးချုပ်ကိုင်မှုကို ခံစားရစေသည်။
ဤနတ်ဆိုးသားရဲ၏ခန္ဓာကိုယ်များကို ရှည်လျားသောသားမွေးများဖြင့် ဖုံးလွှမ်းထားပြီး သူတို့၏ပါးစပ်များမှ ရှည်လျားသောအစွယ်လေးချောင်း ထွက်ပေါ်နေသည်။ သူတို့ထံမှနေ၍ အက်ရှရှဟိန်းဟောက်သံများကို ကြားနိုင်ပေ၏။
တချို့နတ်ဆိုးသားရဲများသည် ခြင်္သေ့များကျားများနှင့် တူညီကာ ခေါင်းသုံးလုံးရှိပြီး သူတို့၏အမြှီးတွင် မီးတောက်တစ်ခု တောက်လောင်နေသည်။ သူတို့၏အမူအယာများသည် ရက်စက်ကြမ်းတမ်းပြီး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
သူတို့အနက် လူသားပုံစံယူထားသော နတ်ဆိုးသားရဲများလည်း ရှိသည်။ သူတို့တွင် ချောမောသောအသွင်အပြင်ရှိပြီး အမျိုးသားများသည် ချောမောခန့်ညားကာ အမျိုးသမီးများသည် လှပပြီး ညှို့ငင်နိုင်ကြသည်။ သူတို့၏ကိုယ်ဟန်အနေအထားသည် လှပပြီး သူတို့၏အသံများသည် ကြည်လင်ပေ၏။ သူတို့လျှောက်လှမ်းနေစဉ် သူတို့၏ခြေထောက်များအောက်တွင် လေလှိုင်းဂယက်များ အမှန်တကယ် ပေါ်ထွက်လာသည်။ ဤသည်မှာ သူတို့၏နံဘေးပတ်လည်တွင် ဧရာမလှိုင်းလုံးကြီးတစ်ခုကို ဖန်တီးထားသည့်အလားပင်။
ဤနတ်ဆိုးသားရဲတစ်ကောင်ချင်းစီတွင် မတူညီသောပုံစံရှိသည်။ သူတို့သည် သက်ဆိုင်ရာနယ်မြေများ၏ဘုရင်များပင်။ သူတို့တစ်ကောင်ချင်းစီသည် သူတို့၏ကိုယ်ပိုင်နယ်မြေကို သိမ်းပိုက်ထားကြသည်။ ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံးသည် မိုးပြာနက်နဲသိမ်မွေ့သားရဲ၏ အရှိန်အဝါကြောင့် ဆွဲဆောင်ခံလိုက်ရပြီး ဤနေရာတွင် စုရုံးနေကြ၏။
မိုးပြာနက်နဲသိမ်မွေ့သားရဲသည် ဤသန်မာအားကောင်းသော နတ်ဆိုးသားရဲများ၏ တည်ရှိမှုကို ခံစားမိသည်။ သူသည် လုယွီ၏လက်မောင်းကြားတွင် ပုန်းအောင်းနေပြီး ထွက်မလာဝံ့တော့ချေ။
လုယွီသည် နတ်ဆိုးသားရဲငါးဆယ်ကို ရင်ဆိုင်နေရသော်လည်း သူ၏မျက်နှာအမူအယာသည် ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိပေ။ သူသည် နံဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး ပြောဆိုလိုက်၏။
"ငါ ဒီနေရာကိုရောက်လာတာက မင်းတို့အားလုံးနဲ့ အပေးအယူတစ်ခု လုပ်ဖို့ပဲ...ငါက မင်းတို့ကို ဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ်ဘူး"
လုယွီ၏စကားကို ကြားချိန်တွင် ပတ်ဝန်းကျင်ရှိနတ်ဆိုးအရှိန်အဝါများ ပို၍ပင် အားကောင်းလာသည်။ ဤသည်မှာ ဆယ်နှင့်ချီသောမီးတောင်များ တပြိုင်နက်တည်း ပေါက်ကွဲသွားသည့်အလားပင်။ သူတို့ထံမှရထုတ်လွှတ်ထားသောဖိအားအရှိန်အဝါသည် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါစေပြီး လူအများကို တုန်လှုပ်ချောက်ချားစေရန် လုံလောက်သည်။
ဤနတ်ဆိုးသားရဲများအကြားရှိ ခေါင်းသုံးလုံးကျားခြင်္သေ့သည် ရက်ကြမ်းတမ်းသောအမူအရာကို ထုတ်ဖော်ပြသပြီး အော်ငေါက်လိုက်၏။
"လူသား.... ဒီနေရာကို ကျူးကျော်ဝင်ရောက်လာဖို့ မင်းကို ဘယ်သူက သတ္တိပေးလိုက်တာလဲ.... မင်းရဲ့လက်ထဲက မိုးပြာနက်နဲသိမ်မွေ့သားရဲကို ငါ့ကိုပေးစမ်း...ဒါဆိုရင် ငါ ဒီနေ့ မင်းကို မစားဘူး"
သူ၏ဘေးမှ တခြားနတ်ဆိုးသားရဲများသည်လည်း ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။
"ကျူးကျော်ဝင်ရောက်လာတဲ့ကောင်ကို သတ်စမ်း...."
ထျော့ပါယုံ၏စကားများမှတဆင့် လုယွီက ဤသည်မှာ လူသားမျိုးနွယ်အတွက် တားမြစ်နယ်မြေဖြစ်ကြောင်း သိရှိပြီးဖြစ်သည်။ လူရိုင်းမျိုးနွယ်စုများအကြားတွင်ပင် ဤနေရာသည် အလွန်အန္တရာယ်များကြောင်း ပြောဆိုနေကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဤနေရာသို့ ခြေမချနိုင်ချေ။
သို့ရာတွင် လုယွီသည် ထိတ်လန့်ကြောက်ရွံသွားခြင်းမရှိဘဲ တည်ငြိမ်စွာပြောဆိုသည်။
"ငါက မင်းတို့ကို ကံကြမ္မာကောင်းတစ်ခု ပေးနေတာ.... ကျေးဇူးမကန်းကြနဲ့"
"မောက်မာထောင်လွှားတဲ့ ကောင်စုတ်လေးတစ်ကောင်ပဲ... နင်တစ်ယောက်တည်း ဒီနေရာကိုရောက်လာတဲ့အပြင် ငါတို့ကို ဒီကိုဆွဲဆောင်ဖို့ မိုးပြာနက်နဲသိမ်မွေ့သားရဲကိုတောင် သုံးခဲ့သေးတယ်.... နင်အသက်ရှင်ရတာ ပျင်းနေပြီလား... ဒါပေမဲ့ နင်ရဲ့အသွင်အပြင်က တော်တော်ချောမောခန့်ညားတယ်..ဒီအစ်မကြီးရဲ့နောက်ကိုလိုက်ပြီး ပျော်ရွှင်ဖို့ကောင်းတဲ့ သေခြင်းတရားကို ပေးရမလား...."
နတ်ဆိုးသားရဲမတစ်ကောင်သည် ဆွဲဆောင်မှုရှိသောအမူအယာဖြင့် လုယွီကိုကြည့်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
"ဒါဆိုရင် သူက ငါတို့ကို သွေးဆောင်ဖို့ မိုးပြာနက်နဲသိမ်မွေ့သားရဲကို သုံးခဲ့တာပေါ့...ဟမ့်.... သူက ငါတို့ကို ဉာဏ်မရှိတဲ့ အပြင်ကအရူးကောင်တွေလို့ ထင်နေတာလား.... ငါ ဒီလူသားကို တစစီဖြစ်အောင် ဝါးစားပစ်မယ်...."
ရေနဂါးနတ်ဆိုးသားရဲတစ်ကောင်သည် လှောင်ပြောင်ရယ်မောလိုက်၏။
သူ၏အေးစက်သောမျက်လုံးများအတွင်းတွင် သွေးဆာမှုများဖြင့် ပြည့်နှက်နေပြီး လုယွီကို အရှင်လတ်လတ် ဝါးမြိုတော့မည့်အလားပင်။
သူတို့ ယခုချိန်ထိ ပြေးမဝင်သေးသည့်အကြောင်းအရင်းမှာ မိုးပြာနက်နဲသိမ်မွေ့သားရဲကြောင့်ပင်။
မိုးပြာနက်နဲသိမ်မွေ့သားရဲသည် နတ်ဆိုးသားရဲအတွက် အလွန်အဖိုးတန်ပေ၏။ မည်သူတစ်ဦးတစ်ယောက်မျှ ပထမဆုံးအမြှောက်စာ ဖြစ်လိုခြင်းမရှိချေ။ သူတို့ ပထမဆုံးလှုပ်ရှားလိုက်ပါက အဆုံးသတ်တွင် တခြားနတ်ဆိုးသားရဲတစ်ကောင်မှ သူတို့အပေါ် အခွင့်ကောင်းယူသွားပေမည်။
"ဒီတစ်ကြိမ်မှာ ငါက မင်းတို့အားလုံးကို ကံကြမ္မာကောင်းတစ်ခု တကယ်ပေးမယ်...."
လုယွီက သက်ပြင်းရှည်ကြီးရှိုက်ပြီး ရုတ်တရက် သူ၏သိုလှောင်အိတ်အတွင်းမှ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။